Chapter 29.1
“တာလျန်”
သို့ပေမယ့် သူတို့ ဂရုတစိုက်ရွေးချယ်ထားသော သားမက်က လက်ထပ်ပြီး နှစ်နှစ်အကြာမှာ တီဘီရောဂါနဲ့ ဆုံးပါးသွားမယ်လို့ ဦးလေးကျောက်နဲ့ သူ့ဇနီးက မမျှော်လင့်ထားခဲ့ပေ။ ခင်ပွန်းသည်၏မိသားစုက သူတို့သားလေး၏ အသေစောမှုကြောင့် အသည်းကွဲသွားလို့ဖြစ်မည်။ သူတို့က တာလျန်ကို ဒေါသပုံချခဲ့သည်။ သူတို့က တာလျန်ကို အိမ်ပြန်ခွင့်မပေးပဲ သားဖြစ်သူအတွက် တစ်သက်လုံး ဝတ်ပြုဆုတောင်းနေဖို့ ဖိအားပေးခဲ့သည်။
ဦးလေးကျောက်က သဘောမတူခဲ့ပေ။ သူက သူ့သားနဲ့အတူ ထိုအိမ်ကိုသွားပြီး သနားစရာကောလေးကို ပြန်ခေါ်ချင်ခဲ့သည်။ သူတို့ သူ့ကို တစ်သက်လုံးစောင့်ရှောက်ပေးမယ်ဆိုရင်တောင် ကျောက်လျို့က သူ့သားကို သူ့ခင်ပွန်းသည်၏ မိသားစုမှာ ဒုက္ခမရောက်စေချင်ခဲ့ပေ။ ထိုမိသားစုက တာလျန်ကို သေအောင် မနှိပ်စက်ရမချင်း အရှုံးပေးမယ့်ပုံမပေါ်ပေ။
မိသားစုနှစ်ခု အချင်းချင်းရန်ဖြစ်ခဲ့သည်။ ဦးလေးကျောက်က သူ့ကောလေးကို အိမ်ပြန်ခေါ်ချင်သော်လည်း အကူအညီမဲ့နေခဲ့သည်။ သူနဲ့သူ့ဇနီးမှာ ကလေးနှစ်ယောက်ရှိပြီး တစ်ယောက်က အမျိုးသားဖြစ်ကာ တစ်ယောက်က တာလျန်ဖြစ်ပေမယ့် တာလျန်၏ခင်ပွန်းသည်မှာ မိသားစုအများကြီးရှိသည်။ သူတို့က လူအင်အားကိုအားကိုးပြီး ကျောက်လျိုနဲ့ သူ့သားကိုမောင်းထုတ်ကာ တာလျန်နဲ့တွေ့ခွင့်မပေးခဲ့ပေ။
တာလျန်၏နာမည်က ပျံ့နှံ့သွားပြီး ဖျင်ရှန်ရွာကို ရောက်သွားခဲ့သည်။ ကျောက်လျိုနဲ့ သူ့သားက ဖျင်ရှန်ရွာကို ဒဏ်ရာများဖြင့် ပြန်လာခဲ့ရပြီး သူတို့ကောလေးကိုပြန်ရဖို့ နောက်တစ်ကြိမ်တိုက်ခိုက်ရန် ကျောက်မိသားစုကို လူစုချင်ခဲ့သည်။ သူတို့မှာ မျိုးရိုးနာမည်တူနေလို့ မျိုးနွယ်စုများက သူ့ကို ကူညီပေးမယ်လို့ သူထင်ခဲ့သည်။
မမျှော်လင့်ထားစွာပင် တာလျန်၏ခင်ပွန်းသည်မိသားစုက ကျောက်မိသားစုနဲ့ ပတ်သက်နေခဲ့သည်။ ထိုမိသားစုက ဘာပြောလိုက်လဲမသိပေမယ့် ဘိုးဘိုးကျောက်က ကျောက်လျိုကိုဖျောင်းဖျရန် ကျောက်လျို၏ဇနီးကို သွေးဆောင်ခဲ့ပြီး တာလျန်ကို ထိုမိသားစုထဲမှာ ခဏနေထိုင်ခွင့်ပေးဖို့ ပြောခဲ့သည်။ အမှန်တော့ သူ့ကောအာလေး၏ ဂုဏ်သတင်းက ပျက်စီးသွားပြီဖြစ်၍ အချိန်မရွေး နောက်အိမ်ထောင်ပြုဖို့ မဖြစ်နိုင်တော့ပေ။
