Chapter 10
မနက်ကိုးနာရီတွင် ယန်ရှီ နှင့် ကျုံချင်းယွီတို့သည် ဟိုင်မြို့ရှိ လေဆိပ်သို့ ရောက်ရှိလာကြသည်။
အခြား ဧည့်သည်အဖွဲ့ 3ဖွဲ့သည် လေဆိပ်၏ဂိတ်သို့ ရောက်နှင့်နေကြပြီးဖြစ်၏။
အနီးအနားမှာတော့ သူတို့အား ကြည့်ရန် လာကြသော ပရိတ်သတ်များကို ရှိုး၏ လုံခြုံရေးအဖွဲ့က တားဆီးနေကြ၏။
အဓိကအဖွဲ့နှင့်ပေါင်းပြီးနောက်တွင် ဒါရိုက်တာယွီသည် ဧည့်သည်များကို ရောက်ရှ်ိလာသော အစဉ်အလိုက်အတိုင်း တစ်ဦးချင်း မိတ်ဆက်ပေးရန် ပြောလိုက်လေသည်။
ပထမဆုံး ရောက်ရှိလာသောသူများမှာ ရဲ့လော့ယီ နှင့် ဆုလင်းလင်းတို့ ဖြစ်ကြ၏။
"အားလုံးပဲ ဟယ်လို ကျွန်မကတော့ မင်းသမီး ရဲ့လော့ယီ ပါ။ အားလုံးကို ဒီရှိုးမှာ တွေ့ရတဲ့အတွက် အရမ်း ပျော်ရွှင်မိပါတယ်"
ရဲ့လော့ယီသည် ကင်မရာဘက်ကိုကြည့်ကာ ပြုံး၍နှုတ်ဆက်လိုက်ပြီးနောက် သူမ၏ ဘေးတွင်ရှိသော သေးသွယ်လှပသည့် သူငယ်ချင်းလေး ဆုလင်းလင်းကိုပါ မိတ်ဆက်ပေးလိုက်လေ၏။
"သူကတော့ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ဆုလင်းလင်း ပါ။ ကျွန်မတို့အချင်းချင်းသိလာတာ နှစ်တွေအများကြီးရှိနေပါပြီ။ အခု ကျွန်မတို့က ' Journey ' ရှိုးမှာ အတူတူ ပါဝင်သွားမှာ ဖြစ်ပါတယ် "
ဆုလင်းလင်းသည်လည်း ကင်မရာကို ကြည့်ကာ ပြုံး၍နှုတ်ဆက်လိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မကတော့ ဆုလင်းလင်း ဖြစ်ပါတယ် "
[ ရဲ့လော့ယီရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ! သူက အရမ်းချစ်ဖို့ကောင်းတာပဲ! ]
[ ဒါပေါ့ လှတဲ့သူတွေက အမြဲ အတူသွားအတူလာလုပ်ကြတယ် ~ ]
[သူ့သူငယ်ချင်းက အရမ်းချမ်းသာတဲ့ပုံပဲ၊ ငါ သူ့ရဲ့ အဝတ်အစားကို ဖုန်းနဲ့ ရိုက်ပြီးရှာကြည့်တာ ယွမ် 70,000တောင် ပေးရတယ်တဲ့! ]
[ သူတို့ ယန်ရှန်းကျူ မှာ ထမင်းတူတူစားကြတယ်ဆိုတာနဲ့တင် သိနိုင်ပါတယ်။ ဆုလင်းလင်းလည်း အရမ်းချမ်းသာတဲ့သူပဲ ဖြစ်ရမယ် ]
ဆုလင်းလင်းသည် အမှန်စင်စင်ပင် ချမ်းသာ၍ ရိုးအသော ကောင်မလေးတစ်ယောက်ဖြစ်ပြီး မိသားစု၏ အလွန်အမင်း ချစ်ခင်အလိုလိုက်မှုကိုလဲ ရထားသူဖြစ်လေ၏။
သူမသည် အပြင်သွားသည့်အချိန်တိုင်း ဒီဇိုင်နာချုပ်အင်္ကျီများကိုသာ ဝတ်ဆင်လေ့ရှိသည့်အပြင် ၎င်းတို့မှာလည်း နောက်ဆုံးပေါ်ပုံစံများသာ ဖြစ်ရပေမည်။
သက်တောင့်သက်သာရှိစေရန်သာမက ကြည့်ကောင်း၍ ဖက်ရှင်ကျဖို့သည်လည်း အရေးပါပေသည်။
