အပိုင်း ၃၉
Viewers 15k

Chapter 39


စနေနေ့နေ့လည်ခင်း ငါးချက်ထိုးအချိန်တွင် အလွဲလွဲအချော်ချော်ပြောခဲ့သော စုယွီချင်းကဲ့သို့ပင် အခြားပရိသတ်ပြည်သူများလည်း "ကလေးငယ်နှင့်အတူခရီးသွားခြင်း" အစီအစဥ်ကိုကြည့်ရန် စောင့်နေကြသည်။


"အမြဲတမ်းလိုလို ထုတ်လွှင့်ချိန်ထက် မိနစ်ပိုင်းလောက်ကြိုပြီးထုတ်လွှင့်တတ်တဲ့ သစ်သီးရုပ်သံကို ငါသဘောကျတယ်"


"ဒီရသစုံရှိုးမှာ နာမည်ကြီးမင်းသမီးတစ်ယောက်ပါတယ်လို့ ငါကြားထားတယ်....အဲဒါကြောင့်မလို့ ဗွီဒီယိုဆော့ဖ်ဝဲလ်ကို ဒေါင်းထားတာ"


"ဒီရသစုံရှိုးကို ငါမျှော်နေတာ ကြာလှပြီ"


"ငါတို့ရဲ့ ပေါက်စလေးတွေအတွက် အားပေးလိုက်ကြရအောင်....အရမ်းချစ်တယ်နော်"


သစ်သီးရုပ်သံ၏အကြိုထုတ်လွှင့်ရေး အဆင့်အတန်းက အလွန်မြင့်သည်။ ဗွီဒိယို၏ အရည်အသွေးကလည်း ကြည့်ရှုသူကို သက်တောင့်သက်သာဖြစ်စေသည်။ ရသစုံရှိုးကို စတင်ထုတ်လွှင့်သည်နှင့် ရုပ်ရှင်မင်းသမီး ကျန်းဟွီကျင်တို့မိသားစုက ထိပ်ဆုံးပေါ်လာသည်။


အစီအစဥ်ရိုက်ကူးရေးအဖွဲ့ဝင် ဝန်ထမ်းတစ်ဦးက ရုတ်တရက်တံခါးလာခေါက်ပြီး သူ့နောက်မှဓာတ်ပုံဆရာတစ်ဦးလည်း ကပ်ပါလာသည်။


ကျန်းဟွီကျင်က သူ(မ)၏ အသားအရေကို ကောင်းကောင်းထိန်းသိမ်းထားသည်။ အသက်သုံးဆယ့်လေးနှစ်ရှိပြီး ကလေးနှစ်ယောက်မိခင်ဖြစ်သည်။ သို့သော်သူ(မ)က အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ဦးနှင့်သာ တူနေသည်။ ရုပ်သံတွင်ပထမဆုံးပေါ်လာသည့် ချစ်စဖွယ်ကလေးလေးမှာ ကျန်းဟွီကျင်၏သမီးကြီး ဟုန်းလင်းအာဖြစ်သည်။ ဤတစ်ခေါက်တွင် ကျန်းဟွီကျင်နှင့်သူ(မ)၏ သမီးကြီးလင်းအာတို့က ရသစုံရှိုးတွင် အတူပါကြခြင်းဖြစ်သည်။ လင်းအာက အဖြူရောင်ဝတ်စုံလေးဝတ်ထားပြီး ကြည့်ပျော်ရှုပျော်ရှိလှသည်။ သူ(မ)၏ မျက်နှာအသွင်အပြင်က ကျန်းဟွီကျင်ငယ်စဥ်က မျက်နှာပေါက်နှင့် တစ်နည်းနည်းဆင်တူသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူ(မ)တို့က သားအမိတော်စပ်မှန်း သိနိုင်သည်။


အပန်းဖြေအိမ်ကြီးတွင်နေထိုင်ပြီး ခင်ပွန်းသည်ဖြစ်သူကလည်း တည်ငြိမ်အေးဆေးသည်။ ကလေးနှစ်ယောက်ကလည်း အလွန်ချစ်ဖို့ကောင်းကြသည်။ ဤသို့သောမိသားစုမျိုးပိုင်ဆိုင်ထားခြင်းက ကြည့်ရှုသူပရိသတ်များကို အားကျစေသည်။


