အပိုင်း ၄၃
Viewers 15k

Chapter 43


တစ်ချိန်တည်းမှာပင် ချင်းဖျော်ဖြေရေး၏ နှစ်ဆယ့်ရှစ်ထပ်မြောက်တွင်....


ဖူရင်းယွီက ချင်းဖျော်ဖြေရေး၏ အနုပညာဒါရိုက်တာနှင့် လက်ဆွဲနှုတ်ဆက်နေသည်။ တွေ့ခဲလှသော အပြုံးအစစ်အမှန်လေးက သူ(မ)၏ အေးစက်စက်မျက်နှာထက်တွင် ပေါ်လာသည်။ "ကျွန်မတို့ ကောင်းကောင်းပူးပေါင်းလုပ်ဆောင်ကြမယ်လို့ မျှော်လင့်မိပါတယ်"။


"ကောင်းကောင်းပူးပေါင်းကြရအောင်"


ဖူရင်းယွီက ချင်းဖျော်ဖြေရေးနှင့် သုံးနှစ်စာချုပ်ချုပ်လိုက်သည်။ သုံးနှစ်ဆိုသောကာလမှာ သိပ်မကြာလှသောအချိန်ဖြစ်သော်လည်း ဖူရင်းယွီက အခြားအဆင့်တူရုပ်ရှင်မင်းသမီးများထက်နည်းသော ငါးဆယ်ရာခိုင်နှုန်း အနုပညာကြေးကိုရထားပြီးဖြစ်သည်။ သာမာန်အခြေအနေအရ စာချုပ်ထဲတွင်ဝေစု ခြောက်ဆယ်ရာခိုင်နှုန်း သို့မဟုတ် အနည်းဆုံးလေဆယ်ရာခိုင်နှုန်းဖြည့်ရမှာဖြစ်သည်။ သူ(မ)က အနုပညာကြေး၏ ခြောက်ဆယ်ရာခိုင်နှုန်းကိုရပြီး ကုမ္ပဏီကလေးဆယ်ရာခိုင်နှုန်းဖြစ်သည်။


ဖူရင်းယွီ: "ကျွန်မမှာ တောင်းဆိုစရာလေးရှိသေးတယ်....ဒါရိုက်တာလွီက စာချုပ်ကြော်ငြာတာကို နောက်တစ်ပတ်အထိတိုးပေးလို့ရမလား....အဲဒါမတိုင်ခင် ကျွန်မလုပ်စရာကိစ္စလေးတွေရှိသေးလို့ပါ"။


စာချုပ်လျော်ကြေးငွေပမာဏအများအပြားကို သူ(မ)မပေးလိုလျှင် နဂိုကုမ္ပဏီသို့ စာချုပ်အဆုံးသတ်ကြောင်း အကြောင်းကြားစာကို အရင်ဆုံးပို့ပေးရမည်။ ထို့နောက် ကုမ္ပဏီ၏စာချုပ်စည်းမျဥ်း ဖောက်ဖျက်မှုသက်သေရှာရန် ဥပဒေဆိုင်ရာ လုပ်ရိုးလုပ်စဥ်များကို အဆင့်ဆင့်လုပ်ဆောင်ရမှာဖြစ်ပြီး လျော်ကြေးငွေပေးရန် ငြင်းဆိုရမှာဖြစ်သည်။ ထိုသို့ဆိုလျှင် အခြေအနေက စိတ်ဒုက္ခရောက်စရာဖြစ်ပေလိမ့်မည်။ တရားစွဲဆိုခြင်းလုပ်ငန်း


စဥ်တစ်ခုလုံးအတွက် နှစ်တစ်ဝက်ခန့်ကြာနိုင်ပြီး ထို့အပြင် သက်သေစုဆောင်းရန် တစ်နှစ်ပင်ကြာနိုင်သည်။ အဆုံးတွင် တရားစွဲဆိုမှုရှုံးသွားပြီး စာချုပ်လျော်ကြေးငွေပေးရနိုင်သည်။


ဖူရင်းယွီက ထိုသို့မဖြစ်လိုပေ။ စာချုပ်လျော်ကြေး ယွမ်သန်းနှစ်ဆယ်နီးပါးကို သူ(မ)ချက်ချင်းပေးလျှင်ပေးလိုက်မည်။ သို့မဟုတ် သူ(မ)၏ရန်သူကို တိတ်တဆိတ်ရိုက်ချလိုက်မည်။ သဘောတူညီမှုစာကို သူတို့အကာအကွယ်ရစေရန် နဂိုကုမ္ပဏီသို့ ကြိုတင်ပြီးပို့ပေးလိုက်လျှင် ပြည်သူလူထု၏ထင်မြင်ချက်များနှင့်ဝေဖန်မှုများကို သူ(မ)တစ်ယောက်တည်းထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။


