Chapter 27.2
Viewers 421


Chapter 27.2 





ရှောင်ဟွာက ကောင်းကောင်းစားသောက်ပြီး ကြီးပြင်းလာကာ ယခုသူက အားလင်း၏ခြေထောက်ကို လှည့်ပတ်နေသည်။ ထိုနေ့နေ့လည်မှာ ဖြစ်ပျက်ခဲ့တာက အားလင်းအပေါ် သက်ရောက်မှုအနည်းငယ်ရှိပြီး ယခုမူသူက သူ့အားမူ၏နားကို တစ်ချိန်လုံးကပ်နေပြီး နောက်ကတကောက်ကောက်လိုက်နေ၏။



ထန်ချွန်းမင်က သိုးမကို ရေနှင့်မြက်များကျွေးပြီး အားလင်းက သိုးပေါက်လေးများကို ကျွေးမွေးခဲ့သည်။ ထန်ချွန်းမင်က သိုးခြံကို သန့်ရှင်းရေးလုပ်နေစဥ် အားလင်းက သိုးပေါက်လေးနှစ်ကောင်နှင့်အတူ သိုးမကိုခေါ်ကာ ခြံထဲမှာ အေးအေးလူလူလမ်းလျှောက်နေ၏။ မိုးတိတ်သွားတော့ မြေပြင်က စိုစွတ်နေတာကြောင့် ထန်ချွန်းမင်က အားလင်းကို အဝေးကြီးမပြေးဖို့ ပြောလိုက်သည်။



တာမောင်းနှင့် အာမောင်းက တောင်နောက်ဘက်တွင် တောရိုင်းဟင်းသီးဟင်းရွက်နှင့်မှိုများတူးရန် သူတို့အားမူနောက်ကို လိုက်သွားသည်။ ထန်ချွန်းမင်က လိုက်သွားချင်ပေမယ့် ကျန်းရှို့က လက်မခံခဲ့ပေ။ အစောပိုင်း ထန်ချွန်းမင် သရုပ်ဆောင်ခဲ့တာကို သူသိသော်လည်း ကျန်းရှို့က သူ့ဗိုက်တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေသည်။



ထန်ချွန်းမင် တောရိုင်းဟင်းသီးဟင်းရွက်နှင့် မှို ကြိုက်တာကိုသိတော့ ကျန်းရှို့က တာမောင်း၊အာမောင်းနှင့်အတူ သွားတူးခဲ့သည်။ သူ့ခြံထဲမှာ ကြေကွဲစရာကောင်းအောင် ချုပ်နှောင်ခံထားရသော ထန်ချွန်းမင်က သူ့ကိုယ်သူနှစ်သိမ့်ရန် အနောက်တောင်တန်းများ၏ ရှုခင်းများကိုသာ ကြည့်လိုက်လေသည်။



သူက တောင်ပေါ်မှာ ထောင်ချောက်အချို့ဆင်ချင်ပေမယ့် သူ့ကိုယ်ပေါ်မှာ အိတ်တစ်လုံးသယ်ထားရလို့ အဆင်မပြေဖြစ်ခဲ့ရသည်။ သူက ယုန်တွေကို ဖမ်းလို့ရနိုင်သည်… နေဦး… သူ သွားလို့မရရင် တာရှန်ကို ထောင်ချောက်ဆင်နည်း သင်ပေးလို့ရသည်။ အချိန်ကျလာလျှင် သူက ယုန်တွေကိုဖမ်းပြီး သူတို့ကို တစ်ကောင်ပေးလိုက်မည်။ ဟင်း…. သူက အရမ်းတော်တာပဲ.. သူယုန်ဖမ်းဖို့ မစောင့်နိုင်တော့ပေ။ သူက ကျန်းရှို့ပြန်လာတာကို စောင့်ရမည်။



သူက သူ့ဖခင်ဆီက ထောင်ချောက်ဆင်နည်း သင်ယူခဲ့တာဖြစ်၏။ အရင်ဘဝတုန်းက ယုန်တွေက ဆူဖြိုးနေသည့်အခါ သားအဖနှစ်ယောက်လုံးက သူတို့မိခဲ့သော ယုန်တွေကို စားမကုန်တော့ပဲ တချို့ကို မျှဝေပေးကာ တချို့ကိုတော့ နှစ်သစ်ကူးအထိ သိမ်းထားခဲ့သည်။