အစီအစဥ်တွင် ဒုတိယပေါ်လာသူမှာ လတ်တလောကမှ နိုင်ငံတကာဆုပေးပွဲတွင် အနိုင်ရရှိထားသော စန္ဒရားပညာရှင် လင်းယိုတို့မိသားစုဖြစ်သည်။ သူနှင့်သူ့သားဖြစ်သူ လင်းတုံတုံတို့က ခွေးလေးနှင့်အတူ ရပ်ကွက်ထဲတွင်လမ်းလျှောက်ထွက်နေကြသည်။ ခွေးလေးနောက်ကိုလိုက်ပြီး ရပ်ကွက်ထဲတွင် ပတ်ပြေးနေသော လေးနှစ်သားလေး လင်းတုံတုံကြောင့် 


ကြည့်ရှုသူများ ရယ်မောကြရပြန်သည်။


ပထမမိသားစုနှစ်စု၏ အကြောင်းအရာများကို စုယွီချင်းကြည့်ပြီးနှင့်ပြီးဖြစ်သည်။ နာရီဝက်နီးပါးကျော်လွန်သွားသော်လည်း သူ(မ) ကုဆွေ့ဆွေ့ကို မတွေ့ရသေးပေ။ သူ(မ)စိတ်မရှည်တော့သောကြောင့် ရသစုံရှိုး၏ အစီအစဥ်ဇယားကို ချက်ချင်းဆွဲကြည့်လိုက်ပြီး နောက်ဆုံးမှပေါ်လာမည့် သားအဖနှစ်ယောက်ကိုတွေ့လိုက်ရသည်။


"ဘုရားရေ....အစောကပြသွားတဲ့ ချစ်စရာကလေးလေးတွေအကုန်လုံးကို ငါတကယ်သဘောကျတယ်....ဒါပေမဲ့ နောက်ဆုံးကလေးလေးက ဘယ်လိုလာမလဲတော့ မသိဘူး....မနေ့တုန်းက နမူနာအပိုင်းတိုမှာ အဲ့ကလေးမလေးက အလှဆုံးလို့ ငါထင်တယ်"


"ခဲ့ကျင်းယန်နဲ့ဆွေ့ဆွေ့လေးတို့ရဲ့ ဇာတ်ဝင်ခန်းကိုကြည့်ဖို့မစောင့်နိုင်တော့ဘူး.....အရမ်းစိတ်ဝင်စားစရာကောင်းမှာပဲ"


"ဟားဟား.....အစတည်းက သူတို့သားအဖနှစ်ယောက်အပိုင်းကိုအရင်ကြည့်ပြီးမှ တစ်ခြားသူတွေကို ကြည့်ဖို့စီစဥ်ထားခဲ့တာ....ခဲ့ကျင်းယန်နဲ့ကလေးမလေးတို့ရဲ့ပုံက ရေပန်းအစားဆုံးရှာဖွေမှုမှာ ပါလာတည်းက သူတို့နှစ်ယောက်ရိုက်မဲ့ ဒီရသစုံရှိုးအစီအစဥ်ကို ငါမျှော်နေခဲ့တာ"


"ဟုတ်တယ်....ငါလည်း ခဲ့ကျင်းယန်နဲ့အဲဒီကလေးလေးရဲ့ ပုံကိုမြင်ပြီး ကြည့်ချင်နေခဲ့တာ.....ဒီအစီအစဥ်မှာ သူတို့ဘာတွေဖြစ်ကြဦးမလဲ သိချင်လိုက်တာ"။


နောက်ဆုံးအဖွဲ့ဖြစ်သော သားအဖနှစ်ယောက် ပေါ်လာပြီဖြစ်သည်။ ပထမဆုံးရိုက်ကွက်တွင် ကုဆွေ့ဆွေ့က ပန်းခရမ်းဖျော့ရောင် လက်ပြတ်ဝတ်စုံလေးကို ဝတ်ထားသည်။


သူ(မ)က ရှက်ကိုးရှက်ကန်းဖြစ်နေပုံရပြီး ကင်မရာကို အပြုံးချိုချိုလေးနှင့် ပြုံးပြလာသည်။ ထို့နောက် ရိုက်ကွင်းပေါ်ရှိ ဝန်ထမ်းတစ်ဦးက သူ(မ)အား ကတ်လေးတစ်ခု ကမ်းပေးလာပြီး ထိုကတ်က ခဲ့ကျင်းယန်ထံမှ သဲလွန်စတစ်ခုဖြစ်ကြောင်း ပြောလာသည်။ သူ(မ)၏ ယနေ့အတွက် တာဝန်မှာ ပန်းခြံထဲတွင် ခဲ့ကျင်းယန်အား လိုက်ရှာရန်ဖြစ်သည်။


"အချောဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံးအမျိုးသားက ပန်းခြံထဲမှာလား....ဟားဟားဟား.....ခဲ့ကျင်းယန်က ဘာလို့အဲ့လောက် အတ္တကြီးရတာလဲ....ကလေးကိုလုပ်ရက်တယ်"


"ပန်းခြံမှာတစ်ယောက်ယောက်ကိုလိုက်ရှာနေတဲ့ ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ....ငါသူ့ကိုဖက်ချင်လိုက်တာ....ပါးလေးကိုညှစ်လိုက်ရရင် အရမ်းနူးညံ့နေမှာပဲ....."


