Chapter 37
စွန်းဟုန်က မူရင်း "တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့၏ မိတ်ကပ်ဆရာဖြစ်ပြီး ကုဆွေ့ဆွေ့ပရိသတ်ကလပ်၏ ခေါင်းဆောင်လည်းဖြစ်သည်။
သူ(မ)တွင် ပရိသတ်အသင်းကလပ်ရှိသည်ကို ဆွေ့ဆွေ့ကိုယ်တိုင်ပင် ထင်ထားလိမ့်မည်မဟုတ်ပေ။
သို့သော် ထိုပရိသတ်ကလပ်က လူအယေညက်တစ်ရာခန့်သာရှိသေးသည်။
ထိုကလပ်အဖွဲ့ဝင်များက မူရင်း "တိမ်မြှုပ်နေသော" ဝတ္ထု၏ ပရိသတ်များဖြစ်ကြပြီး လက်အောက်ခံဘဝကျရောက်သွားသော မင်းသမီးငယ် လင်းရာ၏ဇာတ်ကောင်ကို သဘောကျသူများဖြစ်သည်။
"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးကို အဘယ်ကြောင့်ယခုထိ မထုတ်လွှင့်သေးမှန်း သူတို့လည်းမသိချေ။ သို့သော် သူတို့က ကုဆွေ့ဆွေ့၏ ပရိသတ်များဖြစ်နေနှင့်ပြီးဖြစ်သည်။ ပရိသတ်ရှိလာလောက်အောင် ဆွေ့ဆွေ့က အဘက်ဘက်မှပြည့်စုံလွန်းသည်။
ဆွေ့ဆွေ့၏ချစ်စဖွယ်မျက်နှာလေးက ပြည်သူ့အချစ်တော်ကောင်မလေးတစ်ယောက် ဖြစ်လာနိုင်သည့် မျက်နှာမျိုးဖြစ်သည်။ သူ(မ)ကိုကြည့်ရင်း လူတိုင်းက သမီးမိန်းကလေးမွေးချင်နေကြသည်။
ကုဆွေ့ဆွေ့၏ ပရိသတ်များက ဝေဘိုတွင် နေ့တိုင်းတိတ်တဆိတ်စောင့်နေတတ်ကြသည်။ ဆွေ့ဆွေ့ဝေဘိုတွင်ပုံတင်လာရန် အချိန်နှင့်အမျှ စောင့်မျှော်နေကြခြင်းဖြစ်သည်။ ထိုမှသာလျှင် ဆွေ့ဆွေ့ပရိသတ်တိုးလာပြီး ကလေးအမေများကိုလည်း သမီးမိန်းကလေးမွေးရန် ဆွဲဆောင်နိုင်မည်ဖြစ်သည်။
"အစ်မတို့က....အရမ်းဂနာမငြိမ်ဖြစ်နေကြတာပဲ....မိဘနဲ့ကလေး ခရီးသွားတဲ့ ရသစုံရှိုးကို ဒီအပတ် တနင်္ဂနွေမှာ လွှင့်မှာလေ"။
"ဟေး....သစ်သီးရုပ်သံရသစုံရှိုးအတွက် နမူနာအပိုင်းတိုက ဟိုလေယာဥ်ရုပ်ရှင်ကားပြီးမှလွှင့်မှမဟုတ်ဘူးလား.....ကလေးများနေ့အထိစောင့်ရမှာ"။
"အဲဒီအပိုင်းတိုထဲမှာ ကြက်ပေါက်လေးတွေရဲ့ပုံတွေ အများကြီးတွေ့တယ်....ကြက်ပေါက်လေးတွေကိုကျွေးဖို့ ခဲ့ကျင်းယန် မုန့်ချိုတွေဝယ်နေတာလည်း ပါသေးတယ်....ပြီးတော့ကလေးမလေးရဲ့ အကြိုက်ဆုံးအရောင်က အပန်းရောင်တဲ့"။
"ငါအကြိုက်တွေ့သွားရင် ခဲ့ကျင်းယန်ရဲ့ပရိသတ်တစ်ယောက်ဖြစ်သွားတော့မှာပဲ"။
"ယာယီသားအဖအနေနဲ့ သူတို့နှစ်ယောက်သရုပ်ဆောင်ထားတာက လုံးဝအဆင့်အတန်း
