Chapter 33.1
“ပညာရှင်”
ရွာသားတွေ သူ့အကြောင်းပြောနေကြမယ်ဆိုတာ ထန်ချွန်းမင်သိပြီးသားဖြစ်ပေမယ့် ကိစ္စမရှိပေ။ သူ့ကိုယ်ပေါ်က အသားတစ်ပိုင်း ဆုံးရှုံးသွားမှာမဟုတ်သဖြင့် ၎င်းက အရေးအကြီးပါပေ။
မနေ့က လယ်ကို ရေလောင်းပေးမယ်လို့ ပြောခဲ့သော လီဖုန်း၏စကားကိုတွေးကာ အချိန်ကိုခန့်မှန်းလိုက်ပြီး ထန်ချွန်းမင်က တာမောင်းနဲ့အာမောင်းကို စာလုံးကြီးတွေရေးဖို့ တာဝန်ပေးလိုက်သည်။ အားလင်းကို အိမ်မှာထားခဲ့ပြီးနောက် သူက အခြေအနေကိုစစ်ဆေးဖို့ ခြံပြင်ထွက်သွားခဲ့သည်။ တောင်ပေါ်ရေသွင်းပေးခြင်းက အခက်ခဲဆုံးဖြစ်သည်။ အထူးသဖြင့် သူ့လက်ရှိအခြေအနေကြောင့် သူက ရေပုံးသယ်ဖို့ တာရှန်ကို အကူအညီတောင်းလေ့ရှိသည်။ တစ်ခါတစ်ခါ ယွိမုနှင့် တခြားသူများက ကူညီပေးဖို့လုပ်ပေမယ့် သူက နေရာလွတ်စမ်းရေနဲ့ ရောစပ်ချင်တာကြောင့် ကိုယ်တိုင်သာ ရေလောင်းလို့ရသည်။
တာမောင်းက အသက်အကြီးဆုံးဖြစ်ပြီး စာလုံးကြီးငါးလုံးရေးရန် တာဝန်ပေးခံထားရသည်။ အာမောင်းက ငယ်သေးတာကြောင့် စာလုံးသုံးလုံးသာ ရေးခိုင်းထားသည်။ အားလင်းအတွက်တော့ ထန်ချွန်းမင်က အံ့အားသင့်နေပြီး သုံးနှစ်အရွယ်လေးကလည်း အမှန်တကယ်ပင် အမှီလိုက်နိုင်သည်။ သူလည်း စာလုံးရေများစွာကိုသိပြီး ထန်ချွန်းမင်နဲ့အတူ နေ့တိုင်း လက်ရေးလှလေ့ကျင့်ခဲ့သည်။ ထန်ချွန်းမင်က သူ့ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ပေးထားသည်။
အရင်ဘဝမှာ ယခုလိုဆိုလျှင် ထိုကလေးမျိုးကို ဉာဏ်ကြီးရှင်လို့ သတ်မှတ်ကြမှာဖြစ်ပေမယ့် ဤကမ္ဘာမှာတော့ ကောတစ်ယောက်ဖြစ်ရခြင်း၏ အဆင်မပြေမှုများရှိတာကြောင့် နှမြောစရာပင်။ သို့ပေမယ့် သူ့အမြင်မှာတော့ ပညာတတ်ပြီး စာအုပ်များများဖတ်နိုင်တာက ရွာထဲက အသေးအဖွဲကိစ္စများမှာ ကန့်သတ်ခံထားရခြင်းထက် အတွေးအမြင်ကို ကျယ်ပြန့်စေသည်။
