Chapter 38
လူဆယ်ယောက်အတွက် ညစာချက်ပြုတ်ရန်မလွယ်ကူလှပေ။
တစ်ဦးတည်းသောစားဖိုမှူးဖြစ်သည့် ချွီမင်းရှန်က ရုတ်တရက်ကြီး သူအလွန်တာဝန်ရှိသလိုခံစားလာရသည်။ သူ့ဇနီးနှင့်သားလေးအတွက် အိမ်ချက်ထမင်းဟင်းများကို ချက်ပြုတ်ပေးလေ့ရှိခဲ့သည်။ သို့သော် လူအများကြီးအတွက် တစ်နိုင်တည်း တစ်ခါမှ မချက်ပြုတ်ခဲ့ဖူးပေ။
ပတ်ပတ်လည်တွင် ကင်မရာများရှိနေသောကြောင့် အခြားသူများလည်း ချွီမင်းရှန် တစ်ယောက်တည်းကိုသာ မီးဖိုခန်းဝင်ခိုင်းပြီး မချက်ပြုတ်ခိုင်းရဲပေ။ ဘေးတွင်ကြည့်ရင်း လုပ်စရာရှိသည်များကို ကူကပ်လုပ်နေကြသည်။
တစ်ခါမှ ကိုယ်တိုင်ဟင်းမချက်ဖူးသော ခဲ့ကျင်းယန်ပင်လျှင် ကြက်သွန်လှီးလိုက် ပန်းကန်ဆေးလိုက်ဖြင့် လုပ်ကူသည်။
လူဆယ်ယောက်အတွက်ညစာမှာ ငါးစွပ်ပြုတ်တစ်အိုးတည်းဖြင့် မလုံလောက်နိုင်ချေ။ တစ်ပန်းကန်ထဲ လူဆယ်ယောက်ကို မျှကျွေးရန် မလောက်ပေ။ ချွီမင်းရှန်တစ်ယောက် ရွာသူကြီးအိမ်မှ ကြက်ဖကြီးကို စဥ်းစားမိသွားသည်။
သို့သော် သူတို့ထဲက တစ်ယောက်မှ ကြက်ဖကြီးရှိသည့်နေရာကို မသိကြသောကြောင့် ဖန်ဇီရွာသားများကို အကူအညီတောင်းလိုက်ရသည်။ ဖန်ဇီရွာသားများက ရိုးရှင်းပြီး ရိုးသားကြသည်။ သူစိမ်းများက သူတို့အား အကူအညီတောင်းခံလာသောအခါ တစ်ခွန်းမှမပြောပဲ ချက်ချင်းသဘောတူလိုက်ကြသည်။
အစီအစဥ်ရိုက်ကူးရေးအသင်းက ရသစုံရှိုး၏ဒုတိယအပိုင်းကို ရိုက်ကူးရန် ဖန်ဇီရွာကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကောင်းကောင်းမွန်မွန်ရိုက်ကူးနိုင်ရန် ရွာရှိအိမ်တိုင်းကို အခကြေးငွေပေးထားသည်။ အထူးသဖြင့် နာမည်ကျော်ဧည့်သည်များ တည်းခိုနေသည့် အိမ်ငါးအိမ်၏ မူလပိုင်ရှင်များကို နှစ်ပေါင်းများစွာသုံးမကုန်နိုင်သော လျော်ကြေးငွေများပေးထားပြီးဖြစ်သည်။ ရိုက်ကူးရေးပြီးလျှင်လည်း အခြားပျက်စီးထိခိုက်မှုများအတွက် လျော်ကြေးငွေများ စီစဥ်ပေးထားသည်။ ထို့ကြောင့် ရွာသားများက သူတို့ကို ကြည်ကြည်ဖြူဖြူရှိကြသည်။
ကြက်ကိုသတ်လိုက်ပြီးနောက် ချွီမင်းရှန်က အမွေးချွတ်ထားသော ကြက်တစ်ကောင်လုံးကို ရေဖြင့်ဆေးချလိုက်သည်။ ထို့နောက် အတွင်းအင်္ဂါများကိုဖယ်ရှားလိုက်ပြီး အိုးစောက်တွင်
