Chapter 5
Viewers 111

အခန်း ()

အလှပြင်ဆိုင်တစ်ခုတွင် ဆိုင်ဝန်ထမ်းများသည် ရှုယန်ယန်အား မျက်နှာပေါင်းတင်သည့် Mak များ ပါဝင်သည့်သေတ္တာနှစ်လုံးကို စိတ်အားထက်သန်စွာဖြင့် လက်ဆောင်ပေးလိုက်သည်။

 

"နောက်တစ်ခေါက် ထပ်လာခဲ့ပါဦးနော်

 

ရှုယန်ယန်သည် ကျေနပ်စွာဖြင့် အလှကုန်ပစ္စည်းများကို လက်ခံလိုက်သည်။ အလှအပဆိုင်ရာ ဆေးဝါးကုသမှုများပြုလုပ်ပြီးနောက် သူမ၏အသားအရေသည် စိုပြေနုပျိုလာပြီး ကင်မရာရှေ့ထွက်ရန်အတွက် အကောင်းဆုံးအခြေအနေဖြစ်နေသည်။ သူမသည် လေ့ကျင့်ခန်းလုပ်ရင်းဖြင့် ညာဘက်ခြေထောက်နာကျင်နေသည်ဟု Webo တွင် ပို့စ်တင်ထားပြီး အတူခရီးသွားကြစို့ ရသစုံရှိုးမှ တစ်ပတ်ကြာ နားနေရမည်ဟု ကြေညာထားသည်မှာ ဝမ်းနည်းစရာပင်ဖြစ်သည်။

 

 ခြေထောက်နာသည်ဟူသော အကြောင်းပြချက်ကြောင့် ရှုယန်ယန်သည် တစ်ပတ်လုံး အလုပ်မလုပ်နိုင်ချေ။

 

ထိုကဲ့သို့သော ကောင်းမွန်လှသည့် Beauty Treatment ဝန်ဆောင်မှုမျိုးကို ခံယူပြီးနောက်တွင် ရှုယန်ယန်အတွက် အမှန်တကယ်ပင် ရှက်စရာ ကောင်းသည်ဟု ခံစားနေရသည်။

 

သူမ၏စိတ်အား ပို၍ဆိုးရွားစေသည်မှာ ယန်ရှီကြောင့်ပင်ဖြစ်သည်။ ထိုနေ့တွင် ယန်ရှီသည် သူမ၏လုပ်ရပ်များကို သိသိသာသာပင် အနှောင့်အယှက်ပေးခဲ့သည်။ ယန်ရှီသာမရှိပါက သူမအနေဖြင့် ဘီအဆင့်ရှိသည့် မိကျောင်းသားရေဖြင့် ပြုလုပ်ထားသည့်အိတ်လေးကို ရရှိမည်ဖြစ်သည်။

 

သို့သော် ကျုံချင်းယွီသည် အမြဲတမ်းဆိုသလို ယန်ရှီဘက်မှ ရပ်တည်နေသကဲ့သို့ ထင်ရသည်။ အမြဲတမ်းပင် သူမကိုသာ ကာကွယ်နေသည်။

 

သူမနှင့် ကျုံချင်းယွီတို့သည် အမှန်တကယ်တွင် မိတ်ဆွေများမဟုတ်သည်ကို  ရှုယန်ယန်သိထားသည်။ အများဆုံးအားဖြင့် သူမသည် ကျုံချင်းယွီ၏ အစေအပါးတစ်ဦးသာဖြစ်သည်။ ရှုယန်ယန်သည် ကျုံချင်းယွီနှင့် ပိုမိုနီးစပ်လိုသော်လည်း ကျုံချင်းယွီ၏ အေးစက်ပြီး စူးရှသည့်အကြည့်များဟာ သူမအား စိတ်မသက်မသာခံစားရစေသည်။

 

ကံကောင်းထောက်မ,စွာပင် အက်စ်အဆင့်ရှိသည့် အချိန်အကြာကြီးပြသသည့် ရှိုးပွဲတစ်ခုတွင် ဧည့်သည်တစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့သည်။ ထို့အပြင် ယခင်က ရရှိခဲ့သော ခရီးသွားလမ်းညွှန်စရိတ်လည်း ကျန်နေသေးသည်။ ရှုယန်ယန်၏စိတ်ထဲတွင် သူမ အမှန်တကယ်ဆုံးရှုံးနေသည်မဟုတ်ဟု ခံစားရသည်။

 

