Chapter 32.3
“မင်း ဟင်းသီးဟင်းရွက်ရောင်းဖို့ စိတ်ဝင်စားရင် မင်ကောအာလိုလို တူအောင်စိုက်ပျိုးပြီး စားသောက်ဆိုင်ကိုပို့ပေးလိုက်။ သူတို့သေချာပေါက်လက်ခံမှာပါ။” ကျန်းရှို့က ထိုလူတွေကို ကူပြီးပိတ်ဆို့ပေးခဲ့သည်။ ဤလူတွေက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ မင်ကောအာက ဆိုင်ရှင်မဟုတ်သလို ဘာဖြစ်မလဲမဆုံးဖြတ်နိုင်ပေ။
ကျန်းရှို့က ထန်ချွန်းမင်ကို ခြံထဲသို့ အမြန်ပြန်ခေါ်သွားခဲ့သည်။ ထိုလူတွေက လွန်လွန်းသည်။ သူတို့က မင်ကောအာ၏ အခြေအနေကိုပင် မကြည့်ပေ။
“အစ်ကိုရှို့လည်း တူတူပါပဲ။ ငါတို့က မေးခွန်းနည်းနည်းလောက်ပဲမေးတာ။ သူက မင်ကောအာကို အဲ့လောက်ကာကွယ်ပေးနေတာ။ ငါတို့ သူ့ပိုက်ဆံကို မခိုးပါဘူး။” တစ်ယောက်ယောက်က လိုချင်သည့်အဖြေမရတော့ ညည်းတွားလာသည်။
“ဒါဆို မင်းမှာ ကျွမ်းကျင်မှုရှိမရှိပေါ်လည်း မူတည်သေးတယ်။ မင်းက မင်ကောအာလို အေးခဲနေတဲ့ရာသီမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်လား?” တစ်ယောက်ယောက်က မျှမျှတတပြောခဲ့သည်။
လီဖုန်းက အာရုံမတက်မီ ယွိမုကို ပြန်ပို့ခဲ့ပြီး သူက တင်းကျိုးခရိုင်ကိုသွားဖို့ မြင်းဝယ်လို့ရသည့် မြို့ကိုသွားခဲ့သည်။ သူက လီကျန့်မိသားစုမှ မြင်းပြာကြီးကိုငှားကာ အမြန်ခရီးထွက်ခဲ့သည်။ သူပြန်ရောက်တော့ ယခုလေးတင် ထွက်ခွာသွားသော ထန့်ယွီတို့နှင့် တိုးသွားခဲ့သည်။
မင်ကောအာ၏အိမ်ရှေ့မှာ မြင်းလှည်းရပ်ထားပြီး တချို့လူတွေ အိမ်ထဲကထွက်လာတာကို လီဖုန်း အဝေးမှမြင်လိုက်ရသည်။ လီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်သူရောက်လာတာလဲ? လီတာရှန်… အဲ့ဒီစကားနည်းတဲ့သူက ယွိမုကို မပြောပြခဲ့ပေမယ့် ကျန်းရှို့ကလည်း မင်ကောအာ မြို့ထဲက စားသောက်ဆိုင်နဲ့ အလုပ်တွဲလုပ်နေကြောင်း မပြောခဲ့ပေ။ သို့ဖြစ်၍ လီဖုန်းက မနက်စောစောစီးစီး ဟင်းသီးဟင်းရွက်လာသယ်သည့် စားသောက်ဆိုင်အကြောင်းကို မသိပေ။