“မင်ကောအာ…လယ်ထဲသွားမလို့လား?” လမ်းမှာ သူနဲ့ဆုံသွားသည့် လူတွေက သူ့ထက်ပင် စိတ်အားထက်သန်နေပုံရသည်။ ကျင်းကျိစားသောက်ဆိုင်မှ လူများက ထန်ချွန်းမင်၏အိမ်၌ ဟင်းသီးဟင်းရွက်ခူးဖို့ စောစောစီစီးလာခဲ့သည့် သတင်းကို ရွာသားအားလုံးသိကြသည်။ လူတိုင်းက ထိုကိစ္စကိုပြောနေပေမယ့် သူ့ရှေ့ကလူတွေက သူ့ကို စိတ်အနှောက်အယှက်မဖြစ်စေရန် ကြင်နာမှုကိုပြသဖို့ အစပျိုးခဲ့ကြသေးသည်။
“အင်း… ငါ လယ်ကွင်းထဲက အခြေအနေကို တစ်ချက်သွားကြည့်မလို့။” ထန်ချွန်းမင်က သူတို့ကို အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။
သူ့လယ်ကွင်းထဲမရောက်ခင် တစ်ဖက်မှ ရေပုံးနှစ်ပုံးသယ်လာသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းက လီဖုန်းမှလွဲရင် တခြားဘယ်သူဖြစ်နိုင်မှာလဲ? ထန်ချွန်းမင်ပေါ်လာတာကိုတွေ့တော့ လီဖုန်းက အံ့အားသင့်သွားသည်။ သူ သူ့ကိုကူညီမယ်လို့ မပြောခဲ့ဘူးလား? မင်ကောအာက သူ့အကူအညီမလိုချင်တာလား? လီဖုန်းက အတန်ငယ်စိတ်ဓာတ်ကျသွားသည်။
ထန်ချွန်းမင် သူ့ဆီလျှောက်သွားသောအခါ လီဖုန်းက သူ့ကို နက်မှောင်သောမျက်ဝန်းဖြင့် ကြည့်ပြီး ပြောလိုက်၏။ “ငါမင်းကိုကူညီမယ်။”
ထန်ချွန်းမင်က အနှီလူနဲ့ စကားပြောသည့်အခါ သူဘာကိုဆိုလိုလဲ နားလည်ရန် ဝါကျကိုဖြည့်စွက်ဖို့ ဦးနှောက်သုံးရသည်။ ဥပမာ သူယခုပြောချင်တာက “ငါရေလောင်းကူပေးနေတာကို မင်းဘာလို့လာတာလဲ?’ဖြစ်၏။ တကယ်လား? သို့ပေမယ့် သူက ခက်ထန်သောနည်းလမ်းဖြင့် ပြောဆိုပါက သူ၏ရည်ရွယ်ချက်ကောင်းများကို လူအများနားလည်မှုလွဲသွားမည်ဖြစ်သည်။
“သိပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း ရေလောင်းဖို့လိုတယ်။ ကျေးဇူးပြုပြီး ရေပုံးလေး ဆက်သယ်ပေးဖို့ တောင်းဆိုပါတယ်။ ခင်ဗျားရဲ့မြေကလည်း ရေလောင်းဖို့လိုတယ်မလား။ ခင်ဗျားရဲ့အလုပ်ကို အရင်သွားလုပ်ပါ။ ကျွန်တော်ရေလိုရင် ခေါ်လိုက်မယ် ဟုတ်ပြီလား?”