ယခုသူ(မ)လုပ်သင့်သမျှကိုလုပ်ပြီးသွားလျှင် ကျန်ရှိနေသော ကိစ္စများကို ချင်းဖျော်ဖြေရေးကုမ္ပဏီ၏ ကျွမ်းကျင်ဥပဒေအဖွဲ့က သူ(မ)အတွက် တရားစွဲဆိုပေးလိမ့်မည်ဖြစ်သည်။


ချင်းဖျော်ဖြေရေး၏အနုပညာဒါရိုက်တာမှာ အနည်းငယ်တည်ကြည်လေးနက်ဟန်ရှိသော်လည်း စကားပြောကောင်းသော အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ(မ)ကပြုံးရင်းပြောလာသည်။ "ဒါပေါ့....ရတာပေါ့....ကျွန်မတို့ရဲ့စိတ်ကူးနှစ်ခုက တစ်နည်းနည်းနဲ့တော့ ထပ်တူကျမှာပါ"။


ချင်းဖျော်ဖြေရေးကလည်း စာချုပ်ကိစ္စကို တိတ်တဆိတ် စီမံရန် အခွင့်အရေးကိုအရယူလိုသည်။ သူတို့လည်းဖြစ်နိုင်လျှင် ဖူရင်းယွီနှင့်စာချုပ်ချုပ်လိုက်သည်ကို အလောတကြီး မထုတ်ပြလိုချေ။ 


"ကျေးဇူးအများကြီးတင်ပါတယ်"။


အဓိကကိစ္စကြီးကိုဖြေရှင်းပြီးနောက် ဖူရင်းယွီ စိတ်သက်သာရာရသွားကာ သက်ပြင်းဖွဖွချလိုက်မိသည်။ ထျန်းဟောင်ဖျော်ဖြေရေးနှင့် စာချုပ်အဆုံးသတ်ပြီးလျှင် နောက်ပိုင်းတွင်ကျီမင်းနှင့် သူ(မ)စာရင်းရှင်းချင်ပါသေးသည်။ ထိုအချိန်တွင် ကုမ္ပဏီကဝင်တားမည်ကိုလည်း သူ(မ)စိတ်ပူစရာမလိုတော့ချေ။


သတင်းများအရ ချင်းဖျော်ဖြေရေးနှင့်ထျန်းဟောင်ဖျော်ဖြေရေးတို့က အမြဲတမ်းလိုလို မကျေနပ်ချက်များရှိကြသည်။ အဝန်းအဝိုင်းကြီးထဲရှိ ကိတ်မုန့်ကကြီးလွန်းသည်။ လူတိုင်းက ပိုပိုပြီးခွဲယူချင်ကြသည်။ ထိုသို့သောအခြေအနေမျိုးတွင် တစ်ဦးနှင့်တစ်ဦးမည်သို့အဆင်ပြေနိုင်မည်နည်း။ ကုမ္ပဏီနှစ်ခုက တစ်ယောက်နှင့်တစ်ယောက် အပေါ်ယံမျှပင် မယဥ်ကျေးလိုတော့ပေ။ ထိုသို့အကျိုးအမြတ်ထုတ်နေကြခြင်း


ကြောင့် သူ(မ)လည်းမဆန့်ကျင်နိုင်ချေ။


ဤအခြေအနေတွင် ဖူရင်းယွီ အရာအားလုံးကို ရှင်းရှင်းလင်းလင်းတွက်ချက်ထားပြီးဖြစ်သည်။ ချင်းဖျော်ဖြေရေးသို့ သူ(မ)ချက်ချင်းကြီး စိတ်လိုလက်ရခုန်ကူးလိုက်၍မဖြစ်နိုင်ပေ။


စာချုပ်အကြောင်းကို လူမသိစေရန် လက်မှတ်ထိုးပြီးနောက် ဖူရင်းယွီနှင့်ဟောင်ဖုန်းတို့ နှစ်ဆယ့်ရှစ်ထပ်ရှိ သီးသန့်ဓာတ်လှေကားမှ မြေအောာက်ကားဂိုဒေါင်သို့ တိုက်ရိုက်ဆင်းသွားလိုက်သည်။


