Chapter 13
Viewers 76

Chapter 13

 

 

အကုန်လုံးသည် အံ့ဩမှင်သက်၍ လက်မှတ်အချက်အလက်များကို လျင်မြန်စွာစစ်ဆေးလိုက်ကြရာ ယန်ရှီသည် လက်မှတ်ဝယ်ယူထားခြင်း မရှိကြောင်းကို တွေ့လိုက်ရ၏။

 

 

အတိအကျပြောရမည်ဆိုလျှင် ရှုယန်ယန်သည် လက်မှတ်ဖြတ်ခဲ့ခြင်းမရှိပေ။

 

 

လက်မှတ်များကိုဝယ်ယူရန် ပထမဦးစွာ တာဝန်ယူထားသူမှာ ပေယွဲ့ပိုင် ဖြစ်ပြီး ရဲ့လော့ယီအား လက်လွှဲပေးရာတွင် အမှားအယွင်း ဖြစ်ပွားခဲ့ခြင်းပင်။

 

 

ဒါကခက်ခဲတဲ့အခြေအနေပဲ၊ ဖြစ်နိုင်ရင် တခြားလေယာဉ်ချိန်ကို လက်မှတ်ဖြတ်လိုက်ပါလား ယန်ရှီ။ လီမြို့ကို ငါတို့ထက် တစ်ရက်ပဲ နောက်ကျပြီး ရောက်မှာပါဟု ဆုလင်းလင်းက ဝမ်းသာပီတိဖြစ်စွာနှင့် ပြောလိုက်လေသည်။

 

 

ရဲ့လော့ယီကစိုးရိမ်စွာနှင့်

 

လင်းလင်းနဲ့ငါ အနီးဆုံး လေယာဉ်ချိန်တွေကို ကြည့်ပြီးပြီ။ သူတို့က ရာသီဥတုအခြေအနေကြောင့် လက်မှတ်တွေကို ဖျက်လိုက်တော့ အမြန်ဆုံးရောက်နိုင်တဲ့ လေယာဉ်လက်မှတ်က မနက်ဖြန်မှရလိမ့်မယ်

 

 

သူမသည် ယန်ရှီ့ဘက်သို့ လှည့်ကာ အပြစ်ရှိသောအသံဖြင့်

 

တောင်းပန်ပါတယ် ယန်ရှီ၊ ကောင်းကောင်းမကိုင်တွယ်နိုင်လိုက်တာ ငါ့အမှားပါဟု ပြောလိုက်၏။

 

 

[ဒါကဘယ်လိုလုပ် ရဲ့လော့ယီရဲ့ အမှားဖြစ်မှာလဲ။ သေချာပေါက် လက်မှတ်မဖြတ်ထားတဲ့ ရှုယန်ယန် ကြောင့်ပဲပေါ့ ! ]

 

 

[ရဲ့လော့ယီက ပေယွဲ့ပိုင် အစား လက်မှတ်တွေ ဝယ်ပေးတာနဲ့တင် အတော်ခက်ခဲနေပါပြီ! ရှူယန်ယန်က လက်မှတ်ဖြတ်ဖို့မေ့သွားတာကို ဘာလို့ တစ်ခြားသူကို အပြစ်တင်နေကြတာလဲ]

 

 

[ကျုံချင်းယွီ နဲ့ ယန်ရှီတို့ကလဲ အရမ်းပေါ့ဆလွန်းတယ်။ သူတို့က တာဝန်လွှဲပြောင်းလိုက်တဲ့အချိန်မှာ ဘာလို့လက်မှတ်တွေကို ပြန်မစစ်ကြတာလဲ]

 

 

ဤအချိန်တွင် မည်သူအမှားလုပ်ခဲ့သည်ကိုငြင်းခုံနေကြခြင်းမှာ အကျိုးမရှိသော အရာတစ်ခုဖြစ်သည်။

 

 

အမှန်တော့ ယန်ရှီသည် တစ်ယောက်တည်း လေယာဉ်စီးရန်အတွက် စိတ်မပူပေ။

 

 

သူမက အရွယ်ရောက်ပြီးသားသူ တစ်ယောက်ဖြစ်သောကြောင့် လေယာဉ်တစ်ယောက်ထဲစီးရခြင်းမှာ ခက်ခဲသောအရာတစ်ခုမဟုတ်ပေ။

 

 

သို့သော် ယန်ရှီသည် ဝတ္ထုထဲမှ အကြောင်းအရာတစ်ခုဖြစ်သော ရဲ့လော့ယီမှာ သူမ၏ နှိမ့်ချစွာနေတက်သော ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ရိုးရိုးအတန်း လက်မှတ်များကိုသာ ဖြတ်ခဲ့ခြင်းကို သတိရသွားသည်။

 

 

ကျုံချင်းယွီသည် ချမ်းသာသော သူဌေးသမီးလေးဖြစ်သောကြောင့် ရိုးရိုးအတန်းတွင် တစ်ခါမျှ မစီးဖူးပေ။