မြင့်တယ်....ဒီမိဘနဲ့ကလေးရသစုံအစီအစဥ်တွေကို ငါအရင်ကမကြည့်ခဲ့မိဘူး.....အခုတော့ ခဲ့ကျင်းယန်က အရမ်းချောလွန်းလို့ ကြည့်ရမယ်"။
"ခဲ့ကျင်းယန်ကချောပါတယ်....ဒါပေမဲ့ငါဒီတစ်ခုကိုမကြည့်ချင်ဘူး.....ဇီဇီနဲ့လုချီတို့ ရိုက်ထားတဲ့ရုပ်ရှင်ကားကိုပဲ ငါမျှော်နေတာ....တိမ်မြှပ်နေသော ရုပ်ရှင်ကားထဲမှာ လုချီနဲ့ဆွေ့ဆွေ့ မောင်နှမနေရာမှာ သရုပ်ဆောင်ထားတာကိုလည်း ကြည့်ချင်တယ်"။
"ရိုက်ကူးရေးပြီးသွားတာ နှစ်လတောင်ရှိသွားပြီ....ရုပ်ရှင်လွှင့်နိုင်ဖို့အတွက် ဆင်ဆာတင်ရဦးမယ်....ဒါပေမဲ့ ဘယ်အချိန်မှလွှင့်မလဲဆိုတာတော့ ငါလည်းမသိဘူး"။
"အစောဆုံးအနေနဲ့ ဇူလိုင်နဲ့သြဂုတ်လမှာ လွှင့်မှာစိုးတယ်.....ဒါပေမဲ့အဆင်ပြေပါတယ်လေ....ငါတို့ရဲ့ကြက်ပေါက်လေးတွေလည်း ပရိသတ်တွေပိုရလာဖို့ ဒီရသစုံရှိုးအသစ်ကို အားကိုးရမယ်....ပြီးတော့ရုပ်ရှင်ရုံမှာလည်း သူတို့ကိုသွားအားပေးကြလိမ့်မယ်"။
"ငါတို့ရဲ့ကြက်ပေါက်လေးတွေက အောင်မြင်မှာသေချာတယ်....အကျော်အမော်တွေနောက်ကို ဆယ်နှစ်နီးပါးလိုက်ခဲ့တဲ့ ငါ့ရဲ့အတွေ့အကြုံနဲ့ကျိန်ပြောနိုင်တယ်....ကြက်ပေါက်လေးတွေက နာမည်ကြီးလာလိမ့်မယ်"။ စိတ်အားထက်သန်စွာပြောလာသော နောက်ဆုံးတစ်ယောက်က ပရိသတ်ကလပ်၏ ဒုတိယခေါင်းဆောင်ဖြစ်သည်။
သူ(မ)နှင့်စွန်းဟုန်တို့က အနုပညာအသိုင်းအဝိုင်းတွင် ကျင်လည်နေသူများဖြစ်ကြသည်။ တစ်ယောက်က အဝတ်အစားဆင်ပေးသူဖြစ်ပြီး တစ်ယောက်က မိတ်ကပ်ဆရာဖြစ်သည်။ သူတို့နှစ်ဦးက အချင်းချင်းသိကြရုံသာမ မိတ်ဆွေကောင်းများလည်းဖြစ်သည်။
ကုဆွေ့ဆွေ့ကို စွန်းဟုန်မှတစ်ဆင့် သူ(မ)သိခဲ့ခြင်းဖြစ်သည်။
ကလေးမလေး၏ဓာတ်ပုံကိုမြင်လိုက်ရချိန်တွင် ထိုကလေးမလေး၏ ပရိသတ်တစ်ယောက်ဖြစ်လာရန် သူ(မ)ဆုံးဖြတ်ခဲ့သည်။ ဇီဇီကသိပ်နာမည်မကြီးသေးပဲ သူ(မ)လည်းအကျိုးဆောင်ကုမ္ပဏီတစ်ခုနှင့် စာချုပ်လက်မှတ်မထိုးခဲ့မိလျှင် ဆွေ့ဆွေ့အား အားပါတရအားပေးနိုင်မည်ဖြစ်သည်။
"ကြက်ပေါက်လေးတွေက အကောင်းဆုံးပဲ....ရုပ်ရှင်ထွက်လာတဲ့အချိန်ကျရင် နီးနီးနားနားရုပ်ရှင်ရုံတစ်ခုမှာ လက်မှတ်ဆယ်ဘရှစ်စောင်လောက် ငါမှာလိုက်မယ်....ပြီးတော့ ရုပ်ရှင်အတူကြည့်ဖို့ ငါတို့ကုမ္ပဏီကလူတွေကို ဖိတ်လိုက်မယ်"။
"ရုံလက်မှတ်ရောင်းအား ဆယ်သန်းလောက်ရဖို့ အားမွေးထားကြဟေ့!"
