အပိုင်း ၄၁
Viewers 15k

Chapter 41


"ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်၏ ဇာတ်ဝင်တေးတွင် ကလေးတစ်ဦးချင်းစီ၏ စာသားများမှာ သီးသန့်ဖြစ်ပြီး ကျန်စာသားများမှာ သံပြိုင်အပိုဒ်များဖြစ်သည်။


သီချင်းများကို အသံသွင်းရသော ကြာချိန်မှာ မနက်ကိုးနာရီမှ နေ့လည်သုံးနာရီအထိ ကြာမြင့်သည်။ ထို့နောက် အသံသွင်းခြင်းပြီးဆုံးသွားခဲ့သည်။


"ရှောင်ထန်း ဒီနေ့တော့ ကလေးတွေကို ငါတို့အိမ်ခေါ်သွားကြရအောင်"။ လုယွင်ကျီက ပြုံးရင်းပြောလိုက်သည်။


ထန်းကျူတစ်ယောက် တစ်ခဏမျှတုံ့ဆိုင်းသွားပြီး သူနားနေခန်းတွင်ကြားခဲ့ရသော စကားများကိုစဥ်းစားရင်း ခေါင်းညိမ့်ပြကာ အသံသွင်းရုံ၏ ဝင်ထွက်ခွင့် သော့ကတ်ကို ကုဆွေ့ဆွေ့အား ကမ်းပေးလိုက်သည်။ ထို့နောက် ဆွေ့ဆွေ့ကို လှမ်းပြောလိုက်သည်။ "ဆွေ့ဆွေ့ ဒါဆိုရင် ဒေါ်လေးရှောင်ထန်းက သမီးကိုလိုက်မပို့တော့ဘူးနော်....နောက်မှ သမီးရဲ့မေမေကို ဖုန်းခေါ်ပြီး ပြောပြလိုက်တော့မယ်"။


အခြားတစ်ယောက်သာဆိုလျှင် ထန်းကျူသေချာပေါက် သဘောတူလိမ့်မည်မဟုတ်ပေ။ ကလေးကိုလည်း စိတ်ချလက်ချ အပ်ရဲမည်မဟုတ်။


သို့သော် ယခုမှာ လုဒါနှင့်ခဲ့ကျင်းယန်တို့၏ ကိုယ်စားလှယ်ဖြစ်သည်။ လုဒါက ဆွေ့ဆွေ့ကို သူ(မ)လက်အောက်တွင် အနုပညာရှင်တစ်ယောက်အဖြစ် လေ့ကျင့်သင်ကြားပေးလိုသော သူတစ်ယောက်ဖြစ်သည်။ ခဲ့ကျင်းယန်ကလည်း ဆွေ့ဆွေ့နှင့်ရသစုံရှိုးတစ်ခုတည်းတွင် အတူရိုက်ကူးခဲ့ဖူးသူဖြစ်သည်။ ထိုသို့သောသူနှစ်ယောက်၏ ကိုယ်စားလှယ်ကို သူ(မ)အနေဖြင့် စိုးရိမ်စရာရှိလိမ့်မည်မဟုတ်ပေ။


နာမည်ကြီးကြယ်ပွင့် ခဲ့ကျင်းယန်၏ ကလေးများစီးရန်လွှတ်ပေးလိုက်သောကားမှာ ရိုက်ကူးရေးဝန်ထမ်းများက စီစဥ်ပေးလိုက်သောကားထက်ပင် တန်ဖိုးကြီးသည်။


ကုဆွေ့ဆွေ့က ကားအတွင်းထဲရှိ အပြင်အဆင်များကို စူးစမ်းစွာ ကြည့်လိုက်သည်။ ဘယ်ပြန်ညာပြန်ကြည့်နေသော ကလေးငယ်လေးက အလွန်ချစ်စရာကောင်းလှသည်။


ခဲ့ကျင်းယန်ကြောင့် မှင်တက်နေရသော လုယွင်ကျီတစ်ယောက် သူ့ဘေးတွင်ရှိနေသော အပြစ်ကင်းသည့်ကလေးမလေးကိုကြည့်ရင်း ကလေးကိုပြန်ပေးဆွဲသည့် လူစိမ်းဦးလေးကြီးတစ်ယောက်ကဲ့သို့ သူ့စိတ်ထဲတွင်ခံစားလာရသည်။