"ကလေးလေးက ပန်းခြံထဲမှာ မုန့်ရောင်းနေတာကို တွေ့တော့ရပ်သွားပြီ....ဖေဖေကို့သွားမရှာတော့ဘူးလား ကလေးလေး"


"ချစ်စရာကောင်းတာက သေလောက်တယ်"


"သေလိုက်စမ်း! အဲဒီရသစုံရှိုးရိုက်တဲ့နေ့က ငါပန်းခြံထဲမှာရှိနေခဲ့တာ....အဲဒီအချိန်တုန်းက အပြေးပြိုင်ပွဲကိုပဲ အရမ်းအာရုံစိုက်ခဲ့မိလို့....ရိုက်ကွင်းကို သွားမကြည့်ခဲ့မိတာ လုံးဝနောင်တရသွားပြီ"


ထိုဇာတ်ကွက်၏နောက်ကွယ်တွင် တစ်နေရာတည်းတွင် စိတ်မရှည်စွာစောင့်နေသော ခဲ့ကျင်းယန်က ပန်းခြံထဲတွင် ချစ်စရာကလေးလေးကို တွေ့လိုက်ရသည်။ စျေးဆိုင်ရှေ့တွင် ပျော့အိအိမုန့်ချိုများကို စိုက်ကြည့်နေသော ကုဆွေ့ဆွေ့ထံမှ မုန့်ချိုတစ်ကိုက်ကို ဆွဲယူလိုက်ပြီး အပိုင်းသေးသေးလေးဖြဲကာ သူ့ပါးစပ်ထဲသွပ်ထည့်လိုက်သည်။ ထို့နောက် မသက်မသာဖြင့် ပြောလာသည်။ "ဒီမုန့်ချိုရဲ့ အရသာက အရမ်းချိုလွန်းတယ်"။


"အာ....ငါပြောသားပဲ....ခဲ့ကျင်းယန်က နမူနာအပိုင်းတိုထဲမှာ ဆွေ့ဆွေ့ကို ပျော့အိအိမုန့်ချိုလေးတွေဝယ်ပေးပါတယ်ဆိုနေ.....သူကလေးမလေးကို ငိုအောင်လုပ်မိသွားလို့ဖြစ်မယ်.....ငါငယ်ငယ်တုန်းကလည်း တစ်ယောက်ယောက်က ငါ့ချိုချဥ်တွေကိုလုသွားရင် နှစ်နာရီလောက်မရပ်ပဲ ဆက်တိုက်ငိုတော့တာ"။


"ခဲ့ကျင်းယန်ကတော့ သုံးနှစ်အရွယ်ကလေးလေးကျနေတာပဲ.....အဲ့ကလေးထက်တောင် သူကငယ်နေဦးမယ်"။


"အာ....မငိုပါနဲ့တော့....မမကငိုက်သိုက်မုန့်ဝယ်ကျွေးပါ့မယ်....မုန့်ချိုတွေလည်း အများကြီးဝယ်ကျွေးမယ်....ကလေးကိုအနိုင်ကျင့်တဲ့ လူဆိုးကြီး ခဲ့ကျင်းယန်အကြောင်းမပြောပဲ ထားလိုက်ကြစို့"။


ကုဆွေ့ဆွေ့က သူ(မ)၏ မုန့်ချိုလေးများ အလုခံလိုက်ရသောကြောင့် ဝမ်းနည်းကြေကွဲစွာပြောလာသည်။ "ကိုကိုက လူဆိုးကြီးပဲ"။ ထိုသို့ပြောလိုက်သော ဆွေ့ဆွေ့၏ အသံချိုချိုလေးက 


ကြည့်ရှုသူပရိသတ်များ၏ နှလုံးသားကို အရည်ဖျော်ချလိုက်သလိုပင်။ ပရိသတ်များက ချက်ချင်းပင် သူ(မ)ကို သူတို့၏ လက်မောင်းထဲထည့်ဖက်ပြီး ချော့လိုက်ချင်သည်အထိ ဖြစ်နေကြသည်။