 

 

သူမသည် ခရီးစဉ်အတွင်း ရဲ့လော့ယီနှင့် လေယာဉ်မောင်မယ်များအား ပြသာနာရှာနေခဲ့သည့်အပြင် သူမ၏ မောက်မာသော အမူအကျင့်များကြောင့် အခြားဧည့်သည်များမှာ သူမအား မကောင်းမြင်လာကြတော့၏။

 

 

လေယာဉ်ပေါ်ရှိ ကင်မရာများသည် ထိုဖြစ်စဥ်အားလုံးကို ရိုက်ကူးမိခဲ့ပြီး ပရိတ်သတ်များထံသို့ ဗီဒီယိုရောက်ရှိသွားသောအခါ ထိုကဲ့သို့မောက်မာသောသူမကို ပို၍ပင် အမုန်းပွားလာကြလေသည်။

 

 

ရှီရှီကျုံချင်းယွီသည် ယန်ရှီ့အား စိုးရိမ်ပူပန်စွာဖြင့် ကြည့်လိုက်ကာ

 

အဆင်ပြေပါ့မလား

 

 

ယန်ရှီသည် ကျုံချင်းယွီထက် 3နှစ်ငယ်သောကြောင့် သူမ၏ မျက်လုံးထဲတွင်တော့ ယန်ရှီမှာ ညီမလေးတစ်ယောက်ကဲ့သို့ပင်။

 

ဒါပေါ့ ငါအကုန်ပြင်ဆင်ပြီးသွားပြီ! “

 

 

ထို့နောက် ယန်ရှီသည် သူမ၏အိတ်ထဲမှ မြေပုံတစ်ခုကို ဆွဲထုတ်လိုက်ကာ

 

ဒီမှာကြည့် ငါ F နိုင်ငံရဲ့ မြေပုံကိုဝယ်ခဲ့တယ်၊ ဒါနဲ့သာဆို လမ်းပျောက်တော့မှာမဟုတ်ဘူး!”

 

 

ကျုံချင်းယွီသည် ထိုမြေပုံကို ဖျက်ကနဲ လှမ်းကြည့်လိုက်သည်။

 

ဒါက နိုင်ငံတော်မြေပုံကြီးပဲ! အရမ်းကြီးလွန်းတယ်၊ တကယ်လို့ နင်မြေပုံတစ်ခုဝယ်ချင်တယ်ဆိုရင်လီမြို့ရဲ့မြေပုံပဲ ဝယ်သင့်တာပေါ့!”

 

 

ယန်ရှီသည် တိတ်ဆိတ်သွားကာ ဘာသာပြန်ပေးသောစက်တစ်ခုကို ထုတ်ပြလာပြန်သည်။

 

ငါ လိုရမယ်ရ ဒီဘာသာပြန်စက်ကိုလဲ ဝယ်လာတယ်၊ လမ်းမေးတဲ့အခါ ပိုလွယ်သွားတာပေါ့ !”

 

 

ယန်ရှီသည် ဘာသာပြန်စက်ကို ဖွင့်လိုက်၏။ သို့သော် အကြိမ်ရေအနည်းငယ်ခန့် နှိပ်ပြီးသောအခါ စက်မှာ ပျက်သွားတော့သည်။

 

 

ကျုံချင်းယွီ: “!!!”

 

 

ယန်ရှီသည် ကျုံချင်းယွီအား သနားစရာကောင်းသော မျက်နှာလေးနှင့် ကြည့်လိုက်ကာ

 

ငါ့မှာ ဖုန်းရှိသေးတာပဲလေငါ့ရဲ့ဖုန်းကတော့ ငါ့ကို ပစ်မသွားလောက်ပါဘူး ဟုတ်တယ်မလား

 

 

သူမသည် ဖုန်းကို ထုတ်ကြည့်လိုက်ရာ ညက အားသွင်းရန် မေ့သွားခဲ့သောကြောင့် ဖုန်းမှာ စက်ပိတ်သွားတော့လေသည်။

 

 

ကျုံချင်းယွီ: “…”

 

 

 

ရဲ့လော့ယီသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူမထင်ခဲ့သည်မှာ ယန်ရှီမှ ဉာဏ်နီဉာဏ်နက်များကာ သူမ ကျုံချင်းယွီအား တောင်းပန်ရန်အတွက် တမင်လုပ်နေခြင်းဟုပင်။

 

 

သို့သော် ယခုကြည့်ရသည်မှာ ယန်ရှီ၏ အပြုအမူများသည် တမင်တကာ ကြံစည်သောပုံစံမျိုးမဟုတ်ဘဲ တိုက်ဆိုင်ရုံသက်သက်သာဖြစ်နေ၏။

 

 