ထန့်ယွီက ကန့်လန့်ကာကိုဆွဲမပိတ်ပဲ အပြင်ဘက်ရှုခင်းကို ကြည့်နေသည်။ လမ်းက ကျဥ်းမြောင်းပြီး ကားနှစ်စီးထိပ်တိုက်တွေ့လျှင် တိုးဝင်ဖြတ်ကျော်လို့မရပေ။ ထန့်ယွီက ဆန့်ကျင်ဘက်ခြမ်းက မြင်းလှည်းသမားကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးက အေးစက်ခက်ထန်ပြီး နတ်ဆိုးအငွေ့အသက်ပေါ်နေတာကြောင့် နွေရာသီမှာ တစ်ကိုယ်လုံးကို ရုတ်တရက် ကြက်သီးထစေခဲ့သည်။ သူပြန်ကြည့်လိုက်တော့ ထိုလူက တခြားလူတွေထက် အနည်းငယ်ပိုသန်မာပြီး စိတ်ထဲမှာတော့ စိုးရိမ်နေပုံရသည်။ သူဖြတ်သွားတော့ ထိုလူက လက်သီးဆုပ်ထားပြီး တစ်ဖက်လူကိုနှုတ်ဆက်ခဲ့သည်။
ရွာထဲမောင်းလာသော မြင်းပြာကြီးကိုကြည့်ပြီး ထန့်ယွီ ယခုနက ခံစားချက်ကို မမေ့နိုင်ပဲ ဆိုင်ရှင်ချီကို မေးလိုက်လေသည်။ “ရွာထဲမှာ ဒီလိုလူကြမ်းမျိုးလည်း ရှိတာလား? သူ့ပုံစံက ရွာသားနဲ့လည်းမတူဘူး။ ဒါပေမယ့်… သူက စစ်မြေပြင်က ပြန်လာတဲ့သူနဲ့တူတယ်။” ဤသည်မှာ ထန့်ယွီနားမှာရှိသော လူတွေကြောင့်ဖြစ်၏။ သူ နိုင်ငံအနှံ့ခရီးသွားသောအခါ သူ့နားတွင် ကာကွယ်ပေးမယ့်သူများရှိပြီး ထိုလူတွေက ယခုနက လူလောက် ကြောက်ဖို့မကောင်းပါပေ။
ဆိုင်ရှင်ချီက ထန့်ယွီကဲ့သို့ လေးနက်သော ခံစားချက်မရှိသော်လည်း ထိုလူက သာမန်ကျေးလက်သားမဟုတ်ဘူးလို့ ပြောလို့ရတာကြောင့် သူက ခန့်မှန်းလိုက်သည်။ “သူက စစ်မှုထမ်းပြီး ပြန်လာတဲ့သူဖြစ်နိုင်တယ်။”
ထိုအဖြေကို ထန်ယွီက သဘောမတူပေ။ ထိုလူအတွက် သူ့ခံစားချက်က လူသတ်ပြီး စစ်မြေပြင်က ပြန်လာသလိုပင်။ စစ်မှုထမ်းပြီးပြန်လာသော လူတစ်စုနှင့် ပတ်သက်၍ သူတို့၏ပြန်လာချိန်ကို သူသိပေမယ့် လုံးဝအရေးမကြီးပေ။
“ပြန်ရောက်မှ စုံစမ်းရမယ်။”
“ဟုတ်ကဲ့ပါ…သခင်လေး.. “ ဆိုင်ရှင်ချီက မေးခွန်းထပ်မမေးတော့ပေ။ မူလက သူသည် ထန်ဖူလန်၏အခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းချင်သော်လည်း ယခုလူတစ်ယောက် ထပ်ပိုလာခဲ့သည်။
လီဖုန်း၏မျက်လုံးက စူးရှပြီး တစ်ချက်ကြည့်ရုံဖြင့် မြင်းလှည်းနောက်က ဟင်းသီးဟင်းရွက်ခြင်းကို သူတွေ့ခဲ့ပြီး ထိုလှည်းက မင်ကောအာ၏ရှေ့မှာ ဘာလို့ရုတ်တရက်ပေါ်လာလဲ နားလည်သွားခဲ့သည်။ မင်ကောအာ၏ အချက်အပြုတ်စွမ်းရည်နှင့် ဟင်းသီးဟင်းရွက်အရသာက တခြားဟင်းသီးဟင်းရွက်တွေနဲ့ ကွာခြားသည်။ သူက စားဖို့ပဲတတ်သည့် ယွိမုထက် တန်ဖိုးကိုပိုနားလည်သည်။ မင်ကာအာက အနာဂတ်မှာ ဟင်းသီးဟင်းရွက်ရောင်းပြီး ရှင်သန်မည်ဖြစ်ကြောင်း သူ တာရှန်ဆီမှ ရေးတေးတေးကြားခဲ့သည်။ သူက မင်ကောအာ ဝယ်သူအမြန်ရှာတွေ့မယ်လို့ မထင်ထားပေမယ့် ကွာခြားချက်ကိုသိတာကြောင့် ယခုရောက်လာသူမှာ တခြားရည်ရွယ်ချက်ရှိနေမှာကို သူ စိုးရိမ်မိသည်။