ထည့်လိုက်သည်။ ဆား ၊ ကြက်သွန်မြိတ် ၊ ဂျင်း ၊ ကြက်သွန်ဖြူနှင့် လတ်လတ်ဆတ်ဆတ်ခူးထားသောမှိုများကိုပေါင်းထည့်ကာ မီးအေးအေးတွင်နှပ်ထားလိုက်သည်။
မီးဖိုချောင်က အပူရှိန်နှင့်ပျားပန်းခတ်နေပြီး ဟင်းမျိုးစုံတို့၏ရနံ့က ဖွင့်ထားသော ပြတင်းပေါက်နှင့်တံခါးများမှ အဝေးသို့ပျံ့လွင့်သွားတော့သည်။
ဤဧည့်သည်အုပ်စုက မိဘနှင့်ကလေးရသစုံရှိုးကို အစားအသောက်ရှိုးကြီးအဖြစ်ပြောင်းလဲလိုက်သည်ကို ရိုက်ကူးရေးအဖွဲ့သားများလည်း ရပ်ကြည့်နေရုံသာတတ်နိုင်တော့သည်။
"ဒါရိုက်တာ ရီကျောက်.....ဒါကိုဘယ်လိုလုပ်ကြမလဲ....ကျွန်တော်တို့ သူတို့ကို ဒီတိုင်းပဲဆက်လုပ်ခွင့်ပေးလိုက်ရမလား"။ ဝန်ထမ်းတစ်ဦးကမေးလိုက်သည်။
"ငါကဘာလုပ်ရမှာလဲ....ဒီလိုအစီအစဥ်မျိုးရဲ့ အကျိုးသက်ရောက်မှုက အတော်လေးကောင်းတယ်လို့ ငါထင်တယ်....ဒီလူတွေလုပ်နေတာတွေက သာမာန်နေ့စဥ်ဘဝမှာရှင်သန်နေကြသလိုမျိုးနဲ့မတူဘူးလား....ဒီအကျော်အမော်တွေက သူတို့အတူတူရှိနေကြရင် တစ်ယောက်နဲ့တစ်ယောက် မတူခြားနားကြလိမ့်မယ်လို့ ငါထင်ထားခဲ့တာ....ဒါပေမဲ့ သူတို့က ငါ့ထင်မြင်ချက်နဲ့ တခြားစီပဲ"။ ရီကျောက် အလွန်ကျေနပ်အားရနေမိပြီး ဧည့်သည်သရုပ်ဆောင်များက မူလအစီအစဥ်၏ အနေအထားကို ချိုးဖောက်နေသည်ဟုလည်း သူမထင်မိချေ။
အစီအစဥ်ရိုက်ကူးရေး၏ ရည်ရွယ်ချက်မှာ နာမည်ကျော်အနုပညာရှင်များနှင့် ၎င်းတို့၏အဖိုးတန်ကလေးများ နေ့စဥ်ဘဝတွင်ဖြတ်သန်းကြပုံကို ပရိသတ်များအနီးကပ်လေ့လာကြည့်ရှုနိုင်ရန်အတွက်ဖြစ်သည်။ ကျေးလက်နေဘဝများနှင့် လိုက်လျောညီထွေမရှိနိုင်သော ထိုအကျော်အမော်များမှာ မတူညီသောလုပ်ဆောင်ချက်များရှိနိုင်သော်လည်း ပရိသတ်များအတွက် ကိစ္စမရှိပေ။ ဤရသစုံရှိုးက အခြားရသစုံရှိုးများနှင့် တမူထူးခြားပြီးကွဲထွက်နေသည်။
ဤရသစုံရှိုး၏ ပုံစံတစ်ခုလုံးက အလွန်ကောင်းမွန်သည်။ နေ့စဥ်ဘဝ၏အငွေ့အသက်လေး အနည်းငယ်ပါဝင်သည်။ ရယ်ရွှင်ဖွယ် နွေးထွေးမှု အငွေ့အသက်များလည်း ပါဝင်ပြီး ပရိသတ်များကို တိတ်ဆိတ်ငြိမ်းချမ်းသော ခံစားချက်မျိုးပေးစွမ်းသည်။
သို့သော်.....