လီဖုန်းက သူ့ကို တိတ်တိတ်လေးကြည့်နေပြီး ထန်ချွန်းမင် သူ့ကိုယ်သူတွန်းအားပေးနေတာ မဟုတ်မှန်း သေချာအကဲခတ်ခဲ့သည်။ ထို့နောက် သူက ပခုံးပေါ်က တိုင်လုံးကိုချ၍ ထန်ချွန်းမင်ယူလာသော ရေပုံးကိုယူကာ ရေသယ်ဖို့ လှည့်ထွက်သွားခဲ့သည်။ ထိုလူ၏ကျောကိုကြည့်လိုက်ရာ ထန်ချွန်းမင်၏နှလုံးသားထဲတွင် ခံစားချက်တွေ ရောယှက်နေသလိို ခံစားလိုက်ရသည်။
လီဖုန်းက ရေလောင်းရင်း မင်ကောအာ၏အခြေအနေကို စောင့်ကြည့်နေသည်။ သူက ဗိုက်ပူပူကြီးနဲ့ အလုပ်လုပ်ရမှာကို စိုးရိမ်နေသည်။ အထူးသဖြင့် အားနည်းသူမှလွဲ၍ ကိုယ်ဝန်ရှိချိန်၌ အလုပ်မလုပ်သော ကောတွေရှားပါး၏။ ထို့အပြင် ကလေးကို ပံ့ပိုးဖို့လိုအပ်သော ထန်ချွန်းမင်က အလုပ်နားဖို့ ပိုလို့တောင်မဖြစ်နိုင်ပေ။
သူ အရင်က ယွိမုနဲ့အတူ ရေကူသယ်ပေးပြီး မင်ကောအာ၏လယ်ကွင်းကို ဂရုစိုက်ပေးခဲ့သည်။ သူ ယခု ဂရုမစိုက်ပေးလျှင်ပင် ဤနေရာကိုလျှောက်လာသူများက မင်ကောအာ၏လယ်ကွင်း ကောင်းကောင်းကြီးထွားနေတာကို တွေ့ရပေလိမ့်မည်။ မင်ကောအာ၏လယ်တွေက တခြားသူတွေထက် ပိုကောင်းသည်။ လီဖုန်းက မျက်နှာပေါ်မှာ ဘာမှမပြပေမယ့် သူက စိတ်ထဲမှာအများကြီးတွေးနေသည်။ မင်ကောအာက ကောက်ပဲသီးနှံများကို ရေလောင်းဖို့ သူ့ကိုယ်သူတွန်းအားပေးနေသည်ဟု သူထင်ခဲ့သည်။ ၎င်းက သူ့ကောက်ပဲသီးနှံများ တခြားသူတွေထက် ပိုကောင်းနေသည့် အကြောင်းအရင်းဖြစ်လိမ့်မည်။ ဤအတွေးဖြင့် သူက အလျင်စလိုရပ်တန့်လိုက်သည်။
ရေလောင်းပြီးအပြန်လမ်းမှာ ထန်ချွန်းမင်က ဝမ်ချွန်းဟွာနဲ့ ဝင်တိုးမိသည်အထိ ကံဆိုးခဲ့သည်။ သို့ပေမယ့် ထိုလူက ထန်ချွန်းမင်၏လက်ထဲမှာ တစ်ကြိမ်ထက် ပိုခံစားခဲ့ရတာကြောင့် ယခုချိန်တွင် ဝမ်ချွန်းဟွာက အလွန်နီးကပ်နေခြင်းမရှိပဲ အဝေးမှာရပ်ပြီး မုန်းတီးသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ထန်ချွန်းမင်က အစပိုင်းမှာ အံ့အားသင့်သွားသည်။ ဒီလူက တကယ်ဝမ်ချွန်းဟွာလား? အရင်တစ်ခေါက် သူ့ကိုတွေ့တော့ သူက အနည်းငယ်ပိန်ပါးနေပြီး သေသေသပ်သပ် မဝတ်ဆင်ထားခဲ့သလို သူ့အသားအရောင်ကလည်း ဆိုးရွားနေ၏။ သို့ပေမယ့် ယခုမူ ထိုလူ၏မျက်နှာတွင် ဒဏ်ရာများဖြင့် ရောင်ရမ်းနေ၏။ မျက်လုံးတစ်ဖက်က ဖောင်းနေကာ လူတွေကိုစွေကြည့်မှရမည်။ သူ့မျက်နှာနှင့်လည်ပင်းမှာလည်း ကုတ်ရာများရှိပြီး ခေါင်းပေါ်ကဆံပင်မှာ ပါးလွှာနေပုံရသည်။
ဝမ်ချွန်းဟွာ၏မျက်လုံးထဲက အမုန်းတရားကိုမြင်ရတော့ ထန်ချွန်းမင်က ရယ်စရာကောင်းတယ်လို့သာ တွေးလိုက်သည်။ မူလမင်ကောအာဖြစ်စေ ယခုသူဖြစ်စေ ဘယ်သူကမှ လက်တုံ့ပြန်ရန် အစပြုခြင်းမရှိခဲ့ပေ။ မင်ကောအာ အတိတ်မှာ ဘယ်လောက်ထိ အနိုင်ကျင့်ခံရလည်း သူမပြောတော့ပေ။ သူလုပ်ခဲ့တာက သူတို့နဲ့ အဆက်ဖြတ်ခဲ့တာဖြစ်၏။ သူတို့ ယခုလို အဆုံးသတ်သွားတာ ကိုယ့်အပြစ်မဟုတ်ပေ။ ကိုယ့်အားနည်းချက်ကိုယ်ရှာရမယ့်အစား ဘာလို့အပြင်လူဖြစ်တဲ့ သူ့ကိုမုန်းနေမှာလဲ?