"ဆယ်သန်းဆိုတာနည်းသေးတယ်....ရည်မှန်းချက်သေးသေးလေးထားကြစို့....ရုံလက်မှတ်ရောင်းအားက သန်းနှစ်ဆယ်လောက်ရမှာ....ဟားဟားဟား"။
ကုဆွေ့ဆွေ့၏ပရိသတ်ကလပ်က လူအနည်းသးငယ်သာရှိသည်။ လူတိုင်းကလည်း မူရင်း "တိမ်မြှုပ်နေသာ" ဝတ္ထု၏ ပရိသတ်များဖြစ်ကြသည်။အစပိုင်းတွင် သူတို့ကသတင်းအချက်အလက်အသစ်များနောက်အတူလိုက်ကြပြီး အားလုံးကလည်းဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ထို့
ကြောင့်သူတို့အဖွဲ့ထဲရှိ လူအယောက်တစ်ရာလုံးက အလွန်ညီကြသည်။
တစ်ဖက်တွင် "ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်ကိုရိုက်ကူးရေးလုပ်နေကြသည်။
ခဲ့ကျင်းယန်နှင့်လင်းယိုတို့နှစ်ဦးသား ငါးအပြည့်
နှင့် ရွာအဝင်လမ်းရှိငါးကန်မှပြန်လာကြသည်။
ဤတစ်ခေါက်တွင် ငါးကန်မှငါးအများအပြားဖမ်းမိလာသောကြောင့် အခြားဧည့်သည်များကိုလည်း ငါးနှစ်ကောင်စီပေးလိုက်ကြသည်။
အစီအစဥ်ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းက ထိုမြင်ကွင်းကိုမြင်သောအခါ နှလုံးသွေးလျှံချင်လာသည်။ သူတို့ဖိတ်ထားသော ဧည့်သည်များက အလွန်ဗျာများပြီး ကသိုက်ကရိုက်နိုင်ကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူတို့ငါးသွားဖမ်းမည်ဟုပြောသောအခါ တစ်နပ် နှစ်နပ်စာအတွက်ပဲ ဖမ်းလာမည်ဟု ထင်ထားကြသည်။ သို့သော် ထိုနှစ်ယောက်က ငါးကန်သို့သွားပြီး ငါးခုနစ်ကောင်လောက်ရရန် တစ်နာရီခွဲထက်မနည်း အချိန်ယူခဲ့သည်။
သူတို့က မနက်မှညအထိ နေ့တိုင်းငါးစားပြီး ရွာထဲတွင် နှစ်ရက်လုံးလုံးနေချင်သောကြောင့်လား မသိပေ။
ကျန်ရှိနေသော ငါးအရှင်နှစ်ကောင်ကို ကြည့်ရင်း လင်းယိုက တစ်ခဏမျှခက်ခက်ခဲခဲ စဥ်းစားပြီး မေးလာသည်။ "ကျင်းယန် ငါတို့ငါလတ်လတ်လေးတွေ ဖမ်းလာတာတော့ဟုတ်ပြီ......ဒါပေမဲ့ ငါတို့ထဲဘယ်သူက ငါးစွပ်ပြုတ်ချက်တတ်လို့လဲ"။ နှစ်ယောက်လုံးငါးများကို လွယ်လင့်တကူ ဖမ်းလာနိုင်သော်လည်း တစ်ယောက်မှ မည်သို့ချက်ပြုတ်ရမည်မှန်းမသိပေ။
ခဲ့ကျင်းယန်က တစ်ခဏမျှစဥ်းစားပြီး ပြောလိုက်သည်။ "ငါးယူပြီး အစ်ကိုချွီကိုသွားရှာကြစို့....အရင်အပိုင်းရိုက်ကူးရေးလုပ်တုန်းက သူချက်ပေးတဲ့နေ့လည်စာက အရမ်းအရသာရှိတယ်"။
လွန်ခဲ့သောအခေါက်ကရိုက်ကူးရေးလုပ်နေစဥ်တွင် အစားစားရန် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့လည်း အိမ်နံပါတ်တစ်သို့ အပြေးအလွှားသွားကြသည်ကို လင်းယိုသိသောကြောင့် ရယ်မောရင်းပြောလိုက်သည်။ "ဟုတ်ပြီ....ငါးဟင်းချက်ဖို့ အိမ်နံပါတ်သုံးကို သွားကြစို့"။
"ငါးစွပ်ပြုတ်သောက်ချင်တာလား.....ဟုတ်ပြီ....ငါလုပ်ပေးမယ်.....အားလုံးအတွက်ညစာချက်ကြတာပေါ့"။ လင်းယိုတို့နှစ်ယောက် သူ့အားလာရှာရသည့်အကြောင်းရင်းကို ကြားပြီးနောက် ချွီမင်းရှန်က တုံ့ဆိုင်းမနေပဲ ချက်ပြုတ်ပေးရန် ချက်ချင်းသဘောတူလိုက်သည်။