ရီကျောက်က သူ့မေးစေ့ကို ကိုင်လိုက်ရင်း စကားဆက်လာသည်။ "ဒါပေမဲ့ ဒီနေ့တော့ သူတို့တကယ်လွန်လွန်းတာပဲ....ရွာသူကြီးမွေးထားတဲ့ ကြက်ဖကိုတောင် ငမ်းငမ်းတက်ရဲတယ်နော်....မနက်ဖြန်ကျရင်လည်း ငါသူတို့ကို ဒီလိုသာ ဆက်လုပ်ခွင့်ပေးထားမယ်ဆိုရင်....ဘာတွေမွှေဦးမလဲ မသိဘူး....မနက်ဖြန်မှာ နဂိုအစီအစဥ်အတိုင်း သူတို့ကို တာဝန်တွေများများပေးလိုက်....လုပ်စရာတွေပိုပြီးပေးလိုက်....အဲ့လိုဆိုရင် အားယားမနေတော့ဘူး"။
ကြက်ဖကြီးအား သတ်လို့ရမရ ချွီမင်းရှန်က ဖန်ဇီရွာသူကြီးကိုမေးရန် အစီအစဥ်ရိုက်ကူးရေးအဖွဲ့၏ဝန်ထမ်းကို တောင်းဆိုလိုက်သည်။ ရွာသူကြီးက ခွင့်မပြုလျှင် သူတို့လည်း ထိုကြက်ဖကိုစားရမည်မဟုတ်ပေ။
အဆုံးတွင် ရွာသူကြီးက ခွင့်ပြုလိုက်ပြီးမှ ကြက်ကိုသတ်လိုက်ခြင်းဖြစ်သည်။
ယနေ့ညစာက အလွန်အဟာရပြည့်ဝသည်။ ငါးကြင်းတိုဖူးစွပ်ပြုတ် ၊ ပူပူနွေးနွေးမှိုကြက်သားစွပ်ပြုတ် ၊ ဆူးကောက်ရွက်နှင့်ဝက်သားကြော်တို့ဖြစ်ကြသည်။ ချက်ပြုတ်
သည့်နေရာတွင် လူတိုင်းကပါဝင်ကြသော
ကြောင့် ပျော်ပျော်ရွှင်ရွှင်စားသောက်နိုင်ကြသည်။
ကုဆွေ့ဆွေ့တစ်ယောက် ကြက်စွပ်ပြုတ် ပွဲပေါင်းများစွာစားပြီးနောက် ဗိုက်လေးပင်ပြူထွက်နေပြီဖြစ်သည်။ မူလက သူ(မ)စားရန်အတွက် သတ်ပေးခြင်းဖြစ်သည်။ ခဲ့ကျင်းယန်က သူပြောထားသည့်အတိုင်း လုပ်ပေးခဲ့သည်။ သူ(မ)အငိုတိတ်သွားအောင်ချော့ခဲ့ပြီး ကြက်စွပ်ပြုတ်စားရအောင်လည်း လုပ်ပေးခဲ့သည်။
စားသောက်ပြီးနောက် ကုဆွေ့ဆွေ့က သူ(မ)၏ ဝမ်းဗိုက်ပျော့ပျော့လေးကို ပွတ်သပ်ကာ အနည်းငယ်လေချဥ်တက်လိုက်ပြီး ကျေနပ်အားရသွားသည်။
ညစာစားပြီးနောက် အားလုံးကစုထိုင်ကြပြီး တစ်ခဏမျှ ရုပ်မြင်သံကြားကြည့်နေကြသည်။ စောလွန်းနေသောကြောင့် စိတ်ဝင်စားဖွယ်ကောင်း
သည့်အစီအစဥ်များလည်း မလွှင့်သေးပေ။ ထို့ကြောင့် အိပ်ရာပြင်ရန် သက်ဆိုင်ရာအိမ်များသို့ အလျှိုလျှိုပြန်သွားကြသည်။