သူ မြို့ပေါ် ကောလိပ်သွားတက်တော့ သူ့ဖခင်၏ကျန်းမာရေးက ယခင်ကလိုမကောင်းတော့ပဲ ယုန်စားနိုင်မည့် အခွင့်အရေးက လျော့ပါးသွားခဲ့သည်။ နောက်တော့ သူ သူ့မွေးရပ်​မြေကို ပြန်လာခဲ့ပြီး သူနဲ့ သူ့ဖခင်က တစ်​​ယောက်ကိုတစ်ယောက် မှီခိုခဲ့တုန်းကလောက် မပျော်ကြတော့ပေ။



သိုးခြံကို သန့်ရှင်းရေးလုပ်ကာ သိုးတွေကို အထဲပြန်သွင်းပြီးနောက် သူက နဖူးပေါ်ကချွေးကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။ အားလင်းက သူ့အားမူ၏ အဝတ်အစားကို ဆွဲကိုင်လိုက်ပြီး အသံချိုချိုဖြင့် ပြောလိုက်သည်။



“ဖေဖေ…အားလင်း ဖေဖေ့ကို ချွေးကူသုတ်ပေးမယ်။”



“အိုး… ငါ့သားလေးက အသိတတ်ဆုံးပဲ။” သူ့သားလောက် လိမ္မာပြီး စဥ်းစားပေးတတ်သူမရှိပေ။ ထန်ချွန်းမင်က ခက်ခက်ခဲခဲ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့သား၏အပြုအမူက သူ့ကို ပျော်ရွှင်စေသည်။



အားလင်းက ခြေဖျားထောက်ကာ လက်ကိုင်ပုဝါကိုသုံးပြီး သူ့အားမူ၏နဖူးနဲ့ နှာခေါင်းကို ဂရုတစိုက်သုတ်ပေးလိုက်သည်။



ရုတ်တရက် ခြံတံခါးခေါက်သံ ထွက်ပေါ်လာသည်။ ထန်ချွန်းမင်က မတ်မတ်ရပ်ပြီး ရှောင်ဟွာကို ​ကြည့်လိုက်သည်။ ရှောင်ဟွာက သတိမပေးသော်လည်း တံခါးဆီကို ပြေးသွားခဲ့သည်။ ကြည့်ရတာ အသိဖြစ်ပုံရသည်။ သူက အားလင်းလက်ကိုဆွဲကာ ပြောလိုက်သည်။ “ဘယ်သူလာတာလဲ သွားကြည့်ရအောင်။”



“အွန်း”



“မင်ကောအာ မင်းအိမ်မှာရှိလား? ငါပါ…ယွိမု!”



သူ တံခါးနားကို မရောက်ခင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။



“လာပြီ။” ထန်ချွန်းမင်က ကမန်းကတန်း တုံ့ပြန်လိုက်သည်။

.



ထန်ချွန်းမင် တံခါးဖွင့်လိုက်တော့ သူက အထဲဝင်ဖို့ မပြောခဲ့ပေ။ ကျန်းရှို့က သူ့ကို ထိုအရာနဲ့ပတ်သက်ပြီး သတိပေးခဲ့သည်။



ယွိမုကလည်း သတိရှိပြီး တံခါးနားမှာရပ်ကာ ဝမ်းသာအားရပြောလိုက်၏။





“ကြည့်ပါဦး… ငါ့အစ်ကိုကြီးနဲ့ ငါ တောင်ပေါ်သွားပြီး အများကြီး အမဲလိုက်ခဲ့တယ်။ မင်း ငါတို့ကို ကူချက်ပေးလို့ရမလား.. ကျန်တာကို ကလေးတွေစားဖို့ ချန်ထားလိုက်မယ်လေ။ မင်ကောအာ… ငါဒီမှာပဲထားခဲ့လိုက်မယ်။ ပြီးသွားရင်တော့ တာမောင်း၊အာမောင်းနဲ့ အခေါ်လွှတ်လိုက်ပါ။” သူက ခြင်းတောင်းကိုချကာ ထွက်သွားသည်။





ထန်ချွန်းမင်က ခြင်းတောင်းကိုကြည့်လိုက်သည်။ သူက သူ့တောင့်တနေသောအရာကို ရခဲ့သည်။ ယုန်တွေနဲ့ငှက်တွေက ချက်ပြုတ်ဖို့ အဆင်သင့်ရှိနေ၏။

:



ထိုလူထွက်သွားတော့ ထန်ချွန်းမင်က သူတို့ကို ခြံထဲသို့ခေါ်လာပြီး တံခါးပြန်ပိတ်ရင်း အားလင်းကို ပြောလိုက်သည်။ 



“လာ…ဖေဖေတို့ ဒီညအတွက် အရသာရှိတာလေးတွေ ချက်ကြမယ်!”