ထန်ချွန်းမင်က နှာမှုတ်ကာ ဝမ်ချွန်းဟွာကို ကျော်သွားဖို့ လုပ်လိုက်ပေမယ့် ဝမ်ချွန်းဟွာက သူ့ကိုတားကာ သွားကြားထဲကလေသံဖြင့် ပြောလိုက်သည်။ “ထန်ချွန်းမင်… ငါဒီလိုဖြစ်တာ မင်းကြောင့်ပဲ။ မင်းကိုယ်မင်းဂုဏ်ယူနေလား? မင်းသေဖို့ထိုက်တန်တယ်။ အရမ်းမောက်မာမနေနဲ့!”
ထန်ချွန်းမင်က ပြန်လှည့်ကာ သရော်လိုက်သည်။ “ကျုပ် ခင်ဗျားကို ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲ? ခင်ဗျားလိုချင်တာယူခွင့်ပေးပြီး အနိုင်ကျင့်မခံတော့လို့ ခင်ဗျားကို ဒုက္ခပေးသလိုဖြစ်သွားလား? ဒါမှမဟုတ် ခင်ဗျား ကျုပ်ကိုဖမ်းပြီး ငွေနဲ့ရောင်းစားတာကို ခံရမှာလား? ဝမ်ချွန်းဟွာ …ခင်ဗျားလို ဦးနှောက်မရှိတဲ့လူကို တစ်ခါမှမမြင်ဖူးဘူး။ ခင်ဗျားက လူတိုင်းကို ငတုံးလိုဆက်ဆံပြီး ခင်ဗျားကိုယ်ခင်ဗျား တော်တယ်ထင်လား? ကျုပ် ခင်ဗျားကိုရော ကျောက်မိသားစုကိုရော ဘာအကြွေးမှတင်မနေဘူး။”
ထိုသို့ပြောပြီးနောက် သူက ဝမ်ချွန်းဟွာ၏အတွေးကို ဂရုမစိုက်ပဲ ထွက်သွားခဲ့သည်။ ဝမ်ချွန်းဟွာက ထန်ချွန်းမင်၏ စွဲမက်ဖွယ်ကောင်းသောမျက်နှာကို ကုတ်ဆွဲချင်ခဲ့သည်။ ထန်ချွန်းမင် ကောင်းကောင်းရှင်သန်နေလေ သူ့ကံဆိုးမှုက ပေါ်လွင်လာလေဖြစ်၏။ ဒါတွေအားလုံးက ထန်ချွန်းမင်ကြောင့်ဖြစ်သည်။ သို့ပေမယ့် ဤနေရာမှာ တခြားသူတစ်ယောက်လည်းရှိပြီး သူ့နောက်ကလူက သူ့ကိုထိတ်လန့်သွားစေသည်။ ထိုလူက ရေပုံးသယ်ကာ သူ့ဆီလျှောက်လာသဖြင့် ဝမ်ချွန်းဟွာက ရွေးချယ်စရာမရှိပဲ ထွက်သွားခဲ့ရသည်။
ဘိုးဘိုးကျောက်က ထန်ချွန်းမင်ကို ညှဥ်းပန်းနှိပ်စက်ရန် သူ အသုံးပြုသည့် နည်းလမ်းများကို သုံးခဲ့ရုံတင်မက မနေ့ညက အဖြစ်အပျက်အပြီးတွင် ကျောက်တာနျို၏ သဘောထားပါ ပြောင်းလဲသွားခဲ့သည်။ ဝမ်ချွန်းဟွာက နောက်မှ နောင်တရခဲ့သည်။ သူက ဘိုးဘိုးကျောက်ကိုသာ တစ်ချိန်လုံး အာရုံစိုက်နေပြီး သူ့ခင်ပွန်း အရာအားလုံးကို စောင့်ကြည့်နေတာ မေ့သွားခဲ့သည်။ သူပိုက်ဆံပေးဖို့ ငြင်းလိုက်တာကြောင့် သူ့ခင်ပွန်းက စိတ်ပျက်သွားတာဖြစ်မည်။ သူ ညအိပ်ရာဝင်တိုင်း ကျောက်တာဟူက တိတ်ဆိတ်နေပြီး သူအဆင်ပြေရဲ့လားပင် မမေးပေ။ သူ့ရှေ့မှာတင် ဘာမှမဖြစ်ခဲ့သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်နေခဲ့သည်။