ထိုဇာတ်ဝင်ခန်းကိုမြင်သောအခါ စုယွီချင်းတစ်ယောက် မနေနိုင်ပဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုခဲ့ကျင်းယန်ဆိုသူက အသက်အရွယ်ကြီးပြီဖြစ်သော်လည်း ကလေးများကိုအနိုင်


ကျင့်နေသေးသည်။ အစီအစဥ်ရိုက်ကူးရေးအဖွဲ့က ထိုသို့သောသူကို အဘယ်ကြောင့်များ ဖိတ်ခေါ်ခဲ့သနည်း။


စုယွီချင်းနှင့်အတွေးတူသော ပရိသတ်များစွာရှိသည်။ ချစ်စရာကောင်းပြီး လှပသောကလေးငယ်လေးငိုနေသည်ကို မြင်ရသောအခါ ကြည့်ရှုသူတိုင်းက စိတ်မကောင်းဖြစ်မိကြသည်။


ထို့နောက် ခဲ့ကျင်းယန်က ရက်စက်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ "မင်းကိုမငိုခိုင်းဘူးနော်"။ သူ့ရှေ့တွင်ရှိနေသော ကလေးမလေးက ကြောက်လန့်သွားပုံရပြီး ပို၍အသည်းအသန် ငိုတော့သည်။ ထိုအခါ ခဲ့ကျင်းယန်က ငှက်သိုက်


မုန့်ရောင်းနေသော စျေးဆိုင်ရှေ့သို့ ပြေးသွားလိုက်ပြီး နမူနာအပိုင်းတိုထဲကအတိုင်းပြောလိုက်ကာ ဆွေ့ဆွေ့အတွက် ပန်းရောင်မုန့်လေး ဝယ်လာခဲ့သည်။


အရပ် နှစ်မီတာနီးပါးရှိသော အမျိုးသားတစ်ဦးက သူ့ပုံစံနှင့် အလွန်အမင်းလိုက်ဖက်မညီနေသော ပန်းရောင်ငှက်သိုက်မုန့်ကြီးကို ကိုင်ထားပြီး သူ့ထက်အရပ်ပုသော ကလေးမလေးရှေ့တွင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ ရပ်နေကာ ရှက်ကိုးရှက်ကန်းနှင့်ပြောလိုက်သည်။ "ဒီငှက်သိုက်မုန့်က သမီးအစောကဝယ်လာတဲ့ မုန့်ထက်အများကြီး ပိုကြီးတယ်....ဒါကြောင့် မငိုနဲ့တော့နော်"။


ထို့နောက် ကုဆွေ့ဆွေ့က အငိုတိတ်သွားကာ ဂရုတစိုက်ပြေးသွားပြီး ခဲ့ကျင်းယန်၏လက်ကို ဆွဲကိုင်လိုက်သည်။ နေရောင်အောက်တွင် တစ်ယောက်လက်တစ်ယောက်ကိုင်ထားကြသော လူကြီးနှင့်ကလေးငယ်လေး၏ ကျောပြင်က အလွန်ချစ်ဖို့ကောင်းလှသည်။


"နောက်ဆုံးဇာတ်ဝင်ခန်းလေးက အရမ်းနွေးထွေးတာပဲ....ငါ ကုဆွေ့ဆွေ့လေးရဲ့ ပရိသတ်လုံးလုံးဖြစ်သွားပြီ"။


"ငါအစကဒီအစီအစဥ်ကို အသည်းလေးခဲ့ကျင်းယန်ကြောင့် ကြည့်ခဲ့တာ....သူနဲ့တွဲဖက်သားအဖအဖြစ်သရုပ်ဆောင်တဲ့ ကလေးမလေးကို သိပ်မမျှော်လင့်ထားမိဘူး....အခုတော့ ဆွေ့ဆွေ့လေးရဲ့ ငှက်သိုက်မုန့်ကို ဖြတ်လုတဲ့ တရားခံခဲ့ကျင်းယန်ကြီးကို ကိုင်ပေါက်ပစ်ချင်လာပြီ"။


"ကလေးတွေက သိပ်ချစ်ဖို့ကောင်းတာပဲ....အား....ငါတော့ သုံးနှစ်အရွယ်ကလေးမလေးကို ချစ်မိသွားပြီ....ညကျရင် ကလေးလေးကိုသွားခိုးချင်လိုက်တာ"။


