Chapter 28.1
Viewers 401

Chapter 28.1






ယွိမုက တာရှန်၏ ဤအခြမ်းကို မမြင်ဖူးပေ။ သူ အံ့အားသင့်သွားပြီး သူ့ပါးစပ်ထဲက အသားတုံးပြုတ်ကျသွားခဲ့သည်။ ဒီလူက အရင်တုန်းက သူနဲ့ဆက်ဆံနေတဲ့ ရိုးသားတဲ့လူလား? သူက လီဖုန်းနားကပ်ကာ တိုးတိုးလေးပြောလိုက်၏။



“ညီအစ်ကိုတာရှန်က အရက်မူးရင် ဒီလိုပုံစံဖြစ်သွားတာလား?”



ဤစကားများက လီဖုန်း၏ အတိတ်မှတ်ဉာဏ်များကို ပြန်ယူလာပုံရပြီး ရှားပါးသော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။



“သူအဲ့ဒီကောကို လက်ထပ်တုန်းက ဒီလိုပုံစံမို့လို့ သူ့ကိုမနာလိုဖြစ်နေတဲ့ ရွာထဲက အမျိုးသားတွေက ဝိုင်းရိုက်ခဲ့ကြသေးတယ်။”



သို့ပေမယ့် သူက ဝင်ပါဖို့ ငယ်သေးတာကြောင့် စောင့်သာကြည့်ခဲ့သည်။



“ဟားဟားဟား…” ယွိမုက စားပွဲကိုထုကာ အော်ရယ်လိုက်သည်။ “ငါတောင် မင်းကိုရိုက်ချင်လာပြီ။ သူက အဲ့လောက်ကောင်းတာလား? အစ်ကိုကြီး ခင်ဗျား ကောတစ်​ယောက်ကို မြန်မြန်လေး လက်ထပ််လိုက်ပါလား? နောက်ကျရင် သူ့လို ကြွားလိုရတာပေါ့။”



တာရှန်က ထိုစကား​ကြားတော့ စိတ်မဆိုးပေ။ သူ့မှာ သူ့ကောရှိသရွေ့ တခြားသူတွေ ဘယ်လောက်ကောင်းကောင်း သူ့ရဲ့ဇနီးလေးလိုတော့ ဂရုစိုက်ပြီး စဥ်းစားပေးတတ်မှာမဟုတ်ပေ။



သို့ပေသိ သူက ယွိမုစကားကိုကြားတော့ မူးမူးဖြင့် မေးလိုက်သည်။



“ဖုန်းရှောင်ကျစ်၊ ငါ့ကိုအမှန်အတိုင်းပြောစမ်းပါ။ အရင်နှစ်တွေမှာ မင်းကြိုက်တဲ့လူကိုမတွေ့ခဲ့ဘူးလား? မဟုတ်ရင် အလျင်မလိုတာ ဖြစ်နိုင်ပါ့မလား?”



ယွိမုက သူ့ဘေးမှာ ရယ်မောနေသည်။ လီဖုန်းက သူ့ကို ပါးစပ်ပိတ်ထားဖို့ အကြည့်တစ်ချက်ပေးလိုက်သည်။ သူ့ပခုံးက လှုပ်ခါနေဆဲဖြစ်ပြီး တာရှန်က နည်းနည်း​လေးပိုသောက်ခဲ့တာဖြစ်၍ ရှုပ်ထွေးလောက်သည်အထိ မူးမနေပေ။ လီဖုန်း သဘောကျတဲ့သူရှိနေတာလား?



“သူ့စကားကိုနားမထောင်နဲ့။ ငါက ဆင်းရဲပြီး အသက်ကြီးတဲ့ လူကြမ်းတစ်ယောက်ပဲ။ ဘယ်ကောက ငါ့ကိုသဘောကျမှာလဲ? သူက သူ့မိဘတွေရဲ့မျက်လုံးထဲမှာ ရတနာပဲ။ ငါနဲ့လက်ထပ်ပြီး ဆင်းရဲဒုက္ခမကြုံစေချင်ဘူး။ ငါ ဒီကိုပြန်ရောက်ခါစမို့ အေးချမ်းတဲ့ဘဝကို ဖြတ်သန်းချင်ရုံပဲ။ နောက်ကျရင်တော့ ငါ့ကို နားလည်ပေးနိုင်တဲ့လူကိုရှာပြီး တာရှန်လို နေသွားချင်တယ်။”



ပြောပြီးသည်နှင့် သူစိတ်ထဲ၌ တစ်စုံတစ်ယောက်၏ပုံရိပ်ပေါ်လာသည်။ နေ့ရက်တွေက အလွန်ခက်ခဲမယ်ဆိုတာ သိသာသည်။ သို့ပေမယ့် ထိုလူကတော့ အမြဲတမ်းပြုံးနေပြီး အကောင်းမြင်စိတ်​ဖြင့် ပွင့်လင်းနေခဲ့သည်။ ထိုလူက သူ အရင်တွေ့ဖူးခဲ့သော လူများနှင့် ကွာခြား၏။