သို့သော်ငါးဆားနူဘဝ" ရသစုံရှိုးသည် နောက်ထပ်နှစ်ပတ်အကြာမှသာ ရိုက်ကူးမည်ဖြစ်ပြီး ရှုယန်ယန်သည် ထိုအချိန်တွင် သူမ၏ အနေအထားကို အကောင်းဆုံးဖြစ်စေလိုသည်။ ယနေ့တွင်  Beauty Treatment ခံယူခဲ့ခြင်း၏ အကျိုးသက်ရောက်မှုများသည် ထိုအထိကြာရှည်မည်မဟုတ်ပေ။ 

 

သူမ ဆိုင်တံခါးမှထွက်ခါနီးအချိန်တွင် ရှုယန်ယန်၏မျက်လုံးများ အတွေးတစ်ခုဖြင့် လင်းလက်လာခဲ့သည်။ သူမသည် ကျုံချင်းယွီထံ WeChat မက်ဆေ့ခ်ျပို့ကာ ညနေပိုင်းတွင် အလုပ်ရှိသည်ဟု ပြော၍ မန်နေဂျာကိုခေါ်ယူလိုက်သည်။ 

 

"ကျွန်မက အစ်မကျုံရဲ့ မိတ်ဆွေပါ သူ့ရဲ့ အသင်းဝင်ကတ်ပြားပျောက်နေတာနဲ့ နောက်တစ်ခါလာရင် အဆင်ပြေအောင် အစားထိုးလာယူဖို့ ပြောလိုက်လို့ပါ

 

---

 

ဤကဲ့သို့သော အလှပြင်ဆိုင်မျိုးတွင် ဖုန်းနံပါတ် (သို့) အသင်းဝင်ကတ်ပြားကိုသာ အသိအမှတ်ပြုသည်။ ကျုံချင်းယွီ၏ အသင်းဝင်ကတ်ပြားရှိပါက ရှုယန်ယန်သည် ဤနေရာတွင် နှစ်ပေါင်းမည်မျှပင်ဖြစ်စေ အသုံးပြုနိုင်သည်။

 

ရှုယန်ယန် တွေးထားပြီးသားပင်ဖြစ်သည်။ ကျုံချင်းယွီသည် ဤနေရာသို့ ထပ်မံ၍ လာရောက်လိမ့်မည်မဟုတ်။ လာပါကလည်း သူမ၏ကတ်ပြားအသုံးပြုခံရသည်ကို ဂရုစိုက်မည်မဟုတ်ချေ။ အကြွေးဖြည့်ရန် မေ့သွားသည်ဟုထင်ကာ ထပ်မံဖြည့်မည်သာဖြစ်သည်။

 

ကျုံချင်းယွီကဲ့သို့သော ချမ်းသာကြွယ်ဝသည့် လူမှုအသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးအတွက် တစ်သန်းဆိုသည်မှာ ဘာမျှမဟုတ်ပေ။ ပေယွဲ့ပိုင်နှင့် သူ၏ကုမ္ပဏီအတွက် ဘီလီယံချီတန်သော အရင်းအနှီးများကိုပင် ပေးနိုင်သူဖြစ်သည်။

 

ထိုသို့သောသူဟာ တစ်သန်းကို ဂရုစိုက်ပါမလိမ့်မလား။

 

ရှုယန်ယန်သည် ကျုံချင်းယွီနှင့်အတူ Beauty Treatment ခံယူရန် လာခဲ့ကြောင်း သိထားသော မန်နေဂျာမှာ သူမအား ကျုံချင်းယွီ၏သူငယ်ချင်းဟု သံသယမရှိဘဲ ရှေ့ဆိုင်းမှ အသင်းဝင်ကတ်ပြားအသစ်တစ်ခုကို ထုတ်ပေးကာ ရှုယန်ယန်ထံ လွှဲအပ်လိုက်သည်။

 

ရှုယန်ယန်သည် ကတ်ပြားကိုယူကာ သူမ၏ မျက်လုံးများသည် အပြုံးများဖြင့် လှုပ်ရှားလာမိသည်။ 

 

သရုပ်ဆောင်များအတွက် အလှပြင်သည့် ကုန်ကျစရိတ်မှာ အလွန်မြင့်မားပြီး တစ်ကြိမ်လျှင် သောင်းချီကုန်ကျသည်။ ကျုံချင်းယွီ၏ အသင်းဝင်ကတ်ပြားတွင် ကျန်ရှိနေသေးသည့် ယွမ်၈သိန်းသည် ရှုယန်ယန်အတွက် ဆယ်ကြိမ်ကျော် အသုံးပြုနိုင်သော ငွေပမာဏဖြစ်သည်။

 