လုယွင်ကျီ ထိုထူးဆန်းသောအတွေးများကို စိတ်ထဲမှထုတ်ပစ်လိုက်သည်။ အသာလေးချောင်း


ဟန့်ကာ မဖွင့်ရသေးသောအသစ်စက်စက် ဓာတ်ဆားရေဘူးကို ကားထဲမှယူလိုက်သည်။ ထို့နောက် ရေဘူးအဖုံးကိုဖွင့်ကာ ကမ်းပေးလိုက်ရင်း နွေးထွေးစွာပြောလိုက်သည်။ "ဆွေ့ဆွေ့.....ဒီနေ့သီချင်းအသံသွင်းတဲ့နေရာမှာ သမီးကြိုးကြိုးစားစားလုပ်ခဲ့တယ်.....ရေလေးသောက်လိုက်ပါဦး"။


ကုဆွေ့ဆွေ့က ရေတစ်ငုံသောက်လိုက်ရင်း "အမ်း" ဟုနာခံစွာဖြင့် ပြန်ပြောလာသည်။


တစ်ဖက်တွင် ခဲ့ကျင်းယန်က အတော်ကြာကြာစောင့်နေရသည်။ တစ်စုံတစ်ယောက်ကသူ့အားရေဘူးကမ်းပေးလာသောအခါ မနေနိုင်ပဲ ဖွင့်သောက်လိုက်သည်။ ခပ်များများတစ်ငုံခန့်သောက်လိုက်ပြီး ရေဘူးအဖုံးပြန်ပိတ်ကာ မအီမသာဖြစ်နေသော လေသံဖြင့်ပြောလာသည်။ "ဗိုက်ဆာလိုက်တာ"။


ခဲ့ကျင်းယန်တစ်ယောက် သစ်သီးရုပ်သံ ကန်တင်းရှိ အစားအသောက်များကိုအသားမကျသေးပေ။ ထို့အပြင် သူက သီချင်းအသံမသွင်းမီတွင် အစားများများစားလေ့ရှိသူမဟုတ်ပေ။ ထို့ကြောင့်ယနေ့နေ့လည်စာကိုလည်း နှစ်ကိုက်မျှသာစားပြီး ထပ်မထိတော့ချေ။


လုယွင်ကျီက ခဲ့ကျင်းဟန်ကို အာရုံမစိုက်လိုတော့ပဲ ဂရုမစိုက်ဟန်ဖြင့်ပြောလာသည်။ "ရုပ်သံဝန်ထမ်းက မင်းကိုဒီနေ့နေ့လည်စာမကျွေးဘူးလား.....ဘယ်သူကမင်းကိုမစားနဲ့လို့ပြောလို့လဲ"။


အစားအသောက်အကြောင်းဆွေးနွေးနေကြသည်ကို ကုဆွေ့ဆွေ့ ကြားလိုက်သောအခါ ခေါင်းညွှတ်ပြီး ဗိုက်လေးကိုပွတ်သပ်ကာ လျှာထုတ်ရင်း ရှက်ကိုးရှက်ကန်းဖြင့်ပြောလိုက်သည်။ "ဦးဦးလု....သမီးလည်းဗိုက်နည်းနည်းဆာတယ်"။


လုယွင်ကျီတစ်ယောက် ခဲ့ကျင်းယန်အားတစ်ချက်လောက် ထုရိုက်ချင်စိတ်ကိုထိန်းလိုက်ပြီး သူ့ဘေးရှိကလေးမလေးက နေ့လည်စာမစားရသေးသည်ကို သတိရသွားသည်။ အသံသက်ရောက်မှုကို သေချာစေရန် အသံသွင်းစတူဒီယိုထဲတွင် လေအေးပေးစက်မရှိပေ။ ယနေ့ရာသီဥတုက အလွန်ပူသည်။ စတူဒီယိုထဲတွင် ကလေးများအချိန်အကြာကြီးရှိနေပါက အစာစားချင်စိတ်ပျောက်သွားမည်ဖြစ်သည်။ 


လုယွင်ကျီ ကလေးမလေး၏ ခေါင်းကိုညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။ "ရပါတယ်....