ဆုလင်းလင်းအတွက်တော့ အွန်လိုင်း ပလပ်ဖောင်းပေါ်တွင် ရောင်းကြသည့် ယွမ်ရာကျော်တန် အဝတ်အစားများမှာ အမှိုက်များပင်ဖြစ်၏။ ထိုအရာများကို အဘယ်ကြောင့်ဝတ်ကြသည်ကို သူမနားမလည်နိုင်ပေ။
ယခုလို သဘောထားနှင့် အတွေးအမြင်များသည် အနုပညာဖျော်ဖြေရေးလောကနှင့် ကွာခြားမှုရှိသော်လည်း ဆုလင်းလင်းမှာ အနုပညာလောကနှင့်မသက်ဆိုင်သော ချမ်းသာကြွယ်ဝသည့် အမွေဆက်ခံသူတစ်ယောက်ဖြစ်ပေ၏။
ဆုလင်းလင်းနှင့်နှိုင်းယှဉ်လိုက်ပါက ရဲ့လော့ယီမှာ ပို၍ လက်တွေ့ကျကာ နှိမ့်ချတတ်သောသူဖြစ်၏။ သူမသည် ကင်မရာရှေ့တွင် နာမည်ကြီးဒီဇိုင်နာတံဆိပ်များကို ဝတ်ခဲပြီး လူသိနည်းသော တံဆိပ်များကိုသာ ပို၍ ဝတ်ဆင်လေ့ရှိသည်။
ဤအရာသည်လည်း ရဲ့လော့ယီ၏ လူသိများသော ပုံရိပ်များမှ တစ်ခုပင်ဖြစ်၏။ သူမသည်
"တည်ငြိမ်ကာ နှိမ့်ချတက်ပြီး ၊ အပြိုင်အဆိုင်၊ မာန်မာန မရှိသူ" ဟူသောပုံရိပ်ကို တည်ဆောက်ထားသူပင်။
မည်သို့ပင် ချမ်းသာသော ဒုတိယမျိုးဆက်ဖြစ်စေကာမူ သူမသည် ချဉ်းကပ်ရလွယ်ကူပြီး ပရိတ်သတ်များကို အလွယ်တကူ သိမ်းသွင်းနိုင်သောသူ ဖြစ်လေသည်။
ဒုတိယအဖွဲ့အဖြစ်ရောက်ရှိလာသူများမှာ ဒါရိုက်တာကျန်းထောင်နှင့် ဇာတ်ညွှန်းရေးသူရှောင်ယွီတို့ဖြစ်ပြီး သူတို့သည် လက်ထပ်ထားသော အတွဲဖြစ်၏။ နှစ်ယောက်လုံးမှာ ကင်မရာရှေ့တွင် အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါက်နေကြလေသည်။
တကယ်တမ်း သူတို့သည် ကင်မရာ နောက်ကွယ်တွင်သာ အလုပ်လုပ်ကြသူများဖြစ်ပြီး ကင်မရာရှေ့တွင် ပေါ်လာသည်မှာ ရှားပေ၏။
သူတို့သည်လည်း အနုပညာလောကတွင် တစ်ချိန်က လူသိများခဲ့သူများ ဖြစ်ကြ၏။ လွန်ခဲ့သော 3နှစ်လောက်က တီဗီဇာတ်လမ်းရှည်တစ်ခုကို ပူးပေါင်း ဖန်တီးခဲ့ရာ လူကြိုက်များပြီး ပြည်တွင်းနှင့်ပြည်ပတွင် ဆုများစွာ ရရှိခဲ့လေသည်။
ထိုသို့အစပျိုးခြေလှမ်းကောင်းခဲ့သောကြောင့် သူတို့၏ အလုပ်အကိုင်မှာ အဆင်ပြေချောမွေ့နေသင့်၏။
သို့သော် ကံမကောင်းစွာနှင့်ပင် သူတို့၏ အနှီစီမံကိန်းအောင်မြင်ပြီးနောက် အရင်းအနှီးအရှုပ်အထွေးများဖြစ်လာပြီး ပင်မဈေးကွက်ထဲတွင် ရေပန်းစားနေသော လမ်းကြောင်းနောက်ကိုသာ လိုက်ကြတော့သည်။