ဆိုင်မှထွက်လာသောအခါ ရှုယန်ယန်သည် စိတ်လက်ကြည်လင်သွားပြီး ဤခရီးစဉ်မှာ အကျိုးရှိသည်ဟု ခံစားရသည်။ သို့သော် လှည့်ကြည့်လိုက်သောအခါ ကျုံချင်းယွီနှင့် ယန်ရှီတို့သည် သူမ၏နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

 

ရှုယန်ယန်၏မျက်နှာတွင် အံ့အားသင့်သွားပြီး နှုတ်ခမ်းထောင့်များ တုန်ရီလာသည်။

 

"ချင်းယွီ၊ ယန်ရှီ ရှင်တို့ အခုထိဒီမှာပဲရှိသေးတာလား"

 

ကျုံချင်းယွီက ပခုံးလေးတွန့်ပြလိုက်သည်။

 

"ယန်ရှီက ဆိုင်ထဲမှာ ပစ္စည်းကျန်ခဲ့လို့ဆိုပြီး ပြန်လာရှာတာ"

 

"အို ဟုတ်လား"

 

ရှုယန်ယန်က နှုတ်ခေါင်းဖျားကို လက်ဖြင့်ကိုင်ရင်း ရင်တုန်နေသည့်အသံဖြင့်ဖြေလိုက်သည်။

 

"ဒါဆိုရင် ရှင်တို့ဆက်ရှာဦးနော် ကျွန်မ အရင်ထွက်သွားတော့မယ်"

 

သူမ လှည့်ထွက်လိုက်သောအခါ ယန်ရှီသည် အသံကိုတမင်မြှင့်ကာ ပြောလိုက်သည်။

 

"ဒါနဲ့ ချင်းယွီရေ ရှင် အသင်းဝင်ကတ်ပြားမတွေ့ဘူးလို့ ပြောနေတာလား ဒီဆိုင်လေးကတော့ တကယ်ကောင်းတယ်နော် ကတ်ပြားအသစ်ထုတ်လိုက်ပါလား နောက်တစ်ခါလာရင် အဆင်ပြေမှာပေါ့"

 

---

ကျုံချင်းယွီသည်  ယန်ရှီကို နားမလည်သကဲ့သို့ ကြည့်လိုက်သည်။

 

အသင်းဝင်ကတ်ပြားများမှာ သူမပျောက်တတ်သည့်အရာပင်ဖြစ်သည်။ ပုံမှန်ဆိုလျှင် သူမပြန်လာသည့်အခါ နာမည်ဖြစ်စေ၊ ဖုန်းနံပါတ်ဖြစ်စေ ပေးလိုက်ရုံဖြင့် အဆင်ပြေတတ်သည်။ ကတ်ပြားအသစ်ထုတ်ရန် အဘယ်ကြောင့် အလုပ်ရှုပ်နေရပါသနည်း။

 

သို့သော် ကျုံချင်းယွီသည် ယန်ရှီ၏မျက်လုံးထဲတွင် ပြက်ရယ်သဘောဆောင်သည့် အလင်းတစ်ချက်ကိုမြင်လိုက်ရသည့်အခါ ယန်ရှီတွင် ရည်ရွယ်ချက်တစ်စုံတစ်ရာရှိနေကြောင်း နားလည်သွားသည်။ သူမက ငြင်းဆန်ခြင်းမရှိဘဲ သဘောတူလိုက်သည်။

 

ကျုံချင်းယွီသည် ဆိုင်မန်နေဂျာကိုခေါ်၍ ပြောလိုက်သည်။

 

"ကျွန်မအသင်းဝင်ကတ်ပြား မတွေ့လို့ အဲဒါ အသစ်ထုတ်ပေးနိုင်မလား"

 

"အစ်မကျုံ ကျွန်တော်တို့ ခင်များအတွက် အစားထိုးကတ်ပြား ထုတ်ပေးပြီးသားပါ"

 

ဆိုင်မန်နေဂျာက အံ့အားသင့်သွားပြီး ချက်ချင်းပြန်ပြောလိုက်သည်။

 

 "ကျွန်မ မရသေးဘူး"

 

ကျုံချင်းယွီသည် ရုတ်တရက် အံ့အားသင့်သွားကာ ပြန်ပြောလိုက်သည်။

 

ရှုယန်ယန်မှာ ဝေးဝေးမရောက်သေးသောကြောင့် ဆိုင်မန်နေဂျာသည် သူမကိုညွှန်ပြလိုက်သည်။

 

"ဟိုမှာပါ အစ်မသူငယ်ချင်းက အစ်မအတွက် အစားထိုးကတ်ပြားလိုနေတယ်လို့ ပြောလို့ ကျွန်တော်တို့ထုတ်ပေးပြီး သူ့ကို ပေးလိုက်ပြီးသားပါ"

