Chapter 33.3
Viewers 367

Chapter 33.3




ပုံမှန်ဆိုလျှင် တာရှန်က ထန်ချွန်းမင်၏မိသားစုကို အခမဲ့ကူညီပေးပေမယ့် ယခုတစ်ကြိမ်တွင် သူက အခကြေးငွေရရှိခဲ့သည်။ ထန်ချွန်းမင်က သူနဲ့ရင်းနှီးသောဆက်ဆံရေးရှိသူများကို ဦးစားပေးဂရုစိုက်ရမည်ဖြစ်သည်။



ဤနေရာ၌ အလုပ်များလာသောအခါ ထန်ချွန်းမင်၏ မြေယာဝယ်ယူမှုကြောင့် ဖြစ်ပေါ်လာသော အပူတပြင်း ဆွေးနွေးမှုများကို လျင်မြန်စွာ ဖုံးဖိရန် ကျောက်မိသားစုမှ ပျော်ရွှင်စရာကိစ္စရပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။



ကျောက်လောင်စန်း ပြန်ရောက်လာပြီး သူက ပညာရှင်စာမေးပွဲကို အောင်မြင်စွာ​ဖြေဆိုနိုင်ခဲ့သည်။ အချိန်အတော်ကြာ ငြိမ်သက်နေသော ဘိုးဘိုးကျောက်က မာနကြီးလာပြန်သည်။ အမြဲတမ်းတွန့်တိုနေသော ထိုလူက သူ့သားအတွက် အောင်ပွဲခံဖို့ အိမ်မှာပွဲတစ်ခုကျင်းပမယ်လို့ ပြောခဲ့သည်။



တတိယဦးလေးက တ​ခြားသူများရှေ့တွင် ပြုံးရယ်ကာ အားလုံးရှေ့မှာ ကျောက်လောင်စန်း ဘယ်လောက်တော်ကြောင်း၊သိတတ်​ကြောင်း ချီးကျူးစကားဆိုနေ၏။ အိမ်နီးချင်းများကလည်း လာလည်ခဲ့ကြသည်။



ဘိုးဘိုးကျောက်နှင့် တတိယဦးလေး၏အပြုံးများက စိတ်ပျက်ဖို့ကောင်းတယ်လို့ လီကျန့်ခံစားရသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးသော ပညာရှင်ဆုံးပါးသွားပြီးနောက် ဖျင်ရှန်ရွာတွင် ပညာရှင်စာမေးပွဲမအောင်ခဲ့တာ နှစ်တွေကြာခဲ့ပြီပင်။ ၎င်းက ဖျင်ရှန်ရွာအတွက် ပွဲကြီးတစ်ခုဖြစ်တာကြောင့် သူက ဘိုးဘိုးကျောက်၏ဧည့်သည်များကို ကူညီဧည့်ခံပေးခဲ့သည်။

—------

ကျောက်မိသားစုတွင်။



ဘိုးဘိုးကျောက်က ဝတ်လေ့ဝတ်ထမရှိသော အဝတ်အစားသစ်များကို ထုတ်ယူကာ အတွင်းခန်း၌ သူတစ်ပါး၏ ချီးကျူးစကားများကို နား​ထောင်ပြီး အာဏာရှင်လူအိုကြီးတစ်ယောက်လို ပြုမူနေခဲ့သည်။ ဖျင်ရှင်ရွာက လူတွေ၊ တခြားရွာမှလူတွေအပြင် သူ့အားမူဘက်က ဆွေမျိုးများလည်း လာခဲ့ကြသည်။ ကျောက်မိသားစုတွင် နှစ်ပေါင်းများစွာ ထိုကဲ့သို့ သက်ဝင်လှုပ်ရှားမှုများမရှိတာ ကြာခဲ့လေပြီ။ သူ့အချစ်ဆုံးသားက သူ့ကို ထိုသို့ ဂုဏ်ပြုခဲ့သည်။