ထိုအကျိုးဆက်များအရ သူတို့သည် ပုံစံတူ အလုပ်များကိုသာ လုပ်လာခဲ့ပြီး 3ကြိမ်တိုင်အောင် အောင်မြင်မှု မရရှိခဲ့ချေ။ ထို့အပြင် အင်တာနက်သုံးစွဲသူများက သူတို့ကို "အရည်အချင်းမရှိတဲ့သူတွေ" ဟု ဆိုးရွားသော မှတ်ချက်များပင် ပေးခဲ့ကြ၏။
ယခုအချိန်မှာတော့ ကျန်းထောင်နှင့်ရှောင်ယွီတို့သည် သူတို့စီးပွားရေးလုပ်ငန်း၏ အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေကြခြင်းပင်။
ဤရှိုးတွင် ပါဝင်ခွင့်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ကျန်းထောင်က ဒါရိုက်တာယွီနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်သောကြောင့်ပင်ဖြစ်သည်။ သူတို့မှာမိတ်ဆွေဟောင်းတွေများ ဖြစ်ကြလေ၏။
ယန်ရှီကတော့ ကျန်းထောင်နှင့် ရှောင်ယွီတို့၏ စီးပွားရေးကျဆင်းမှုသည် ခဏတာသာ ဖြစ်ကြောင်းသိလေသည်။
အရည်အချင်းရှိသော ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာများသည်
ဖုန်မှုန့်များဖုံးလွှမ်းနေသော ပုလဲလုံးလေးတွေကဲ့သို့ပင်၊ ယခုကြုံနေရသော အခက်အခဲများမှာ လာမည့်နေ့ရက်များတွင် ဂုဏ်ယူစရာဖြစ်ရန်အတွက် လမ်းခင်းပေးနေသကဲ့သို့ပင်ဖြစ်၏။
ဤရှိုးကို ပါဝင်ပြီးနောက်တွင် ရဲ့လော့ယီကို သဘောကျနေသော အမျိုးသားဇာတ်ကောင်တစ်ယောက်မှာ သူတို့၏ နောက်စီမံကိန်းတစ်ခုတွင် ပါဝင်ဖို့ သဘောတူလိုက်ကာ ထိုရင်းနှီးမြှုပ်နှံသည့်ငွေများနှင့် လုပ်ငန်းကို အသက်ပြန်သွင်းနိုင်ခဲ့လေသည်။
ထို့နောက် ကျန်းထောင်နှင့် ရှောင်ယွီတို့သည် ရဲ့လော့ယီအား အဓိကဇာတ်ဆောင်အဖြစ်ထားကာ ရုပ်ရှင်ကားတစ်ကား ရိုက်ကြပေလိမ့်မည်။ ၎င်းသည် သူမအတွက်တော့ တီဗီဇာတ်လမ်းတွဲများမှ ရုပ်ရှင်ကားသို့ ပြောင်းလဲရိုက်ကူးသည့် အမှတ်အသားတစ်ခုပင်ဖြစ်၏။
ငွေကြေးအကုန်အကျနည်းသော ရိုက်ကူးရေးဇာတ်ကားဖြစ်သော်လည်း ရုံတင်ငွေအများကြီးရရှိ၍ အောင်မြင်ကာ ဆုပေါင်းများစွာကိုလဲ ရရှိခဲ့သေးသည်။ ထို့အပြင် ရဲ့လော့ယီသည်လည်း အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို အောင်မြင်စွာ ဆွတ်ခူးရရှိနိုင်ခဲ့၏။
ယခုရှိုးတွင် ကျန်းထောင်နှင့် ရှောင်ယွီတို့သည် အရေးမကြီးသော နောက်ခံဇာတ်ကောင်များ ဖြစ်ကြသော်လည်း သူတို့မှာ အဓိကဇာတ်ဆောင် ပေါ်လွင်စေရန်အတွက် ထောက်ပံ့ပေးနေသည့် အကူပစ္စည်းများနှင့် တူနေပေ၏။ သူတို့ ဤအစီအစဉ်တွင် ထွက်ပေါ်လာသည့်အကြောင်းအရင်းမှာ ရဲ့လော့ယီအား အခွင့်အလမ်းရစေရန် စီစဉ်ထားခြင်းကြောင့် ဖြစ်ပေသည်။