 

လူအားလုံး၏မျက်လုံးများက ချက်ချင်းပင် ရှုယန်ယန်ထံသို့ လှည့်သွားသည်။

 

ရှုယန်ယန်၏နောက်ကျောတွင် အပ်များစိုက်နေသကဲ့သို့ ခံစားရပြီး နဖူးတွင် ချွေးစက်များထွက်လာသည်။

 

အဘယ်ကြောင့် ယန်ရှီသည် ဤအချိန်တွင် တစ်စုံတစ်ရာပျောက်သွားရပါသနည်း။ အဘယ်ကြောင့် ကတ်ပြားအကြောင်းကို ယခုမှပြောရပါသနည်း။

 

ရှုယန်ယန်သည် မြေကြီးထဲသို့ ဝင်ပုန်းလိုစိတ်များ ဖြစ်ပေါ်လာသည်။

 

သူမသည်ချက်ချင်ပင် နောက်လှည့်၍ ကျုံချင်းယွီထံပြန်လာကာ အသင်းဝင်ကတ်ပြားကို လက်ဆင့်ကမ်းပေးလိုက်သည်။

 

"ချင်းယွီ ရှင် မေ့သွားမှာစိုးလို့ အစားထိုးကတ်ပြားလေး ထုတ်ပေးထားပါတယ် ထွက်သွားပြီထင်လို့ ကုမ္ပဏီရောက်မှ ပေးဖို့စဉ်းစားထားတာပါ"

 

 "ဟုတ်လား တကူးတကကူညီပေးတဲ့အတွက် ကျေးဇူး"

 

ကျုံချင်းယွီသည် ရှုယန်ယန်အား ကစားနေသကဲ့သို့ကြည့်ပြီး ပြောလိုက်သည်။

 

သူမသည် တကူးတကဟူသောစကားလုံးကို တမင်အသံမြှင့်၍ ပြောလိုက်သည်။

 

ရှုယန်ယန်သည် ပို၍ပင်အရှက်ရသွားသည်။ ကျုံချင်းယွီ၏စကားများမှ မမြင်ရသည့်လက်ဝါးကြီးတစ်ခုမှာ သူမ၏မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားရသည်။

 

"ယန်ရှီနဲ့ငါ ညနေပိုင်းကျရင် အပြင်ထွက်စားကြမလို့ နင် လိုက်ဦးမလား"

 

ကျုံချင်းယွီက ရှုယန်ယန်အား မေးလိုက်သည်။

 

"မလိုက်တော့ပါဘူး"

 

 ရှုယန်ယန် အမြန်ငြင်းလိုက်သည်။

 

"ကျွန်မ ညနေပိုင်းကျရင် အလုပ်ရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်"

 

ဤသို့ပြောပြီး ရှုယန်ယန်မှာ အရှက်ကွဲသွားသကဲ့သို့ ထွက်ပြေးသွားသည်။

 

သူမ၏နောက်တွင် ကျုံချင်းယွီသည် သိမ်သိမ်မွေ့မွေ့ရယ်လိုက်ပြီး အသင်းဝင်ကတ်ပြားကို ယန်ရှီထံပေးလိုက်သည်။

 

"ငါက ကတ်ပြားတွေ ကိုင်ရတာ သဘောမကျဘူး ခဏခဏပျောက်လို့ နင်သိမ်းပေးထားဦး"

 

ထို့နောက် ကျုံချင်းယွီက ယန်ရှီ၏ပါးကို ညှစ်လိုက်သည်။

 

"ကြည့်စမ်းပါဦး ငါဒီနေ့ နင့်ကိုခေါ်မလာခဲ့ရင် နင့်အသားအရေက ခြောက်သွေ့နေမှာ လုပ်ရိုးလုပ်စဉ်တွေ ဘာတွေကို အရမ်းကြီးမစဉ်းစားနဲ့တော့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်"

 

သူမက ဂရုဏာသံဖြင့် ပြောလိုက်သည်။

 

"ဟုတ်ကဲ့"

 

ယန်ရှီက ကျုံချင်းယွီအား မျက်လုံးအဝိုင်းသားဖြင့်ကြည့်ပြီး ပြန်ပြောလိုက်သည်။

 

ညစာစားချိန်ရောက်သောအခါ ကျုံချင်းယွီသည် ယန်ရှီအား သီးသန့်တရုတ်စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားသည်။

 

ထိုစားသောက်ဆိုင်သို့ ယန်ရှန်းစားသောက်ဆိုင်ဟုခေါ်ပြီး ကျုံစီးပွားရေးလုပ်ငန်းစု၏ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။

 