လွန်ခဲ့သောအခေါက်ကအိပ်စက်ခဲ့ရသည့် သစ်သားကုတင်နှင့်မတူပဲ ယခုကုတင်ကနူးညံ့ပြီး သက်တောင့်သက်သာရှိလှသည်။ ကုဆွေ့ဆွေ့က ရေအမြန်ချိုးလိုက်ပြီး သူ(မ)၏ခေါင်းအုံးလေးနှင့် ကုတင်ပေါ်တွင် ပျော်ရွှင်စွာ လှိမ့်နေသည်။
"ပါပါးခဲ့....သမီးကိုပုံပြင်ပြောပြပါလား....အိမ်မှာဆိုရင် မေမေကသမီးကို ညတိုင်းပုံပြောပြတယ်"။ ကုဆွေ့ဆွေ့က အပြာရောင်ညအိပ်ဝတ်စုံလဲထားပြီး ကုတင်၏တစ်ဘက်ခြမ်းတွင်လဲနေသော ခဲ့ကျင်းယန်ကိုကြည့်ရင်း အသံချိုချိုလေးဖြင့်ပြောလိုက်သည်။
ခဲ့ကျင်းယန်က မျက်လုံးပွင့်လာပြီး လေသံဖျော့ဖျော့ဖြင့်ပြန်ပြောသည်။ "ငါဘယ်လိုပုံပြင်ပြောရမလဲဆိုတာ မသိဘူး"။ သူကအရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ နတ်သမီးပုံပြင်များကို အဘယ်သို့မှတ်မိနိုင်ဦးမည်နည်း။
ကုဆွေ့ဆွေ့က "အိုး" ဟုတစ်ခွန်းမျှသာ ပြန်ဖြေပြီး ရုတ်တရက်ကြီး တစ်ခုခုကိုတွေးမိသွားကာ ပြောလိုက်သည်။ "ဖေဖေခဲ့.....သမီးကိုသီချင်းတစ်ပုဒ်လောက်ဆိုပြလေ....ဖေဖေခဲ့က အဆိုတော်ကြီးတစ်ယောက်လို့ မေမေပြောတယ်....ပရိသတ်အများကြီးကလည်း ဖေဖေသီချင်းဆိုတဲ့အသံကို ကြားချင်နေကြမှာပဲ"။
ခဲ့ကျင်းယန်တစ်ယောက် ကုဆွေ့ဆွေ့ထံမှ ထူးထူးခြားခြား ချီးကျူးခံလိုက်ရသည်။ သူ့စိတ်အခြေအနေပြန်ကောင်းလာသည်။ ယခုသူအိပ်မနေနိုင်တော့။ တစ်ပတ်လှိမ့်ပြီး ကုတင်ပေါ်မှ ထထိုင်ကာ တလက်လက်တောက်နေသော မျက်ဝန်းလေးများနှင့် ကလေးငယ်လေးကို သီချင်းတစ်ပုဒ်ဆိုပြလိုက်သည်။
သူ့သြရှရှအသံက ညှို့ဓာတ်အပြည့်နှင့်ဖြစ်သည်။ ကလေးချော့တေးက သူ့အား မတူညီသော ခံစားချက်တစ်မျိုးတစ်ဖုံကို ဖြစ်ပေါ်စေသည်။
"ဖေဖေခဲ့....အခုဆိုသွားတာ အရမ်းကောင်းတာပဲ....နောက်တစ်ပုဒ်လောက် ဆိုပြလို့ရမလား"။ နုနုနယ်နယ်ကလေးလေးက ချီးကျူးစကားများကို အချိန်တိုင်းလိုလို ပြောနေသည်။ ကလေးငယ်လေး၏ ချီကျူးစကားများက ရိုးရှင်းသော်လည်း ပုံကြီးချဲ့ပြီးပြောဆိုခြင်းမျိုးမဟုတ်ပေ။ ထိုချီးကျူးမှုလေးကို သူ့ကိုမျက်နှာချိုသွေးခြင်းသာဖြစ်သည်။