ဤရာသီတွင် ယုန်နှင့်ငှက်များက အသားနည်းသော်လည်း ဘာမှမရတာထက်ပိုကောင်းသည်။ ရှောင်ဟွာလျှင်ပင် အနည်းငယ်ရရှိခဲ့သည်။



ညနေခင်း၌ တာမောင်းနှင့် အာမောင်းက သူတို့အားမူနဲ့အတူ ပြန်လာသည်။ သူတို့ကောက်လာသည့် ပစ္စည်းအားလုံးကို ထန်ချွန်းမင်အား ပေးမယ်ဆိုတာ သိလိုက်ရသောအခါ ကောင်လေးနှစ်ယောက်က စိတ်အားထက်သန်သွားခဲ့သည်။





သူတို့ခူးဆွတ်လာသော ပမာဏက ကျန်းရှို့ထက်မနည်း​ပေ။ အထူးသဖြင့် လတ်ဆတ်တဲ့မှိုများက အရမ်းအရသာရှိသည်။

 

ထန်ချွန်းမင် ချက်ပြုတ်လို့ပြီးတော့ တာမောင်း၊အာမောင်းကို အခေါ်လွှတ်စရာ မလိုခဲ့ပေ။ ကျန်းရှို့က လီဖုန်းအိမ်ကိုသွားပို့ပေးဖို့ သူ့ခင်ပွန်းကိုပြောခဲ့သည်။



ကလေးသုံးယောက်နှင့် အားမူတို့နှစ်ယောက်လုံးက ထန်ချွန်းမင်၏အိမ်မှာပဲ စားလိုက်ကြသည်။ တာရှန်နဲ့ တခြားလူနှစ်​​ယာက်ကတော့ လုပ်ချင်တာမှန်သမျှကို လုပ်နိုင်ပြီး သူတို့ကိုတားမယ့်လူမရှိသောအခါ အရက်ကိုပင် အကန့်အသတ်မရှိ သောက်နေ၏။





ကျန်းရှို့နှင့် ထန်ချွန်းမင်က ထမင်းစားရင်း စကားပြောနေကာ ကျောက်တာဟူနှင့် အဆုံးသတ်သွားသည်။



“မင်းနဲ့အားလင်းက အဲ့ဒီတုန်းက တာဟူအမဲလိုက်ခဲ့တဲ့ တောရိုင်းတိရစ္ဆာန်အများစုကို မစားခဲ့ရဘူး။ အဲ့ဒါတွေက ဟိုအိမ်ကိုပို့ရင်ပို့ ဒါမှမဟုတ် မြို့ပေါ်မှာရောင်းချင်ရောင်းခဲ့ရတာ။ သူတို့ပြောသလို မင်းတို့သားအဖက ကောင်းကောင်းမွန်မွန်နေခဲ့ရရင် ဒီလောက်ထိပိန်နေမှာမဟုတ်ဘူး။ အခု လနည်းနည်းကြာတော့ မင်းနည်းနည်းဝလာပြီး မင်းဘဝကလည်း ပိုကောင်းလာတယ်။ ထားလိုက်ပါတော့ … ငါထပ်မပြောတော့ဘူး။ အသုံးဝင်မှာမှမဟုတ်တာ သူလည်း တခြားကမ္ဘာကနေ မကြားနိုင်တော့ဘူးလေ။ အစ်ကိုရှို့က မင်းကို လူကောင်းတစ်ယောက်ရှာပေးပါမယ်။”



“အစ်ကိုရှို့…မသောက်ထားပဲ…ဘာပေါက်ကရတွေပြောနေတာလဲ? တာမောင်း… အဲ့ဒီပါးစပ်ကိုပိတ်ဖို့ မင်းဖေဖေကို ယုန်သားနည်းနည်းထည့်ပေးလိုက်။” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။



“ဖေဖေ….စားပါဦး” တာမောင်းက နာခံစွာပင် အသားနည်းနည်းဖဲ့ကာ သူ့အားမူ၏ပါးစပ်ထဲ ထည့်လိုက်သည်။ အာမောင်းနှင့် တာမောင်းကလည်း လိုက်လုပ်သည်။ နောက်တော့ ကျန်းရှို့ပါးစပ်ထဲမှာ အသားပြည့်သွားပြီး သူက မထိန်းနိုင်တော့ပဲ ရယ်ချလိုက်သည်။