ရဲ့လော့ယီသည် ယန်ရှီအား ပြုံး၍ နှစ်သိမ့်ပေးလိုက်သည်။

 

စိတ်မပူပါနဲ့ယန်ရှီ လီမြို့ကို နောက်ကျမှရောက်တာက နင့်အတွက် ပိုအဆင်ပြေသွားတာပါပဲ၊ ဟိုတယ်နဲ့ ခရီးစဉ်အတွက် စီစဉ်တာကို နင်စိတ်ပူစရာမလိုတော့ဘူးနော်၊ ဟိုကို ရောက်လာတဲ့အချိန်ကြရင်လည်း ကားတစ်စီးလွှတ်ပေးပြီး လာကြိုဖို့ ငါတို့စီစဉ်ပေးပါ့မယ်

 

 

သို့သော်လည်း ကျုံချင်းယွီသည် စိတ်ပူပန်နေဆဲပင် ဖြစ်လေသည်။

 

တကယ်လို့ ယန်ရှီလမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ

လေယာဉ်မှားစီးမိရင်ရော

သူ့ဖုန်းက အားမရှိလို့ ထုတ်လုပ်ရေးအဖွဲ့ကို ဆက်သွယ်လို့ မရခဲ့ရင်ရော

 

 

 

အရင်က ယန်ရှီသာဆို ဒီလိုမျိုး နမော်နမဲ့နိုင်မှာမဟုတ်ပေမဲ့ အခုက အသည်းကွဲထားတာလေ!

 

 

အသည်းကွဲထားတော့ ဒီလိုမျိုး နမော်နမဲ့နိုင်တာက ပုံမှန်ပဲ!

 

 

ကျုံချင်းယွီသည် ဤခရီးစဉ်ကို စီစဉ်ခဲ့သူမှာ သူမဖြစ်သောကြောင့် ယန်ရှီ့အတွက် တာဝန်ရှိသည်ဟု ခံစားနေရ၏။

 

 

လေဆိပ်သို့ ရောက်ရှိကြောင်း စာရင်းသွင်းပြီးချိန်တွင် ရဲ့လော့ယီသည် ယောက်ျားလေးများအား ခရီးဆောင်အိတ် ကူသယ်ပေးရန် တောင်းဆိုလိုက်လေသည်။

 

 

သို့သော် ကျုံချင်းယွီသည် သူမ၏အိတ်ကို ပြန်ယူလိုက်ကာ

 

ဒီလိုလုပ်ရအောင်၊ ငါတို့ မိသားစုမှာ ကိုယ်ပိုင်လေယာဉ်ရှိတယ်၊ အဲ့တော့ ယန်ရှီနဲ့ငါ လီမြို့ကို ကိုယ်ပိုင်လေယာဉ်နဲ့ပဲ သွားတော့မယ်! ”

 

 

[???]

 

 

[ကျုံချင်းယွီမှာ ကိုယ်ပိုင်လေယာဉ်ရှိတယ်ပေါ့ တကယ်ကြီးလား ]

 

 

[ ကျုံချင်းယွီက သူမရဲ့ အထက်တန်းလွှာပုံစံကို အရမ်းတွေဖော်ပြနေတော့တာပဲ။ လူတွေ မကောင်းပြောကြမှာကို မကြောက်ဘူးလား ]

 

 

[ကိုယ်ပိုင်လေယာဉ်ပေါ့လေ….သူက ဒါကို ပေါ့ပေါ့ပါးပါးလေး ကြွားလုံးထုတ်နေတာလား]

 

 

[ သူ့မှာ ကိုယ်ပိုင်လေယာဉ် တကယ်ရှိမရှိ စောင့်ကြည့်ကြတာပေါ့ ! ]

 

 

အခြားဧည့်သည်များမှာလည်း အံ့ဩမှင်သက်သွားကြပြီး ထိုအထဲ၌ ရဲ့လောယီလည်း အပါအဝင်ပင်ဖြစ်၏။

 

 

ကိုယ်ပိုင်လေယာဉ်ဒါကို ထုတ်လုပ်ရေးအဖွဲ့က ခွင့်ပြုလိုက်ကြတာလား။

 

 

ဒါရိုက်တာယွီသည် သူမတွင် အမှန်ပင် ကိုယ်ပိုင်လေယာဉ်ရှိသည်ကို မယုံသင်္ကာမဖြစ်ပေ။

 

 

ကျုံချင်းယွီသည် သူမ၏ မိသားစုနောက်ခံအကြောင်းကို တစ်ခါမျှ မဖော်ပြခဲ့သော်လည်း ဤရှိုး၏ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်သော ဒါရိုက်တာယွီမှာမူ သူမ၏ အထောက်အထားကို သိရှိခဲ့ပြီးသား ဖြစ်လေသည်။

 

 