သမီးဗိုက်ဆာရင် ဦးကသမီးကိုအရသာရှိတာတွေကျွေးဖို့ခေါ်သွားပေးမယ်....ဒီတစ်ဝိုက်မှာ မကြာခင်ကမှ စားသောက်ဆိုင်အသစ်ဖွင့်ထားတယ်....အရသာလေးကလည်းမဆိုးဘူး....ကလေးတွေအတွက်သင့်တော်တယ်....အခုဦးက သမီးကိုအဲ့ဆိုင်ဆီခေါ်သွားမယ်....


စားသောက်ပြီးရင် အိမ်ပြန်ပို့ပေးမယ်"။


လုယွင်ကျီက သူ(မ)အား အစားအသောက်လိုက်ကျွေးမည်ဟုပြောသောအခါ ကုဆွေ့ဆွေ့ပျော်သွားပြီး ပြန်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်.....ဦးဦးလု"။


ခဲ့ကျင်းယန်: "ဟေး...ဟေး...ငါဗိုက်ဆာတယ်ပြောတုန်းကလည်း ကိုယ်စားလှယ်ကြီးကလုံးဝဂရုမစိုက်ဘူးနော်.....ကုဆွေ့ဆွေ့ဆိုတဲ့ကလေးမလေး ဗိုက်ဆာတယ်လည်းပြောရော ချက်ချင်းကို အရသာရှိတာလိုက်ကျွေးမယ်ဆိုပြီး ဖြစ်သွားရော"။


"စာချုပ်လည်းလက်မှတ်မထိုးရသေးဘူးဆိုတော့ အဲ့ကလေးက အခုထိ သူ့လက်အောက်ကိုမရောက်သေးပဲနဲ့.....ဆက်ဆံပုံက အခုတည်းက သိသိသာသာကွာခြားနေပြီ"။


ခဲ့ကျင်းယန်တစ်ယောက် စိတ်ထဲတွင် မည်သို့ပင်မကျေမနပ်ပြောနေသော်ငြားလည်း နေ့လည်စာ အလကားဂုန်းဆင်းရန် အခွင့်ကောင်းယူလိုက်သေးသည်။ 


လုယွင်ကျီအနေနှင့် ကလေးတစ်ယောက်ကိုအလိုလိုက်ပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ မိသားစုအခြေအနေအရှုပ်အထွေးကြောင့် ကလေးများကိုသူမချစ်တတ်ခဲ့ပေ။


"ဆွေ့ဆွေ့.....သမီးသရုပ်ဆောင်တစ်ယောက်ဖြစ်ရတာကို သဘောကျလား"။.


"ဟုတ်....သဘောကျပါတယ်"


"အဲဒါဆိုရင် ဘာကြောင့်သဘောကျတာလဲ"။


"ဟမ်....ဘာလို့လည်းဆိုတော့ သရုပ်ဆောင်ဖြစ်ရင် ဝတ်စုံလှလှလေးတွေနေ့တိုင်းဝတ်ရသလို...ကိုကို မမလှလှတွေနဲ့နေ့တိုင်းရိုက်ကူးရေးလုပ်ရတယ်လေ"။ အစ်မထောင်ယောင်လိုပေါ့။


ကုဆွေ့ဆွေ့ သူ(မ)၏အစ်မနှစ်ယောက်ကို မလွှဲမရှောင်သာပဲ တွေးမိသွားသည်။ သူ(မ)ပုံစံမပြောင်းခင်အထိ သူတို့နှင့်အတူနေခဲ့ခြင်းဖြစ်သည်။ အစ်မနှစ်ဦးနှင့် မည်သည့်အချိန်မှပြန်လည်တွေ့ဆုံနိုင်မည်မှန်း သူ(မ)မသိချေ။


ကလေးငယ်လေး၏ အပြစ်ကင်းစင်သည့်အဖြေကိုကြားလိုက်ရသောအခါ လုယွင်ကျီမနေနိုင်ပဲ ပြုံးမိသွားသည်။ 