တတိယမြောက်ရောက်လာသော အဖွဲ့မှာ ဝမ်းကွဲညီအစ်ကိုများဖြစ်ကြသည့် မင်းသားချင်းလီ နှင့် အားကစားသမားကန်းပေါ်ယဲ့ တို့ဖြစ်ကြ၏။
ချင်းလီမှာ ဤဝတ္ထု၏ အမျိုးသား ဇာတ်ပို့တစ်ယောက် ဖြစ်လေသည်။ ဝတ္ထုမှာ
"harem" ဝတ္ထုအမျိုးအစားဖြစ်သဖြင့် အမျိုးသားဇာတ်ဆောင်များသည် ရဲ့လော့ယီအား အလွန်သဘောကျ နှစ်သက်ကြပြီး ၎င်းတို့ထဲတွင် ချင်းလီလည်း အပါအဝင်ဖြစ်လေသည်။
ဤရှိုး၌ ချင်းလီသည် ကျန်းထောင်နှင့် တွေ့ဆုံခဲ့ပြီးနောက် ကျန်းထောင်၏ နောက်စီမံကိန်းအတွက် အဓိက အမျိုးသားဇာတ်ဆောင်ဖြစ်လာလေသည်။
ထိုရုပ်ရှင်အောင်မြင်ပြီးနောက် သူ အောင်မြင်ကျော်ကြားလာပြီး ရဲ့လော့ယီနှင့် မကြာခဏ အဆက်အသွယ် ရှိလာခဲ့လေသည်။
သူတို့သည် ကျန်းထောင်၏ ရုပ်ရှင်ဇာတ်ကားတွင်ပင် အတူတူ သရုပ်ဆောင်ကြလိမ့်မည်ပင်။
သူတို့ မကြာခဏ အဆက်အသွယ်ရှိနေခြင်းသည် ပေယွဲ့ပိုင်အား မနာလိုဖြစ်လာစေကာ ရဲ့လော့ယီနှင့်ပေယွဲ့ပိုင်တို့၏ ဆက်ဆံရေးကို သွယ်ဝိုက်၍ တိုးတက်လာစေခဲ့၏။
ကန်းပေါ်ယဲ့သည် ယန်ရှီနှင့်ယှဥ်လျှင်ပင် ပို၍ အရံဇာတ်ကောင်ဆန်လေသည်။ ဝတ္ထုထဲတွင် ဖြတ်လျှောက်အဖြစ်လောက် ပါရုံမျှသာ ဖြစ်သဖြင့် သူသည် ထူးချွန်ပြောင်မြောက်သော ရေကူးသမားတစ်ယောက်ဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှစ်ခု ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်းသာ ယန်ရှီက သိထား၏။
အဖွဲ့သုံးဖွဲ့လုံးမိတ်ဆက်ပြီးသွားသည့်နောက်တွင် ကျုံချင်းယွီနှင့် ယန်ရှီတို့၏အလှည့်သို့ ရောက်ရှိလာလေသည်။
ကျုံချင်းယွီသည် ရသစုံရှိုးများတွင် ပါဝင်မှုနည်းသည့်အပြင် ကင်မရာရှေ့တွင်နေရသည်မှာလည်း အသားမကျသူ တစ်ယောက်ဖြစ်၏။ သူမသည် ကင်မရာကို ကြည့်၍ နှုတ်ဆက်လိုက်သည်။
" အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ ကျုံချင်းယွီပါ။ သူကဝောာ့ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ယန်ရှီပဲ ဖြစ်ပါတယ်။ ကျွန်မတို့က ဒီရှိုးမှာ အတူတူပါဝင်သွားမှာပါ"
ယန်ရှီသည် အနုပညာလောကနှင့် ဝေးကွာသူဖြစ်၍ ရသစုံရှိုးများတွင် အတွေ့အကြုံမရှိလုနီးပါပင်။ ကျုံချင်းယွီ မိတ်ဆက်ပေးပြီးနောက် သူမသည် ကိုးရို့ကားယားနိုင်စွာဖြင့် ကင်မရာဘက်သို့ကြည့်ကာ မိတ်ဆက်လိုက်ပေသည်။
" အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ ယန်ရှီ ဖြစ်ပြီး ကျောင်းသူတစ်ယောက် ဖြစ်ပါတယ်။ "
[ ကျုံချင်းယွီက အမြဲ စိတ်ပျက်စရာကောင်းလွန်းတယ်! သူရဲ့မျက်နှာက ဒီရှိုးကပဲ သူရောက်လာဖို့အတွက် သိန်းပေါင်းများစွာ အကုန်ခံပြီး ဖိတ်ထားရသလိုပဲ! ]
[ သူက စိတ်မပါဘူးဆိုရင် ဘာလို့ ဒီကို လာနေသေးတာလဲ! သူ ဒီရှိုးကနေ ထွက်သွားသင့်တယ်! ]
[ ကျုံချင်းယွီရဲ့သူငယ်ချင်းက အရမ်းငယ်လွန်းတယ်။ သူ အသက်ရော ပြည့်ပြီးပြီလား။ ]
[ Starlight အနုပညာကုမ္ပဏီက စာချုပ်ချုပ်ချင်နေတဲ့ တက်သစ်စလေးနေမှာပေါ့။ သူက အရည်အချင်းမရှိတဲ့အပြင် ကျုံချင်းယွီထက်တောင် ပျော့ညံ့နေသေးတယ်။ သူ့ကိုယ်သူ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက် ဖြစ်လာမယ်လို့ ထင်နေတာလား။ သူလဲ ဒီရှိုးကနေ နုတ်ထွက်သင့်တယ် ! ]
တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေကြသော ကြည့်ရှူသူတစ်ချို့မှာ မှတ်ချက်များကြောင့် စိတ်ရှုပ်နေကြလေသည်။
[ ဒီမိန်းကလေးကဖြင့် သူ့အကြောင်းကို ဘာမှတောင်သိပ်မပြောရသေးတာကို လူတွေက ဘာလို့ အဲ့လောက်တောင် ဝေဖန်နေကြတာလဲ]
[ မင်းနားမလည်ဘူးလား။ တကယ်တော့ သူတို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေက ယန်ရှီကို ရည်ရွယ်တာမဟုတ်ဘူး ကျုံချင်းယွီကို ရည်ရွယ်ကြတာ! ]
အင်တာနက်ပေါ်မှ ကြည့်ရှူနေသူများအပြင် ရဲ့လော့ယီမှာလည်း ယန်ရှီကို စောင့်ကြည့်နေလေသည်။
ဆွန်းချီပြောတာအမှန်ပဲ။
မအောင်မြင်မကျော်ကြားချင်တဲ့သူရယ်လို့ရှ်ိနိုင်ပါ့မလား။
ယန်ရှီသည် ဆွန်းချီထံမှ နုတ်ထွက်ကာ ကျုံချင်းယွီကို ဆက်သွယ်လိုက်ခြင်းမှာ အောင်မြင်ကျော်ကြားရန် အခွင့်အရေးရဖို့အတွက် ချဉ်းကပ်လိုက်ခြင်းပင်ဖြစ်သည်။
သူမသည် ငယ်ရွယ်၍ ရိုးသားသည့်ပုံစံဟုထင်မြင်ရသော်လည်း အမှန်တကယ်တွင် ရှူယန်ယန်ကို အသုံးချခဲ့ရုံသာမက ရဲ့လော့ယီ နှင့် ဆွန်းချီတို့ကိုလဲ ခြယ်လှယ်ထိန်းချုပ်ထားခဲ့ခြင်းပင်။ သူမ၏ စိတ်နေစိတ်ထားမှာ မြင်နေရသကဲ့သို့ မရိုးရှင်းလှပေ။
ရဲ့လော့ယီသည် ယန်ရှီ၏ ကောင်းမွန်သောနေ့ရက်များမှာ မကြာခင်ကုန်ဆုံးတော့မည်ဟု ယုံကြည်နေခဲ့၏။
ကျုံချင်းယွီမှာ အထက်စီးဆန်သော အကျင့်ရှိသည့်အပြင် မာန်မာနကြီးကာ တစ်ခြားသူများကိုလဲ အထင်အမြင်သေးတတ်သောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦး ဖြစ်ပေသည်။