သူမက ဟိုင်မြို့ရဲ့ အချမ်းသာဆုံးမိသားစုက သမီးတစ်ယောက်လေ။

သူမမှာ ကိုယ်ပိုင်လေယာဉ်ရှိတာက အဲ့လောက်တောင်ပဲ အံ့ဩစရာ ကောင်းလို့လား။

 

 

ဒါရိုက်တာယွီသည် ကိုယ်ပိုင်လေယာဉ်ထဲတွင် ရိုက်ကူးရေးနှင့် တိုက်ရိုက်ထုတ်လွှင့်မှု များ လုပ်၍မရမည်ကိုသာ ပို၍ စိုးရိမ်ပူပန်နေခဲ့၏။

 

 

ရိုက်ကူးရေးလုပ်ဆောင်ရန် ခွင့်ပြုချက်ရပြီးသည့်နောက်တွင် ဒါရိုက်တာယွီမှာ ပျော်မြူးနေခဲ့လေသည်။

 

 

ကိုယ်ပိုင်လေယာဉ်တဲ့! ရှိုးအတွက် ဘယ်လောက်တောင် ထူးခြားကောင်းမွန်လိုက်သလဲ!

 

 

အတူ ခရီးသွားကြစို့ တီဗွီအစီအစဉ် ရည်ရွယ်ချက်မှာ မတူညီသော ခရီးသွားသည့်ပုံစံများကို ချပြရန်သာ ဖြစ်၏။ ထို့အပြင် ကျုံချင်းယွီ၏ ကိုယ်ပိုင်လေယာဉ်မှာ အဆင့်အတန်းမြင့်မားမှုကို ကိုယ်စားပြုသည့်အတွက် ဤရှိုး၏အကြောင်းအရာနှင့် အလွန်ပင် ကိုက်ညီလှပေ၏။

 

 

ကျုံချင်းယွီသည် သူမ၏ လက်ထောက်အား ဆက်သွယ်လိုက်ရာ

 

ကိုယ်ပိုင်လေယာဉ်က ကြားထဲမှာ မနားဘဲ လီမြို့ကို တိုက်ရိုက်သွားမှာပါ။ ဒါပေမယ့် လေကြောင်းထိန်းချုပ်ရေးအဖွဲ့ကို ခွင့်ပြုချက်တင်ရအုန်းမှာမလို့ ထုတ်လုပ်ရေးအဖွဲ့ရဲ့လေယာဉ်ထက် နေ့တစ်ဝက်လောက် နောက်ကျပါလိမ့်မယ်

 

 

ဟိုင်မြို့မှလီမြို့သို့ လေယာဉ်ကြာချိန်မှာ 13နာရီ ဖြစ်ပေသည်။

 

 

ထုတ်လုပ်ရေးအဖွဲ့သည် လီမြို့သို့ ဒေသစံတော်ချိန် ညနေ ၅နာရီတွင် ရောက်မည်ဖြစ်ပြီး ကျုံချင်းယွီနှင့် ယန်ရှီတို့သည်လည်း ညနေပိုင်းတွင် ရောက်မည်ဖြစ်၍ အချိန်ကွာခြားမှု သိပ်မရှိလှပေ။

 

 

ယန်ရှီသည် ရဲ့လော့ယီနှင့် အခြားဧည့်သည်များကို လက်ပြ၍ နှုတ်ဆက်လိုက်လေ၏။

 

 

အားလုံးကို နှုတ်ဆက်ပါတယ်နော်၊ ကျွန်မ ချင်းချင်းနဲ့တူတူ လီမြို့ကို ကိုယ်ပိုင်လေယာဉ်နဲ့သွားပါတော့မယ်၊ ဟိုတယ်အခန်းကို ကြိုတင်စာရင်းပေးဖို့ရယ်နဲ့ ခရီးစဉ် စီစဉ်ပေးဖို့ကိုတော့ အားလုံးကို အားကိုးပါတယ်နော်

 

 

ကန်းပေါ်ယဲ့နှင့် အခြားဧည့်သည်များသည်လည်း လက်ပြ၍ ပျော်ရွှင်စွာ နှုတ်ဆက်လိုက်ကြလေ၏။

 

ဘာမှစိတ်မပူပါနဲ့ ငါတို့အကုန် အဆင်ပြေအောင်လုပ်ထားလိုက်မယ်

 

 

ရဲ့လော့ယီလည်း မပြုံးချင်ပြုံးချင်နှင့် အတင်းပြုံးကာ နှုတ်ဆက်လိုက်လေသည်။

 

 

ကျုံမိသားစု၏ ကိုယ်ပိုင်လေယာဉ်သည် ဟိုင်မြို့၏ လေဆိပ်တွင် ရပ်ထား၏။

 

 

ပုံမှန်အားဖြင့် ကိုယ်ပိုင်လေယာဉ်တစ်စီးထွက်ခွာရန်အတွက် ပြင်ဆင်ရသည်မှာ အလုပ်ရှုပ်လှ၏။ ထို့ကြောင့်ပင် သူမ၏လက်ထောက်သည် နေ့တစ်ဝက် အချိန်ယူရလောက်မည် ဟုပြောထားခြင်းပင်။