ချင်းဖျော်ဖြေရေးက ဤကဲ့သို့သောအရွယ်ငယ်ငယ် ကလေးသရုပ်ဆောင်များနှင့် စာချုပ်ချုပ်သည်မှာ ရှားလွန်းလှသည်။ အထက်တန်းကျောင်းသူအရွယ်များနှင့်ပင် စာချုပ်မချုပ်လိုပေ။ ကုဆွေ့ဆွေ့က မူလတန်းအရွယ်ပင် မရောက်သေးချေ။ လေ့ကျင့်ရန် အနည်းဆုံးဆယ်နှစ်ခန့်ကြာမည်ဖြစ်သည်။ နောက်ပိုင်းတွင် သူ(မ)ကို အခြားကုမ္ပဏီများက လုယူသွားနိုင်ခြေရှိသေးသည်။ ပေးဆပ်ရသည်နှင့်မတန်သော ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်သည်။


သို့သော် လုယွင်ကျီက ကုဆွေ့ဆွေ့နှင့် စာချုပ်ချုပ်လိုသည်။ ပထမအချက်မှာ ထိုကလေးမလေးက အရည်အချင်းရှိပြီး အနုပညာလုပ်ငန်းအတွက် သင့်တော်မည်ဟုသူထင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ ကလေးမလေးက သူနှင့်ဆက်ဆံရေးကောင်းသောကြောင့်ဖြစ်သည်။


ခဲ့ကျင်းယန်က မျက်စောင်းထိုးတွင်ထိုင်ကာ သူတို့အားကြည့်နေသည်။ နှစ်ဦးသားက အလွန်အဆင်ပြေနေကြဟန်ရှိသည်။ သူစိတ်မသက်မသာမဖြစ်သင့်မှန်း သိပါသည်။ ကိုယ်စားလှယ်ကြီးက သူ့ကိုပစ်ပြီး တက်သစ်စလေးကို ပျိုးထောင်ချင်လည်း ကိစ္စမရှိပေ။ ဆွေ့ဆွေ့က အခြားသူများနှင့် စကားဖောင်ဖွဲ့နေသောကြောင့် သူစိတ်မကြည်မသာဖြစ်မိခြင်းဖြစ်သည်။ 


တစ်ဖက်တွင်လည်း စာချုပ်ကိစ္စအတွက်ကလေးမလေး၏ မိခင်ဖြစ်သူ ဖုန်းယောက်ချင်းနှင့်စကားပြောရန် လုယွင်ကျီစီစဥ်နေသည်။ သူတို့ နှစ်ဦး ကောင်းကောင်းဆွေးနွေးနိုင်ရန် ကုမ္ပဏီတွင် အချိန်းအချက်လုပ်ထားရပေမည်။


ချင်းဖျော်ဖြေရေးက သူ(မ)၏သမီးနှင့် စာချုပ်ချုပ်လိုသည်ဟု ဖုန်းယောက်ချင်းသိလိုက်ရသောအခါ ကြောင်အသွားမိသည်။ 


ကုမ္ပဏီကြီးတစ်ခုနှင့်စာချုပ်ချုပ်ခြင်းက အရေးကြီးသောကိစ္စတစ်ခုဖြစ်သည်။ ကချွတ်ကချော်လုပ်၍မဖြစ်ပေ။ ဖုန်းယောက်ချင်းက စာပေများများစားစားမလေ့လာဖူးသော်လည်း အသိတရားတော့ရှိပါသည်။ တစ်ဖက်ကုမ္ပဏီနှင့် ချက်ချင်းတွေ့ပြီး စာချုပ်ချုပ်လိုက်ရန် သူ(မ)သဘောမတူသေးချေ။ သူ(မ)စဥ်းစားဦးမည်ဖြစ်ပြီး ရက်အနည်းငယ်အတွင်း အကြောင်းပြန်မည်ဟုသာ ပြန်ပြောလိုက်သည်။