"ခဲ့ကျင်းယန်....ကလေးလေးကိုလွှတ်လိုက်....ငါပဲလာခဲ့မယ်....ဘယ်လိုလုပ်ပြီး ကလေးလေးကိုအနိုင်ကျင့်နိုင်ရတာလဲ....ကလေးရဲ့ မုန့်ကိုလည်းဖြတ်လုသေးတယ်"။


သစ်သီးရုပ်သံမှထုတ်လွှင့်ပြသသော အကြိုရုပ်ရုင်က ယနေ့နေ့လည် တစ်နာရီခွဲတိတိတွင် ပြီးဆုံးသွားသည်။ ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏ ဇာတ်ဝင်ခန်းက စုစုပေါင်းမိနစ်နှစ်ဆယ်စာခန့်ရှိသည်။ လူအများစုက မလုံလောက်သေးဟု ဆိုကာ ထပ်ကြည့်ချင်နေကြသည်။


စုယွီချင်းလည်း ထိုရသစုံရှိုး၏ အကြောင်းအရာအားလုံးကို ကြည့်ရှုပြီးနောက် ခံစားချက်အပြည့်ရလိုက်သည်။


လွန်ခဲ့သောအခေါက်က မိဘနှင့်ကလေးခရီးသွားခြင်း ရသစုံရှိုးတွင် သူ(မ)ပါဝင်မည်ဟု ကုဆွေ့ဆွေ့ပြောတည်းက သူ(မ)ရက်ပေါင်းများစွာ ဇဝေဇဝါဖြစ်နေခဲ့သည်။


ကုဆွေ့ဆွေ့နှင့်ပတ်သတ်ပြီး စုယွီချင်း၏ခံစားချက်များက ပိုပိုပြီးရှုပ်ထွေးလာသည်။ ရုပ်သံတွင် ကုဆွေ့ဆွေ့မုန့်အလုခံလိုက်ရသောအခါ သနားသွားသော ပရိသတ်များကဲ့သို့ပင် သူ(မ)ခံစားလာရသည်။


ကုဆွေ့ဆွေ့က ဤသို့သောနွေးနွေးထွေးထွေးရှိလှသည့် ရသစုံရှိုးပုံစံမျိုးတွင် ပါဝင်ရန် အမှန်တကယ်သင့်တော်ပါသည်။ ယခင်ဘဝကဖရိုဖရဲရသစုံရှိုးထက် ယခုရသစုံရှိုးက ပို၍မျက်စိပဒသာဖြစ်လှသည်။


"ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်၏ အကြိုရုပ်ရှင်ထုတ်လွှင့်ပြီးနောက် ရေပန်းအစားဆုံးရှာဖွေမှုစာရင်းတွင် ထိုရသစုံရှိုးနှင့်ပတ်သတ်သည့် အကြောင်းအရာများသာ ပြည့်နေတော့သည်။


"ကလေးငယ်နှင့်အတူခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်ကြောင့် "ရှင်အာဒိုင်း" ဟူသောအသုံးအနှုန်းက ပရိသတ်များကြားတွင် ရေပန်းစားနေသည်။ အစီအစဥ်တွင်ပါဝင်သော နာမည်ကျော်ကြယ်ပွင့်များသာမက ကလေးသရုပ်ဆောင်များကိုလည်း ချီးကျူးနေကြသည်။


အင်တာနက်ပေါ်တွင် လူပြောအများဆုံး ရေပန်းအစားဆုံးအကြောင်းအရာမှာ ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ သားအဖနှစ်ဦးအကြောင်းဖြစ်သည်။


သူတို့နှစ်ဦးစတွေ့ချိန်တွင် အငြင်းအခုံဖြစ်ကြပုံစ၍ နောက်ဆုံးတစ်ယောက်နှင့်တစ်ယောက်လက်ချင်းတွဲပြီးသွားကြပုံအထိ ပရိသတ်များကအချိန်အတော်အတန်ကြာအထိ ပြော၍မဆုံးဖြစ်နေကြသည်။


ချစ်စဖွယ်ကောင်းပြီး လှပသောကုဆွေ့ဆွေ့လေးက ပရိသတ်များထံမှ ချီးကျူးမှုအများအပြားကိုရလိုက်သည်။ ရသစုံရှိုးတွင် သူ(မ)၏ စရိုက်လေးက အလွန်ချစ်စဖွယ်ကောင်းလှသည်။ သူ(မ)အားငိုအောင်လုပ်သည့်သူကိုပင် စိတ်မဆိုးပဲ ဦးစွာပြန်ချဥ်းကပ်သွားသေးသည်။