 

 

သို့သော် ယန်ရှီနှင့် ကျုံချင်းယွီတို့ ကိုယ်ပိုင်လေယာဉ်ဆီသို့ရောက်ရှိသွားချိန်တွင် လိုအပ်သမျှ အကုန်လုံး ပြည့်စုံစွာ ပြင်ဆင်ပြီးကြောင်း တွေ့လိုက်ရလေသည်။

 

 

အရပ် 183 စင်တီမီတာ ရှိ၍ အဖြူရောင် လေကြောင်းဝတ်စုံများကို ဝတ်ဆင်ထားကြသော လေယာဉ်မောင်မယ်12ယောက်လောက်သည် ကိုယ်ပိုင်လေယာဉ်၏ရှေ့၌ မတ်တပ်ရပ်နေကြသည်။

 

 

ထိုလူများထဲတွင် ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးရှိသည့် အိန္ဒိယ-ရောပလူမျိုးများ၊ အနက်ရောင်ဆံပင်နှင့် မဲနက်သော မျက်လုံးရှိသည့် အာရှတိုက်သားများ ရောယှက်ပါဝင်နေကြလေ၏။ တစ်ယောက်ချင်းစီသည် ပြီးပြည့်စုံသော ကိုယ်ဟန်အနေအထား၊ ကျယ်ပြန့်သော ကျောပြင်ကြီးများနှင့် ရှည်လျားသော ခြေတံများရှိကြကာ သူတို့သည် ယန်ရှီနှင့် ကျုံချင်းယွီတို့အား လေးစားစွာဖြင့် ကြိုဆိုနေကြ၏။

 

 

[ ဝိုးး! သူတို့က အရမ်းဆွဲဆောင်မှုရှိတာပဲ ! ]

 

 

[ ကိုယ်ကျင့်တရားပျက်တာပဲဖြစ်ဖြစ် လူသားမဆန်တာပဲဖြစ်ဖြစ် ဘာနေနေ ငါ အဲ့ဒီကောင်ချောလေးတွေနဲ့ နေပါရစေ! ]

 

 

[ သူတို့က လေကြောင်းဝန်ထမ်းတွေကိုပါ သီးသန့်ခန့်ထားတာပဲ! ကျုံချင်းယွီကို လှောင်ပြောင်ခဲ့တဲ့သူတွေကတော့ အခုဆို ရှက်နေလောက်ပြီ!]

 

 

[ ငါက ရဲ့လော့ယီကို ချမ်းသာတဲ့အမွေဆက်ခံသူလို့ ထင်နေခဲ့တာ၊ တကယ်တမ်းကြ ကျုံချင်းယွီတို့မိသားစုက ပိုပြီးချမ်းသာတာပဲ! ဒါတောင် သူက တစ်ခါမှ မကြွားခဲ့ဖူးဘူးနော်! ]

 

 

[ ဖွီး ဒါက သူ့မှာ ကျောထောက်နောက်ခံ ရှိတယ်ဆိုတာကို ပြနေတာပဲလေ။ သူက အရာအားလုံးကို ငွေနဲ့ ဖြေရှင်းနေတာ။ ဒါလေးက ကိုယ်ပိုင်လေယာဉ်လေးပါပဲ..]

 

 

[မနာလိုတဲ့သူတွေများ ရှိနေလားနော်။ ငါ ဒီကနေတောင် ချဉ်စူးစူးအနံ့တွေ ရနေပြီ! ]

 

 

ရုတ်တရက် ဝတ်စုံအပြည့်ဝတ်ထားသော လူငယ်လေးတစ်ယောက်သည် ကင်မရာရှုထောင့်အတွင်း မတော်တဆ ဖြတ်လျှောက်မိသွား၏။

 

 

PDသည် ယန်ရှီနှင့် ကျုံချင်းယွီတို့အား ရိုက်ကူးနေပြီး ကိုယ်ပိုင်လေယာဉ်ကို အသေးစိတ် မှတ်တမ်းတင်နေလေသည်။

 

 

ထိုကောင်ချောလေးကို တွေ့လိုက်ရသည့်အချိန်တွင် ယန်ရှီ့ထက်တောင်မှပင် ပို၍ စိတ်လှုပ်ရှားနေ၏။

 

 

ပုခုံးကျယ်တွေ၊ ခါးသေးသေး၊ ခြေတံရှည်တွေအပြင် မျက်နှာလေးကလဲသေလောက်တယ်အစ်မကျိုး မင်းရဲ့ဝန်ထမ်းတွေက လုံးဝ ထိပ်တန်းအဆင့်တွေပဲ! ”

 

 

ကျုံချင်းယွီ: “…”

 