ထို့ကြောင့် သူမနှင့်တစ်ဖွဲ့တည်းဖြစ်သော ယန်ရှီမှာ အတူတူပါဝင်ပေးသည့် အဖော်သဘောမျှသာ ဆက်ဆံခံရပြီး ကျုံချင်းယွီ၏ မောက်မာခက်ထန်သည့် ပုံစံများကို ကြုံတွေ့ရလောက်ပေမည်။
ထိုအချိန်သို့ရောက်လာလျှင် ကျုံချင်းယွီ၏ ယန်ရှီ့အပေါ် မောက်မာသည့်ဆက်ဆံပုံကြောင့်ပင် သူတို့၏ ဟန်ဆောင်ထားသော သူငယ်ချင်းဆက်ဆံရေး ပေါ်ထွက်လာပြီး ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့၏ စစ်မှန်သော ဆက်ဆံရေးကိုမူ ရှင်းလင်းစွာ မြင်ရလောက်ပေသည်။
မိတ်ဆက်သော အခန်းကဏ္ဍပြီးသွားသည့်နောက်တွင် ဧည့်သည်များမှာ နောက်ထပ် အကြောင်းအရာများကို စတင်ပြောဆိုခြင်းမရှိသဖြင့် ငြိမ်သက်သွားကြလေ၏။
နောက်ဆုံးတွင် မနေ့ကဖြစ်ခဲ့သော ကျုံချင်းယွီမှ ရဲ့လော့ယီအား ပါးရိုက်ခဲ့သည့်အဖြစ်အပျက်မှာ မီဒီယာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ယခုရှိုးသို့ ရောက်လာကြသော ဧည့်သည်များသည် ထိုကိစ္စနှင့် ပတ်သတ်၍ သတိထားနေကြကာ သူတို့ကြားရှိ လေထုမှာလည်း တင်းမာနေတော့သည်။
ပေယွဲ့ပိုင်မှ မနေ့ညက ကျုံချင်းယွီလုပ်ခဲ့သည့် အမှားအတွက် ရဲ့လော့ယီအား ပြန်တောင်းပန်ရန် ပြောထားလေသည်။ သို့သော် သူမအတွက်မူကား ထိုကိစ္စအား ပြန်တွေးမိရာတွင် ပို၍ပင် စိတ်တိုလာရ၏။
ရဲ့လော့ယီနဲ့မျက်နှာချင်းတောင် မဆိုင်ချင်တာ ဘယ်လိုလုပ်တောင်းပန်နိုင်မှာလဲ!
သို့သော် မတောင်းပန်လျှင်လည်း မတိုးသာမဆုတ်သာအခြေအနေနှင့် ဤရှိုးသည် ရှေ့ဆက်ရန် ခက်ခဲသွားပေလောက်မည်။
နှစ်ဖက်လုံးကတိတ်ဆိတ်နေကြရာ အဖွဲ့ထဲ၌ လူမှုဆက်ဆံရေးကောင်းမွန်သော ကန်းပေါ်ယဲ့သည် အကြောင်းအရာတစ်ခုခုကိုပြောရန် ပြင်ဆင်နေချိန်တွင် ခန္ဓာကိုယ်ကြီးမားတောင့်တင်းသော လူတစ်ယောက်မှာ ဧည့်သည်များ၏ အလယ်တည့်တည့်မှဖြတ်၍ ဝင်လာလေသည်။
ထိုလူမှာ ခရီးဆောင်အိတ်ကို သယ်ဆောင်လာခြင်းကြောင့် အားလုံးက ခရီးသွားရန် ပြင်ဆင်လာသည့် ခရီးသည်တစ်ဦးဟုသာ ထင်မြင်သွားကြကာ မည်သူကမျှ သူ့အားဂရုမစိုက်ခဲ့ပေ။
သို့သော် ထိုလူမှာ အဖွဲ့ထဲသို့ ဝင်ရောက်လာကာ သူကိုင်လာသည့် ခရီးဆောင်အိတ်ကို လွှတ်ချ၍ အနီရောင် ဆေးပုံးတစ်ပုံးအား ကျုံချင်းယွီထံသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ပစ်လိုက်လေ၏!
" ကျုံချင်းယွီ ခွေးမ! မင်းက ရဲ့လော့ယီကို အနိုင်ကျင့်ရဲတယ်ပေါ့“