ဖုန်းချပြီးနောက် ဖုန်းယောက်ချင်းတစ်ယောက် ချင်းဖျော်ဖြေရေးကုမ္ပဏီအကြောင်းကို ရှာဖွေမွှေနှောက်တော့သည်။ 


ရှာကြည့်လိုက်သောအခါ ချင်းဖျော်ဖေရေးကုမ္ပဏီက အလွန်အင်အားကြီးကြောင်းသိလိုက်ရသည်။ ချင်းဖျော်ဖြေရေးက ထျန်းဟောင်ဖျော်ဖြေရေးကဲ့သို့သော ကုမ္ပဏီကြီးများထက် နောက်ကျမှတည်ထောင်ခဲ့သော်လည်း နှစ်အနည်းငယ်အတွင်း နာမည်ကြီးအနုပညာရှင်အတော်များများကို မွေးထုတ်ပေးနိုင်ခဲ့သည်။ သူ(မ)သမီးနှင့်ရသစုံရှိုးအတူ တွဲရိုက်ခဲ့သော အကျော်အမော်သရုပ်ဆောင်အဆိုတော် ခဲ့ကျင်းယန်ပင်လျှင် ချင်းဖျော်ဖြေရေးလက်အောက်ရှိ အနုပညာရှင်တစ်ဦးဖြစ်သည်။


ထို့အပြင် ချင်းဖျော်ဖြေရေးက မြို့တော်၏ စီးပွားရေးအင်အားအတောင့်တင်းဆုံးများထဲမှတစ်ခုဖြစ်သော ချင်းအုပ်စု၏ အခွဲတစ်ခုဖြစ်သည်။


ထိုကဲ့သို့သော ချမ်းသာသည့် ကုမ္ပဏီတစ်ခုက သူ(မ)သမီးနှင့် စာချုပ်ချုပ်ရန် ဦးစွာကမ်းလှမ်းခဲ့သည်တဲ့လား။


အစပိုင်းတွင် တစ်ဖက်လူကို လူလိမ်တစ်ဦးဟု ဖုန်းယောက်ချင်းထင်ခဲ့မိသည်။ သို့သော် ထိုပုဂ္ဂိုလ်ကို သူ(မ)နှင့်စာချုပ်ကိစ္စညှိနှိုင်းရန် ချင်းဖျော်ဖြေရေးကုမ္ပဏီသို့ တိုက်ရိုက်လာခိုင်းခဲ့သည်။ ယုံကြည်ချက်အပြည့်ရှိနေသူဖြစ်၍ မည်သို့ပင်ဆိုစေ လူလိမ်လူညာတစ်ယောက်မဖြစ်နိုင်ပေ။


ဖုန်းခေါ်လာချိန်တွင် ဖုန်းယောက်ချင်းအနည်းငယ်စိတ်လှုပ်ရှားမိသလို ချင်းဖျော်ဖြေရေး၏ နောက်ခံအင်အားကို သိလိုက်ရသောအခါ ပို၍ပင် စိတ်လှုပ်ရှားလာမိသည်။


ဆွေ့ဆွေ့သာ ချင်းဖျော်ဖြေရေးနှင့်စာချုပ်ချုပ်လိုက်လျှင် အနာဂတ်တွင် ရုပ်ရှင်ရိုက်ကူးရေးအတွက် စိတ်ပူစရာလိုတော့မည်မဟုတ်ချေ။


သူ(မ)သမီးအား တာဝန်ယူစောင့်ရှောက်ပေးရန် အကောင်ကြီးကြီးကိုမှီခိုရမည်မှန်း ဖုန်းယောက်ချင်းသိသည်။ အနုပညာလောကထဲမှမဟုတ်ပဲ အပြင်လူတစ်ယောက်သာသာဖြစ်သော တာဝန်ယူကြီးကြပ်နေလျှင် ဆွေ့ဆွေ့လေး၏ တက်လမ်းအတွက် မသေချာမရေရာနိုင်ပေ။