ကျောက်မိသားစု၏ တတိယဦးလေးက ရှေ့ကနေရပ်တည်ပေးဖို့ သဘောမတူခဲ့ပေ။ သူ့ကောကိုပြန်ခေါ်တာက ကျောက်မိသားစု၏ ဂုဏ်သတင်းကို ဖျက်တာလို့ ပြောခဲ့သည်။ ၎င်းက ကျောက်မိသားစုရှိ လူလွတ်ကောများ၏ လက်ထပ်ပွဲကိုပါ ပျက်စီးစေလိမ့်မည်။ ထိုမိသားစုက နာမည်ကောင်းရှိလို့ သူ့ကောလေးကို နှိပ်စက်မှာမဟုတ်ဘူးလို့လည်း သူကပြောခဲ့သည်။ ဦးလေးကျောက်က ဒေါသထွက်လွန်းလို့ နေရာမှာတင် သွေးအန်ခဲ့ပြီး အိမ်ပြန်ရောက်တော့ နာမကျန်းဖြစ်သွားခဲ့သည်။ သူ့ဇနီးသည်ကလည်း အိပ်ရာထဲလဲသွားခဲ့သည်။
ဦလေးကျောက်က အကူညီမဲ့နေပြီး သူ့ကောအာလေးကို မကယ်နိုင်ခဲ့ပေမယ့် သူက အရှုံးပေးဖို့ ဆန္ဒမရှိပေ။ သူက နေမကောင်းသော ခန္ဓာကိုယ်ကို အနိုင်နိုင်မထူကာ လီကျန့်ကို လိုက်ရှာခဲ့သည်။ ထိုအချိန်က လီကျန့်သည်လည်း ကျောက်မိသားစု၏ အရေးကိစ္စများကို ဝင်စွက်ဖက်လို့ရသည့် အဆင့်အတန်းမရှိပေ။ သို့သော် သူက တာလျန်၏ခင်ပွန်းမိသားစုရှိသော နေရာကို သွားရောက်ကာ ညှိုနှိုင်းပေးဖို့ ကတိပေးခဲ့သည်။
ဦးလေးကျောက်က ဝမ်းသာသွားပြီး ပိုက်ဆံအများကြီးသုံးခဲ့သည်။ မမျှော်လင့်ထားစွာပင် သူ မျှော်လင့်ချက်ပြည့်လာသောအခါ၌ သတင်းဆိုးက ရောက်လာခဲ့သည်။ တာလျန်က မြစ်ထဲခုန်ချခဲ့ပြီး ပြန်တွေ့သည့်အခါ သေသွားပြီဖြစ်သည်။ သတင်းကြားလိုက်သော ဦးလေးကျောက်လျိုက အသက်မရှူနိုင်ဖြစ်ခဲ့သည်။
သူ လီကျန့်ကိုခေါ်ပြီး သူ့ကောလေး၏ နေရာကို သွားခဲ့သည်။ သူ့ကောလေးက အကြောင်းမရှိပဲ မြစ်ထဲခုန်ချပြီး သတ်သေမယ်လို့ သူဘယ်တော့မှယုံမှာမဟုတ်ပေ။
မူလက တာလျန်၏ခင်ပွန်းမိသားစုက ရှောင်လွှဲခဲ့ပြီး အမှန်တရားပြောပြဖို့ ငြင်းဆိုခဲ့ကာ တာလျန်က သူ့ခင်ပွန်းကို လက်မလွှတ်နိုင်လို့ သူ့နောက်လိုက်သွားတာလို့ ပြောခဲ့သည်။ သို့ရာတွင် ဤကမ္ဘာပေါ်မှာ တိုးဝင်လို့မရနိုင်သော နံရံမရှိပါပေ။** တာလျန်၏ခင်ပွန်းမိသားစုမှ အမျိုးသားတစ်ယောက်က တာလျန်၏အိမ်ထဲသို့ ခိုးဝင်ကာ တာလျန်ကို ဖျက်စီးဖို့လုပ်ခဲ့တာဖြစ်သည်။
(**ဖုံးဖိလို့မရဘူးလို့ပြောတာပါ)