ထိုဇာတ်ဝင်ခန်းတွင် ကလေးမလေး၏ ချစ်စရာကောင်းမှုကို လူအတော်များများမခံနိုင်ကြတော့ပဲ ပျော်ဆင်းကုန်ကြတော့သည်။


သို့သော် ခဲ့ကျင်းယန်၏ အခြေအနေကမူ ရှုပ်ထွေးလှသည်။ အင်တာနက်ပေါ်ရှိလူများက ခဲ့ကျင်းယန်၏ အကျင့်စရိုက်ကို ပြောဆိုနေကြတော့သည်။


"အစီအစဥ်မှာ ခဲ့ကျင်းယန်က ကလေးဆီကနေ 


မုန့်ကိုဆွဲလုတာကတော့ နည်းနည်းလွန်လွန်းတယ်လို့မထင်ဘူးလား"။


"အင်း....ဟုတ်တယ်....အရင်တုန်းကတော့ ငါသူ့သီချင်းတွေကို ကြိုက်ခဲ့ဖူးတယ်.....ဒါပေမဲ့ သူကလေးတွေကို ဆက်ဆံတဲ့ပုံက အချိုးမပြေဘူး....ဒီနေ့ကနေစပြီး ငါသူ့ကိုမကြိုက်တော့ဘူးလို့ဆုံးဖြတ်လိုက်ပြီ"။


"ခဲ့ကျင်းယန်က ရွံစရာအကောင်းဆုံးသူပဲ.....သူက ပြောစရာမရှိလောက်အောင် ဆိုးသွမ်းတဲ့အမူအကျင့်ရှိတာပဲ....လူတွေ ဘာလို့သူ့ကိုကြိုက်ကြမှန်း စဥ်းစားလို့ကိုမရဘူး"။


"ကလေးလေးကို နောက်ထပ်အနိုင်ကျင့်ရဲကျင့်ကြည့်....ခဲ့ကျင်းယန်တော့ သေပြီပဲ"။


"အစ်ကိုခဲ့ကျင်းယန်က ကလေးကိုစနောက်လိုက်ရုံပါ....နောက်တော့ ကလေးငိုသွားတော့ မုန့်လေးဝယ်ပေးပြီး ပြန်ချော့တယ်မဟုတ်လား....နင်တို့ ဦးနှောက်မရှိတဲ့သူတွေ အစီအစဥ်ကိုသေချာ


ကြည့်ကြရဲ့လား"။


ခဲ့ကျင်းယန်၏ ပရိသတ်များက သူတို့အချစ်တော်အိုင်ဒေါကို အပြည့်အဝကာကွယ်ပေးကြသည်။ ခဲ့ကျင်းယန်ပေါ်တွင်လည်း ယုံကြည်စိတ်ချကြသည်။


သို့သော် အချို့ကြည့်ရှုသူပရိသတ်များက သုံးနှစ်အရွယ်ကလေးတစ်ဦး၏မုန့်ကိုဖြတ်လုပြီး ကလေးကိုစိတ်ထိခိုက်အောင်အနိုင်ကျင့်ခြင်းက စိတ်ပိုင်းဆိုင်ရာတွင်ဒဏ်ရာရသွားနိုင်သည်ဟု ထင်နေကြသည်။ ခဲ့ကျင်းယန်က နဂိုတည်းက ဒေါသကြီးတတ်သောကြောင့် ယခုတွင်လည်း ကလေးကိုအနိုင်ကျင့်ခြင်းဖြစ်သည်ဟု ယူဆလိုက်ကြသည်။ အိုင်ဒေါတစ်ယောက်ဖြစ်ရန်ပင် မထိုက်တန်ဟု သတ်မှတ်လိုက်ကြတော့သည်။


ကြားနေပရိသတ်အချို့လည်းရှိနေသေးသည်။


"အခုက အကြိုရုပ်ရှင်လေးပဲလွှင့်သေးတာလေ...


တကယ့်အစီအစဥ်အစစ်ကိုမှ မလွှင့်ရသေးတာ...