ခဲ့ကျင်းယန်၏ နှုတ်ခမ်းစွန်းလေးက အနည်းငယ်မြင့်တက်သွားသည်။ သုံးနှစ်အရွယ်ကလေးထံမှ ချီးကျူးခံလိုက်ရသောကြောင့် သူစိတ်အခြေအနေကောင်းနေ၍ ဖြစ်နိုင်သည်။ ထို့ကြောင့် ကလေးငယ်၏ တောင်းဆိုချက်ကို သူမငြင်းပေ။
ကုဆွေ့ဆွေ့က အချော့ကောင်းသူဖြစ်သည်။ သူ(မ)ဘေးရှိသူက ဘာသီချင်းဆိုဆို ကိစ္စမရှိပေ။ မကြာလိုက်သောအချိန်တွင် သူ(မ)အိပ်မောကျသွားတော့သည်။
ခဲ့ကျင်းယန်တစ်ယောက် ကလေးချော့တေးသုံးပုဒ်ဆက်တိုက် ဆိုပြလိုက်ရသည်။ ကလေးမလေးကို သူ့ကိုဆက်ဆိုခိုင်းမည်လားဟု သိချင်ဇောဖြင့် ကြည့်လိုက်မည့်သည့်အချိန်တွင် ပေါက်စလေးက အိပ်မောကျနေလေပြီ။
ကုဆွေ့ဆွေ့က မွေးတည်းက အလှလေးဖြစ်သည်။ အသားအရေကဖြူစွတ်ပြီး နီထွေးထွေးလေးဖြစ်နေသည်။ ချွေးပေါက်တစ်ခုမှမရှိပဲ မှုတ်လိုက်သည်နှင့်ကွဲလွင့်သွားနိုင်သော ရေစက်လေးကဲ့သို့ နူးညံ့လှသည်။ အာရုံကိုဖမ်းစားထားနိုင်သော ပါးချိုင့်လေးနှစ်ခုလည်း ရှိသေးသည်။
ကလေးများကို မနှစ်သက်လှသော ခဲ့ကျင်းယန်ပင်လျှင် သူ့ရှေ့တွင်အိပ်ပျော်နေသော ကလေးမလေးက နတ်သမီးလေးကဲ့သို့ ချစ်စရာကောင်းသည်ကို ဝန်ခံရပေမည်။
နွေရာသီဝင်လာပြီဖြစ်သော်လည်း ဖန်ဇီရွာလေး၏ အပူချိန်က မြို့ကြီးပြကြီးများကဲ့သို့ အပူမပြင်းလှပေ။ ညအိပ်ရာဝင်ချိန်တွင် အနည်းငယ်အေးသလိုပင် ခံစားရသည်။ လူကြီးများက အဆင်ပြေသော်လည်း ကလေးများအတွက်မူ စောင်ခြုံထူထူလိုအပ်ပေမည်။
အိပ်မောကျနေသော ကလေးငယ်ကို ခဲ့ကျင်းယန်အတန်ကြာ ငေးကြည့်နေမိပြီးနောက် အသာအယာသက်ပြင်းချလိုက်ကာ သူ(မ)ဘေးရှိ ဂွမ်းစောင်လေးကိုဆွဲခြုံပေးလိုက်သည်။
ထို့နောက် သူလည်းအိပ်ရာဘေးတွင်ဝင်လဲကာ မျက်လုံးပိတ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။
အားလုံးလည်းနှစ်ခြိုက်စွာအိပ်ပျော်နေကြသလို
ညကောင်းကင်ယံမှ ကြယ်ပွင့်လေးများကလည်း
တဖိတ်ဖိတ်တောက်ပနေတော့သည်။
နောက်တစ်နေ့တွင်....
