အပိုင်း ၄၅
Viewers 15k

Chapter 45


ဘေးတွင်ရှိနေသော လွီလီက သူကိုယ်တိုင်အလှပြင်ပေးထားသော ပေါက်စလေးကိုကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေမိသည်။


ဤမဂ္ဂဇင်းဓာတ်ပုံရိုက်ကူးခြင်း၏ ထူးခြားမှုကြောင့်သာမဟုတ်လျှင် မော်ဒယ်ကိုကြိုတင်ပြီးထုတ်ပြရန် ဝန်ထမ်းအား သူ(မ)ခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။ ထိုမော်ဒယ်ပေါက်စလေးအား သူ(မ)ဖုန်းဖြင့်ပုံအနည်းငယ် ရိုက်ယူပြီး ပရိသတ်များကို ပြချင်ပါသေးသည်။ 


လွီလီက ရုပ်ချောချောသရုပ်ဆောင် မင်းသား ၊ မင်းသမီးများ၏ ပရိသတ်တစ်ယောက်ဖြစ်လေ့ရှိခဲ့ပြီး ကလေးသရုပ်ဆောင်များအပေါ် များများစားစားအာရုံစိုက်လေ့မရှိပေ။ သို့သော် ဤပေါက်စလေးကို တွေ့လိုက်သောအခါ အရာအားလုံးပြောင်းလဲသွားခဲ့ရသည်။


အရင်ဆုံးဝတ်စားဆင်ယင်ပြီးသော ကုဆွေ့ဆွေ့က ဝန်ထမ်း၏ဦးဆောင်မှုအောက်တွင်ရှိသော စတူဒီယိုသို့ ရောက်လာခဲ့သည်။ သူ(မ)၏နတ်သူငယ်ဝတ်စုံက ထိုနေရာတွင်ရှိနေသောလူအားလုံးကို တစ်ခဏမျှမှင်တက်သွားစေသည်။


ချစ်စဖွယ်ကလေးလေးက မည်သည့်ဝတ်စုံမျိုးဝတ်ထားပါစေ ကြည့်ကောင်းနေမှာသေချာပါသည်။


ဤလက်ဖြင့်ထိုးချုပ်ထားသောပန်းပွင့်လေးများနှင့် အဆင့်မြင့်ဝတ်စုံက သည်နှစ် နွေဦးနှင့်နွေရာသီထုတ် ဖက်ရှင်ပွဲတော်တွင် ထင်သာမြင်သာမရှိနေပေ။ မော်ဒယ်လျှောက်ပြသူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက သာမာန်ပုံစံမျှသာဖြစ်ပြီး ပွဲတက်သူများကို စိတ်ကျေနပ်မှုမပေးနိုင်သလို ဝတ်စုံ၏အားသာချက်ကိုလည်း မပြနိုင်ခဲ့သောကြောင့်ဖြစ်သည်။ သို့သော်ထိုဝတ်စုံအမှတ်တံဆိပ်၏ ကလေးအဝတ်အစားကဏ္ဍတွင်ကုဆွေ့ဆွေ့ကို မော်ဒယ်အဖြစ်ဖိတ်လိုက်လျှင် ဤအရည်အသွေးမြင့်ဝတ်စုံက လူထုကြီးကို အံ့အားသင့်သွားစေလိမ့်မည်။ 


လုယွင်ကျီက အားရကျေနပ်စွာခေါင်းညိမ့်လိုက်ပြီး အပြုံးလေးဖြင့်ပြောလာသည်။ "အရမ်းကောင်းတယ်"။


နောက်တစ်နည်းဖြင့်ပြောရလျှင် ကုဆွေ့ဆွေ့အား ကလေးအဝတ်အစားကြော်ငြာမော်ဒယ်အဖြစ်ထောက်ခံပေးရန် သူစဥ်းစားပေးနိုင်သည်။ လူတိုင်းကိုရူးခါသွားစေနိုင်သော ကလေးမလေး၏မျက်နှာလေးက မော်ဒယ်တစ်ယောက်ဖြစ်ရန် သင့်တော်လှသည်။