လူတစ်ယောက်ကိုဒီဇာတ်ဝင်ခန်းလေးတစ်ခုကြောင့် အဲ့လိုတွေပြောနေကြတာက တစ်ဖက်သတ်ဆန်လွန်းတယ်.....ထပ်ပြီး စောင့်ကြည့်ကြပါဦး"။


"အဲဒီဒေါသကြီးတဲ့အဖေနဲ့သမီးကို ငါကြည့်ချင်သေးတယ်.....သူတို့နှစ်ယောက်က အတော်လေး အဆင်ပြေကြပါတယ်....သူများတွေပြောနေကြသလိုမျိုး မပြေလည်တာတွေ ဘာတွေလည်း ငါမခံစားမိပါဘူး"။


"လူတိုင်းငယ်ငယ်တုန်းက မိဘတွေနဲ့စကားများဖူးကြတာပဲ....ညီအစ်ကိုမောင်နှမတွေနဲ့ မုန့်တွေဘာတွေ လုဖူးကြတာပဲ....ခဲ့ကျင်းယန်က ကလေးအဖေတစ်ယောက်မှမဟုတ်တာ....ကလေးတစ်ယောက်ကို သူ့အနေနဲ့ ဒါပထမဆုံးအကြိမ် ထိန်းကျောင်းဖူးတာလေ....သူ့ကို နည်းနည်းလေးသည်းခံပေးလိုက်လို့ မရဘူးလား....ဘယ်လိုပဲဖြစ်ဖြစ်....ကောက်ချက်မချခင် 


နောက်ထပ်လွှင့်မဲ့အပိုင်းတွေကို စောင့်ကြည့်လိုက်ကြပါဦး"။


"လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ခဲ့ကျင်းယန်နဲ့ဆွေ့ဆွေ့တို့ရဲ့ပုံလေးတွေ ဝေဘိုမှာတက်လာပြီး ရေပန်းအစားဆုံးရှာဖွေမှုထဲ ရောက်သွားတယ်မလား....အဲဒီပုံထဲမှာကြည့်လိုက်ရင် ခဲ့ကျင်းယန်က ကလေးမလေးကို မခိုမုန်းထားဖြစ်နေတာမဟုတ်ဘူးဆိုတာ သက်သေပြလိုက်တာပဲလေ....ခဲ့ကျင်းယန်သာ တကယ်ပဲ အကျင့်စရိုက်မကောင်းဘူးဆိုရင် ကလေးမလေးကို အဲ့လိုတောင်ချော့မှာမဟုတ်ဘူး"။


"အပေါ်ကလူတွေပြောထားတာတွေက မှန်တယ်လို့ငါထင်တယ်....လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်သင့်ဘူး....သုံးလေးနှစ်အရွယ်ကလေးလေးတွေက စိတ်ခံစားချက်မထိန်းနိုင်ကြဘူး....ခဲ့ကျင်းယန်သာ မကောင်းတဲ့လူဆိုရင် ဆွေ့ဆွေ့က သွားကပ်မှာမဟုတ်ဘူး"။


"ကလေးလေးက အရမ်းချစ်ဖို့ကောင်းလွန်းတယ်...ခဲ့ကျင်းယန်အကြောင်းတော့ ငါမပြောတော့ပါဘူး....နည်းနည်းထပ်ကြည့်လိုက်ဦးမယ်"။


အနုပညာလောကထဲတွင် တိုးပေါက်နိုင်ရန် ခက်ခဲသော်လည်း ခဲ့ကျင်းယန်တွင်ပရိသတ်အများအပြားရှိသည်။ သူ့ကျော်ကြားမှုကလည်း ပင်ကိုအားဖြင့် အတော်ကျော်ကြားသည်။ တစ်ခါတစ်ရံတွင် စတိုးဆိုင်သို့ ရေဘူးသွားဝယ်လျှင်ပင် အင်တာနက်ပေါ်တွင် ချက်ချင်းပြန့်သွားတတ်သည်။ သူနှင့်အတူတွဲဖက်ပြီးသရုပ်ဆောင်သော ကုဆွေ့ဆွေ့ပင်လျှင် အတော်လေးနာမည်ကြီးသွားသည်။


သို့သော် "ကလေးငယ်နှင့်အတူခရီးသွားခြင်း" ရသစုံရှိုးက နာမည်ကြီးသွားသည်မှာ ငြင်း၍မရနိုင်ပေ။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏ ဇာတ်ဝင်တေးကို ပါဝင်သရုပ်ဆောင်ထားသော ဧည့်သည်များက သီဆိုပေးထားသည်။ ဖန်ဇီရွာတွင် ဒုတိယအပိုင်းရိုက်ကူးပြီးနောက် စတူဒီယိုတွင် သီချင်းအသံသွင်းရန် သူတို့အားလုံး မြို့တော်သို့ပြန်လာခဲ့ရသည်။


ဇာတ်ဝင်တေး၏ အမည်မှာ ရသစုံရှိုးအမည်နှင့် အတူတူပင်ဖြစ်သည်။ သီချင်းခွေကြမ်းနှင့်စာသားများကို သရုပ်ဆောင်များထံ ပေးပြီးသားဖြစ်သည်။