"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏အစီအစဥ်အဖွဲ့က ဧည့်သည်များရွာထဲတွင်လုပ်စရာမရှိဖြစ်မည်ကို စိုးရိမ်သောကြောင့် အားလုံးအတွက်လုပ်စရာတာဝန်အသစ်များစီစဥ်ထားပေးသည်။
ကျေးလက်နေဘဝကို တွေ့ကြုံခံစားမိစေရန် လူကြီးငါးယောက်က ဟောင်ရှန်စိုက်ပျိုးမွေးမြူရေးနေရာတွင် အသီးအရွက်များကိုစိုက်ပျိုးရမည်ဖြစ်သည်။ ချစ်စဖွယ်ကလေးငယ်ငါးယောက်မှာမူ အသီးအရွက်သိုလှောင်ရွံထဲတွင် အသီးအရွက်သွားရွေးရမည်ဖြစ်သည်။
အရေးကြီးသည့်တာဝန်များပေးအပ်ခံထားရသော ကလေးငယ်ငါးယောက်က အစီအစဥ်အဖွဲ့မှပေးသော ကောက်ရိုးဦးထုပ်လေးများကို ကိုယ်စီဆောင်းထားကြသည်။ သူတို့အားလုံး အလွန်အမင်းစိတ်လှုပ်ရှားနေကြပြီး သူတို့ကိုပေးထားသောတာဝန်များကို ပြီးမြောက်အောင်ဆောင်ရွက်ရန် တာဆူနေကြသည်။
အစီအစဥ်အဖွဲ့မှပေးထားသော တာဝန်ကတ်ပြားများတွင် ဟင်းသီးဟင်းရွက်ငါးမျိုး၏အမည်ကို ရေးထားသည်။ ယနေ့သူတို့၏တာဝန်မှာ မှန်ကန်သောသက်ဆိုင်ရာ ဟင်းသီးဟင်းရွက်များကို သိုလှောင်ရုံထဲတွင်ရှာဖွေပြီး ခြင်းတောင်းထဲ
ထည့်လာရမည်ဖြစ်သည်။
ကလေးများအတွက် တာဝန်ကတ်များဖြစ်သောကြောင့် ထိုကတ်ပေါ်ရှိစာလုံးများမှာ ပင်ရင်းဖြင့်အထူးတလှယ်ရေးမှတ်ထားသည်။ သူတို့အား ရှာခိုင်းထားသည့်ဟင်းသီးဟင်းရွက်များမှာ စျေးထဲတွင် အလွယ်တကူရနိုင်သော သာမာန်ဟင်းသီးဟင်းရွက်များဖြစ်သည်။ စာလုံးများမှာ မှတ်မိရန် မခက်ခဲချေ။ ကလေးငါးယောက်ထဲတွင် အကြီးဆုံးဖြစ်သည့် ချွီရွှီယွဲ့နှင့် ချန်ချင်းယန်တို့က ထိုစာလုံးအားလုံးကို သိသည်။
သို့သော် လူသားဖြစ်တာမကြာသေးသော ကုဆွေ့ဆွေ့မှာမူ ထိုတာဝန်ကို ကစားသလိုသာမှတ်ယူလိုက်သည်။ ကတ်ထဲတွင်ရေးထားသော ဟင်းသီးဟင်းရွက်များကိုလည်း သူ(မ)တစ်ခါမှမမြင်ဖူးချေ။
မနေ့ညက အဖြစ်အပျက်ပြီးနောက် အထက်စီးဆန်သောစရိုက်ရှိသည့် ဟုန်းလင်းအာတစ်ယောက် စတွေ့သည့်မနက်တည်းက ရုတ်တရက်ကြီး ကုဆွေ့ဆွေ့၏ အပူကပ်ခြင်းကိုခံနေရသည်။ လင်းတုံတုံပင်လျှင် သူ(မ)ညာဘက်လက်ကို အခွင့်ကောင်းယူကာ ဆွဲထားသည်။ အဆုံး
တွင် ဆွေ့ဆွေ့ကို ဘယ်ဘက်လက်တစ်ဖက်တည်းနှင့်သာ ပြန်ဆွဲကိုင်ထားရသည်။
ဟုန်းလင်းအာလေးက ကလေးနှစ်ယောက်ကို တစ်ဖက်တစ်ချက်ဆီလက်ဆွဲထားပြီး ဟင်းသီးဟင်းရွက်များကို ရေတွက်ရန်လိုက်သွားတော့သည်။ ကျန်တာဝန်များကိုမူ အစ်ကိုချွီရွှီယွမ်နှင့် အစ်ကိုချင်းယန်တို့အား လက်လွှဲထားလိုက်သည်။