ကလေးများ၏ အဝတ်အစားကြော်ငြာမော်ဒယ်အတွက် စိတ်ပူစရာလိုတော့မည်မဟုတ်ပေ။


ဤသို့သောထောက်ခံချက်မျိုးက အမြဲတမ်းလိုလို ပိုကောင်းသည်။ အကျော်အမော်များအတွက် အစပိုင်းတွင် လက်ခံရရှိသော ဘရန်းအမှတ်တံဆိပ်ထောက်ခံချက်များနှင့် အဆင့်သတ်မှတ်ချက်များကအလွန်အရေးကြီးသည်။ အဆင့်အရမ်းနိမ့်နေလျှင် အထူးသဖြင့်တန်ဖိုးကြီးဘရန်းအမှတ်တံဆိပ်များက ၎င်းတို့၏ကိုယ်စားပြုမော်ဒယ်အဖြစ် ကြော်ငြာခိုင်းတော့မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် စိုက်ထုတ်အားနှင့် အမြတ်အစွန်းကမညီမျှနေသောကြောင့် ဖက်ရှင်လောကတွင် ကြော်ငြာမော်ဒယ်တစ်ယောက်အဖြစ် ခြေဆန့်နိုင်ရန် ခက်ခဲသွားပေ


လိမ့်မည်။


လုယွင်ကျီအတွေးများနေရင်းမှ နာရီကိုငုံ့ကြည့်လိုက်သောအခါသူ့ကိုအမြဲတမ်းအပူပေးတတ်သော ပြဿနာကောင်လေးက ယခုအချိန်အထိ အဝတ်လဲခန်းမှမထွက်လာသေးပေ။


အဝတ်အစားဆင်ရသည့်အပြင် မိတ်ကပ်ပါပြင်ရသောကုဆွေ့ဆွေ့က အရင်ပြီးနှင့်နေသော်လည်း ဟိုဟာမဟုတ် ဒီဟာမဟုတ်နှင့် ကဂျီကဂျောင်များလွန်းသော ခဲ့ကျင်းယန်က အခုထိမပြီးနိုင်သေးချေ။ နောက်ဆုံးတွင် လုယွင်ကျီတစ်ယောက်စိတ်မရှည်နိုင်တော့ပဲ သူ့အဝတ်လဲခန်းသို့လိုက်သွားရတော့သည်။


အတူလိုက်လာသော လွီလီလည်း ဝတ်စုံပြည့်ဝတ်ထားသောခဲ့ကျင်းယန်ကိုမြင်သောအခါ အံ့သြမှင်တက်သွားရသည်။


ဖက်ရှင်ကျကျဝတ်စုံနှင့် ခဲ့ကျင်းယန်က ပနံသင့်နေသည်။


အဖြူရောင်ဝတ်စုံများက လိုက်ဖက်သူနည်းပြီး လူရွေးသော်လည်း ခဲ့ကျင်းယန်နှင့်အလွန်လိုက်ဖက်နေသည်။ တန်ဖိုးကြီးဝတ်စုံ၏လက်ကြယ်သီးတစ်လုံးကိုသာ တပ်ထားသည်။ သူ့အသွင်အပြင်က အလွန်အချိုးကျလှသည်။ အပေါ်ကုတ်မှာ ကုဆွေ့ဆွေ့နှင့်အတူတူပင်ဖြစ်သည်။ ခဲ့ကျင်းယန်၏မျက်နှာချောချောကြောင့် သာမာန်မျှဝတ်စားထားပင်လျှင် ထင်းထွက်နေနိုင်သည်။


ခဲ့ကျင်းယန်၏အရှိန်အဝါကို လွီလီတစ်ယောက် တောင့်မခံနိုင်ခဲ့ပေ။


ရသစုံအစီအစဥ်ထဲတွင် သူ(မ)အိုင်ဒေါပေါက်စလေး၏ မုန့်ကိုဖြတ်လုသောကြောင့် ခဲ့ကျင်းယန်ကိုအမြင်ကပ်နေရာမှ ယခုမူ အလွန်သဘောကျနေပြန်သည်။