ထိုလူက သူသိဖူးခဲ့သော တခြားသောကောများနှင့် ကွာခြားပြီး သူ့ဘေးမှာရှိနေရုံဖြင့် သူ့အငွေအသက်ကူးစက်စေသည်။



လီဖုန်းက သူ၏ကြမ်းတမ်းမှုကို မကြောက်သော ကောတစ်ယောက်ကို ရှာချင်ပြီး သူက ထိုလူနဲ့အတူ ဆင်းရဲတွင်းထဲမှာ ရိုးရှင်းသောဘဝကို ​နေထိုင်လို၏။ သူတို့နှစ်ဦးက အိမ်သေးသေးလေးကို လည်ပတ်ပြီး လေတွေမိုးတွေ ဘယ်လောက်တိုက်ခတ်ပါစေ အိမ်လေး၏ နွေးထွေးမှုကို မှုတ်ထုတ်လို့ရမှာမဟုတ်ပေ။



မူလက သူပြန်လာသောအခါ မိသားစုတစ်ခုထူထောင်ဖို့ ရည်ရွယ်ချက်မရှိသော်လည်း ဒုတိယ​အကြိမ် ကလေးမွေးတော့မည့် ထိုလူကိုမှ သဘောကျနေ​၏။ ဟုတ်သည်… ကျောက်တာဟူရှိနေသေးလျှင် သူက ထိုကောနှင့် ဝေးဝေးနေပြီး အထင်ကြီးလေးစားကာ မသင့်လျော်သော အတွေးများလည်းရှိမည်မဟုတ်ပေ။



“အဲ့ဒီကောလေးမှာ ကလေးရှိရင် ဘယ်လိုလုပ်မလဲ? ဒီရှုထောင့်ကလွဲရင် အကုန်အဆင်ပြေပါတယ်။ လူလွတ်ကောတစ်ယောက်ဆိုရင်တော့ အောင်သွယ်တော် လာပြီးလောက်မှာ စိုးရိမ်တယ်။”





တာရှန်က လီဖုန်း၏အတွေးကို စုံစမ်းဖို့ပြောထားသည့် သူ့ဇနီးလေး၏စကားကို ဆက်လက်လုပ်ဆောင်လိုက်သည်။ မသောက်ထားရင်တော့ သူထိုမေးခွန်းမျိုးကို မေးနိုင်မှာမဟုတ်ပေမယ့် ယခုတော့ သူက စကားနှိုက်လိုက်နိုင်သည်။



သူ့အမြင်မှာ မင်ကောအာ၌ ကလေးမရှိလျှင် သူက အိမ်ထောင်ဖက်ကောင်းတစ်ယောက်ဖြစ်မည်။ သူက ရွာထဲက ကောတွေထက် ပညာတတ်ပြီး အချက်အပြုတ်ကျွမ်းကျင်သလို အိမ်ထောင်စုကိုလည်း ကောင်းကောင်းစီမံနိုင်သည်။ သူသာဆိုလျှင် ကလေးရှိသော ကောတစ်ယောက်ကို လက်ခံဖို့ရန် ထိုမျှလောက် သဘောကောင်းမှာမဟုတ်ပေ။





လီဖုန်းက ခေါင်းငုံ့ကာ ဝိုင်သောက်နေပြီး တာရှန်က သူ့မျက်နှာပေါ်က အမူအရာကို မမြင်နိုင်ခဲ့ပေ။



သို့ရာတွင် ယွိမုက သူပြောတာကို အလွန်စိတ်ဝင်စားသွားသည်။ သူက ပြုံးစိစိဖြင့် မေးလိုက်လေသည်။



“သူက ဟင်းချက်ကောင်းလား? ကလေးက လိမ္မာပြီး ချစ်ဖို့ကောင်းလား? အဲ့လိုကောတစ်ယောက်ရှိရင် ငါ့ကိုပြောစမ်းပါ။”





“ဖွီ!” လီဖုန်းနဲ့တာရှန်က ဝိုင်တစ်လုတ်ထွေးထုတ်​လိုက်ပြီး မရပ်မနားချောင်းဟန့်နေ၏။ လီဖုန်း၏အသားအရေက နက်မှောင်ပေမယ့် သူ့မျက်နှာနီနေတာကို သူခံစားမိသည်။ သူက ယွိမုကို မဆိုင်းမတွ ကန်ထုတ်လိုက်ကာ ပါးစပ်ထဲကဝိုင်ကိုသုတ်ပြီး အော်လိုက်သည်။



“ထွက်သွား! မနက်ဖြန် စစ်တန်းလျားကို ပြန်သွားတော့ မင်းဒီမှာနေတာကြာနေပြီ။”



လီတာရှန်က ပြောစရာပျောက်ရှသွား၏။ “ညီအစ်ကိုယွိမုက တာဝန်ကျတုန်းလား?”