ထိုဆိုင်တွင် မီနူးမရှိချေ။ စားဖိုမှူးသည် နေ့စဉ်ပါဝင်ပစ္စည်းများနှင့် ဧည့်သည်အရေအတွက်ကို အခြေခံ၍ ဟင်းလျာများကို ဒီဇိုင်းဆွဲပေးသည်။

 

ယန်ရှီသည် ဤကဲ့သို့သော စားသောက်ဆိုင်မျိုးသို့ မည်သည့်အခါမျှ မရောက်ဖူးပေ။ အကြောင်းရင်းတစ်ခုမှာ စျေးကြီး၍ဖြစ်ပြီး နောက်အကြောင်းရင်းတစ်ခုမှာ စျေးအလွန်ကြီး၍ဖြစ်သည်။ ကျုံချင်းယွီသည်လည်း ပုံမှန်အားဖြင့် ဤကဲ့သို့နေရာမျိုးတွင် မစားတတ်ကြောင်း သူမသိထားသည်။ အကြောင်းမှာ သူမတွင် အစားအသောက်ဆိုင်ရာ ကန့်သတ်ချက်များစွာရှိပြီး မလိုလားအပ်သည့် အံ့အားသင့်စရာများကို မနှစ်သက်၍ဖြစ်သည်။

 

သေချာသည်မှာ ယန်ရှန်းစားသောက်ဆိုင်သို့ရောက်သောအခါ ကျုံချင်းယွီက ပုံမှန်ဧည့်သည်များကဲ့သို့ စားဖိုမှူးအား ဟင်းလျာများကို ကိုယ်တိုင်စီစဉ်ခိုင်းခြင်းမပြုပါ။ စားဖိုမှူးအားခေါ်၍ တိုက်ရိုက်မှာယူလိုက်သည်။

 

ဤကဲ့သို့သော အပြုအမူမျိုးသည် သီးသန့်စားသောက်ဆိုင်တွင် လက်ခံနိုင်သည့်အရာမဟုတ်သော်လည်း ကျုံချင်းယွီမှာ ချမ်းသာပြီးဆိုင်၏ အကြီးအကဲတစ်ဦးဖြစ်နေသောကြောင့်ဖြစ်သည်။

 

ကျုံမိန်းကလေးလာမည်ဆိုသည်ကိုသိသည့် စားဖိုမှူးဟာ အလွန်စိုးရိမ်နေသည်။

 

ယန်ရှန်းအိမ်ယာသည် ဟိုင်မြို့ရှိ ဂျင်ချန်းကျွန်း၏ အလည်တွင်တည်ရှိပြီး မြို့၏အထင်ကရလူတန်းစားများကို ဦးတည်၍ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ မကြာသေးမီကမှ ဖွင့်လှစ်ခဲ့ပြီး စမ်းသပ်အဆင့်တွင်ရှိနေဆဲဖြစ်သည်။ ကျုံယန်စီနှင့် အဖေကျုံဖြစ်သူတို့ဟာ မရောက်ဖူးသေးသော်လည်း ကျုံချင်းယွီမှာမူ မကြာခဏလာလည်ပြီး အကြိမ်တိုင်းတွင် စားဖိုမှူးတစ်ဦးကို အလုပ်ဖြုတ်တတ်သည်။

 

ဤကိစ္စနှင့်ပက်သတ်၍ ဘာမှလုပ်လို့မရပေ။ ထိုအမျိုးသမီးသည် အလွန်ပင် ဇီဇာကြောင်လွန်းသည်။

 

သူမသည် ဂုဏ်ယူဝင့်ကြွားတတ်ပြီး အာဏာရှိကာ အဆင့်အတန်းမြင့်သူတစ်ယောက်ဖြစ်သည်။ ယန်ရှန်းအိမ်ရာသည် ဟိုင်မြို့၏ အထက်တန်းလွှာများကို ပစ်မှတ်ထားဖွင့်လှစ်ထားခြင်းဖြစ်သော် လည်း အမျိုးသမီးတစ်ဦးကိုတောင်မှ မကျေနပ်စေနိုင်ခဲ့ပေ။

 

လက်ရှိစားဖိုမှူးသည် တစ်ပတ်ခန့်အထိ ခံနိုင်ရည်ရှိခဲ့သော်လည်း ကျုံချင်းယွီ ပေါ်လာသည့်အချိန်တွင် သူ၏ ယန်ရှန်းအိမ်ရာတွင် နေရသည့်အချိန် ကုန်ဆုံးသွားတော့မည်ကို သိလိုက်ရသည်။

 