လွီလီက ဝေဘိုပေါ်ရှိ ရေပန်းစားသောအကြောင်းအရာများစွာကို သိထားသူဖြစ်သည်။အကြိုရုပ်ရှင်ထုတ်လွှင့်ပြီးနောက် ဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့၏နာမည်က ဆိုရှယ်မီဒီယာပေါင်းစုံတွင် ပလူပျံသွားခဲ့သည်။ အိပ်ချင်မူးတူးအဖေ


နှင့်သမီးလေးဟုပင် နာမည်ပြောင်ပေးခဲ့ကြသည်။


ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့လေးတို့က ငယ်ရွယ်စဥ်ကပင် ရုပ်ရည်ချောမောသူများဖြစ်သည်။ သူတို့၏ မိဘများဆိုလျှင် မည်မျှပင် ချောမောလိမ့်မည်နည်းဟု လွီလီတွေးနေမိသည်။


မဂ္ဂဇင်းဓာတ်ပုံရိုက်ကူးခြင်းမှာ ကုဆွေ့ဆွေ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သိပ်နားမလည်သေးသောကြောင့် အစပိုင်းတွင် သူ(မ)အိုးတို့အန်းတန်းဖြစ်နေသည်။


ခဲ့ကျင်းယန်ကလည်း မဂ္ဂဇင်းဓာတ်ပုံများများစားစားမရိုက်ခဲ့ဖူးချေ။ သူက အဆိုတော်ဘဝကိုပိုမိုခုံမင်နှစ်သက်သောကြောင့် သီချင်းဆိုခြင်း ၊ အခွေထုတ်ခြင်း ၊ ပွဲလုပ်ခြင်းများကိုသာအချိန်ပိုပေးခဲ့သည်။ ကျန်အနုပညာအလုပ်များကိုမူ အားလပ်သောအချိန်မှသာလုပ်ဖြစ်သည်။


အတွေ့အကြုံမရှိသောကြောင့် ပထမဆုံးအတူတွဲလုပ်သော ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့က သိပ်အဆင်မပြေလှချေ။


သူတို့နှစ်ဦး၏မျက်နှာအမူအရာက သိသိသာသာကောင်းမွန်သော်လည်း မဂ္ဂဇင်းဓာတ်ပုံဆရာအနေနှင့် သူတို့နှစ်ဦးလုံး ခံစားချက်ကင်းမဲ့နေသည်ဟု ခံစားမိသောကြောင့် ကျေနပ်အားရခြင်းမရှိကြပေ။


နှစ်ဦးသားက သီးသန့်စီဖြစ်နေကြသည်။ တစ်ယောက်ချင်းသီးသန့်ရိုက်လျှင် ခြောက်ပြစ်ကင်းပြီးအဆင်ပြေသော်လည်း အတူတွဲရိုက်လိုက်


သည့် ခြားနားနေသကဲ့သို့ဖြစ်နေသည်။ မျက်လုံးချင်းပင် မဆုံကြပေ။


ပုံကောင်းကောင်းထွက်လာသော်လည်း သူတို့နှစ်ယောက်ပုံစံက အသက်မပါကြပေ။ သို့သော် မနားတမ်းဆက်တိုက်ရိုက်နေလျှင် နဂိုကောင်းနေသော အခြေအနေကိုဖျက်စီးမိပေလိမ့်မည်။


"အားလုံးပဲ ကြိုးကြိုးစားစားလုပ်ခဲ့ကြပါတယ်.....ခဏလေးအနားယူကြရအောင်....ဒီနေ့က အရမ်းပူတယ်....လူတိုင်းဖို့ သောက်စရာအအေးလေးတွေဝယ်ထားပါတယ်"။ ဘေးတွင်စောင့်ကြည့်ပေးနေသော လုယွင်ကျီလည်း အခြေအနေမကောင်းတော့သောရှုတင်ကြောင့် လက်ထောက်အား အနီးအနားရှိစတိုးဆိုင်တွင် အအေးသွားဝယ်ခိုင်းရတော့သည်။ ထို့နောက် အားလုံးကို ခဏတစ်ဖြုတ်နားခိုင်းလိုက်သည်။