ဤနှစ်ထဲတွင် ဆွေ့ဆွေ့က ရုပ်ရှင်ကားကြီးနှစ်ကားနှင့် ရသစုံအစီအစဥ်တစ်ခု ရိုက်ကူးခဲ့ရသည်မှာ ကံကောင်း၍သာဖြစ်သည်။ နောက်ခံအင်အားနှင့်ငွေအင်အားသာမရှိလျှင် လူရွေးပွဲဝင်ပြိုင်ခွင့်ပင်ရလိုက်မည်မဟုတ်။


ဥပမာပြောရမည်ဆိုလျှင် လွန်ခဲ့သောအခေါက်က ဇာတ်လမ်းတွဲတစ်ခု၏ အမျိုးသမီးဇာတ်ပို့နေရာအတွက် ဆွေ့ဆွေ့လူရွေးပွဲဝင်ပြိုင်ခဲ့သည်။ လူရွေးပွဲမကျင်းပခင်တည်းကပင် ထိုဇာတ်ကောင်နေရာအတွက် တစ်စုံတစ်ယောက်က ရင်းနှီးမြှုပ်နှံသူနှင့်ပင်းထားပြီးဖြစ်သည်။ အသိပေးခြင်းတစ်စုံတစ်ခုမှမရှိသောကြောင့် သူ(မ)တို့လည်း မသိခဲ့ရပေ။ နောက်ပိုင်းစုံစမ်းကြည့်သောအခါမှ သိလာခဲ့ရသည်။


ဖုန်းယောက်ချင်းအနေဖြင့် အနည်းငယ်အပင်ပန်းခံလိုက်ရလျှင်လည်း ကိစ္စမရှိပေ။ သို့သော် ထိုအခြေအနေကဲ့သို့ထပ်မဖြစ်လိုတော့ပေ။ သူ(မ)သမီးလေးကို အနုပညာလမ်းကြောင်းတွင် 


အပူအပင်ကင်းကင်းနှင့် ချောချောမွေ့မွေ့လျှောက်လှမ်းသွားစေလိုသည်။


လွန်ခဲ့သောအချိန်များတွင် သူ(မ)တို့သားအမိနှစ်ဦး၏ အခြေအနေက သိပ်မကောင်းခဲ့ချေ။ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲလုံးပန်းခဲ့ရသည်။ သူ(မ)သမီးလေးကို ရွှေပေါ်မြတင်ပြီးမထားနိုင်ခဲ့ချေ။ ယခုတွင်မူ သူ(မ)သမီးလေး ကင်မရာမီးရောင်စုံအောက်တွင် တစ်ကိုယ်တော်တောက်ပနေနိုင်ရန်အတွက် အခွင့်အရေးကောင်းကို သူ(မ)ရှာတွေ့ခဲ့ပြီ။ သမီးလေးအတွက် လှပသောအနာဂတ်ကို ရှာဖွေပေးရန် သူ(မ)တုံ့ဆိုင်းမနေသင့်ပေ။


ချင်းဖျော်ဖြေရေးက ကမ်းလှမ်းလာသော အခွင့်အရေးကို အမိအရယူရန် ဖုန်းယောက်ချင်း တိတ်တဆိတ်စိတ်ပိုင်းဖြတ်လိုက်သည်။


စာချုပ်ကိစ္စအတွက် ဤနှစ်ရက်အတွင်းတွင် သက်ဆိုင်ရာအချက်အလက်များကို ပိုမိုရှာဖွေပြီး အခွင့်အရေးများများတောင်းဆိုနိုင်ရန် လုံးပန်းရမည်ဖြစ်သည်။ ထိုမှသာလျှင် တစ်ပါးသူ၏ လှည့်စားခြင်းကို မခံရပေမည်။


ထိုစဥ်တွင် ဖုန်းမြည်လာသည်။


ဆိုဖာပေါ်တွင် ရသစုံရှိုးကိုအသည်းအသန် ကြည့်နေသော ကုဆွေ့ဆွေ့တစ်ယောက် ဖုန်းသံကိုကြားလိုက်ရသည်။ ဖုန်းမျက်နှာပြင် ရုတ်တရက်လင်းလာသည်ကိုမြင်သောအခါ သူ(မ)၏အမေကိုအော်ခေါ်လိုက်သည်။ "မေမေ....ဖုန်းဝင်လာတယ်"။