ထိုဇာတ်ဝင်တေးကို နာမည်ကြီးတေးရေးဆရာမှ ရေးပေးထားခြင်းဖြစ်သည်။ ခဲ့ကျင်းယန်လည်း ထိုရသစုံရှိုးတွင် ပါဝင်မည်မှန်း သူတို့မသိခဲ့ချေ။ 


တေးသွားများကနားဝင်ချိုပြီး တီးလုံးကလည်း မှတ်မိရန်လွယ်ကူသည်။ သီချင်းတစ်ပုဒ်လုံးကို 


တစ်ရက်တည်းအသံသွင်းရန် မခက်ခဲလှချေ။


"ဆွေ့ဆွေ့.....မနက်စာကိုမြန်မြန်စားတော့....ဒီနေ့အသံသွင်းဖို့အတွက် မေမေတို့စတူဒီယိုကိုသွားရမှာ....အန်တီရှောင်ထန်း အကြာကြီးစောင့်နေရအောင်မလုပ်နဲ့"။


ကုဆွေ့ဆွေ့က မြို့ထဲတွင်နေထိုင်သည်။ ထန်းကျူက ကလေးငယ်ကို နံနက်ရှစ်နာရီတွင် လာကြိုမည်ဟု ဖုန်းယောက်ချင်းအား ပြောထားခဲ့သည်။


ကုဆွေ့ဆွေ့တစ်ယောက် အသားညှပ်ပေါင်မုန့်ကို သေးသေးလေးကိုက်လိုက်ရင်း စဥ်းလဲစွာပြုံးပြီး ဗလုံးဗထွေးနှင့်ပြောလာသည်။ "သမီးသိပါတယ်....မေမေ"။


ဖုန်းယောက်ချင်းက တစ်သျှူးယူကာ ဆွေ့ဆွေ့ပါးစပ်ထောင့်နားလေးတွင်ပေနေသော အချဥ်ရည်ကို သုတ်ပေးလိုက်ပြီး ပြုံးတုံ့တုံးလေးလုပ်နေသည်။


ကုဆွေ့ဆွေ့လေးက ရုပ်ရှင်နှင့်ရသစုံရှိုးများရိုက်ကူးကာ အနုပညာကြေးနှင့်ကြော်ငြာခများ အများအပြားရရှိသောကြောင့် ဖုန်းယောက်ချင်းလက်ထဲတွင် အတော်လေးစုမိသွားသည်။ သူတို့သားအမိနှစ်ဦး၏ လူနေမှုဘဝလည်း တစ်စထက်တစ်စ ပိုမိုကောင်းမွန်လာသည်။ မိသားစုစားဝတ်နေရေးကို တာဝန်ယူထားရသော သမီးငယ်လေးကိုကြည့်ရင်း ဖုန်းယောက်ချင်းစိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့် သူ(မ)သမီးကို အကောင်းဆုံးထားနိုင်ရန် သူ(မ)ကြိုးစားသည်။


ကုဆွေ့ဆွေ့၏ ဝေဘိုအကောင့်ကို မိခင်ဖြစ်သူ ဖုန်းယောက်ချင်းမှစီမံခန့်ခွဲပြီး သူ(မ)သမီး၏ပုံများကို အချိန်နှင့်တစ်ပြေးညီ တင်ပေးသည်။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးထုတ်


လွှင့်ပြီးချင်းချင်း တုံ့ပြန်ချက်ဤမျှလောက် ကောင်းလိမ့်မည်ဟု သူ(မ)မမျှော်လင့်ထားခဲ့ချေ။ နမူနာအပိုင်းတိုထွက်လာပြီးနောက် ဆွေ့ဆွေ့၏ ဝေဘိုပရိသတ်က နေ့တစ်ဝက်အတွင်း နှစ်သိန်းကျော်ကျော်ထိ တစ်ဟုန်ထိုးတိုးသွားခဲ့သည်။


မနေ့နေ့လည်တွင် သစ်သီးရုပ်သံမှထုတ်လွှင့်သော အကြိုရုပ်ရှင်ကို အင်တာနက်ပေါ်တင်လိုက်ပြီးနောက် ဝေဘိုအကောင့်တွင် ဖော်လိုဝါများ ပို၍မြန်မြန်တိုးလာခဲ့သည်။


တစ်ညတည်းတွင် ဆွေ့ဆွေ့၏အကောင့်က ဖော်လိုဝါ တစ်သန်းနီးနီးအထိ ဆက်တိုးနေခဲ့သည်။ 


Xxxxx