သူခဲ့ကျင်းယန်ကို စိတ်ပူနေမိသည်။ ရိုက်ကူးရေးအဆင်မပြေလျှင် ထိုကောင်လေးက စိတ်မထိန်းနိုင်ပဲ ဒေါသထွက်လာတတ်သည်။ ရေရှည်တွင် ကလေးငယ်လေးဆွေ့ဆွေ့အတွက်လည်း မကောင်းနိုင်ပေ။ မည်မျှပင်လိမ္မာပြီးသိတတ်သောကလေးဖြစ်စေကာမူ အသက်သုံးနှစ်မျှသာရှိသေးသော ဆွေ့ဆွေ့က စိတ်နုနယ်သောကလေးငယ်လေးဖြစ်သည်။


မဂ္ဂဇင်းကာဗာဓာတ်ပုံရိုက်ကူးခြင်းက ရုပ်ရှင်ပိုစတာရိုက်ကူးခြင်းထက် ပိုခက်ခဲသည်။ ကိုယ်ဟန်အနေအထားတစ်ခုတည်းကို တည်တည်ငြိမ်ငြိမ်နေရပြီး ပုံမထွက်မကောင်းမချင်းထိုအတိုင်းဆက်ရိုက်ရသည်။ ရိုက်ကူးရေးအဖွဲ့မှလူများကလည်း ဆွေ့ဆွေ့အား စကားလာမပြောကြပေ။ တစ်ယောက်တည်းထိုင်ကာ တဖြေးဖြေးပျင်းလာရသည်။


ဓာတ်ပုံရိုက်နေသည်မှာ တစ်နာရီခန့်ရှိပြီဖြစ်သော်လည်း ဆက်ရိုက်နေဆဲဖြစ်သည်။ ကုဆွေ့ဆွေ့တစ်ယောက် အနည်းငယ်မကြည်မသာဖြစ်လာသည်။ သူ(မ)၏ဝတ်စုံလှလှလေးကလည်း သူ(မ)စိတ်ကို ပျော်ရွှင်လန်းဆန်းလာအောင် မလုပ်ပေးနိုင်ချေ။


"ဘာဖြစ်နေတာလဲ"။ ဆွေ့ဆွေ့ စိတ်ခံစားချက်တစ်ခုခုလွဲမှားနေသည်ကို ခဲ့ကျင်းယန်က ပထမဆုံးသတိထားမိသွားသည်။


"ပါပါးခဲ့....သမီးမဂ္ဂဇင်းကာဗာဓာတ်ပုံ မရိုက်ချင်တော့ဘူး"။ ကလေးငယ်လေးက ခဲ့ကျင်းယန်၏လက်မောင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း သနားစဖွယ်ပြောလာသည်။


ခဲ့ကျင်းယန် တစ်ခဏမျှတောင့်ခဲသွားသည်။ သူကိုယ်တိုင်လည်း မဂ္ဂဇင်းဓာတ်ပုံရိုက်ရသည်ကို မကြိုက်သော်လည်း အိမ်ပြန်ပြီး နားပူရသည်ထက် ရှုတင်ရိုက်ခြင်းက ကြီးကြီးမားမားကိစ္စမဟုတ်ပေ။


"မဟုတ်ရင်လည်း....ဒီနေ့ရှုတင်ဖျက်လိုက်တာပေါ့"။ ခဲ့ကျင်းယန်က ခဏတာတုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။


သူတုံ့ဆိုင်းနေသည့်အကြောင်းရင်းမှာ မဂ္ဂဇင်းဓာတ်ပုံရိုက်ချင်နေသောကြောင့် ဝန်လေးနေ၍မဟုတ်ပေ။ တစ်ကယ်တမ်း သူလုချီကိုမရှုံးချင်သောကြောင့်သာ ရှုတင်ရိုက်ရန် လက်ခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မနက်စောစောအိပ်ရာမှထပြီး ကမန်းကတန်းနှင့် ဒုက္ခရောက်ရသေးသည်။