မီးဖိုချောင်ထဲတွင် ထုပ်ပိုးနေသော ဖုန်းယောက်ချင်းက ပြန်မေးလာသည်။ "ဆွေ့ဆွေ့ရေ....ဘယ်သူခေါ်နေတာတဲ့လဲ"။


ကုဆွေ့ဆွေ့က ဆိုဖာပေါ်မှပြေးဆင်းသွားပြီး ဖုန်းကိုညွှတ်ကြည့်ကာ ပြန်ပြောလိုက်သည်။ "ဟင့်အင်း....ဒီတိုင်းဖုန်းနံပါတ်စိမ်းတစ်ခုပဲ"။


"အဲဒါဆိုရင် မေမေ့အစား သမီးကကိုင်ပေးပါဦး"။


ကုဆွေ့ဆွေ့က ဖုန်းကိုဖြည်းညင်းစွာကိုင်လိုက်ကာ ညင်သာသောအသံလေးဖြင့်ပြောလိုက်သည်။ "ဘယ်သူ့ကိုရှာနေတာပါလဲ"။


သို့သော် တစ်ဖက်ကပြန်မဖြေလာပေ။


ကုဆွေ့ဆွေ့တစ်ယောက် တစ်ဖက်မှပြန်ဖြေသံကိုစောင့်ကာ ထပ်မေးလိုက်သော်လည်း အသံတစ်သံပင်မထွက်လာသေးပေ။


"မေမေရေ....ဖုန်းကိုင်လိုက်တာတောင် ဘယ်သူမှပြန်မဖြေလာဘူး"။


"ဆွေ့ဆွေ့....အဲ့လိုဆိုရင် ဖုန်းချလိုက်တော့....အလကား အနှောင့်အယှက်ပေးချင်လို့ဖြစ်မယ်"။


ကုဆွေ့ဆွေ့က "အွန်း" ဟုသာပြန်ဖြေလိုက်ပြီး ဖုန်းမျက်နှာပြင်ထက်ရှိ အနီရောင်ခလုတ်လေးကိုနှိပ်ကာ ဖုန်းချလိုက်သည်။


ဖုန်းခေါ်ပြီး အသံမပေးသည်မှာ ထူးဆန်းပါပေ့။


ကုဆွေ့ဆွေ့က တစ်ခဏမျှငေးကြောင်နေပြီးနောက် တီဗွီထက်ရှိ လှပသောမိန်းမငယ်လေးက သူ(မ)၏အာရုံကိုဖမ်းစားသွားကာ ဖုန်းကိစ္စအကြောင်းမေ့သွားခဲ့သည်။


ဖုန်းယောက်ချင်းက မီးဖိုခန်းကို သန့်ရှင်းရေးလုပ်ပြီး သူ(မ)သမီးအတွက် ပန်းသီးကိုဆေးကာ လှီးပြီး ယူလာပေးသည်။ ဆွေ့ဆွေ့ကို ပန်းသီးတစ်စိတ်ကျွေးလိုက်ပြီးနောက် ဖုန်းကောက်ကိုင်ကာ တစ်ချက်ကြည့်လိုက်သည်။ 


သူ(မ)ကိုခေါ်ဆိုထားသည်မှာ မရင်းနှီးသော နံပါတ်စိမ်းတစ်ခုဖြစ်ကြောင်းတွေ့လိုက်ရသည်။


ဖုန်းယောက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုဖုန်းနံပါတ်က ဆွေ့ဆွေ့ရုပ်ရှင်နှင့်ရသစုံရှိုးများရိုက်ကူးနေစဥ်တွင်လည်း သူ(မ)ကိုခေါ်ဆိုခဲ့ဖူးသည်။ လတိုင်းလိုလို ဗြုတ်စဗျင်းတောင်း မက်ဆေ့ချ်များလည်း ပို့လာတတ်သေးသည်။


ဖုန်းယောက်ချင်းက တစ်ခဏမျှစဥ်းစားလိုက်ပြီး 


အသုံးမဝင်တော့သော ဖုန်းကတ်ကို လွှင့်ပစ်လိုက်ရန် တွေးမိသွားသည်။


Xxxxxxxx