ဝမ်ချွန်းဟွာက ၎င်းကို တိတ်တဆိတ် ဒေါသထွက်ခဲ့သည်။ ၎င်းက သူ့အမှားမဟုတ်ပဲ ခဏတာပေါ့ဆမှုမျှသာဖြစ်၏။ ဘိုးဘိုးကျောက်က သူ့ထက်ပိုဆိုးတာမဟုတ်ဘူးလား? သူက သူ့သားအငယ်ဆုံးအတွက် အများကြီးသုံးခဲ့ပေမယ့် လုပ်အားပေးခွန်အတွက် တစ်ပြားမှ မထုတ်ချင်ခဲ့ပေ။ ဒီလိုလုပ်တာက ဘိုးဘိုးကျောက် ဘယ်လောက်ဘက်လိုက်လဲ ရွာကလူတွေကို သိစေခဲ့တာမဟုတ်ဘူးလား? ကျောက်တာနျိုက သူ့ကို ယခုလိုမဆက်ဆံသင့်ပေ။ ဘိုးဘိုးကျောက်လက်အောက်မှာ နေခဲ့ရတာ သူ့အတွက် လွယ်တယ်ထင်နေလား?
အနောက်ကလီဖုန်းက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး ထွက်သွားသော ဝမ်ချွန်းဟွာကို ကြည့်လိုက်သည်။ မင်ကောအာ၏ လျှာစောင်းထက်မှုကို သူသိလို့ ဝမ်ချွန်းဟွာက သူ့စကားတွေကို အသာစီးရနိုင်မှာမဟုတ်ပေမယ့် ဤစိတ်ဓာတ်မကောင်းသော ကောက လက်လျှော့မှာမဟုတ်ပေ။ သို့ဖြစ်၍ လီဖုန်းက ထိုဒုက္ခကို ဘယ်လိုဖယ်ရှားရမလဲတွေးလိုက်သည်။.
ခဏကြာတော့ ထန်ချွန်းမင်နှင့် လီဖုန်းတို့က အပြန်အလှန်နားလည်မှုရှိတယ်လို့ ခံစားလိုက်ရသည်။ လယ်ကွင်းသို့ သွားသည့်အခါတိုင်း လီဖုန်းက တိတ်တဆိတ် ရေသယ်လာပေးပြီး လယ်ကွင်းဘေးမှာ ထားရှိပေးသည်။ သူ ရေနှစ်ပုံးလောင်းပြီးပါက နောက်ထပ်ရေနှစ်ပုံးက လယ်ကွင်းထိပ်ကို ရောက်ရှိလာသည်။ ထန်ချွန်းမင် ရေလောင်းမယ်လို့ ပြောလိုက်ကတည်းက လီဖုန်းက ကူညီမယ်လို့မပြောပဲ ရေပုံးသယ်သော တာဝန်ကိုသာ ထမ်းဆောင်နေ၏။