စိတ်အနှောင့်အယှက်ပေးသော မိန်းကလေးမော်ဒယ်တစ်ယောက်ကြောင့် သူဆူပူခဲ့သောအချိန်ကို သတိရပါသေးသည်။ သူဒေါသမထိန်းနိုင်ခဲ့ချေ။ ကြော်ငြာရိုက်ကူးရေးလုပ်နေစဥ် တစ်ဝက်တစ်ပျက်ကြီး သူရှုတင်ဖျက်ပစ်ခဲ့သည်။ ထို့ကြောင့် ရိုက်ကွင်းလျော်ကြေးငွေပမာဏအတော်များများကိုလည်း ပေးခဲ့ရသည်။ 


ထိုအခါ သူ့ကိုယ်စားလှယ်ကြီးက တစ်လလုံးနီးနီး နားပူနားဆာလုပ်ပါတော့သည်။


ခဲ့ကျင်းယန်က တစ်ခဏမျှစဥ်းစားနေပြီး သူ့လက်ကိုကိုင်ထားသော ကလေးမလေးကိုငုံ့


ကြည့်လိုက်ကာ နှုတ်ခမ်းများတွန့်ကွေးသွားသည်။ အဆူခံရမည်ဆိုလျှင်လည်း အဆူခံလိုက်တာပေါ့။ မည်သို့ပင်ဆိုစေ သူ့မကောင်းကြောင်းက အမြဲလိုလို ရှိစမြဲပင်။ သူဘာမှမလုပ်လျှင်ပင် ကိုယ်စားလှယ်ကြီးက နေ့တိုင်း ပူပူညံညံလုပ်နေသည်မဟုတ်လား။ ထို့အပြင် ရှုတင်လျော်ကြေးအတွက် သူ့တွင်ပိုက်ဆံအလုံအလောက်ရှိပါသည်။


ခဲ့ကျင်းယန်က မျက်ခုံးပင့်လိုက်ကာ ကုဆွေ့ဆွေ့၏ပခုံးကို အသာပုတ်ရင်းပြောလိုက်သည်။ "ငါလည်း ဒီပျင်းစရာကောင်းတဲ့ မဂ္ဂဇင်းကာဗာကြီးကို မရိုက်ချင်တော့ဘူး.....တစ်အောင့်လောက်နေရင် အရမ်းအရသာကောင်းတဲ့အချိုပွဲတွေရှိတဲ့ဆိုင်ဆီကို ခေါ်သွားပေးမယ်"။


ခဲ့ကျင်းယန်၏စကားကိုကြားလိုက်သောအခါ ခေါင်းအသာလေးမော့လိုက်ပြီး ကြည်လင်တောက်ပနေသောမျက်လုံးကျင့်ကျင့်လေးများ


နှင့်ကြည့်လာကာ နူးနူးညံ့ညံ့လေးပြောလာသည်။ "ပါပါးရှုတင်မရိုက်ချင်တော့ဘူးဆိုပေမဲ့....အချိုပွဲဆိုင်ကိုမသွားခင် ရိုက်ကူးရေးပြီးအောင်လုပ်လိုက်ပါ"။


ကလေးမလေးက ငယ်သေးသော်လည်း အလုပ်မပြီးလျှင် ပိုက်ဆံရှုံးသွားမည်ကို သူ(မ)သိသည်။ 


ထိုသို့ဆိုလျှင် သူ(မ)လည်း အနုပညာကြေးရမည်မဟုတ်ပေ။


ခဲ့ကျင်းယန်က ကလေးမလေး၏ လေးနက်တည်ကြည်သော အမူအရာလေးကိုကြည့်ရင်း ရယ်ချင်နေမိသည်။ သူကြံထားသောအရာများလည်း အလကားသက်သက်ဖြစ်သွားရသည်။


ထို့နောက် ချောင်းဟန့်ရင်း ပြောလိုက်သည်။ "ဒီလိုဆိုတော့လည်း....ရိုက်ကူးရေးပြီးအောင်ပဲ အရင်လုပ်ကြတာပေါ့"။