ယနေ့ညတွင်ရိုက်ကူးစရာ ဇာတ်ဝင်ခန်းတစ်ခုကျန်နေသေးသည်။ ဖူရင်းယွီလည်း ရုပ်ရှင်ရိုက်ကူးရန် ကမန်းကတန်းပြေးရတော့သည်။


ဟောင်ဖုန်းကမျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။ "ရင်းယွီ....ကုမ္ပဏီက ဖိအားပေးဖို့ ငါ့ကိုဒီနေ့ခေါ်နေပြန်ပြီ"။


"ဖိအားပေးတယ်?"။ ဖူရင်းယွီက နှုတ်ခမ်းညွှတ်တက်သွားကာ အေးစက်စက်ပြုံးလိုက်သည်။ "ကုမ္ပဏီက ဒီလောက်တောင်အလောတကြီးဖြစ်နေတယ်ဆိုတော့.....သူတို့ကိုကတိပေးလိုက်ပါ"။


ဟောင်ဖုန်းက အံ့သြသွားပြီး အသံတိုးတိုးလေးဖြင့်ပြောလာသည်။ "ဘာလဲ? သူတို့ကိုကတိပေးရမယ်ဟုတ်လား?! ငါတို့ချင်းဖျော်ဖြေရေးနဲ့စာချုပ်ချုပ်ပြီးသွားပြီလေ......အဲဒီလိုယုတ္တိမရှိတဲ့ တောင်းဆိုချက်တွေကို ဘာလို့သဘောတူမှာတုန်း"။


ဖူရင်းယွီက ပြုံးရင်းပြောလိုက်သည်။ "ဒါပေါ့....ပိုပြီးကောင်းကောင်းချေပနိုင်ဖို့အတွက်လေ"။ ဖိအားများလေလေ ကိုယ်ရှူးကိုယ်ပြန်ပတ်နိုင်ခြေပိုများလေလေဖြစ်သည်။


ဟောင်ဖုန်းတစ်ခဏမျှကြောင်သွားသည်။ ထို့နောက် ဖူရင်းယွီပြောလိုက်သောစကားများ၏ အဓိပ္ပါယ်ကိုပြန်တုံ့ပြန်ကာ ပြုံးရင်းပြောလိုက်သည်။ "ဟုတ်ပြီ....ရှင်းပြထားတဲ့ပို့စ်ကိုတင်ဖို့အတွက် အခုငါနင့်ဝေဘိုအကောင့်ကိုသုံးလိုက်မယ်"။


စာချုပ်အဆုံးသတ်ကြောင်း နောက်တစ်ပတ်တွင်သတင်းထုတ်ပြန်လိုက်လျှင် ပရိသတ်ပြည်သူများက မည်သို့တွေးကြလိမ့်မည်နည်း။


လွန်ခဲ့သောရက်များအတွင်း ကျီမင်း၏အခြေအနေက သိပ်မကောင်းလှချေ။


ပထမတွင် "ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးတွင် သူ(မ)၏သရုပ်ဆောင်မကောင်းပုံနှင့် အမျိုးသမီးဇာတ်လိုက်မဖြစ်သင့်ကြောင်း ထုတ်ဖော်ခံလိုက်ရသည်။ ထို့နောက် အမျိုးသမီးဇာတ်လိုက်နံပါတ်နှစ်ဖြစ်သော ဖူရင်းယွီကိုသာဦးစားပေးပြီး သူ(မ)ကိုတမင်တကာ မိုးရွှဲရွှဲထဲတွင် သရုပ်ဆောင်ခိုင်းခဲ့ကြောင်း သိခဲ့ရသည်။


အစပိုင်းတွင် ပါပါရာဇီထံမှ စျေးကြီးကြီးဖြင့်ဝယ်ယူခဲ့သော သရုပ်ဆောင်မင်းသားတစ်ယောက်မူးယစ်ဆေးဝါးသုံးစွဲသည့်သတင်းဖြင့် ပရိသတ်များကိုသူ(မ)အာရုံလွှဲနိုင်ခဲ့သည်။ တစ်အောင့်လောက်အကြာတွင် ဆေးရုံတွင် ဖူရင်းယွီဆေးထိုးခံနေရသည့်ပုံများကို ပါပါရာဇီများကဖြန့်လိုက်ကြပြီး ပရိသတ်များလည်း သူ(မ)တို့ကိစ္စထံအာရုံပြန်ရောက်လာခဲ့သည်။