သို့သော် အိမ်နံပါတ်သုံးရှိ မီးဖိုခန်းက ချက်ပြုတ်ရန် အဆင်မပြေလှပေ။ အားလုံးစားသောက်နိုင်ရန်လည်း နေရာအလုံအလောက်မရှိ။ ထို့ကြောင့် အဆင်ပြေပြေချက်ပြုတ်ပြီး အားလုံးစားသောက်နိုင်ရန် ဟင်းချက်မည့်ပါဝင်ပစ္စည်းများကို အိမ်နံပါတ်တစ်သို့ ရွှေ့ပေးရန် တောင်းဆိုလိုက်သည်။
ညစာချက်ပြုတ်ရန် မီးဖိုခန်းဌားပေးရုံမျှသာဖြစ်သောကြောင့် ခဲ့ကျင်းယန်လည်းမငြင်းပေ။
ထိုအချိန်တွင် အပြင်ဖက်မှ ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရသည်။
ကြက်ပေါက်လေးများကို သွားကြည့်သော ကုဆွေ့တွေ့တို့သုံးယောက်သား ပြန်လာကြပြီဖြစ်သည်။
လင်းတုံတုံက အနည်းငယ်စိတ်ရှုပ်ထွေးနေသော်လည်း ငယ်ရွယ်ပြီးဘာမှမသိနားမလည်သောကြောင့် မည်သည့်အရာကိမှမကြောက်တတ်ပေ။ အန္တရာယ်ရှိသောအရာဖြစ်စေ သူတွေ့သမျှအရာတိုင်းကို ဖမ်းကိုင်ရဲသည်။ "ဦးဦးချွီ အိမ်မှာရှိလား....ဒီညမှာ ညီမလေးဆွေ့ဆွေ့ကို အားဖြည့်ပေးဖို့အတွက် ကြက်စွပ်ပြုတ်ချက်ပေးချင်လို့ပါ.....ဦးလေးချက်ပေးတဲ့စွပ်ပြုတ်က အရသာရှိတယ်လို့....အစ်ကိုရွှီယွဲ့ပြောတယ်"။
ခဲ့ကျင်းယန်က ကလေးများနှင့်အပြင်ဘက်မှအခြေအနေကိုတွေ့လိုက်ရသောအခါ ချက်ချင်းပျော်ရွှင်သွားရသည်။ "တုံတုံ...မင်းဒီကြက်ဖကြီးကို ဘယ်ကဖမ်းလာတာလဲ....ဟင်.....ဒီကြက်က အစောကတစ်ကောင်နဲ့တူလိုက်တာ"။
လင်းတုံက ကြက်ဖ၏တောင်ပံကို လက်နှစ်ဖက်နှင့် တင်းတင်းကြပ်ကြပ်ဖမ်းကိုင်ထားပြီး မကြည်မလင်သော မျက်နှာအမူအရာနှင့်ပြောလိုက်သည်။ "ဦးလေး....ညီမလေးဆွေ့ဆွေ့က သားနဲ့အစ်ကိုရွှီယွဲ့ကို ကြက်ပေါက်လေးတွေအတူကြည့်ဖို့ခေါ်သွားတယ်....အဲဒီကိုရောက်တော့ ဒီကြက်က ညီမလေးကိုခွပ်တော့မှာမလို့ သားဖမ်းလာလိုက်တာ"။
ချွီရွှီယွဲ့ကို လက်တွဲထားသော ကုဆွေ့ဆွေ့ကလည်း ဝင်ပြောလာသည်။ "ပါးပါးကီ....ဒီတစ်ခေါက်မှာ ကိုကိုတုံတုံက သမီးကိုကာကွယ်ပေးခဲ့တာပါ"။
အစီအစဥ်ရိုက်ကူးရေးအဖွဲ့၏ စကားကိုနားထောင်ပြီး ထိုကြက်ဖအားလွှတ်ပေးလိုက်ရသောကြောင့် ခဲ့ကျင်းယန်တစ်ယောက် သူ့စိတ်ထဲတွင် အခဲမကျေဖြစ်ခဲ့ရသည်။ ဤကဲ့သို့ သူ့ရှေ့တွင် တစ်ဖန်ပြန်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုကြက်ကို ဘုရားသခင်က အလွတ်မပေးစေချင်သည့်ပုံပေါ်သည်။
"တုံတုံ ကြက်ဖကြီးကို ကလေးတစ်ယောက်ထဲ ဖမ်းလာတာ ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ....ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ....အဲဒီကြက်ကို ဦးလေးဆီပေးလိုက်....ဦးကူညီပေးမယ်"။ တဖျပ်ဖျပ်ခါနေသော အတောင်ပံကြီးနှင့် ကြက်ဖကြီးကို ကြည့်ရင်း ခဲ့ကျင်းယန် အပြုံးလေးဖြင့်ပြောလိုက်သည်။
ဘေးတွင်ရှိနေသော ဝန်ထမ်း: "...."