ရှာရမည့်အသီးအရွက်မှာ ငါးမျိုးဖြစ်သည်။ သို့သော် ကလေးများက သခွားသီးနှင့်ခရမ်းချဥ်သီးနှစ်မျိုးသာရှာတွေ့လာကြသည်။
တစ်ဖက်တွင် အသီးအရွက်စိုက်နေသော လူကြီးငါးယောက်၏ အခြေအနေလည်း ထူးမခြားနားပင်ဖြစ််သည်။ ကင်မရာမီးရောင်စုံအောက်တွင်သာ အလုပ်လုပ်ဖူးသောသူတို့က ဤသို့သောအလုပ်ကြမ်းမျိုးတွင် အခက်တွေ့လေပြီ။
အထူးသဖြင့် သရုပ်ဆောင်မင်းသမီးကျန်းဟွီကျင်ဖြစ်သည်။ သို့သော် မိန်းကလေးဖြစ်နေသောကြောင့် သူ(မ)ကို ဦးစားပေးဆက်ဆံရန် မတောင်းဆိုခဲ့ချေ။ လူတိုင်းက အိမ်လုပ်အချိုပွဲလုပ်နေကြသည့်အချိန်တွင် သူ(မ)က ဘေးတွင်သာရပ်နေခဲ့သည်။ ထိုအရာကို ကြည့်ရှူသူများမြင်လျှင် သူ(မ)အား မည်သို့ထင်မြင်ကြလိမ့်မည်နည်း။
သူ(မ)အား ကဲ့ရဲ့ကြမည်ကို ကျန်းဟွီကျင်ကောင်းကောင်းသိသောကြောင့် အံကြိတ်ကာ ကူကပ်လုပ်ကိုင်ရန် ခြံထဲသို့ဆင်းသွားတော့သည်။
အလုပ်အားလုံးပြီးသောအခါ ပင်ပန်းလွန်း၍ သူ(မ)စကားတစ်ခွန်းပင် မဟနိုင်တော့ချေ။ သန်မာအားကောင်းသော ယောကျာ်းသားလေးယောက်မှာမူ နည်းနည်းမျှပင် ပင်ပန်းပုံမပေါ်။
ကျောင်းမှခွင့်ယူရန် သူ(မ)၏အဒေါ်ကို စုယွီချင်းအကူအညီတောင်းလိုက်သည်။ မနက်ဖြန်လောက်တွင် ရိုက်ကူးရေးအဖွဲ့အသစ်သို့ သူ(မ)သွားရမည်ဖြစ်သည်။
သူ(မ)ပါဝင်သရုပ်ဆောင်မည့် ရုပ်သံဇာတ်လမ်းမှာ ဇာတ်လမ်းတွဲအတိုလေးဖြစ်သည်။ ထိုဇာတ်လမ်းတွင် သူ(မ)က စိတ်ဝင်စားစရာကောင်းသည့်ဇာတ်ကောင်တစ်ခုဖြစ်သော ဇာတ်လိုက်၏သမီးဖြစ်သူနေရာမှ သရုပ်ဆောင်ရမည်ဖြစ်သည်။ "ပါးကိုက်နားကိုက် " ရုပ်ရှင်ကားကြီးက မပြီးသေးချေ။ ချွတ်ချော်မှုတစ်စုံတစ်ရာမရှိလျှင် နောက်နှစ်ဇန်နဝါရီလလောက်မှ ထုတ်လွှင့်မည်ဖြစ်သည်။ ထိုကာလအပိုင်းအခြားကို အခွင့်ကောင်းယူ၍ တိုတောင်းပြီး အရည်အသွေးမြင့်သော ရုပ်သံဇာတ်လမ်းတွဲတွင် အကူးအပြောင်းအနေဖြင့် ရိုက်ကူးရေးလုပ်ရပေမည်။
ယနေ့ညနေ ငါးနာရီတွင် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏ အကြိုရုပ်ရှင်ကို ထုတ်လွှင့်မည်ဖြစ်သည်။ အနုပညာလောက၏သတင်းများကိုအမြဲ နားစွင့်လျှက်ရှိသော စုယွီချင်းလည်း ထိုအကြောင်းကိုသေချာပေါက်သိပါသည်။
စုယွီချင်းတစ်ခဏမျှတုံ့ဆိုင်းနေပြီး နောက်ဆုံးတွင်ဖုန်းကိုဖွင့်လိုက်သည်။
သူ(မ)အပြေးအလွှားကြည့်လိုက်မိသည့်အချိန်က ကွက်တိပင်ဖြစ်သည်။ အွန်လိုင်းပေါ်တွင် အကြိုရုပ်ရှင်တင်ထားသည်မှာ သုံးမိနစ်စွန်းစွန်းမျှသာရှိသေးသည်။
Xxxxxxxxx