ကျုံချင်းယွီသည် ဟင်းအချို့ကို မှာကြားလိုက်ပြီး စားဖိုမှူးသည် နားထောင်ရင်း နဖူးမှချွေးများကျနေသော်လည်း သုတ်ရန် ဝံ့ဝံ့ရဲရဲမရှိခဲ့ပေ။

 

ယန်ရှီသည် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်သည်။ သူမသည် ကျုံချင်းယွီနှင့်အတူ ယန်ရှန်းအိမ်ရာသို့ ပထမဆုံးအကြိမ်ရောက်ရှိလာခြင်းဖြစ်ပြီး စားဖိုမှူးမှလွဲ၍ လူတိုင်းသည် ကျုံချင်းယွီကို ကြောက်ရွံ့နေကြသည်ဟု ထင်ရသည်။

 

ယန်ရှီသိထားသည်မှာ ကျုံချင်းယွီသည် အနည်းငယ်စော်ကားမော်ကားနိုင်သော အကျင့်ရှိသော်လည်း ဤမျှလောက် ကြောက်စရာကောင်းမည်ဟုတော့ မသိခဲ့ချေ။

 

System သည် ယန်ရှီကို ရှင်းပြရန် ပေါ်လာသည်။

 

[ယန်ရှန်းအိမ်ရာစဖွင့်တုန်းက ကျုံချင်းယွီက ပေယွဲ့ပိုင်ကို ခေါ်လာခဲ့ဖူးတယ် ဒါပေမဲ့ ပေယွဲ့ပိုင်က ရဲ့လော့ယီနောက်လိုက်သွားဖို့ ခဏလေးပဲနေပြီးပြန်ထွက်သွားခဲ့တယ် ကျုံချင်းယွီက ဒါကို ယန်ရှန်းစား သောက်ဆိုင်အပေါ် ကိုအပြစ်ဖို့ခဲ့တယ်]

 

[ပေယွဲ့ပိုင်ထွက်သွားရတာက စားသောက်ဆိုင်ကမကောင်းလို့ဆိုပြီး သူက အပြစ်တင်ခဲ့တာ]

 

ယန်ရှီစိတ်ထဲ၌ ပြက်ရယ်ပြုမိသည်။

 

[ "အဆုံးမှာတော့ ပေယွဲ့ပိုင်က ကျုံချင်းယွီကိုအသုံးချနေခဲ့တာပဲ၊ သူက ရဲ့လော့ယီနဲ့ဆက်ဆံရေးကို ပရိသတ်ရှေ့မှာ ချပြထားပေမဲ့ ကျုံချင်းယွီအပေါ်ထားတဲ့ ခံစားချက်တွေက ဟန်ဆောင်ထားတဲ့ဇာတ်လမ်းသက်သက်ပဲ"]

["ဒါဟာ အချစ်ရေးဇာတ်လမ်းပါပဲနော်၊ ဇာတ်လိုက်တွေ၏ ခံစားချက်တွေကသာ အရေးအကြီးဆုံးပဲ"]

 System က လှောင်ပြောင်လိုက်သည်။

 

["ကျုံချင်းယွီနဲ့ ပေယွဲ့ပိုင်တို့ရဲ့ စေ့စပ်ပွဲကတောင် ဇာတ်လိုက်စုံတွဲအတွက် အခက်အခဲဖန်တီးပေးဖို့ သက်သက်ပဲ”]

 

ဤစေ့စပ်ပွဲကြောင့် ကျုံချင်းယွီသည် တတိယလူဟူသော တံဆိပ်ကပ်ခံရသည်ကိုမူ မည်သူမှဂရုမစိုက်ကြ။ ကျုံချင်းယွီသည် ဇာတ်လိုက်မဟုတ်သောကြောင့်ပင်ဖြစ်ပါသည်။

 

ဟင်းများစောင့်ဆိုင်းနေစဉ်တွင် ယန်ရှီသည် ဖုန်းပွတ်နေသည်။ ကျုံချင်းယွီသည် ရဲ့လော့ယီကိုရိုက်နှက်ခဲ့သည့် အကြောင်းနှင့် သူမသည် ရဲ့လော့ယီနှင့် ပေယွဲ့ပိုင်တို့အကြား တတိယလူဖြစ်သည်ဟူသော အကြောင်းအရာများသည်  ရေပန်းစားနေဆဲဖြစ်သည်။

 

ကျုံချင်းယွီသည် Starlight အနုပညာကုမ္မဏီ၏ PR အဖွဲ့ကို ထိုခေါင်းစဉ်ကိုဖျက်ပေးရန်တောင်းဆိုခဲ့သော်လည်း အင်တာနက်သုံးသူများက ပိုမိုဆန့်ကျင်လာကြသည်။ ထိုခေါင်းစဉ်ကိုဖျက်လေလေ အခြားသော ထိရောက်သည့် စာလုံးများဖြင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကြသည်။