ဝမ်ချွန်းဟွာက အောက်ထိုင်ခုံ၌ ပြုံးပြီးထိုင်နေသည်။ သူ၏ ယခင်က တင်းမာမှုကို မတွေ့နိုင်တော့ပေ။ သူက ဘိုးဘိုးကျောက်အတွက် လက်ဖက်ရည်နှင့်ရေကို အခါအားလျော်စွာ ယူလာပေးပြီး အလွန်ဂရုစိုက်​ကြောင်း ပြသ​နေသည်။ သူတို့နှစ်ဦး ရန်ဖြစ်ထားသည့် သဲလွန်စမရှိတော့ပဲ တစ်ရွာလုံးကြားခဲ့ရသော အော်ဟစ်သံများ ပျောက်ကွယ်သွားခဲ့သည်။

  



“အို မင်းဘာတွေပြောနေတာလဲ? ငါတို့ဘိုးဘိုးကျောက်က အကောင်းဆုံးပဲ။ ကျောက်မိသားစုမှာ လက်ထပ်ခွင့်ရခဲ့တာကံကောင်းတယ်။ ငါ့ယောက္ခမက အသင်အပြလည်းကောင်းတယ်။ သူက အရည်အချင်းရှိတဲ့ အမျိုးသားတစ်ယောက်ကို ပျိုး​ထောင်ခဲ့ရုံတင်မကပဲ သူ့သားက တာဝန်သိတတ်သလို စဥ်းစားပေးတတ်တယ်။ သားလေး.. မင်းဘာလို့ရပ်နေတာလဲ? လာလေ… မင်းဘိုးဘိုးကို နှိပ်ပေးလိုက်။” ဝမ်ချွန်းဟွာက သူ့ပါးစပ်ကို ပန်းထိုးလက်ကိုင်ပုဝါနဲ့အုပ်လိုက်သည်။ အမှန်တရားကို သိသူများက သူ့နှုတ်ခမ်း​​ထောင့် တွန့်ကွေးသွားတာကိုမြင်နိုင်လိမ့်မည်။ ဝမ်ချွန်းဟွာ၏ သရုပ်ဆောင်စွမ်းရည်က ရွာမှာအကောင်းဆုံးဖြစ်သည်။

  

“ဟုတ်ကဲ့ပါ ဖေဖေ. . ဘိုးဘိုး သားနှိပ်ပေးပါမယ်။” ကျောက်သုန့်က အရင်ကလို ဝတုတ်မဟုတ်တော့ပေ။ သူက သူ့အားမူလုပ်ခိုင်းတာတွေကို မကျေနပ်သော်လည်း ပညာရှင်တစ်ယောက်ဖြစ်ပြီးလျှင် မိသားစုက ဘဝကောင်းတစ်ခုမှာ ရှင်သန်ဖို့ စိတ်ပူစရာမလိုသလို ရွာထဲက ဘယ်သူကမှ သူတို့ကို အနိုင်ကျင့်ရဲမှာမဟုတ်ဘူးလို့ သူ့အားမူကပြောခဲ့သည်။ ကျောက်သုန့်က ယနေ့လိုရက်မျိုးကို စောင့်မျှော်ခဲ့တာကြာခဲ့လေပြီ။ ထိုရွာထဲမှ လူတွေက သူနဲ့မကစားတော့တာကြောင့် သူ အင်မတန်စိတ်ဆိုးခဲ့သည်။

 

“ဖေဖေ…သား ခွန်အားဘယ်လောက်သုံးရမလဲ? ဘိုးဘိုးက အဆင်ပြေပါ့မလား?” ကျောက်သုန့်က ခယဝယလုပ်လိုက်သည်။

 