ကျေးဇူးပါ၊ ဒါပေမယ့် သူက လေကြောင်းဝန်ထမ်းမဟုတ်ပါဘူး။ ကျွန်မရဲ့အစ်ကိုပါ

 

 

PD သည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရ၏။

 

 

လူငယ်လေးသည် သူ၏ခန္ဓာကိုယ်နှင့်လိုက်ဖက်သော အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ရွှေရောင်ပါးပါးကွပ်ထားသောမျက်မှန်မှာလည်း သူ၏နှာတံလေးပေါ်သို့ တင်လျက်ရှိ၏။

 

 

ထို့အပြင် လက်တစ်ဖက်ကို အိတ်ကပ်ထဲသို့ထည့်ကာ ပေါ့ပေါ့ပါးပါး ပုံစံလေးဖြစ်နေသည်။

 

 

ငယ်ရွယ်ပုံပေါ်သော်လည်း သူ၏အရှိန်အဝါမှာ ဩဇာအာဏာကြီး၍ အထက်စီးဆန်သဖြင့် ပတ်ဝန်းကျင်ရှိ လူများမှာ အရောတဝင်မလုပ်ရဲဘဲ အဝေးမှနေ၍ ရှောင်သွားကြ၏။

 

 

ယန်ရှီနှင့် ကျုံချင်းယွီတို့၏ အာရုံစိုက်မှုအားရရှိရန် ကြိုးစားနေကြသော လေယာဉ်ဝန်ထမ်းများသည် ကျုံယန်စီအား မြင်လိုက်ရသောအခါ ချက်ချင်းပင် သပ်ရပ်စွာဖြင့် ဖြောင့်တန်းအောင် တန်းစီလိုက်ကြလေသည်။

 

 

ကျုံယန်စီအား မြင်လိုက်ရသည့်အချိန်တွင် ကျုံချင်းယွီ၏ အပြုံးများမှာ ရပ်တန့်သွား၏။

 

 

သူမသည် အပြည့်အဝပြည့်ဆင်ထားပြီးသော ကိုယ်ပိုင်လေယာဉ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျုံယန်စီအား ပြန်၍လှည့်ကြည့်လိုက်သည်။

 

 

နင်ရောလီမြို့ကိုသွားမလို့လား

 

 

အသိသာကြီးပဲလေ

ကျုံယန်စီသည် မော့၍ပင် မကြည့်ဘဲ ဖြေလိုက်၏။

 

 

အိုး! ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ! ငါတို့အိမ်မှာ ကိုယ်ပိုင်လေယာဉ်က တစ်စီးအပြင် ပိုမရှိဘူးလား

 

 

သူမသည် သူမ၏လက်ထောက်အား ဆက်သွယ်ကာ ကိုယ်ပိုင်လေယာဉ် ဝယ်ရန်အတွက် အရောင်းစာမျက်နှာတွင် ရှာခိုင်းလိုက်၏။

 

 

ရှီရှီ, နင် ဘယ်တစ်ခုကိုကြိုက်လဲ ကြိုက်တဲ့တစ်ခုကို ဝယ်လိုက်! ”

 

 

ယန်ရှီနှင့် ဝန်ထမ်းများအားလုံးသည် အံ့ဩမှင်သက်၍ ကြောင်ကြည့်နေမိကြလေ၏။

 

 

ကိုယ်ပိုင်လေယာဉ်တစ်စီးဝယ်ဖို့က ဒီလောက်လွယ်ကူရိုးရှင်းတာလား

 

 

ထိုအရောင်းစာမျက်နှာသည် သန်းပေါင်းများစွာတန်သော ကိုယ်ပိုင်လေယာဉ်များနှင့် ပြည့်နေ၏။

 

 

ယန်ရှီသည် မရွေးချယ်ရဲသဖြင့် ကျုံချင်းယွီအား ဖျောင်းဖျရန်သာ မြန်မြန်လေး ကြိုးစားလေတော့သည်။

 

 

ငါတို့ အခုဝယ်လိုက်မယ်ဆိုရင်တောင် လီမြို့ကို အချိန်မှီ မရောက်နိုင်တော့ဘူးနော် ဟုတ်တယ်မလား

 

 

ထိုအခါ ကျုံချင်းယွီသည် သူမ အတွက်အချက်မှားသွားခဲ့သောကြောင့် ငြိမ်သက်သွားတော့၏။

 

 

လေယာဉ်ထွက်ခွာချိန်၌ ကျုံချင်းယွီသည် ကျုံယန်စီအား လျစ်လျူရှူထားလိုက်သည်။

 

 

ကိုယ်ပိုင်လေယာဉ်အား စာသင်ခန်း၊ ထမင်းစားခန်း အရက်ကောင်တာ၊ ရုပ်ရှင်ရုံများနှင့် စုံလင်အောင် ဖွဲ့စည်းတည်ဆောက်ထား၏။

 

 