ဥပမာအားဖြင့် ထိုဟင်းသီးဟင်းရွက် ဘာကြောင့် ဤမျှလောက်ကောင်းနေသနည်း။ မင်အောအာ၏ အိမ်မှယူလာသော ဟင်းသီးဟင်းရွက် ပျိုးပင်များက အရသာရှိသော်လည်း မင်ကောအာ၏ နောက်ဖေးခြံက ထွက်တာလောက်မကောင်းဟု တာရှန်က ပြောခဲ့သည်။ ၎င်းက လူတစ်ဦး၏ လက်ထဲ၌ရှိသော လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး ကောင်းကောင်းမသုံးချနိုင်ပါက တစ်ခါတစ်ရံ ဘေးဥပဒ်ဖြစ်စေနိုင်သည်။
လီဖုန်းက စိတ်ပူသွားသည်။
မင်ကောအာ၏အိမ်ကို ဖြတ်သွားသောအခါ သတင်းမေးရန် စုရုံးရောက်ရှိလာသော လူတွေက လူစုခွဲလိုက်ကြသည်။ လီဖုန်းကိုတွေ့တော့ လူအများစုက သူ့ကိုအရင်နှုတ်ဆက်လာပြီး သူတို့အသံတွေကတိုးပေမယ့် သူတို့စကားတွေက လီဖုန်းနားထဲရောက်လာသည်။
“ကြည့်စမ်း… ဟင်းသီးဟင်းရွက်အပြည့် ခြင်းတောင်းသုံးတောင်းက အနည်းဆုံးတစ်ရာကီလိုဂရမ်တော့ ရှိတယ်။ ဒီနှစ်ရဲ့ ဟင်းသီးဟင်းရွက်တွေက အသားထက် စျေးကြီးတယ်လို့ကြားတယ်။ မင်ကောအာမနေ့က နှစ်ခြင်းရောင်းထွက်ပြီး ဒီနေ့ကျ သုံးခြင်းရောင်းထွက်သွားပြီ… သူပိုက်ဆံဘယ်လောက်ရမလဲ!” လူတစ်ယောက်က မနာလိုစိတ်ဖြင့် မေးလိုက်သည်။
“မဖြစ်နိုင်တာ။ အဲ့ဒါဟင်းသီးဟင်းရွက်တွေပဲ မဟုတ်လား? မြေကြီးထဲမှာ အများကြီးရှိတာလေ။”
“ဟုတ်တယ်။ ငါ့ခင်ပွန်းက မြို့ထဲက လူချမ်းသာမိသားစုမှာ အလုပ်လုပ်နေတာ။ သူတို့ကျွန်တွေပြောတာက မမှားလောက်ဘူး။”
တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလိုပင် တွက်ချက်လိုက်ပြီး ထိုတွက်ချက်မှုကြောင့် အံ့အားသင့်သွားသည်။ “မင်ကောအာက အသီးအရွက်ရောင်းရုံနဲ့ ငွေအများကြီးရှာနိုင်တယ်ဆိုတာ ငါမယုံဘူး။” သူက အံ့အားသင့်လွန်းလို့ သူ့နားကလူတွေကပါ ထိတ်လန့်သွားကြသည်။ သူတို့အမြင်အရ မင်ကောအာက အားစိုက်ထုတ်မှုသိပ်မရှိပဲ ငွေက ကောင်းကင်ပေါ်က ပြိုကျလာပုံရသည်။
တချို့လူတွေက သခင်လေးအပေါ်ကို အာရုံစိုက်နေသည်။
“အဲ့ဒီသခင်လေးက အရမ်းချောတာပဲ။ သူက ခရိုင်မြို့မှာ ငါတွေ့ခဲ့ဖူးတဲ့ သခင်လေးတွေထက် ပိုချောတယ်။ သူက မြို့ထဲက လူချမ်းသာမိသားစုရဲ့ သားတစ်ယောက်ထင်တယ်။”