ယွိမုက လီဖုန်း၏ အထက်လူကြီးဖြစ်သည်ဟု သူများပြောတာ ကြားဖူးသော်လည်း သူ လီဖုန်းနောက် တကောက်ကောက်လိုက်နေတာကို တွေ့သောအခါ ရွာသားတွေက သူ့သရုပ်မှန်ကို ရှုပ်ထွေးနေသည်။ 



“ဘာဖြစ်လို့လဲ” ယွိမုက စိတ်မဆိုးပေ။ သူ မတ်တပ်ထရပ်ပြီး ဖြူစင်သလိုပြုံးပြကာ ပြောလိုက်၏။ “ငါ့အစ်ကိုကြီးက အနောက်ဘက် လူရိုင်းတွေကို အများကြီးသတ်ခဲ့တာ။ ပြီးတော့ စစ်ရည်စစ်သွေးကြောင့် ဗိုလ်ချုပ်ရာထူးတိုးခဲ့သည်။ ငါ့အစ်ကိုကြီးဘေးမှာ သက်တောင့်သက်သာရှိလွန်းလို့ ဘယ်မှမသွားချင်ပါဘူး။ ဟီးဟီး…”





ကျောက်မင်းဆက်၌ ဗိုလ်ချုပ်က ဆဋ္ဌမအဆင့် စစ်အရာရှိတစ်ယောက်ဖြစ်သည်။ ခရိုင်တရားသူကြီးကတော့ သတ္တအဆင့် အရပ်ဘက်အရာရှိတစ်ဦးဖြစ်ပြီး ဗိုက်ချုပ်ရာထူးက အရပ်ဘက််အရာရှိလောက် မမြင့်မားသော်လည်း ဧကရာဇ်ချင်ယွမ်က မြောက်ဘက်အရာရှိများကို တိုက်ခိုက်ရန် တပ်သားများကို အသုံးပြုခဲ့တာကြောင့် ဗိုလ်ချုပ်များ၏အဆင့်အတန်းက ယခင်ကထက် တိုးတက်လာခဲ့သည်။



သာမန်လူတွေက ဗိုလ်ချုပ်ရာထူးက ဘာမှန်းမသိပဲ ယာမန်အရာရှိများနှင့် တွေ့လျှင်ပင် သူတို့က အံ့အားသင့်ကာ လေးစားနေတာဖြစ်သည်။ သို့ပေသိ ဗိုလ်ချုပ်ရာထူးက ထိုယာမန်အရာရှိများထက် ပိုမြင့်မားလေသည်။



သို့ဖြစ်၍ တာရှန်က ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ စစ်တပ်ထဲမှ ဗိုလ်ချုပ်က သာမန်ပြည်သူတွေ ရှုပ်လို့မရသော လူတစ်ဦးဖြစ်သည်။ ယခင်က ယွိမုအပေါ်ထားသည့် သူ့စိတ်သဘောထားက သာမန်မျှဖြစ်၍ သူက ယခုချိန်မှာ မတ်တပ်ထရပ်ကာ တောင်းပန်လိုက်ရသည်။



ယွိမုက လီဖုန်းနောက်ကို ကမန်းကတန်းခုန်လိုက်ပြီး လီဖုန်းက ဦးညွတ်နေသော တာရှန်ကိုဆွဲကာ ထိုင်ခိုင်းလိုက်သည်။ သူ့မျက်နှာပေါ်က ထိတ်လန့်မှုက မြင်သာနေပြီး သူက လီဖုန်းကို နားမလည်နိုင်သလိုကြည့်လိုက်သည်။ ယွိမုက လီဖုန်းကို အစ်ကိုကြီးလို့သာ အမြဲခေါ်သည်။ ဒါက လီဖုန်းက သူ့အထက်လူကြီးဖြစ်နေလို့တဲ့လား? ထိုအကြောင်းစဥ်းစားလိုက်တော့ သူတို့ကြားက အကွာအဝေးက ကျယ်ပြန့်လာတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။



သရုပ်မှန်ကိုပြောပြပြီးလျှင် ရွာသားတွေက တာရှန်လိုပင် သူနဲ့ ခပ်ဝေးဝေးနေမှာကို လီဖုန်းက သိတာကြောင့် သူ ရွာကိုပြန်လာပြီးနောက် သူ့သရုပ်မှန်ကို မပြောပြချင်ခဲ့တာပင်။ လီကျန့်ကတော့ နည်းနည်းလောက် ခန့်မှန်းမိနိုင်ပေမယ့် အလုံးစုံမသိပေ။ 