လေယာဉ်ထွက်ခွာပြီး ခဏအကြာတွင် ကျုံယန်စီသည် စာကြည့်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားကာ အလုပ်ထဲသို့သာ စိတ်နှစ်ထားလိုက်တော့သည်။

 

 

ထိုအချိန်တွင် ကျုံချင်းယွီနှင့် ယန်ရှီတို့သည် ကြယ်သုံးပွင့်ရထားသည့် မီချယ်လင်းစားဖိုမှူး ပြင်ဆင်ပေးသော အစားအသောက်များအား ပျော်ရွှင်စွာ စားသောက်နေခဲ့ပြီး နေ့လည်ခင်းတစ်ခုလုံးကို ဇာတ်ကားကြည့်၍ ကုန်ဆုံးခဲ့ကြ၏။

 

 

ကိုယ်ပိုင်လေယာဉ်များသည် စီးပွားရေးအရပျံသန်းသော လေယာဉ်များနှင့်မတူသဖြင့် လွတ်လပ်မှုအပြည့်အဝရရှိပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုလဲ ဆက်လက် လုပ်ဆောင်နိုင်ခဲ့ကြလေသည်။

 

 

ယန်ရှီ နှင့် ကျုံချင်းယွီတို့သည် ဒေါ်လာတစ်ထောင်တန် မျက်နှာပေါင်းတင်သော mask များအား ကပ်ကာ ဆိုဖာပေါ်တွင် သက်တောင့်သက်သာအနေအထားဖြင့် လှဲနေကြပေသည်။ ကြီးမားလှသည့် တီဗီမျက်နှာပြင်ပေါ်၌လည်း လူကြိုက်များသော တီဗီဇာတ်လမ်းတွဲ၏ နောက်ဆုံးပိုင်းကို ပြသနေ၏။

 

 

ယန်ရှီသည် systemမှာ သူမအား ရဲ့လော့ယီတို့ဘက်၌ ဆုလင်းလင်းတစ်ယောက် လေယာဉ်ရိုးရိုးအတန်းတွင် စီးရသည်မှာ အဆင်မပြေဖြစ်သောကြောင့် ဆူပူမှုများလုပ်ခဲ့သည့်အကြောင်းကို တင်ပြလာသဖြင့် ခဏတာ သတိလွတ်သွားခဲ့လေ၏။

 

 

ဝတ္ထုထဲ၌ ဆုလင်းလင်းသည်လည်း ရိုးရိုးတန်းတွင် စီးရသည်ကို မနှစ်မြို့ချေ။ သို့သော်လည်း ရဲ့လော့ယီ သူမ ဘေးနားတွင် ရှိနေခြင်းအပြင် ကျုံချင်းယွီ၏ ပို၍ သိသာထင်ရှားစွာ အာရုံစူးစိုက်မှုခံနေရခြင်းကြောင့် ဆုလင်းလင်းအား လျစ်လျူရှူထားကြခြင်းပင် ဖြစ်လေ၏။

 

 

သို့သော် ယခုမူကား ကျုံချင်းယွီမှ ကိုယ်ပိုင်လေယာဉ်ကို ရွေးချယ်လိုက်ခဲ့ချိန်တွင် ဆုလင်းလင်းသည် ရိုးရိုးအတန်း၌သာ စီးခဲ့ရပြီး စိတ်မချမ်းမသာ ဖြစ်ခဲ့ရလေ၏။

 

 

 

ရှီရှီရေ! ရှီရှီ

 

 

ကျုံချင်းယွီသည် ယန်ရှီအား နှစ်ကြိမ်တိုင်တိုင် ခေါ်နေခဲ့သော်လည်း ယန်ရှီသည် system မှ ယူဆောင်လာသော အတင်းအဖျင်းများကို အာရုံစူးစိုက်၍ နားထောင်နေသောကြောင့် မတုံ့ပြန်မိလိုက်ချေ။

 

 

ထိုအချိန်၌ သူတို့ရှေ့ရှိ တီဗီမျက်နှာပြင်ပေါ်တွင် ပြသနေသော အဓိကဇာတ်ဝင်ခန်းမှာ မင်းသမီးသည် မင်းသားအား ဖောက်ပြန်သည်ဟု မှားယွင်းဆုံးဖြတ်ခဲ့ပြီး လမ်းခွဲလိုက်ကြသောအခန်းပင်။ ဤဇာတ်ဝင်ခန်းသည် ကျုံချင်းယွီ၏ မျက်လုံးများအားအမှောင်ကျ၍ တွေဝေ သွားစေသည်။

 

 

 

ယန်ရှီသည် သူမစိတ်ဝင်စားနေသော ကောင်လေးမှာ သူမအခန်းဖော်၏ ရည်းစားဖြစ်နေကြောင်းကို သိရှိခဲ့ရသည်မှာ တစ်ပတ်မျှသာ ရှိသေး၏။

 

 