တာလျန်က ငြင်းဆန်ပြီး အော်ဟစ်လိုက်ရာ တာလျန်၏ခင်ပွန်းမိသားစုက သိသွားခဲ့သည်။ မထင်မှတ်ထားသည်မှာ သူ့လုပ်ရပ်ပေါ်သွားတာကိုသိတော့ ထိုယောကျာ်းက သူ့ကိုချောက်ချကာ သူ့ဘက်က စတင်မြူစွယ်ခဲ့လို့ သူမထိန်းချုပ်နိုင်ခဲ့တာလို့ ပြောခဲ့သည်။
ခင်ပွန်းမိသားစုက တာလျန်ကို မုန်းနေတာဖြစ်၍ သူတို့သား၏ သေဆုံးမှုကို တာလျန်ကြောင့်လို့ အပြစ်တင်ခဲ့သည်။ သူတို့က သူ့ကို ရက်စက်ကြမ်းကြုတ်သော စကားလုံးအမျိုးမျိုးဖြင့် ဆဲဆိုကြပြီး ဝက်လှောင်အိမ်ထဲမှာ ပိတ်ထားပြီး အပြစ်ပေးသင့်တယ်လို့ ပြောခဲ့သည်။ အရှက်ရမှု၊ စိတ်ပျက်အားငယ်မှုနှင့် ဒေါသကြောင့် တာလျန်က ဘာမှမတွေးနိုင်တော့ပဲ အိမ်ထဲမှပြေးထွက်ကာ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။
အခင်းဖြစ်ပွားပြီးနောက်မှာ တာလျန်က ထိုလူစားမျိုးဆိုတာကို ရွာသားတွေက မယုံခဲ့ကြပေ။ ဆန့်ကျင့်ဘက်အနေဖြင့် ထိုအမျိုးသားက အကျင့်စရိုက်ဆိုးတယ်လို့ ပြောကာ သူနဲ့ပတ်သက်သော ကောလာဟလတွေ ထွက်လာခဲ့သည်။ သို့သော် တာလျန်က အရှက်ရစရာတစ်ခုခုလုပ်ခဲ့ပြီး လူတွေကို မျက်နှာမပြဝံ့လို့ သတ်သေခဲ့တာလို့ ခင်ပွန်းမိသားစုက အခိုင်အမာပြောဆိုခဲ့သည်။
သူတို့က ဦးလေးကျောက်၏မိသားစုကို ပစ်မှတ်ထားကာ သူ့ကောက သူတို့မိသားစု၏ ဂုဏ်သိက္ခာကို ဖျက်စီးခဲ့တယ််လို့ ပြောခဲ့သည်။ တာလျန်ကို စာနာသော ဖျင်ရှန်ရွာရှိ မိသားစုများကပင် ထိုရွာမှာ ပြဿနာသွားရှာခဲ့ကြပြီး ရွာနှစ်ရွာကြားမှာ ရန်ပွဲတစ်ခုဖြစ်ခဲ့ရာ အစိုးရက သတိပေးရသည်အထိ ကိစ္စကြီးသွားခဲ့သည်။
အဆုံးမှာ လီကျန့်၏ စွက်ဖက်မှုကြောင့် တာလျန်ကို အဓမ္မကျင့်ဖို့ ကြိုးစားခဲ့သော အမျိုးသားက ရွာနှင်ခံခဲ့ရသည်။ ဦးလေးကျောက်လျိုက သူ့ကောအာလေး၏ အလောင်းကို သဂြိုလ်ဖို့ ပြန်ယူနိုင်ခဲ့သည်။
သူနဲ့ ကျောက်မိသားစုကြားတွင် အမုန်းတရားပေါ်ပေါက်လာခဲ့သည်။ တတိယဦးလေးနှင့် ဘိုးဘိုးကျောက်က သူနဲ့အတူလိုက်ပြီး သူ့ကောလေးကို ပြန်သွားခေါ်ခဲ့လျှင် ယခုအခြေအနေအထိ ရောက်မလာဘူးလို့ ဦးလေးကျောက်လျိုက ယုံကြည်ခဲ့သည်။