ဤကိစ္စတွင်ဖူရင်းယွီပါဝင်ပတ်သတ်ခြင်းလုံးဝမရှိဟုပြောလျှင် ကျီမင်းယုံနိုင်လိမ့်မည်မဟုတ်ပေ။


နောက်ကွယ်တွင် ကြိုးကိုင်နေသူကို မည်သူမှမသိနိုင်ချေ။


သူ(မ)၏ကိုယ်ပိုင်အကျိုးအမြတ်အတွက် ဖူရင်းယွီကိုဆေးခတ်ပြီး ရင်းနှီးမြှုပ်နှံသူ၏အိပ်ရာထဲသို့ပို့ခဲ့သည့်အချိန်တွင် မည်သို့မျှမနေခဲ့ပေ။ ယခုအခြေအနေတွင်မူ ဘာမှမလုပ်နိုင်ပဲ အံကြိတ်ရုံသာတတ်နိုင်တော့သည်။


ထိုအချိန်တုန်းက ဖူရင်းယွီ အနုပညာလောကထဲလုံးဝပြန်လည်ခြေမချနိုင်ရန် သူ(မ)၏တက်လမ်းကို မဖျက်စီးနိုင်လိုက်သည့်အတွက် ကျီမင်းမိမိကိုယ်မိမိ မုန်းတီးနေမိသည်။ ထိုနေ့ရိုက်ကွင်းတွင် စိတ်လိုက်မာန်ပါလုပ်လိုက်မိသောကြောင့်လည်း သူ(မ)ကိုယ်သူ(မ)မုန်းသည်။ အခက်အခဲအတော်များများကို တောင့်ခံရင်း ဤနေရာအထိ သူ(မ)ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုသူ(မ)ကိုယ်တိုင် တက်လမ်းကိုဖျက်စီးမိခဲ့သည်။


ကံကောင်းထောက်မစွာဖြင့် မစ္စတာယွမ်၏အငယ်ဆုံးသားဖြစ်သူက သူ(မ)ကိုသဘောကျနေသေးသည်။ သူ့ရှေ့တွင် သူ(မ)စိတ်ထိခိုက်စွာဖြင့် ငိုပြသောအခါ ဤကိစ္စကိုကူညီလိုသည့် အရိပ်အယောင်ပြလာသည်။


သူ့အာမခံချက်ကြောင့် ယခုသူ(မ)၏မကောင်းသတင်းများနှင့်ပတ်သတ်၍ ကုမ္ပဏီက သိပ်မပြောလိုခြင်းဖြစ်သည်။ ပါပါရာဇီမှပို့လိုက်သော ဆေးရုံတွင်ဆေးထိုးခံနေရသည့်ပုံက အတုဖြစ်ကြောင်းရှင်းပေးကာ သူ(မ)အပေါ်ဖူရင်းယွီ၏ ဖိအားကိုဖယ်ရှားပေးပြန်သည်။ ထိုပုံက လွန်ခဲ့သောအပတ်တွင်ရိုက်ထားခြင်းမဟုတ်ပဲ လွန်ခဲ့သည့်တွင် သူ(မ)နေမကောင်းသောကြောင့် ဆေးရုံသို့သွားရာတွင် တိတ်တဆိတ်ရိုက်ယူခဲ့ကြခြင်းဖြစ်သည်။


ထိုကောလဟလများတွင် သူ(မ)မိုးရေစိုပြီး ဖျားသွားခဲ့ခြင်းက ရိုက်ကွင်းသို့အကြိမ်ပေါင်းများစွာ တမင်တကာရှိနေခြင်းကြောင့်ဟုပြောလိုက်လျှင် မိမိကိုယ်ကို ခုခံကာကွယ်သည့်အခြေအနေဖြစ်သွားလိမ့်မည်။ သူ(မ)လည်း ပရိသတ်ပြည်သူများထံမှ ဝေဖန်ခံရတော့မည်မဟုတ်ပေ။ ထိုအခွင့်အရေးကိုအသုံးချ၍ သူ(မ)၏သရုပ်ဆောင်ညံ့ဖျင်းသည့် မကောင်းသတင်းကိုပင်ဖုံးလိုက်လို့ရသည်။


ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်ခြင်းပင်ဖြစ်သည်။


သူ(မ)ကို အချိန်အကြာကြီး ဒုက္ခပေးနေသော ပြဿနာများကို ဖြေရှင်းနိုင်တော့မည်ဟု တွေးမိသောအခါ ညှိုးငယ်ရှုပ်ထွေးနေသော စိတ်အခြေအနေတို့က ပြန်ကောင်းလာရသည်။ 