“ကောင်းပြီ ငါထပ်မပြောတော့ဘူး။ ဒါဆို ငါ့မိသားစုရဲ့ တာရှန်အကြောင်းပဲ ပြောတော့မယ်။ တာရှန်က အေးပေမယ့် သူ့ရင်ထဲမှာ ငါတို့ပဲရှိသလို ဘယ်လိုကာကွယ်ရမလဲသိတယ်။ ကောလေးကိုလက်ထပ်ပြီး သူ့ကိုမေ့သွားလို့တောင် သူ့အားမူက ဆူခဲ့သေးတယ်။ သူကဖြင့် ဂရုတောင်မစိုက်ဘူး။ အဘိုးကြီးက ဘက်လိုက်တယ်။ သူ့သားကြီးကိုထောက်ပံ့ဖို့ တာရှန်ရဲ့ပစ္စည်းတွေကို တောင်းနေတာ တာရှန်ကမသိဘူး။”



“အရင်ရက်အနည်းငယ်က သူက တာရှန်ကိုခေါ်ပြီး ဆူပူကြိမ်းမောင်းခဲ့သေးတယ်။ တာရှန်က သူ့အစ်ကိုကြီးမိသားစုကို ကူညီဖို့ ဖုန်းရှောင်ကျစ်နဲ့ ယွိမုတို့ကို မပြောပေးပဲ အပြင်လူတွေကို မျက်နှာသာပေးလို့တဲ့လေ။ ဒါကြောင့်ပဲ တာရှန်နဲ့ငါက ဝတ္တရားမကျေဘူးလို့ သတ်မှတ်ခံလိုက်ရပြီး တာရှန်က တာဝန်ကျေဖို့ သူ့အစ်ကိုကြီးရဲ့သားကို ပြုစုပျိုးထောင်လိုက်ရတယ်။”.



တနည်းနည်းဖြင့် သူ့အပြောအဆိုက ညည်းညူတာနဲ့တူလာ၏။ ဘယ်မိသားစုမှာ အခက်အခဲမရှိလို့လဲ? ဘဝမှာ အဖုအထစ်တွေရှိမှာ မလွဲမသွေပဲလေ။ အပြင်လူတွေက ကျန်းရှို့နဲ့ တာရှန်၏ ချစ်ခြင်းမေတ္တာနဲ့ သိတတ်နားလည်သော သားနှစ်​ယောက်ကြောင့် မနာလိုဖြစ်နေပေမယ့် အိမ်က အဘိုးကြီးကလည်း ပါဝင်နေမယ်လို့ မထင်ထားခဲ့ပေ။



“သား ပါးမော့နဲ့ တာပေါင်းကို သဘောမကျဘူး။ မင်အားမော့ဆီမှာ ပါးမော့နဲ့ တာပေါင်းစာလိုက်သင်ဖို့ ဘိုးဘိုးက သားတို့ညီအစ်ကိုနှစ်ယောက်ကို ပြောခဲ့တယ်။ သားတို့သဘောမတူတော့ သူက ဆူခဲ့သေးတယ်။” အာမောင်းက ရုတ်တရက်ထပြောသည်။



ကျန်းရှို့နဲ့ ထန်ချွန်းမင်က ထိုကိစ္စမျိုးဖြစ်ခဲ့တာကြောင့် ပြောစရာပျောက်ရှသွားသည်။ တာ​မောင်းက ခေါင်းငုံ့ကာ အသံမထွက်အောင် အရိုးဝါးနေသည်။ ၎င်းမှာ အမှန်တကယ်ဖြစ်ခဲ့ပုံရသည်။ 



ကျန်းရှို့က ဒေါသထွက်သွားပေမယ့် သူအိမ်မှာမရှိသည့်အချိန် မင်ကောအာ၏ ကျန်းမာရေးကို စိတ်ပူတာကြောင့် သူက ဒေါသတကြီးပြောလိုက်သည်။



“တာပေါင်းနဲ့ ပါးမော့က အဲ့လောက်အဖိုးတန်တာလား ငါ့သားတွေယှဥ်လို့မရအောင်​လေ။”