အစီအစဥ်ရိုက်ကူးရေးအဖွဲ့ရှိ ဝန်ထမ်းအားလုံးက ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ရွာသူကြီးအိမ်ရှိ အသတ်ခံရတော့မည့် ကြက်ဖကြီးကို ကယ်ရန် မည်သူမှ အပင်ပန်းခံမနေတော့ပေ။
အခြားရသစုံရှိုးများက နာမည်ကြီးဧည့်သည်များကိုမြို့ပြင်တွင် ပစ်ထားလေ့ရှိကြသည်။ မြို့ကြီးများနှင့် လုံးဝကွာခြားလှသော ပတ်ဝန်းကျင်တစ်ခုကိုရောက်လာသောအခါ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားပြီး စရိုက်လက္ခဏာများ ပြောင်းလဲသွားစေလိုသော
ကြောင့်ဖြစ်သည်။ သို့သော် ဤအကျော်အမော်များကမူ ကြက်ဖကိုသတ်ပြီး ကြက်စွပ်ပြုတ်လုပ်နေကြသလို ရွာအဝင်လမ်းရှိငါးကန်မှ ငါးများကိုလည်း ဖမ်းလာကြသေးသည်။ အကောင်သေးသေးကြီးကြီး တစ်ခုမှအလွတ်မပေးချေ။
လေးနှစ်အရွယ်ခန့်သာရှိသေးသော လင်းတုံတုံက ကြက်ဖကြီး၏ တောင်ပံကို သူ့လက်နှစ်ဖက်နှင့် ချက်ချင်းဖမ်းကိုင်လိုက်ပြီး တုံ့ပြန်မှုမရှိသော မျက်နှာသေနှင့်ပင်ဖြစ်သည်။ ရွာထဲရှိတိရစ္ဆာန်အားလုံးကို ထိုသူများက စွပ်ပြုတ်လုပ်ပြီး သူတို့ပါးစပ်ထဲသွတ်ထည့်မည့် ပုံပင်။
ဆန့်ကျင်ဘက်အနေနှင့် ဤပတ်ဝန်းကျင်တွင် ပုံမှန် နာမည်ကြီးအကျော်အမော်တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်သူမှာ ကျန်းဟွီကျင်းတို့သားအမိသာရှိပေလိမ့်မည်။
ကျန်းဟွီကျင်းက နာမည်ကျော်တစ်ယောက်ဖြစ်လာပြီးနောက် လက်ထပ်သည့်အချိန်အထိ စွပ်ပြုတ်ဟင်းများကို မထိခဲ့သောသူမျိုးဖြစ်
သည်။ သူ(မ)အား ခေါက်ဆွဲ သို့မဟုတ် တစ်ခုခုချက်ခိုင်းလျှင် အဆင်ပြေသေးသည်။ သို့သော် ကျေးလက်တွင် မြေကြီးပေါ်မီးဖိုဖိုပြီး ချက်ခိုင်းလျှင်တော့ သူ(မ)လည်းဘာမှမတတ်နိုင်ချေ။
ထို့ကြောင့် ဝန်ထမ်းက သူ(မ)တို့သားအမိနှစ်ဦးအတွက် ငါးအရှင်လတ်လတ်နှစ်ကောင်ယူလာပေးသော်လည်း သူ(မ)ကိုယ်တိုင်ချက်ပြုတ်စားရန် ကျန်းဟွီကျင်း ဘယ်တော့မှမတွေးခဲ့ပေ။ အခြားဧည့်သည်များက ချွီမင်းရှန်အား ညစာချက်ခိုင်းသည့်အကြောင်း သူ(မ)ကြားမိသောအခါ လူတိုင်းအတွက် ထိုအရာက အသင့်တော်ဆုံးဖြစ်လိမ့်မည်ဟု သူ(မ)တွေးမိသည်။
"မေမေ.....သမီးအဲဒီကိုမသွားချင်ဘူး.....အဲ့ကလူတွေတစ်ယောက်မှ သမီးနဲ့လာမကစားပေးကြဘူး"။
အစီအစဥ်ရိုက်ကူးရေးအိမ်တိုင်းတွင် ကင်မရာများက သူတို့အဝတ်အစားလဲသောအပ်ခန်းထဲမှလွဲ၍ နေရာတိုင်းတွင်ရှိသည်။ သူတို့အပြင်သွားလျှင်လည်း ကင်မရာသမားက ကပ်ပါလာသည်။
"လင်းအာ....မေမေသမီးကို ဘယ်နှစ်ခါပြောရမလဲ....သူတို့က သမီးနဲ့အရင်လာမကစားရင်....သမီးက သူတို့နဲ့အရင် သွားကစားပေးလိုက်လေ....နေတတ်ရင် နေရာတိုင်းမှာ သူငယ်ချင်းတွေချည်းပဲ.....ဒါနဲ့ မေမေတို့က အခု ညစာစားပွဲမှာပါဖို့သွားကြမှာ....တစ်ခြားကလေးလေးယောက်အတွက် သမီးကလက်ဆောင်တွေ ယူသွားပေးလိုက်....သူတို့ကို ဘာပေးချင်လဲ?"။ သူ(မ)၏ သမီးအရင်းကြောင့် ကျန်းဟွီကျင်း စိတ်တိုလာရသည်။