ဖူရင်းယွီက ကုမ္ပဏီမှမခွာသေးသရွေ့ ဝေဘိုပေါ်တွင် သူ(မ)ဖြေရှင်းချက်တင်ရလိမ့်မည်။


ထိုစဥ်တွင် ရေပန်းအစားဆုံးရှာဖွေမှုအကြောင်းအရာအသစ်ပေါ်လာသောကြောင့် ကျီမင်းကြည့်လိုက်မိသည်။ သူ(မ)၏မျက်ဝန်းတို့ နက်ဆွေးသွားပြီး ဖုန်းကိုသတိလက်လွတ် ဖိညစ်ထားမိသည်။


ဘေးကျပ်နံကပ်အခြေအနေမှ လုံးလုံးလွတ်ကျွတ်သွားလျှင် သူ(မ)ဖူရင်းယွီကို အလွတ်ပေးမည်မဟုတ်ချေ။


 


"မစ္စတာစု....ဒီနေ့ကျွန်မရှင့်ကို ဒုက္ခပေးလိုက်မိပြီ"။ ဖုန်းယောက်ချင်းက သူ(မ)သမီး၏ခေါင်းလေးကို ပွတ်သပ်ရင်း ဘေးတွင်ရပ်နေသူကိုပြောလိုက်သည်။


ယနေ့တွင် ချင်းဖျော်ဖြေရေးနှင့်စာချုပ်ညှိနှိုင်းရမည်ဖြစ်သောကြောင့် ဆွေ့ဆွေ့ခေါ်သွားလျှင် အဆင်မပြေလှချေ။ ထို့ကြောင့် သူ(မ)အလုပ်လုပ်နေသောစတိုးဆိုင်နှင့်မနီးမဝေးကုမ္ပဏီရှိနေသော စုယွိင်ကိုတွေးမိသွားသည်။


ပထမတွင် သူ(မ)တောင်းဆိုရုံမျှသာတွေးထားသည်။ များများစားစားမမျှော်လင့်ထားချေ။ သူတို့နှစ်ဦးက အကြိမ်အနည်းငယ်သာတွေ့ဖူးသည်မဟုတ်လား။ စုယွိင်လုံက ကုမ္ပဏီသူဌေးတစ်ဦးဖြစ်သောကြောင့် အလုပ်များနေပေလိမ့်မည်။ ထို့ကြောင့် သူ(မ)အကူအညီမတောင်းသင့်သော်လည်း မတတ်နိုင်သည့်အဆုံးစိတ်ပိုင်းဖြတ်လိုက်ရသည်။


သို့သော် ထင်မှတ်မထားစွာပင် သူ(မ)အကူအညီတောင်းလိုက်သောအခါ စုယွိင်ချင်းက ချက်ချင်းသဘောတူပြီး သူ(မ)၏လုပ်ဖော်ကိုင်ဖက်က တာဝန်လဲရန်မရောက်လာမချင်း အနည်းဆုံးနှစ်နာရီခန့် စတိုးဆိုင်တွင် ကူညီပေးမည်ဟုပြောလာသည်။


ဖုန်းယောက်ချင်း လုံးဝမမျှော်လင့်ထားခဲ့ပေ။ သူအကူအညီမပေးနိုင်လည်း ဆွေ့ဆွေ့အားတီဗွီ


ကြည့်စေပြီး အိမ်တွင်တစ်ယောက်တည်းထားခဲ့မည်ဟု သူ(မ)စဥ်းစားထားခဲ့ခြင်းဖြစ်သည်။


စုယွိင်လုံကပြုံးရင်းပြောလာသည်။ "ကိစ္စမရှိပါဘူး....ရပါတယ်.....ဆွေ့ဆွေ့လေးက တကယ်လိမ္မာတာပဲ....ဒီနေ့နေ့လည်မှာ သူနဲ့အတူရှိနေရလို့ ကျွန်တော်ပျော်ပါတယ်....ဒါ့အပြင် အရင်တစ်ခေါက်တုန်းကလည်း မစ္စစ်ဖုန်းက ကျွန်တော့်ကိုကြီးကြီးမားမားကူညီထားခဲ့တာပဲ....ဒီတစ်ခေါက်မှာတော့ ကျွန်တော်ပြန်ကူညီပေးသင့်ပါတယ်"။