တာလျန်မသေခဲ့လျှင် သူ့ဇနီးကလည်း စိတ်ဓာတ်ကျပြီး ပူဆွေးသောကဖြစ်ကာ ဆုံးပါးသွားခဲ့မှာမဟုတ်ပေ။ တတိယဦးလေးက နောက်ဆက်တွဲကိစ္စများကို ဝင်ရောက်စွက်ဖက်ခဲ့သော်ငြား ဦးလေးကျောက်လျိုက သူ့ကို လုံးဝခွင့်မလွှတ်ခဲ့ပေ။
ဦးလေးလျို၏မိသားစုမှ တာလျန်၏ဖြစ်ရပ်ကိုကြားပြီးနောက် ဘိုးဘိုးကျောက်က ကျောက်တာဟူအတွက် ဝတ်ပြုဆုတောင်းရန် သူ့ကို ဘာလို့ဖိအားပေးခဲ့လဲ ထန်ချွန်းမင် နားလည်သွားခဲ့ပေမယ့် ကျန်းရှို့က တာလျန်၏နာမည်ကို ပြောလိုက်သည်နှင့် ရွာသားများ၏ ပါးစပ်ပေါက်များ ပိတ်သွားခဲ့ပြီး ဘိုးဘိုးကျောက်ကို ရှုတ်ချခဲ့သည်။
(ဝတ်ပြုဆုတောင်းတာက မုဆိုးဖိုအဖြစ် ခင်ပွန်းဖြစ်သူရဲ့မိသားစုကို အလုပ်အကျွေးပြုတာကိုပြောတာပါ။ ဝတ်ပြုဆုတောင်းခြင်း ဓလေ့ထုံးထမ်းက ကွယ်လွန်သူကို လေးစားမှုပြုပြီး လအလိုက်၊ နှစ်အလိုက်ရှိပေမယ့် သူတို့ကတော့ တာလျန်ကို တစ်သက်လုံးထိန်းချုပ်ပြီး နှိပ်စက်ချင်တာပါ။)
တာလျန်၏ အဖြစ်အပျက်အပြီး နှစ်များစွာကြာသွားသော်လည်း တာလျန်ကဲ့သို့ အဖြစ်ဆိုးမျိုး ထပ်ဖြစ်လာမည်ကို စိုးရိမ်တာကြောင့် ဖျင်ရှန်ရွာသားများက သူတို့၏ဇနီးသည်ကို ဝတ်ပြုဆုတောင်းဖို့ သိပ်မပြောကြတော့ပေ။
ဦးလေးကျောက်က သူ့ကိုယ်ထဲမှာ တာလျန်ကို မြင်ခဲ့ရတာကြောင့် နောက်ပိုင်းမှာ သူ့ကို ဂရုစိုက်ပေးခဲ့တာဖြစ်၏။ သူက သူ့ဆီက စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတချို့ကို ရှာချင်ခဲ့တာပင်။ ဘယ်လိုပဲဖြစ်ဖြစ် သူက နာမည်ကောင်းရဖို့ပဲ စိတ်ဝင်စားသည့် အကြီးအကဲဖြစ်သူ တတိယဦးလေးနဲ့ ကွာခြားသည်။ ယခုနေ တတိယဦးလေး၏ အပြုအမူကိုကြည့်ရင်းဖြင့် ထိုအချိန်တုန်းက ဖြစ်ရပ်အပေါ်မှာ သူ ဘာမှမသင်ယူခဲ့တာကို မြင်နိုင်လေသည်။
ထန်ချွန်းမင်က ကျေးဇူးသိတတ်သူဖြစ်သည်။ ဦးလေးကျောက်၏ ကြင်နာမှုက ဘာကြောင့်ပဲဖြစ်နေပါစေ သူ အကျိုးရှိခဲ့တာကြောင့် သူက ဦးလေးကျောက်ကို ပြုစုစောင့်ရှောက်ဖို့ ဆန္ဒရှိသည်။
မြို့က စျေးပွဲတော်နေ့မှာ စည်းကားနေ၏။ ထန်ချွန်းမင်နှင့် တခြားလူများက မနက်အစောကြီး ရွာကထွက်လာခဲ့ကြသည်။ သူတို့မြို့ထဲရောက်တော့ စျေးက လူတွေနဲ့စည်းကားနေ၏။ ကျန်းရှို့နှင့် ထန်ချွန်းမင်က ဆိုင်ခင်းဖို့ နေရာတစ်ခုရှာလိုက်သည်။