“အဆင်ပြေတယ်။ ဘိုးဘိုးကျောက်အဆင်ပြတယ်။ ငါ့မြေးက သိတတ်လိုက်တာ။ မင်းလည်း မင်းဦးလေးဆီက သင်ယူရမယ်နော်။” မျက်နှာသာပေးသည့်အနေဖြင့် ဘိုးဘိုးကျောက်က ဝမ်ချွန်းဟွာကို တစ်ချက်ကြည့်ကာ ဘာမှမပြောခဲ့ပေမယ့် တတိယဦးလေးကတော့ သတိပေးခဲ့သည်။ သူက ဤနေ့ရက်ကောင်းကို မပျက်စီးစေချင်ပေ။



“ဟုတ်ကဲ့ပါ.. ဘိုးဘိုး” ကျောက်သုန့်က တုံ့ဆိုင်းစွာဖြေသည်။ သူက စာလုပ်ရမှာ အကြောက်ဆုံးဖြစ်ပြီး စာဖတ်ပြီးလျှင် ခေါင်းကိုက်လာသည်။ သို့ဖြစ်၍ ဘိုးဘိုးကျောက်က သူ့မြေးကို ဘယ်လောက်ချစ်ချစ် သူ့သားငယ်လေးလောက်တော့ မချစ်ပေ။ သူ့အမြင်မှာ ပညာရှင်ဖြစ်လာရုံနဲ့ ဘိုးဘိုးကျောက်၏ မျက်နှာသာပေးမှုကို ရမှာမဟုတ်ပေ။



“ငါ့ယောက်ဖ ဘယ်လောက်တော်လဲကြည့်ပါ။ ဒီလိုကောင်းတဲ့ဘဝက သူ့အတွက်ချည်းပဲမဟုတ်ဘူး။ တချို့လူတွေက ဒီလိုကောင်းချီးကို ခံစားရဖို့ ကံမပါလာဘူးထင်တယ်။ ကောတစ်ယောက်က တခြားသူတွေနဲ့ စီးပွားရေးဆွေးနွေးဖို့ သွားရဲသေးတယ်။ တာဟူသာရှိရင် ဒီလိုအရှက်မရှိတဲ့ကောတစ်ယောက်ကို မောင်းထုတ်ပစ်လိမ့်မယ်။ မဟုတ်ရင် ငါ့ယောက်ဖမျက်နှာပျက်ပြီး သိက္ခာကျလိမ့်မယ်။” ဝမ်ချွန်းဟွာက ပြောလိုက်သည်။ သူ့မျက်နှာပေါ်မှာ ရွံရှာဖွယ်အမူအရာရှိပြီး တခြားတစ်ယောက်က သူပြောတာကို ထောက်ခံလာသောအခါ ဘိုးဘိုးကျောက်က ပိုလို့ပင် မာနကြီးသွားခဲ့သည်။ ယခု သူက ထိုခွေးကောင်ထန်ချွန်းမင်၏ နောင်တရပြီး မနာလိုဖြစ်နေမည့် မျက်နှာကို မြင်ချင်နေသည်။





“ဟင်းဟင်း…သူက ကံဆိုးလာဘ်ပိတ်ကောင်လို့ ငါပြောခဲ့ပါတယ််။ အခုသူထွက်သွားတော့ ကျောက်မိသားစုရဲ့ နေ့ရက်ကောင်းတွေ ရောက်လာတော့တာပဲ။ မဟုတ်ရင် ငါ့တတိယကလေးရဲ့ အနာဂတ်ကို နှောင့်နှေးစေရင် ငါ သူ့ကိုသတ်ပစ်မှာ။” ဘိုးဘိုးကျောက်က ရှုတ်ချသောမျက်နှာဖြင့် ကြမ်းပြင်ကို ခါးခါးသီးသီး တံတွေးထွေးလိုက်လေ၏။



ကျောက်လောင်စန်းက ကန့်လန့်ကာကိုရုတ်ပြီး ဝင်လာခဲ့သည်။ သူက သူ့အားမူ၏အပြုအမူကို တစ်ချက်ကြည့်ကာ မကျေမနပ် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူ့သားဝင်လာတာကိုတွေ့တော့ ဘိုးဘိုးကျောက်က ချက်ချင်းပြုံးပြသည်။ “လောင်စန်း… မင်းအပြင်မှာ ဧည့်သည်မစောင့်တော့ဘူးလား? ငါတစ်ခုခုလုပ်ပေးရမလား?”