ဖုန်းယောက်ချင်း: "အရင်တစ်ခေါက်တုန်းက ကိစ္စကိုညစာလိုက်ကျွေးပြီး ကျေးဇူးဆပ်ပြီးသွားပြီလေ"။


သူ(မ)က တစ်ခဏမျှစဥ်းစားလိုက်ပြီး စကားဆက်သည်။ "မစ္စတာစု....ဒီလိုဆိုရင်ရော ဘယ်လိုလဲ.....ဒီနေ့ည ကျွန်မကကျေးဇူးတင်တဲ့အနေနဲ့....ညစာလိုက်ကျွေးပါ့မယ်"။ ထိုမှသာလျှင် သူ(မ)တို့နှစ်ဦး အဆင်ပြေမည့် အခွင့်အရေး တဖြည်းဖြည်းတိုးလာမည်ဖြစ်သည်။


စုယွိင်လုံက တုံ့ဆိုင်းနေပြီး ပြန်ပြောလာသည်။ "အမ်....တောင်းပန်ပါတယ်....ဒီနေ့က ကျွန်တော့်သမီးရဲ့မွေးနေ့ပါ....သူ့ကိုမွေးနေ့လုပ်ပေးပြီး ညစာလိုက်ကျွေးဖို့ ကျွန်တော်ကျောင်းသွားကြိုရဦးမယ်"။


ဤသည်က စုယွိင်လုံထံမှ သူ့သမီးနှင့်ပတ်သတ်၍ ဖုန်းယောက်ချင်း ဒုတိယအကြိမ်ကြားရခြင်းဖြစ်သည်။ သူကစကားတန့်လိုက်ပြီး ပြန်ပြောလာသည်။ "ဒီလိုဆိုရင်ရော....ကျွန်တော်တို့အတူတူ မွေးနေ့ပွဲလုပ်ကြတာပေါ့....မွေးနေ့ပွဲဆိုတာက လူများလေလေ ပိုပြီးပျော်စရာကောင်းလေပဲမဟုတ်လား"။


ဘေးတွင် နားထောင်နေသော ကုဆွေ့ဆွေ့က ပေကလတ် ပေကလတ်လုပ်ရင်းမေးလာသည်။ "မေမေ....ဒီနေ့တစ်ယောက်ယောက်ရဲ့မွေးနေ့ပွဲရှိလို့လား"။


ဖုန်းယောက်ချင်း: "အင်း....ဒီနေ့က ဦးဦးစုရဲ့သမီးမွေးနေ့ပဲ....သမီးလေးရော....မမရဲ့မွေးနေ့ကို အတူတူလုပ်ပေးချင်လား"။


ကုဆွေ့ဆွေ့က အပျော်ကြိုက်သောကလေးဖြစ်သည်။ ထို့ကြောင့် မွေးနေ့ပွဲသွားရန် နှစ်ခါပြန်စဥ်းစားမနေပေ။ တစ်ချိန်တည်းတွင် သူ(မ)၏ကိုယ်ပိုင်မွေးနေ့ပွဲကို စိတ်ထဲတွင်စိတ်ကူးနေမိသည်။


စုယွိင်လုံတစ်ယောက် သူ့ရှေ့ကဖျတ်လတ်တက်ကြွပြီး ချစ်စရာကောင်းသောကလေးမလေးကိုကြည့်ကာ ပိုပိုပြီးတည်ငြိမ်လာသည့် သူ့သမီးယွီချင်းကိုတွေးမိသွားသည်။ အိမ်တွင်လည်း ယွီချင်းက ကွန်ပျူတာရှေ့ စာအုပ်ရှေ့တွင်ထိုင်ပြီး တစ်ချိန်လုံးစာလုပ်နေသည်။ အပြင်ထွက်ကစားသည်ကို သူမမြင်မိချေ။ ဤသို့ဆက်သွားနေလျှင် သူတို့သားအဖနှစ်ဦးလုံးအတွက် မကောင်းနိုင်ချေ။


စုယွိင်လုံစဥ်းစားလေလေ သမီးဖြစ်သူ၏အခြေအနေကို စိတ်ပူလာလေလေဖြစ်သည်။ "မစ္စစ်ဖုန်းတို့သားအမိလည်း မွေးနေ့ပွဲလာမယ်ဆိုရင် ကျွန်တော့်သမီးလေး ပျော်နေမှာသေချာတယ်....ဒါပေမဲ့ ကျွန်တော်အရင်ပြောထားပါ့မယ်....ဒီနေ့ညစာက ကျွန်တော်ပဲကျွေးပါရစေ"။


Xxxxxxxxxx