တစ်ကြိမ်နှစ်ကြိမ်သာဖြစ်ခဲ့ပါက ထန်ချွန်းမင်က သူ့ကို သဘောကောင်းသည့် အစ်ကိုကြီးလို့ ထင်ကောင်းထင်နိုင်ပေမယ့် အကြိမ်ရေများစွာ ဖြစ်လာသောအခါ သူ မစဥ်းစားပဲမနေနိုင်တော့ချေ။ လီဖုန်းက ဘာကိုဆိုလိုတာလဲ? တာမောင်းနှင့် အာမောင်းက ကိုယ်ခံပညာသင်ယူနေချိန် သူ့အတွက် ဟင်းလျာတချို့ချက်ပြုတ်ကာ ယူသွားပေးလေ့ရှိသည်။ ဒီလူက ဒီအတွက် ကျေးဇူးပြန်ဆပ်နေတာလား? တစ်ယောက်ယောက်က သူ့ကို တိတ်တိတ်ကလေး ချစ်နေမလားလို့ တွေးလိုက်သောအခါ ထန်ချွန်းမင်က ပျားရည်သောက်ရသလို ခံစားလိုက်ရသည်။
ငါ စိတ်ကူးယဥ်နေတာမဟုတ်ပါဘူးနော်… ငါတကယ်စိတ်ကူးယဥ်နေတာ မဟုတ်ဘူး…
ဟေး…သူငယ်ချင်း … တကယ်တော့ တစ်ယောက်ယောက်ကို လျှို့ဝှက်ချစ်နေဖို့မလိုပါဘူး။ ငါ့ကို ပွင့်ပွင့်လင်းလင်း လာပြောလိုက်ပါ… ဒီအမိုက်စား အချောဆုံး ယောကျာ်းက ငါ့အကြိုက်ဆိုတာ မသိဘူးလား? ငါမင်းရဲ့နောက်ကွယ်မှာ ဘယ်လောက်တောင် သွားရည်ယိုနေလဲ သိရဲ့လား….
ထန်ချွန်းမင်က ယခုအခါ ပျိုးပင်မျိုးစုံကို စိုက်ပျိုးရန်အတွက် အိမ်နောက်ဖေးထောင့်တွင် မြေကွက်တစ်ခုကို တိုးချဲ့ခဲ့သည်။ တစ်ချို့ပျိုးပင်တွေကိုတော့ လက်ဆောင်ပေးကာ တစ်ဝက်ကိုရောင်းလိုက်မည်။ ထိုမိသားစုနှစ်ခု၏ ကြော်ညာချက်ကြောင့် သူတို့ပျိုးပင်တွေဝယ်ခဲ့တာ လူတိုင်းသိသည်။ ယင်းကြောင့် ထိုလူတွေက ထန်ချွန်းမင်၏အိမ်ကိုသွားပြီး ပျိုးပင်တောင်းခံခြင်းမရှိတော့ပေ။ ထန်ချွန်းမင်က ကပ်စေးနည်းပြီး ပျိုးပင်ကိုတောင် ပေးဝယ်ရတယ်ဟု ပြောဆိုနေသဖြင့် လူအများစုက စောင့်ကြည့်နေကြသည်။ ကျန်းရှို့နဲ့ ဝမ်မော့၏မိသားစုသာ ငွေရှာနိုင်ရင် သူတို့ရူးသွားလောက်သည်။
သို့ပေမယ့် နောက်ထပ် မိသားစုနှစ်စုက လာဝယ်ခဲ့ပြီး တစ်ယောက်က ရှန်းဖူလန်ဖြစ်ပြီး တစ်ယောက်က ဦးလေးကျောက်လျိုဖြစ်၏။ ရှန်းဖူလန်က သူ့စားစရာကို စားဖူးတာကြောင့် သူ ထန်ချွန်းမင်ဆီလာတာ မထူးဆန်းပေ။ ထန်ချွန်းမင်က ငွေပြတ်လတ်နေတာမဟုတ်၍ သူက လီကျန့်မိသားစုကို နည်းနည်းပေးဖို့ပြင်ထားသည်။ လီကျန့်မိသားစုနဲ့ ဆက်ဆံရေးကောင်းမှရမည်။ နောင်မှာ တစ်ခုခုဖြစ်လာရင် လီကျန့်မိသားစုက သူ့ဘက်မှာရပ်တည်ပြီး စကားဆယ်ခွန်းထက် ပိုပြောပေးလိမ့်မည်။ ဦးလေးကျောက်လျို၏ ရောက်ရှိလာမှုက သူ့ကို အံ့အားသင့်စေခဲ့သည်။