 

“အားလုံးကို တောင်းပန်ပါတယ်။ … မြို့ပေါ်က ရှန်းမိသားစုဝင်တစ်ယောက်လည်း ရောက်လာလို့ ရှန်းမိသားစုကို ဧည့်ခံဖို့ ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ။ ဖေဖေ” ကျောက်ဖျင်ချွမ်က ဘိုးဘိုးကျောက်ကို မဖိတ်ခေါ်ခင် ရောက်ရှိနေသူအားလုံးကို ယဥ်ကျေးစွာတောင်းပန်ခဲ့သည်။ သူ့ကိုမြင်ဖူးသူတိုင်းက ကျောက်လောင်စန်း၏ ယဥ်ကျေးသောအပြုအမူအတွက် ချီးမွမ်းကြလိမ့်မည်။ ကျောက်တာဟူကတော့ ကံမကောင်းစွာပဲ တောင်ပေါ်မှာ အသက်ဆုံးရှုံးခဲ့ရသည်။ မဟုတ်လျှင် နောက်ထပ်အနည်းငယ်စောင့်ပြီး သူက သူ့ညီလေး၏ကောင်းချီးကို ခံစားရမှာဖြစ်သည်။ ကျောက်လောင်စန်းကို ထောက်ပံ့ရတာ ခက်ခဲခဲ့သော်လည်း ကျောက်လောင်စန်း စာမေးပွဲအောင်သွားတော့ သူ့ဒုတိယအစ်ကိုကို ဆိုးဆိုးရွားရွား ဆက်ဆံပါ့မလား?



ဘိုးဘိုးကျောက်က ရှန်းမိသားစုလို့ကြားတော့ သူ့မျက်လုံးက ရုတ်ချည်းတောက်ပလာပြီး အားလုံးကလည်း တက်ကြွလာသည်။ ထိုမိသားစုအကြောင်းပြောရလျှင် ဖျင်ရှန်ရွာရှိ လူတိုင်းက သူတို့ဘယ်လောက်တောင် နာမည်ကြီးလဲသိကြသည်။ သူက ရှန်းမိသားစုကို ရေးတေးတေးမှတ်မိသည်။ ဒီအချိန် သူတို့က ကျောက်မိသားစုကို ရောက်လာတာလား? သူတို့က ကျောက်ဖျင်ချွမ်ကို တောက်ပသောမျက်ဝန်းဖြင့် ကြည့်လိုက်သည်။

 



ဘိုးဘိုးကျောက်ကလည်း ထိုသို့တွေးလိုက်သည်။ သူက တတိယကလေး၏ အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး စိတ်ပူနေပေမယ့် တတိယကလေးနှင့် တတိယဦးလေးနှစ်​​ယောက်လုံးက ဆုံးဖြတ်ချက်မချခင် အင်ပါယာစာမေးပွဲအောင်စာရင်းထွက်သည်အထိ စောင့်ဖို့ပြောခဲ့သည်။ သူ ပညာရှင်အဖြစ် ရွေးချယ်ခံရလျှင် အဆင့်အတန်းမြင့်သော လက်တွဲဖော်ကို ရှာနိုင်မှာဖြစ်ပြီး သူမအောင်ခဲ့ရင်လည်း အဆင့်အတန်းတူသည့် တစ်ယောက်ကိုရလိမ့်မည်။ ယခု တတိယသားက ပညာရှင်ဘွဲ့ရလာတော့ ဘိုးဘိုးကျောက်က ပညာရှင်၏ဖခင်ဖြစ်သွားပြီး ထိုလူအတွက် လိုအပ်ချက်က မြင့်မားလာခဲ့သည်။ သာမန်မိသားစုက သူ့အတွက်ရိုးရှင်းလွန်းသည်။ သူက တတိယသားအတွက် ဝမ်ချွန်းဟွာလို သာမန်ကောလေးမရှာချင်ပေ။ သူက စန်းအာနှင့် အဆင့်တူသည့် လူချမ်းသာမိသားစုမှ တစ်​ယောက်ကိုသာ ရွေးချယ်မည်။