“ညီအစ်ကိုတာရှန်… မင်းဘာလို့ သူ့ကိုရိုသေနေတာလဲ? သူက အနောက်ဘက်လူရိုင်းတချို့ကိုပဲ သတ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ပါပဲ။ သူက ရွေးချယ်စရာမရှိလို့ အနောက်ဘက်ကို သွားခဲ့ရတဲ့ ငါတို့နဲ့ ဘယ်ယှဥ်နိုင်မလဲ? ငါတို့က သေလူတွေကြားမှာ ရှင်သန်နိုင်ခဲ့တာပဲ ကံကောင်းလှပြီ။ မြင်တဲ့အတိုင်းပဲ ငါကလည်း မင်းတို့လို လယ်သမားတစ်ယောက်ပဲ။ မင်းဒီလိုလုပ်နေရင် ငါရွာထဲမှာ နေရဲတော့မှာမဟုတ်ဘူး။”



“မဟုတ်ရပါဘူး။” တာရှန်က နောက်တစ်ကြိမ် ပြောစရာပျောက်ရှသွားပြန်သည်။ သူက နေရခက်စွာ လက်ခါပြပြီး ခေါင်းကုတ်ရင်း ပြောလိုက်သည်။ “ရုတ်တရက်မို့ပါ။ ငါ နေသားမကျသေးလို့။ ညီအစ်ကိုယွိမု… ငါမင်းကို​တောင်းပန်ပါတယ်။”



ကျန်းရှို့ကလည်း သတိမထားမိလို့သာ သူ့ကိုလွှတ်ခဲ့တာဖြစ်၏။ မဟုတ်ပါက သူက ဆင်ခြင်တုံတရားရှိသူပင်တည်း။ ယွိမုနဲ့ ဖုန်းရှောင်ကျစ်က သူ့ကို အရင်တိုင်းပဲ ဆက်ဆံနေပြီး ညီအစ်ကိုလို့ သတ်မှတ်ထားတာ သူသိသည်။ ထိုသို့သော ညီအစ်ကိုများရှိတာက သူ့အနာဂတ်အတွက် ကောင်းပေလိမ့်မည်။





“ငါ… ငါဘာပြောခဲ့မိတာလဲ…” ဖုန်းရှောင်ကျစ်က သူ့စကားတွေကို မတုံ့ပြန်သော်လည်း သူ့သရုပ်မှန်က မရိုးရှင်းကြောင်း တာရှန်သိသွားခဲ့​လေပြီ။ သူ သူ့ကို မင်ကောအာနဲ့ အောင်သွယ်ပေးရင် သူ လီဖုန်းကို မထီမဲ့မြင်ပြုသလို ဖြစ်သွားမလား? သူ့ဇနီးလေးပေးသော တာဝန်မပြီးမြောက်ခဲ့တာကို စဥ်းစားကာ တာရှန်က တစ်ခဏမျှ ဘာလုပ်ရမလဲမသိဖြစ်သွား၏။



“ဟီးဟီး” ယွိမုက ရှက်ကိုးရှက်ကန်းပြုံးကာ သူ့ထိုင်ခုံသို့ ပြန်ရောက်လာပြီး တာရှန်ကို ပုတ်လိုက်သည်။ “ငါ့အစ်ကိုကြီးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ငါဆုံးဖြတ်ပေးတာ။ အချိန်မှန်ဖြစ်ခဲ့ရင် ငါက အစ်ကိုကြီးအတွက် အိမ်ထောင်ဖက်ရှာပေးပြီးတာကြာပြီ။”



“မနက်ဖြန် ဒီကထွက်သွား၊ ပြန်မလာနဲ့!” လီဖုန်းက ဒေါသတကြီးအော်လိုက်သည်။ သို့ရာတွင် တာရှန်က မျက်တောင်ခတ်ကာ လီဖုန်းက ရှက်သွေးဖြာပြီး စိတ်ဆိုးနေတာလို့ ခံစားမိလိုက်သည်။ အားရှို့ပြောတာမှန်လား… လီဖုန်းက မင်ကောအာကို စိတ်ဝင်စားနေတာလား? မင်ကောအာက တာဟူအတွက် ဝတ်ပြုဆုတောင်းပေးနေရဆဲဖြစ်လို့ လီဖုန်းက စောင့်နေပြီး ဘာမှမပြောသေးတာလား?




“ဟားဟား… စားသောက်လိုက်ရအောင်။” လီတာရှန်က အမြန်လှုပ်ရှားလိုက်ပြီး စကားပြောတာလုံလောက်ပြီလို့ အကြံပြုလိုက်သည်။ ကျန်တာကတော့ လီဖုန်းကိုယ်တိုင် စီစဥ်သင့်သည်။ ၎င်းက ရှည်လျားသော ဘဝတစ်ခုဖြစ်၏။