မြို့သူမြို့သားများက ထိုစျေးကိုပတ်ကြည့်ချင်ကြသည်။ အနီးအနားက ရွာသူရွာသားများ ယူဆောင်လာသော ပစ္စည်းများက ဆိုင်ကရောင်းချသော စျေးနှုန်းထက် သက်သာသည်။ ဤရာသီမှာ ကြက်ဥအများကြီးမရှိလို့ ကျန်းရှို့နဲ့ ဝမ်မော့က တစ်လုံးကိို တစ်ပြားနဲ့ရောင်းလို့ရပြီး တောင်းက မကြာခင်မှာ အမြန်လျော့သွားခဲ့သည်။
ထန်ချွန်းမင်၏ ဟင်းသီးဟင်းရွက်များက အင်မတန်ဆွဲဆောင်မှုရှိသည်။ ယခုချိန်တွင် တစ်နှစ်ပတ်လုံးသိမ်းဆည်းထားသော ဂေါ်ဖီထုပ်နှင့် မုန်လာဥက ညှိုးနွမ်းပြီး အရသာမရှိတာကြောင့် လူတွေက အသီးအရွက်ခြောက်များကို စားသုံးဖို့ ငြီးငွေ့လာသည်။ လတ်ဆတ်သော အသီးအရွက်များက စျေးကွက်ထဲမှာ မပေါ်သေးပေ။
လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ယခုချိန်မှာ မြင်တွေ့လိုက်ရပြီး လူအများအပြားက သူတို့မိသားစုစားရန် စျေးနှုန်းမေးကာ ကီလိုချိန်ခိုင်းခဲ့သည်။ သို့ပေမယ့် လူအများစုက စျေးနှုန်းကြားပြီးနောက် ကျောခိုင်းသွားကြသည်။
အသီးအရွက်က ဘာလို့ အသားထက်ပိုစျေးကြီးနေတာလဲ? အသီးအရွက်တစ်ပေါင်က အသားတစ်နပ်စာနဲ့ ညီမျှနေသည်။ သာမန်လူတွေက ထန်ချွန်းမင်ကို စျေးတင်ရောင်းတယ်လို့ ထင်နေသည်။ ၎င်းက စျေးကြီးပေမယ့် ထန်ချွန်းမင်က လက်ရှိအချိန်မှာ စျေးနှုန်းလျှော့ချရောင်းဖို့ အစီအစဥ်မရှိပေ။
သို့ပေမယ့် ငွေကြေးတတ်နိုင်သော မိသားစုများက ဟင်းသီးဟင်းရွက်များကိုကြည့်ကာ မြည်စမ်းကြည့်ဖို့ တစ်ပေါင်နှစ်ပေါင်ဝယ်လိုက်ကြသည်။ အရသာကောင်းလျှင် သူတို့ထပ်ဝယ်မှာပင်။
“မင်ကောအာ…” ယခုချိန်ထိရောင်းရသော ဟင်းသီးဟင်းရွက်များမှာ ဆယ်ကီလိုတောင်မပြည့်သေး၍ ကျန်းရှို့က စိတ်ပူသွားပြီး “အရမ်းစျေးကြီးနေလို့လား? ဒီမြို့မှာ ချမ်းသာတဲ့သူ များများစားစားမရှိဘူး။” သူမလာခင်က ထန်ချွန်းမင်ကို ဘယ်စျေးနဲ့ရောင်းမလဲ မမေးခဲ့ရပေမယ့် စျေးကွက်ထက် ဆင့်အနည်းငယ်သာကြီးမယ်လို့ ထင်ခဲ့သည်။ မင်ကောအာက ယခုလို စျေးနှုန်းတစ်ခုတောင်းမယ်လို့ မထင်ထားတာကြောင့် သူက အံ့အားသင့်သွားပြီး ဖောက်သည်ရဖို့လည်း ခက်ခဲနေ၏။