ရှန်းမိသားစုက မြေရှင်ကြီးတစ်ဦးဖြစ်ပြီး သူတို့က မြေသြဇာကောင်းသော မြေရာကျော်နှင့် ဆိုင်များစွာကို ပိုင်ဆိုင်ထားသည်။ သူတို့ကောက ကျောက်မိသားစုမှာ လက်ထပ်လိုက်လျှင် သူ ခန်းဝင်ပစ္စည်းအများကြီးရလိမ့်မည်။ ထိုသို့ဖြင့် ထိုပစ္စည်းအားလုံးက တတိယကလေး၏အပိုင်ဖြစ်သွားလျှင် တတိယသားက သူ့ကိုပြန်စောင့်ရှောက်မှာမို့ သူ တစ်ဘဝလုံး သက်တောင့်သက်သာနေလို့ရလေပြီ။



ကျောက်မိသားစုတံခါးဝတွင် ရထားလုံးတစ်စီးရပ်သွားပြီး လီကျန့်နဲ့ တတိယဦးလေးက ရထားလုံးပေါ်မှဆင်းလာသော လူလတ်ပိုင်းစုံတွဲကို ထွက်နှုတ်ဆက်ခဲ့သည်။ လူလတ်ပိုင်းအမျိုးသားက သူတို့ကို နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့သည်။ “ပညာရှင်တစ်ယောက်ကို မွေးထုတ်ပေးလို့ ကျောက်မိသားစုကို ဂုဏ်ပြုပါတယ်။ ပညာရှင်က ဘယ်မှာလဲ? ဘာလို့တစ်ယောက်မှမရှိတာလဲ?”





“ရှန်းသခင်ကြီး အထဲမြန်မြန်ဝင်ခဲ့ပါ။ ထူးထူးခြားခြားဧည့်သည်တွေလာတာကို ဖျင်ချွမ်ကြားတော့ သူက ဧည့်ခံပေးဖို့ ဘိုးဘိုးကျောက်ကို သွားခေါ်လို့ပါ။ ကြည့်… သူလာနေပြီ။” တတိယဦးလေးက စကားပြောကောင်းသူဖြစ်၏။ သူက တစ်နေကုန်ရယ်မောနေပြီး ပါးစပ်တောင်မစေ့နိုင်ပေ။ ယခု ရှန်းသခင်ကြီးနဲ့ ရှန်းဖူလန်၏ ကိုယ်တိုင်ရောက်ရှိလာမှုက ကျောက်မိသားစုကို ဂုဏ်သတင်းကို မွှေးစေမှာသေချာသည်။ ကောင်းတဲ့အရာတွေ ဆက်တိုက်ဖြစ်လာရင်တော့ အကောင်းဆုံးပင်။ 



လီကျန့်က ခေါင်းခါလိုက်ပြီး ကျောက်မိသားစု၏ ဂုဏ်ကျက်သရေကို တိတ်တိတ်လေး အားကျနေပေမယ့် သူက ကျောက်မိသားစုလိုတော့ မဖြစ်ချင်ပေ။ သူ့သားနှစ်​ယောက်လည်း စာမေးပွဲအောင်ဖို့​ မျှော်လင့်သည်။ သုံးနှစ်အတွင်းမှာ သူလည်း လူတိုင်း၏မနာလိုအားကျမှုကို ခံစားခွင့်ရချင်သည်။ သူ့သားနှစ်ယောက်အတွက် သူ့ဆရာ၏အကဲဖြတ်စကားများကို စဥ်းစားလိုက်သောအခါ လီကျန့်က သူ့ရင်ဘတ်ကို အမြန်ဖိလိုက်ရသည်။