 

ယန်ရှီနောက်ဆုံးမနေနိုင်တော့ပဲ ကျုံချင်းယွီကို အွန်လိုင်းမှ အကြောင်းအရာများအကြောင်း မေးမြန်းလိုက်သည်။

 

ပေယွဲ့ပိုင်နှင့် ရဲ့လော့ယီအကြောင်းပြောသည့်အချိန်တွင် ကျုံချင်းယွီ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားပြီး ယန်ရှီမသိသော ပုံစံမျိုးဖြစ်လာသည်။

 

"အွန်လိုင်းကအရာတွေကို လျှောက်မယုံနဲ့ အစ်ကိုယွဲ့ပိုင်နဲ့ ရဲ့လော့ယီတို့က သူတို့ရဲ့ ဇာတ်ကောင်အတွက် နာမည်ကြီးအောင်လုပ်နေကြတာပါ သူက ရဲ့လော့ယီကိုလုံးဝမကြိုက်ဘူး သူချစ်တဲ့သူက ငါတစ်ယောက်တည်းပဲ"

 

ယန်ရှီမျက်မှောင်ကြုတ်မိသွားသည်။

 

"နင့်ကိုတကယ်ကြိုက်တယ်ဆိုရင် အွန်လိုင်းမှာ နင့်ကိုဝေဖန်နေတာကို ဘယ်လိုသည်းခံနိုင်မှာလဲ ဇာတ်ကောင်တစ်ခုကို နာမည်ကြီးအောင်လုပ်ဖို့နဲ့ပဲ အချစ်ဇာတ်လမ်းအတုလုပ်ဖို့ လိုလို့လား ဒါဆိုရင်တော့ ရဲ့လော့ယီက အနုပညာရှင်တစ်ဦးအနေနဲ့ ဘာတန်ဖိုးမှမရှိဘူးလို့ထင်တာပဲ"

 

ကျုံချင်းယွီတစ်ယောက် ခဏတာနှုတ်ဆိတ်သွားသည်။

 

စကားလုံးများသည် ရှင်းလင်းနေသော်လည်း ကျုံချင်းယွီသည် နားမလည်သကဲ့သို့ဖြစ်နေသည်။ အကြံပေးချက်များသည် ဘယ်ဘက်နားမှဝင်ပြီးနောက် ညာဘက်နားမှထွက်သွားသည်။ သူမ၏စိတ်သည် ပေယွဲ့ပိုင်အကြောင်းများနှင့်သာ ပြည့်နေသောကြောင့်ဖြစ်သည်။

 

ယန်ရှီသည် ဇာတ်လမ်း၏ အထွတ်အထိပ်အလှည့်အပြောင်းကို ပိုမိုခံစားမိလာသည်။ ဤဇာတ်လမ်းသည် သာမန်မိန်းကလေးတစ်ဦးကို အရူးတစ်ယောက်အဖြစ်အဖြစ်ပြောင်းလဲစေနိုင်ခဲ့သည်။

 

System မှ ထပ်ပြောလိုက်သည်။

 

["Host ရေ ကျုံချင်းယွီက စေ့စပ်ပွဲအကြောင်း ဘာမှထုတ်ဖော်ပြီး မပြောပြခဲ့ဘူး လက်ရှိအခြေအနေအရဆိုရင် ကျုံချင်းယွီရဲ့ ကံကောင်းမှုအမှတ် ၆၀ မရမချင်း ပေယွဲ့ပိုင်ရဲ့ လှည့်စားမှုကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"]

 

ယန်ရှီ၏မျက်လုံးများ တောက်လာသည်။

 

 "ဒါဆို ကျုံချင်းယွီကို ကံကောင်းခြင်းတန်ဖိုး အမှတ် ၆၀ ရောက်အောင် ငါကူညီနိုင်ရင် သူရဲ့ စေ့စပ်ပွဲအကြောင်းကို ပြောပြလို့ရမလား"

 

System က ပြန်ဖြေသည်။

 

[Bingo]

 

 ယန်ရှီက ထပ်မေးသည်။

 

 "သတင်းထောက်ငှားပြီး တိုက်ရိုက်ဖော်ထုတ်လို့မရဘူးလား"

 

System သည် ရှင်းပြလေသည်။

 