လီတာရှန်က ဒုတိယသားဖြစ်ပြီး လက်ထပ်ပြီးနောက် သူ့အစ်ကိုကြီးနဲ့ ခွဲနေကြောင်း ထန်ချွန်းမင်သိသည်။ သူ့အားမူက သူ့အစ်ကိုကြီး၏ မိသားစုနဲ့နေသည်။ တာရှန့်အစ်ကိုကြီး၏မိသားစုက ကောနှစ်ယောက်ရှိပြီး ယောကျာ်းလေးမရှိပေ။ ထိုအချိန်က တာမောင်း​ကိုမွေးပြီးပြီဖြစ်၍ သူ့ဘိုးဘိုးက သူ့ကို အရမ်းချစ်ပြီး ကျန်းရှို့ကို က​လေးကူထိန်းပေးခဲ့သည်။ သို့ပေမယ့် တာရှန်၏အစ်ကိုကြီးက သားလေးတစ်ယောက် ထပ်မွေးသောအခါ တာမောင်းက မျက်နှာသာပေးမခံရတော့ပဲ မိသားစုက တာပေါင်းကို သဘောကျလာခဲ့သည်။



ကံအားလျော်စွာ တာရှန်က သူ့အားမူပြောသမျှနားထောင်သော တာဟူနဲ့မတူပေ။ သူက သူ့မိသားစုလေးကို ကာကွယ်ပေးပြီး ကလေးနှစ်ယောက်ကို ဂရုစိုက်သည်။ သူ့ကလေးနှစ်ယောက် လျစ်လျူရှုခံရတာကိုတွေ့တော့ သူက သူ့တို့ကို သူ့အားမူထံခေါ်မသွားတော့ပဲ သူ့အစ်ကိုကြီးအိမ်မှာ အနိုင်ကျင့်မခံရစေရန် ရှောင်ရှားခဲ့သည်။ သူက ပိုက်ဆံရှာဖို့ မြို့ပေါ်ကို ခဏခဏသွားလေ့ရှိ​တာကြောင့် သားနှစ်ယောက်က ကောင်းကောင်းနေထိုင်ခဲ့ရသည်။



ထန်ချွန်းမင်က သူ့လက်ကိုပုတ်ကာ ပြောလိုက်သည်။ “ဒေါသထွက်နေဖို့မလိုပါဘူး။ အစ်ကိုနဲ့တာရှန်က သူတို့ကို ပို့လိုက်မယ်ဆိုရင်တောင် ကျွန်တော်လက်ခံပေးမှာပါ။ ကျွန်တော်က ကျွမ်းကျင်ဆရာမဟုတ်တော့ တစ်လုံးနှစ်လုံးပဲသင်ပေးနိုင်မယ်။ တာမောင်းနဲ့ အာမောင်းကလည်း ကြိုးစားတာမို့ အစ်ကို့တူလေးတွေ ရောက်လာရင် သူတို့လည်း​ပဲ ကြိုးစားမှရမယ်။”



လီဖုန်း၏အိမ်၌ ယွိမုက ဝိုင်ထုတ်ပြီး သုံးယောက်အတူသောက်လိုက်ကြသည်။ အများကြီးသောက်ပြီး အဝစားပြီးနောက် သူတို့က စကားထွေလာကြသည်။



လီတာရှန်က ပုံမှန်ဆိုရင် တိတ်ဆိတ်ပေမယ့် ဝိုင်သောက်ပြီးနောက်မှာ သူက လုံးဝကွဲပြားသွားခဲ့သည်။ စကားစပြီး လုံးဝမရပ်တော့ပေ။



“လီဖုန်း… မင်းနဲ့ပတ်သက်ပြီး အများကြီးပြောမိတာကို ငါ့ကိုအပြစ်မတင်နဲ့။ မင်းက အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ပဲ။ မင်းဦးလေးက မင်းရဲ့အစီအစဥ်တွေကို ဂရုစိုက်မှာမဟုတ်ဘူး။ ဒါဆို မင်းအတွက် မင်းဘာလို့မတွေးတာလဲ? မင်းအမဲလိုက်ထွက်ပြီးတဲ့အခါ အိမ်မှာချက်ပေးဖို့ ဘယ်သူမှမရှိဘူးမလား? ဒါကြောင့် တခြားတစ်ယောက်ကို သွားချက်ခိုင်းရတာလေ။ မင်းအိမ်မှာ ကောတစ်ယောက်ရှိနေရင် အေးအေးဆေးဆေး နေရလိမ့်မယ်။ အပြင်လူတွေက ငါ့အားရှို့လေး ဘယ်လောက်ကောင်းလဲ မသိပါဘူး။” 



ပုံမှန်ဆိုရင် မကြွားတတ်သည့် လီတာရှန်က ထိုအခိုက်အတန့်တွင် ဂုဏ်ယူနေသော အမူအရာရှိ​နေခဲ့သည်။