“စောင့်ကြည့်တာပေါ့။ ကျွန်တော် ဒီမှာခဏရောင်းပြီး ဟိုနားကဆိုင်တွေကို သွားကြည့်လိုက်မယ်။ ကုန်ပစ္စည်းတန်ဖိုးနားလည်တဲ့သူရှိမှာပါ။” ထန်ချွန်းမင်က ၎င်းတို့ကို တစ်ပေါင်လျှင် ဆယ်ပြားဖြင့် ရောင်းချဖို့တွေးခဲ့သည်။ အမှန်တိုင်းဆိုရသော် အရင်တစ်ခေါက် ခရိုင်မြို့က စျေးနှုန်းနဲ့ယှဥ်လျှင် သူတော်တော်ရှုံးသည်။
အိမ်နောက်ဖေးမှာ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များက သန့်ရှင်းသောနေရာလွတ်မှာ စိုက်ပျိုးထားတာလောက် မကောင်းပေ။ သူတို့၏အရည်အသွေးက သာမန်လယ်ကွင်းများထက် စျေးပိုမြင့်သည်။ သူက သူတို့ကို စျေးသက်သက်သာသာ မရောင်းချင်ပေ။ အဆင်မပြေရင် ခရိုင်မြို့မှာပဲ စမ်းရောင်းကြည့်လိုက်မလား?
“အစ်ကိုရှို့နဲ့ အစ်ကိုမော့၊ မြို့ထဲက စားသောက်ဆိုင်တွေမှာ စီးပွားရေးကဘယ်လိုလဲ? ဒါနဲ့ တာဟူ တောရိုင်းတိရစ္ဆာန်တွေ ရောင်းတဲ့ဆိုင်က ကျင်းကျိမလား။ အဲ့ဒီမှာသွားမေးကြည့်ရင်ရော?”
မင်ကောအာက ထိုအကြောင်းအရာများကို အရင်ကတစ်ခါမှမမေးဖူးခဲ့ပေ။ အမျိုးသားတစ်ယောက်က သူ့ဇနီးနှင့် သူ့မိသားစုကို ထိန်းချုပ်မည်ဟူသော နိယာမကို မူလပိုင်ရှင်က တင်းတင်းကျပ်ကျပ် လိုက်နာတာကြောင့် မူလပိုင်ရှင်က ထိုစားသောက်ဆိုင်ကို မသွားခဲ့ဖူးပေ။ သို့သော် ကျောက်တာဟူ၏ အကျင့်စရိုက်ကို စဥ်းစားကြည့်တော့ သူ့ကို အိမ်မှာစကားပြောဖို့ မလွယ်ပေမယ့် အပြင်မှာတော့ လူတွေက သူ့ကို ချီးကျူးကြသည်။ စားသောက်ဆိုင်ပိုင်ရှင်က သူ့ကို အဆိုးမြင်မှာမဟုတ်ဘူးလို့ ယူဆသည်။ ထို့ကြောင့် ထန်ချွန်းမင်က ကျင်းကျိမှာမေးဖို့ ဟင်းသီးဟင်းရွက်တောင်းကို ယူသွားရန် ချက်ချင်းဆုံးဖြတ်ခဲ့သည်။
“ဟုတ်တယ်...တာရှန်ပြောတာကို ငါကြားဖူးတယ်။ ငါလည်းမင်းနဲ့အဖော်လိုက်ပေးမယ်လေ။ ဝမ်မော့ကို ဒီမှာနေခိုင်းလိုက်မယ်။” ကျန်းရှို့က အကြံပြုသည်။
“အဆင်ပြေပါတယ်။ မင်းတို့အရင်သွားနှင့်။ ဝယ်သူကို မြန်မြန်တွေ့လေ ကောင်းလေပဲ။” ဝမ်မော့က ကျန်းရှို့နှင့် အတွေးတူသည်။ သို့သော် ထိုသို့သောစျေးနှုန်းဖြင့် ရောင်းချလိုက်လျှင် မင်ကောအာက စိုးရိမ်ဖို့မလိုတော့ပေ။