ကုဆွေ့ဆွေ့က ပြုံးပြီးပြောလာသည်။ "ပါပါးခဲ့က အရမ်းကြင်နာတတ်တာပဲ"။


ခဲ့ကျင်းယန်၏နားရွက်လေးများ အနည်းငယ်ပူတက်လာပြီး အကြည့်လွှဲသွားသည်။


နားချိန်ပြီးနောက် ရိုက်ကူးရေးပြန်စသောအခါ ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့လေးတို့၏ ခံစားချက်ကအနည်းငယ်ပိုပေါ်လွင်လာပြီး အသက်ဝင်လာသည်ကို ဓာတ်ပုံဆရာတွေ့လိုက်ရသည်။ ထို့ကြောင့် ဥာဏ်ကွန့်မြူးကာ ကိုယ်ဟန်အနေအထားနှင့်မျက်နှာအမူအရာပြောင်းပေးရန် တောင်းဆိုလိုက်သည်။


"ဟုတ်တယ်...ဟုတ်တယ်....အဲ့လို"။


"မျက်လုံးလေးတွေက....ပိုပြီး နူးနူးညံ့ညံ့လေးကြည့်ပေးလို့ရမလား...ပြီးတော့ ခန္ဓာကိုယ်က တောင့်တောင့်ကြီးမနေနဲ့"။


"ကလေးရေ....ပိုပြီးပြုံးပြုံးလေးနေပေး....ပြုံးမှပိုလှမှာ"။


နှစ်ပေါင်းများစွာဓာတ်ပုံဆရာလုပ်လာသော သူ့အတွေ့အကြုံမှပြောရမည်ဆိုလျှင် ခဲ့ကျင်းယန်


နှင့်ကုဆွေ့ဆွေ့ကဲ့သို့သော အဆင့်အတန်းမြင့်အနုပညာနှစ်ယောက်ကိုတွဲဖက်ပြီး ကာဗာဓာတ်ပုံရိုက်ကူးစေသည်က မဂ္ဂဇင်း၏တန်ဖိုးကို သေချာပေါက်မြင့်တက်သွားစေနိုင်သည်။


နောက်နာရီဝက်ခန့်ကြာပြီးနောက် ရိုက်ကူးရေးကိုအဆုံးသတ်လိုက်သည်။ ဆွေ့ဆွေ့က သူ(မ)၏ပါးမို့မို့ကို နူးနူးညံ့ညံ့လက်ကလေးများဖြင့် ပွတ်သပ်ပြီး တစ်ခဏမျှစဥ်းစားနေလိုက်သည်။ ပါပါးခဲ့က သူ(မ)အား အချိုပွဲဆိုင်ခေါ်သွားပေးမည်ဟု တွေးမိသွားသောအခါ ဝါကျင့်ကျင့်မျက်လုံးလှလှလေးများက လခြမ်းကွေးကွေးလေးများအသွင်သို့ ပြောင်းလဲသွားသည်။


"ဘာတွေအဲ့လောက်ပျော်နေတာလဲ"။ ကလေးငယ်၏ ပျော်မြူးရိပ်သန်းနေသော မျက်နှာလေးကိုမြင်လိုက်ရသောအခါ ညစ်ညူးနေသောသူ့စိတ်လည်း လေပြည်လေးသဖွယ် လွှင့်စင်သွားရတော့သည်။


ကုဆွေ့ဆွေ့၏ မျက်လုံးလေးများက အနည်းငယ်တောက်ပသွားပြီး မျှော်လင့်တကြီးဖြင့်ပြောလာသည်။ "ထန်းရှုဆိုင်"။


အရသာရှိလှသောထိုဆိုင်အမည်ကို သူ(မ)ကောင်းကောင်း မှတ်မိပါသည်။


ခဲ့ကျင်းယန်က ကလေးငယ်၏ ဆံနွယ်များက အသာဖွလိုက်ရင်း စိတ်အားထက်သန်စွာပြောလာသည်။ "အင်း.....သွားစားကြတာပေါ့"။


ချစ်စဖွယ်လူငယ်လေးနှစ်ယောက်ပင်ဖြစ်သည်။