အိမ်တွင်မည်မျှခေါင်းမာပြီး မသိနားမလည်နေပါစေ ကိစ္စမရှိပေ။ သို့သော် အစီအစဥ်ရိုက်ကူးရေးတွင်မူ သူ(မ)သမီးက နုံအလွန်းသည်။
အခြားကလေး လေးယောက်က အတူတူကစားကြပြီး သူ(မ)သမီးက တစ်ယောက်တည်းအမြဲဖြစ်နေသည်။ ထိုသို့ဆိုလျှင် ကြည့်ရှုသူပရိသတ်ပြဘ်သူများက သူ(မ)အပေါ် မည်သို့တွေးထင်ကြလိမ့်မည်နည်း။ သူ(မ)က ဖော်ဖော်ရွေရွေမနေတတ်ပဲ အကျင့်စရိုက်ဆိုးသွမ်းသူဟု မှတ်ယူကြလိမ့်မည်။
သူ(မ)ကို လင်းအာကို အောက်တိုဘာလတွင် ခက်ခက်ခဲခဲနှင့် ကိုယ်ဝန်ဆောင်ခဲ့ရခြင်းဖြစ်သည်။ ထိုကလေးမလေးက သူ(မ)၏ လူမှုဆက်ဆံရေးစွမ်းရည်ကို လုံးဝ အမွေမရခဲ့ချေ။ ဤအစီအစဥ်ရိုက်ကူးရန် ရွေးချယ်ခံထားရသော အခြားကလေးများအားလုံးက ဖျတ်လတ်တက်ကြွသော စရိုက်များရှိကြသည်။ တစ်ယောက်နှင့်တစ်ယောက် အရင်ခေါ်ပြောနှုတ်ဆက်ကြသည်။ ဆွေ့ဆွေ့ဆိုလျှင် ခဲ့ကျင်းယန်နှင့် ယာယီသရုပ်ဆောင်သားအဖအဖြစ် အသားတကျနေနိုင်သေးသည်။
ထိုကလေးမလေး ကုဆွေ့ဆွေ့က ကလေးရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဟု သူ(မ)ကြားမိသည်။ ဤအစီအစဥ်ထုတ်လွှင့်ပြီးသည်နှင့် ထိုကလေးမလေး၏ နာမည်ဂုဏ်သတင်းက ဒီရေကဲ့သို့ တစ်ဟုန်ထိုးမြင့်တက်လာပြီး သူ(မ)၏အနာဂတ်ကလည်း အငန့်အသတ်မရှိ အလားအလာကောင်းလာလိမ့်မည်ဟု စိတ်ကူးကြည့်နိုင်သည်။
ကလေးသရုပ်ဆောင်တစ်ယောက်က အရည်အချင်းရှိလျှင် ကြည့်ရှုသူပရိသတ်များကလည်း လက်ခံလာကြမည်ဖြစ်သည်။
သူ(မ)၏သမီး လင်းအာကမူ ထိုကလေးမလေး၏ လူမှုဆက်ဆံပေါင်းသင်းရေးစွမ်းရည်တစ်ဝက်မျှပင်မရှိပေ။
အစီအစဥ်တွင် နာမည်ကျော်သရုပ်ဆောင်မင်းသား ခဲ့ကျင်းယန်ပါမည်မှန်းသာသိခဲ့လျှင် ၊ သူ(မ)၏သမီးက အသုံးမကျမှန်းသာသိခဲ့လျှင် ဤမိဘနှင့်ကလေးခရီးသွားရသစုံရှိုးတွင် ကျန်းဟွီကျင် ပါဝင်ဖို့ပြောမိမည်မဟုတ်ပေ။
သို့သော် ယခုတွင်မူ စာချုပ်လည်းလက်မှတ်ထိုးပြီးပြီဖြစ်သလို အရာအားလုံးကိုလည်းပြောင်းလဲ၍မရနိုင်တော့ချေ။ အခြားသူများက သူ(မ)အားချော့မော့ခေါ်မှ အတူကစားမည့် မင်းသမီးစရိုက်မျိုးနှင့် လင်းအာက အရာအားလုံးပြောင်းလဲရန်လိုနေသည်။
ပရိသတ်အားစိတ်ကျေနပ်မှုမပေးနိုင်လျှင် သူ(မ)၏အနာဂတ်ကလည်း နာမည်ဂုဏ်သိက္ခာရှိတော့မည်မဟုတ်ပေ။ ယခုတွင်မူ လင်းအာကလည်း အသုံးမကျ။ အစီအစဥ်ကြည့်ရှုသူပရိသတ်များက လင်းအာကို ဝိုင်းဝေဖန်ကြလျှင် သူ(မ)မျက်နှာဘယ်သွားထားရမည်မှန်း မသိပေ။