“အို.. သူမထွက်သွားခင် ငါတို့ကို ပြုံးပြသွားတယ်။ မြို့သခင်လေးက ဒီလိုစိတ်ထားကောင်းမယ်လို့ မထင်ထားမိဘူး။” သူက ရင်ထဲကပြောလိုက်သည်။ သူ ငါ့ကိုပြုံးပြပြီး ငါ့မျက်နှာက နီရဲသွားတယ်… နွေဦးရောက်ပြီမို့ ငါ့နှလုံးသားက နွေဦးနဲ့ပြည့်နေတယ်။
“မင်ကောအာက တာဟူအတွက် ဝတ်ပြုဆုတောင်းနေရတုန်းပဲ။ ဒါပေမယ့် သူက အဲ့ဒီလူငယ်လေးကို အိမ်ထဲခေါ်ခဲ့သေးတယ်။ မင်ကောအာက ဖြစ်များဖြစ်နေမလား….” မပြီးဆုံးခဲ့သော စကားက လူတွေကို တွေးတောစေခဲ့သည်။
“နောက်တာပါ။ မြို့ပေါ်က သခင်လေးမှာ ရွာထဲက အချောဆုံးကောတွေထက် ပိုချောတဲ့ မြို့သားကောအာလေးတွေ ရှိတတ်တယ်။ သူတို့က ကျေးလက်နေကောတစ်ယောက်ကို စိတ်ဝင်စားမှာမဟုတ်ဘူး။”
“ငါ ဒီလူငယ်ကို သဘောမကျသလို ငါ့ကောလေးရဲ့ နှလုံးသားကို မရနိုင်ဘူး။” သူ စကားမဆုံးသေးပဲ အမြင်တူသော လူတွေရဲ့ လှောင်ပြောင်ခြင်းခံလိုက်ရသည်။ ရယ်မောသံတွေကြားမှာ သူက အေးစက်သော အကြည့်စူးစူးကို ခံစားမိလိုက်ပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ သူလှည့်ကြည့်လိုက်တော့ လီဖုန်းမောင်းထွက်သွားသည်ကို တွေ့လိုက်ရသည်။
လီဖုန်းက ထောင့်တစ်နေရာမှ ပျောက်ကွယ်သွားပြီး ထိုလူငယ်လေးများက ရင်ဘတ်ပုတ်ကာ ပြောလိုက်သည်။ “ဒီလီဖုန်းက အရမ်းကြောက်ဖို့ကောင်းတာပဲ။ သူက အပြုံးအရယ်လည်းမရှိဘူး။ ကြောက်ဖို့ကောင်းတယ်! ငါ မင်ကောအာအတွက် စိတ်မကောင်းဖြစ်မိတယ်။” သူ အခု အသက်ကြီးနေပေမယ့် ထိုလူကတော့ မြို့ပေါ်က သခင်လေးဖြစ်သည်။ ဒီလူငယ်လေးကို လီဖုန်းနဲ့ ယှဥ်လို့ရပါ့မလား? ဘာ!
“မင်ကောအာပိုပြီးချောလာတာ အံ့အားသင့်စရာမရှိတော့ဘူး။ အိုး ငါပြောရမှာတောင်ရှက်တယ်။” ရယ်မောသံက လူတွေကို ထိတ်လန့်သွားစေသည်။
ဖြတ်လျှောက်သွားသော လူများက ရွံရှာစွာ မျက်မှောင်ကြုတ်ပြီး ထိုလူတွေနဲ့ ဝေးဝေးနေရန် မသိစိတ်အလျောက် အရှိန်မြှင့်လိုက်သည်။ သူတို့က မတော်မရော်တွေပြောနေတာပဲ။ သူတို့စိတ်ထဲမှာ မင်ကောအာကို မနာလိုဖြစ်နေပေမယ့် သူတို့က သူများကို ယုတ်မာလောက်သည်အထိ မဆိုးပေ။ ထိုသူတွေကတော့ ဖြစ်ပျက်ခဲ့တာကို အမှန်တရားနဲ့တူအောင် လုပ်နေခဲ့သည်။