"ဇာတ်လိုက်နဲ့ ဇာတ်ရံတို့ရဲ့ အဓိကပဋိပက္ခက စေ့စပ်ပွဲမဟုတ်ဘဲ ကံကောင်းမှုပဲ၊ အခုhostက စေ့စပ်ပွဲအကြောင်း သိလိုက်ရင်တောင် ဇာတ်လိုက်တွေဆီမှာ ကံကောင်းခြင်းတန်ဖိုးအမှတ်တွေ ပိုများနေသေးတဲ့အတွက် အကုန်လုံးက သူတို့သဘောအတိုင်းပဲဖြစ်သွားမှာ"

 

ကံကောင်းခြင်းတန်ဖိုး အမှတ် ၆၀ ပြည့်မှပဲ ကျုံချင်းယွီက အရေးကြီးတဲ့ ရည်မှန်းချက်ဖြစ်တဲ့ ပေယွဲ့ပိုင်ရဲ့ လှည့်စားမှုကနေ လွတ်မြောက်မှုကိုရနိုင်မှာ၊ ကျုံချင်းယွီရဲ့ ကံကောင်းခြင်းတန်ဖိုးအမှတ် ၁၀၀ ပြည့်မှ အကုန်လုံးက ပုံမှန်အတိုင်း ဖြစ်ပျက်လာမှာ

 

ယန်ရှီနားလည်သွားသည်။ ကံကောင်းခြင်းအမှတ်များအတွက် ယှဉ်ပြိုင်ရခြင်းသည် ကျုံချင်းယွီ၏ဂုဏ်သတင်းကို ပြန်လည်ရယူရန်သက်သက်မဟုတ်ပါ။ ကံကြမ္မာကို တရားမျှတစွာရင်ဆိုင်နိုင်ရန် အခွင့်အရေးရယူရန်လည်း ဖြစ်သည်။

 

ထမင်းစားရင်းဖြင့်ပင် ယန်ရှီ၏စိတ်သည် ဟင်းအရသာကို သတိမထားမိတော့ပေ။ သူမ၏ အတွေးအားလုံးသည် ကျုံချင်းယွီနှင့် ပေယွဲ့ပိုင်တို့အပေါ်တွင်သာ အာရုံစူးစိုက်နေမိသည်။

 

ကျုံချင်းယွီသည်  စားဖိုမှူး၏ လက်ရာကို  ပုံမှန်အတိုင်း အပြစ် ရှာရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း ယန်ရှီက ရုတ်တရက် စိတ်ဓာတ်ကျသလို ဖြစ်သွားသည်ကို မြင်သောအခါ သူ့ကို ချစ်သူနှင့် လမ်းခွဲပြီးနောက် ဖြစ်တည်လာသော ဝမ်းနည်းနေသည့် အခြေအနေဟု ထင်မှတ်ကာ စားဖိုမှူးကို အပြစ်မတင်တော့ဘဲ ယန်ရှီကို ယန်ရှန်းအိမ်ယာမှ ခေါ်ထုက်သွားလိုက်သည်။

 

စားဖိုမှူးမှာ သူ၏အလုပ်ကို ဒုက္ခမရောက်အောင် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်ဟု ထင်မှတ်ပြီး အားရကျေနပ်စွာဖြင့် အသက်ကို တစ်ဝရှူရှိုက်လိုက်သည်။

 

ယန်ရှန်းအိမ်ယာမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျုံချင်းယွီသည် ယန်ရှီကို အိမ်ပြန်ပို့ရန် စကားစလိုက်သည်။ ရုတ်တရက် သူမ၏ဖုန်းမြည်လာပြီး ဖုန်းခေါ်ဆိုသူအမည်တွင် ပေယွဲ့ပိုင်ဟု ပေါ်နေသည်။

 

ယန်ရှီ၏ စူးစမ်းလိုစိတ်သည် ရုတ်တရက်မြင့်တက်သွားပြီး သူမ၏မျက်လုံးများက ကျုံချင်းယွီအား စူးစူးစိုက်စိုက်ကြည့်နေမိသည်။

 

ည၏ကောင်းကင်အောက်တွင် အလှဆင်ထားသော ယန်ရှန်းအိမ်ယာသည်ပင် ကျုံချင်းယွီ၏မျက်လုံးထဲရှိ တောက်ပမှုနှင့် မနှိုင်းယှဉ်နိုင်တော့ပေ။

 

သူမသည် ဖုန်းကို ဝမ်းသာစွာဖြင့် ကောက်ကိုင်လိုက်သည်။

 

အစ်ကို ယွဲ့ပိုင် အခုတွေ့ချင်တာလား၊ မဟုတ်ပါဘူး ကျွန်မလုံးဝမအလုပ်မရှုပ်ပါဘူး၊ မိနစ်ပိုင်းလောက်ပဲကြာမယ် ကျွန်မအခုပဲလာခဲ့မယ်