ကျန်းဟွီကျင်းက ချမ်းသာသောမိသားစုအသိုင်းအဝိုင်းမှလာသူနှင့် လက်ထပ်လိုက်သောအခါ အတော်များများက သူ(မ)ကို မုန်းတီးကြသည်။ ကလေးဘဝတည်းက သူ(မ)က မျက်နှာသာအရဆုံးသူတစ်ယောက်ဖြစ်ခဲ့ပြီး အနုပညာလောကထဲတွင်လည်း ဘုရင်မတစ်ပါးဖြစ်ခဲ့ကာ ရုပ်ရည်ချောမောပြီး ချမ်းသာသောယောကျာ်းတစ်ယောက်နှင့် အိမ်ထောင်ပြုခဲ့သည်။ လင်းအာက သူ(မ)၏ သမီးအရင်းဖြစ်လျှင်တောင် သူ(မ)မျက်နှာကို အိုးမဲသုတ်ခွင့်မပြုနိုင်ပေ။
"မေမေ.....စိတ်မဆိုးပါနဲ့......သမီးမသွားလို့မရဘူးလား"။ လင်းအာက သူ(မ)နံဘေးရှိ မိခင်ဖြစ်သူကိုလှမ်းကြည့်ရင် လေးလေးပင်ပင်ပြောလိုက်သည်။
စိတ်ဆိုးနေပုံရသော သူ(မ)၏အမေကို သူ(မ)ကြောက်ပါသည်။ မေမေက အဘွားနှင့်မတူချေ။ သူ(မ)ကို တစ်ချိန်လုံးချော့မော့ပြောဆိုနေမည် မဟုတ်။ စိတ်ဆိုးသည့်အချိန်တွင် တစ်ခါတစ်ရံ သူ(မ)ကို လက်ဖဝါးဖြင့်ရိုက်တတ်သည်။
မေမေ့ရဲ့လက်သံကအလွန်နာသည်။
အစီအစဥ်ရိုက်ကူးရေးအဖွဲ့သားများနှင့်ဧည့်သည်များအားလုံး အိမ်နံပါတ်တစ်သို့ စုဝေးလာကြသည်။
ချန်ချင်းယန်က အမှီအခိုကင်းပြီး ကိုယ့်အားကိုကိုယ်ကိုးတတ်သော ကလေးဖြစ်သည်။ သူ့အဖေချန်းရီနှင့်လာသောအခါ အခြားကလေးသုံးယောက်က ဂိမ်းအတူကစားနေကြသည်ကို တွေ့လိုက်ရသည်။ သူလည်းအမြန်ပြေးသွားလိုက်ပြီး ဂိမ်းအတူကစားရန်တောင်းဆိုကာ ချက်ချင်းပင် ကစားဖော်ကစားဖက်တစ်ယောက်ဖြစ်သွားတော့သည်။
နောက်ဆုံးမှရောက်လာသော ဟုန်းလင်းအာတစ်ယောက် သူ(မ)အမေပြောထားသောစကားများကို ပြန်စဥ်းစားကာ ကစားနေကြသော ကလေးများရှိရာသို့ ချီတုံချတုံနှင့်သွားပြီး တိုးတိုးလေးပြောလိုက်သည်။ "ဒါက အားလုံးအတွက် ဝယ်လာပေးတဲ့ ချောကလက်ပါ"
ချောကလက်ကို ထုပ်ပိုးထားပုံက အလွန်လှပြီး အင်္ဂလိပ်လိုရေးထားသော စာတန်းအရှည်ကြီးလည်းပါသည်။ သူတို့ထဲတွင်အကြီးဆုံးကလေးဖြစ်သော ရွှီယွဲ့က အထုပ်ပေါ်ရှိအင်္ဂလိပ်စာလုံးများကို မမှတ်မိသော်လည်း ထိုစျေးကြီးလှသော ချောကလက်တံဆိပ်ကို သူစားဖူးသည်။
အခြားသူများထံမှ စျေးကြီးသောလက်ဆောင်များကို ဒီတိုင်းလက်ခံလိုက်၍ မရကြောင်း အဖေကသူ့ကိုပြောပြဖူးသည်။
ရှက်နေသော ရွှီယွဲ့က ဟုန်းလင်းအာထံမှ လက်ဆောင်ကိုလက်ခံရန် တုံ့ဆိုင်းနေသော်လည်း တစ်ခြားတစ်ဖက်တွင်မူ ချန်းချင်းယန်နှင့် လင်းဒေါင်ဒေါင်တို့က တစ်စုံတစ်ခုကို အသည်းအသန်ငြင်းခုံနေကြသည်။ ပထမဆုံးကစားမည့်သူဖြစ်ချင်ကြသောကြောင့် ငြင်းခုံကြရင်း လင်းအာပြောသောစကားကိုမကြားလိုက်ပေ။
ဟုန်းလင်းအာက ထိုနေရာတွင်သာ ငူငူကြီးရပ်နေသည်။ သူ(မ)ပေးသော ချောကလက်ကို တစ်ယောက်မှလာမယူကြသည်ကို မြင်သောအခါ စဥ်းစားရင်း ပိုပိုပြီး စိတ်မသက်မသာဖြစ်လာရသည်။
သူ(မ)ပါးပြင်ပေါ်မှ မျက်ရည်များတစ်လှိမ့်ချင်းကျလာပြီး ချောကလက်အားလုံးလွှင့်ပစ်ရန် စဥ်းစားနေချိန်တွင် နံဘေးရှိအပုဆုံးအသေးဆုံးဖြစ်သော ကုဆွေ့ဆွေ့လေးက ချောကလက်ကိုယူလိုက်ရင်း ခေါင်းမော့ကာ ချိုချိုသာသာပြုံးပြလာသည်။ ထို့နောက် ဖယောင်းသားကဲ့သို့ နူးညံ့သောအသံလေးနှင့် ပြောသည်။ "ကျေးဇူးတင်ပါတယ်....မမလင်းအာ"