အခုမှ သူမက ပူပူနွေးနွေး အသည်းကွဲထားတာလေ၊ အဲ့တော့ ဒီဇာတ်ဝင်ခန်းကို မြင်လိုက်ရတာက နာကျင်မှုကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားမှာပဲ! သူ့ကို ကြည့်ရတာလည်း သေချာပေါက် စိတ်အခြေအနေကောင်းနေတဲ့ပုံမပေါ်ဘူး

 

 

ထို့ကြောင့် ကျုံချင်းယွီသည် ယန်ရှီအား စိတ်ပျော်ရွှင်စေရန် တစ်စုံတစ်ခု ပြုလုပ်ပေးရန် ဆုံးဖြတ်လိုက်လေ၏။

 

 

သူမသည် သူမ၏လက်ထောက်အား ညွှန်ကြားလိုက်ရာ သိပ်မကြာမှီ အချိန်တွင်းမှာပင် ကိုယ်ပိုင်လေယာဉ်၏ ဖျော်ဖြေရေးအခန်းထဲသို့ လေယာဉ်ဝန်ထမ်းအများအပြား ရောက်လာကြတော့သည်။

 

 

ယန်ရှီလည်း ထိုအခါမှ သူမ၏ အတွေးများထဲမှ နိုးထလာကာ

 

ဘာတွေဖြစ်နေတာလဲ၊ ပွဲတစ်ခုခု ရှိလို့လား

 

 

ကျုံချင်းယွီသည် လျှို့ဝှက်ဆန်းကြယ်သောအပြုံးဖြင့် ပြုံးပြကာ

 

ကြည့်မှာသာ ကြည့်လိုက်ပါ

 

 

လေယာဉ်ဝန်ထမ်းများသည် တစ်ယောက်ချင်း ယန်ရှီ၏ရှေ့တွင် ဖြတ်လျှောက်သွားကြလေသည်။

 

 

ရွှေရောင်ဆံပင်နှင့်အပြာရောင်မျက်လုံးများ၊ ရှည်လျားသောခြေတံများအပြင် တောင့်တင်းလှသောရင်ဘတ်ကြွက်သားများ၊ ပြီးပြည့်စုံလှသည့် ဗိုက်ကြွက်သားများနှင့်အတူ သန်မာလှသည့်ပေါင်တံများသည် ယန်ရှီ၏ မျက်လုံးထဲတွင် အပြည့်ဖြစ်နေတော့၏။

 

 

နေပါအုံး ဘာလို့ သူတို့ထဲက တချို့တွေက သံတိုင်နားမှာ ကနေကြတာလဲ!

 

 

ပြီးတော့ ဘာလို့ တစ်ခြားသူတွေကပါ အဝတ်အစားတွေချွတ်နေကြတာလဲ၊ ဒါက နည်းနည်းတော့ မသင့်တော်ဘူး မလား

 

 

[ ဝိုး! ဒါက ကိုယ်ပိုင်လေယာဉ်စီးရင်ရတဲ့ အကျိုးကျေးဇူးတွေများလား ]

 

 

[ အို ဘုရားရေ! အဲ့ဒီ ရင်ဘတ် ကြွက်သားတွေ၊ ခြေတံရှည်တွေနဲ့ ဗိုက်ကြွက်သားတွေကိုကြည့်ပါဦး၊ အမိုက်စားတွေပဲ! ကျုံချင်းယွီက ငါတို့အတွက် တကယ် စဉ်းစားပေးတတ်တာပဲ! ]

 

 

[ ကျုံချင်းယွီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရတာ တကယ်တန်တာပဲဟေး! ]

 

 

[ ဒီလောက် အမိုက်စားတွေကို ပိုက်ဆံမပေးရဘဲ တကယ်ကြည့်လို့ရတာလား! ]

 

 

[ ဒီဟာက တရားဝင်ထုတ်လွှင့်မှုရော ဟုတ်ရဲ့လား! ]

 

 

ကျုံချင်းယွီသည် သူမ၏ အသက်ရှူသံ နွေးနွေးလေးနှင့်အတူ ယန်ရှီ၏ အနားသို့ ကပ်လိုက်လေသည်။

 

ရှီရှီရေ တကယ်လို့ ဒီလူတွေကို နင်ကြိုက်တယ်ဆိုရင် သူတို့က တစ်ညလုံး နင့်အတွက်ပဲနော် ~ ”

 

 

တစ်ယောက်ထဲဆိုရင် လုံလောက်ပါ့မလား၊ တကယ်လို့ နင်သာကိုင်တွယ်နိုင်ရင် နှစ်ယောက် သုံးယောက်လဲ အဆင်ပြေတယ်နော် ~ ”

 

 

ယန်ရှီ၏မျက်နှာသည် ထိတ်လန့်ကြောက်ရွံ့သွားကာ

 

ဟင့်အင်း၊ ငါမကိုင်တွယ်နိုင်ဘူး!!!