ကုဆွေ့ဆွေ့က ချောကလက်ကို တစ်ခါမှမစားဖူးသော်လည်း ထိုအရာက စားစရာတစ်မျိုးဖြစ်မှန်းတော့ သူ(မ)သိပါသည်။ စားလို့ရသောအရာဖြစ်နေသရွေ့ သူ(မ)မြည်းစမ်းကြည့်ချင်မိသည်။
သူ(မ)ကို အရေးတယူရှိသော မိတ်ဆွေလေးကိုမြင်လိုက်ရသောအခါ လင်းအာ၏စိတ်ထဲတွင် မကျေနပ်ချက်များ နာကြည်းချက်များအားလုံးကို ရုတ်ချည်းမေ့ပျောက်သွားပြီး ဆွေ့ဆွေ့အားပြောလိုက်သည်။ "ညီမလေးက ချောကလက်ကြိုက်တာလား.....ကြိုက်တယ်ဆိုရင် ဒါတွေအားလုံးကို မမပေးလိုက်မယ်"။ အခြားသူများက သူ(မ)ပိုလျစ်လျူရှုကြသောကြောင့် သူ(မ)လည်းသူတို့
နှင့်စကားမပြောချင်တော့ပေ။ ယခုမှစပြီး ညီမလေးဆွေ့ဆွေ့တစ်ယောက်တည်းနှင့်သာ သူငယ်ချင်းလုပ်လိုတော့သည်။
"မမလင်းအာ......တစ်ခြားချောကလက်တွေက ကိုကိုတွေအတွက်မဟုတ်ဘူးလား?"။ ကုဆွေ့ဆွေ့က ဇဝေဇဝါမျက်နှာလေးဖြင့် မေးလာသည်။
ဟုန်းလင်းအာက မစဥ်းစားပဲပြောချလိုက်သည်။ "သူတို့မယူဘူးဆိုမှတော့....ညီမလေးကိုပဲပေးလိုက်ရတာပေါ့"။
"ချောကလက်.....ဘယ်လိုချောကလက်မျိုးလဲ?" လင်းဒေါင်ဒေါင်နှင့်ကုဆွေ့ဆွေ့တို့က အစားသရဲများဖြစ်သည်။ ဆွေ့ဆွေ့နှင့်လင်းအာတို့ အရသာရှိသော အစားအစာတစ်ခုအကြောင်းပြောနေသည်ကို ကြားလိုက်သောအခါ ချင်းယန်နှင့်စကားနိုင်လုနေသည်ကိုရပ်လိုက်ပြီး ထမေးခြင်းဖြစ်သည်။
ကုဆွေ့ဆွေ့က ဟုန်းလင်းအာ၏ လက်ကိုဆွဲရင်းပြောလိုက်သည်။ "အဲဒါတွေက အားလုံးအတွက် မမလင်းအာ ပေးတဲ့ချောကလက်တွေလေ"
လင်းဒေါင်ဒေါင်က တိတ်တခိုးပြုံးပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်....မမလင်းအာ"
အငယ်ဆုံးကလေးနှစ်ယောက်က ချောကလက်အား တပျော်တပါးကြီး လက်ခံကြသည်ကိုတွေ့သောအခါ အကြီးနှစ်ယောက်လည်း မဟန်နိုင်ကြတော့ပေ။
သူ(မ)၏လက်ဆောင်ကို သူငယ်ချင်းများက လက်ခံပေးကြသောကြောင့် ဟုန်းလင်းအာလည်းစိတ်မဆိုးတော့ပဲ စကားစပြောလာသည်။ သူ(မ)က ဂုဏ်ယူစွာနှင့်ပြောလိုက်သည်။ "ဒီချောကလက်ဘူးတွေကို ငါ့အမေက ပြင်သစ်ကနေဝယ်ပြန်လာတာလေ.....အရမ်းအရသာရှိတယ်.....အားလုံးပဲ မြန်မြန် မြည့်ကြည့်လိုက်"
"ဟုတ်ပြီ"
ပျော်ရွှင်မြူးထူးနေကြသော ကလေးငယ်ငါးယောက်ကိုမြင်ရသောအခါမှ ဘေးတွင်ကြည့်နေသောဝန်ထမ်းလည်း စိတ်သက်သာရာရပြီးသက်ပြင်းချနိုင်တော့သည်။ လွန်ခဲ့သောအခေါက်က ဟုန်းလင်းအာက အခြားသူများကိုချန်ထားခဲ့ပြီး ထွက်ပြေးသွားသောကြောင့် ဝန်ထမ်းခမျာအတော်လေးလိုက်ချော့ယူလိုက်ရသည်။
မိဘများမရှိသည့်အချိန်တွင် ကလေးများငိုယိုပြဿနာတက်ကြလျှင် ဒုက္ခရောက်မည့်သူမှာ ရိုက်ကူးရေးဝန်ထမ်းပင်ဖြစ်သည်။
Xxxxxxxx