အပိုင်း ၄၆
Viewers 15k

Chapter 46


ခဲ့ကျင်းယန် ကုဆွေ့ဆွေ့အား ခေါ်သွားလိုသော ရေသကြားဆိုင်က မြို့လည်ကောင် လမ်းကြားလေးထဲတွင် တည်ရှိနေသည်။ ဆိုင်၏အရှေ့ခြမ်းက ကျဥ်းသော်လည်း လူအပြည့်ပင်ဖြစ်သည်။


သူတို့အုပ်စုရောက်လာသောအခါ ကံကောင်းစွာဖြင့် စားသုံးသူတစ်ဦးက စားပြီး၍ ထွက်သွားသောကြောင့် စားပွဲတစ်ဝိုင်းလွတ်သွားသည်။


သူတို့နှစ်ယောက်ကို စိုးရိမ်သော ကိုယ်စားလှယ် လုယွင်ကျီက မိမိကိုယ်ကိုနာမည်ကြီးရုပ်ရှင်မင်းသားဖြစ်သည်ကို သတိမထားမိသည့် သူ့ရှေ့တွင်ရှိနေသောသူကို ကြည့်လိုက်သည်။ သူအသက်ပြင်းပြင်းရှုလိုက်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "ခဲ့ကျင်းယန်....မင်းကိုယ်တိုင်လာမှရမယ်....မင်းရဲ့လက်ထောက်ကိုထုပ်ပိုးခိုင်းပြီး နှေးနှေးကွေးကွေးစားနေလို့မရဘူး"။


ခဲ့ကျင်းယန်က စားပွဲပေါ်ရှိ မီနူးကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ "အင်းပေါ့....အချိုပွဲတွေက ဒီမှာချက်ချင်းစားလိုက်မှ...အရသာပိုပြီးကောင်းမှာ.....ထုပ်ပြန်ပြီးမှ စားမယ်ဆိုရင် အရသာကမတူတော့ဘူး"။


ယခုအချိန်တွင် ခဲ့ကျင်းယန်တစ်ယောက် လိုအပ်ချက်အများကြီး ရှိနေသည်။ သူ့ကို မိန်းကလေးပရိသတ်များသာ တွေ့သွားလျှင် ဤနေရာမှာပင် လူအုပ်ကြီး၏ပိတ်ဆို့မှုကို ခံရပြီး ထွက်လို့ရမည်မဟုတ်တော့ပေ။ ထိုအခြေအနေတွင် မည်သို့လုပ်ရမည်မှန်း သူလည်းမသိတော့ချေ။


မျက်နှာအမူအရာမသက်မသာဖြစ်နေသော လုယွင်ကျီကို ကုဆွေ့ဆွေ့ကြည့်လိုက်ရင်း သူ့အင်္ကျီလက်ကို ဂရုတစိုက်ဆွဲလိုက်သည်။ နှုတ်ခမ်းစွန်းလေးကော့တက်သွားအောင်ပြုံးလိုက်ပြီး ညင်သာစွာပြောလိုက်သည်။ "ဦးဦးလု သမီးတို့ ဖေဖေခဲ့ပြောတာကိုပဲ နားထောင်လိုက်ရအောင်....ဒီမှာထိုင်စားပြီးမှ သွားရအောင်လေ....အဲ့လိုဆိုပိုမကောင်းဘူးလား....သမီးမြန်မြန်စားပါ့မယ်"။


သူ့အားချော့မော့ပြောနေသော နံဘေးရှိချစ်စဖွယ်ကလေးမလေးကိုကြည့်ပြီး လုယွင်ကျီနင်သွားရသည်။ သူစိတ်ဆိုးနေသောကြောင့် မဟုတ်ပေ။ ခဲ့ကျင်းယန်၏ အထက်စီးဆန်ပြီး ပေါ်ကြော့နေတတ်သောစရိုက်ကို ငယ်စဥ်တည်းက တွေ့ကြုံနေရမြဲပင်။ ထိုလူပေါ်ကြော့ကောင်လေးကိုသာ အမြဲတမ်းစိတ်ဆိုးနေရလျှင် သူအသက်တိုရုံသာရှိတော့သည်။


"ကောင်းပြီလေ.....မင်းတို့နှစ်ယောက်က ဒီမှာပဲစားချင်သပဆိုရင်လည်း မတတ်နိုင်ဘူးပေါ့"။ လုယွင်ကျီက လက်လျှော့လိုက်သည့်ဟန်ဖြင့် ပြောလာသည်။


လိုက်လျောပေးသောလုယွင်ကျီကိုမြင်သောအခါ ခဲ့ကျင်းယန်အံ့သြသွားရသည်။ ကုဆွေ့ဆွေ့က အတော်လေး အကူအညီဖြစ်သည်။ ယခင်က ခဲ့ကျင်းယန် ထိုသို့ပူဆာဖူးသော်လည်း ကိုယ်စားလှယ်အစုတ်အလုတ်က ဘယ်သောအခါမှ မလိုက်လျောပေးခဲ့။


 နောက်တစ်ခါ သူလုပ်ချင်သောအရာကို လုပ်ရအောင် ကလေးကိုမပါမဖြစ်ခေါ်လာမှရတော့မည်။ ထိုမှသာလျှင် ကိုယ်စားလှယ်ကြီးလည်း သူ့အားတားတော့မည်မဟုတ်ပေ။


"ကျွန်တော့်ကို ပဲနီလေးအနှစ်နှစ်ထပ်နွားနို့တစ်ခွက်ရယ်....ကောက်ညှင်းပေါင်းထမင်းလုံးရယ်...ရိုးရိုးနွားနို့အပူတစ်ခွက်ရယ် ချပေးပါ"။ ခဲ့ကျင်းယန်တစ်ယောက် အစားအသောက်များကိုမှာပြီးနောက် ဘေးတွင်ထိုင်နေသော ကလေးမလေးကိုတစ်ချက်လှမ်းကြည့်ပြီး မေးလိုက်သည်။ "ဆွေ့ဆွေ့ရော....ဘာစားချင်လဲ"။


ကုဆွေ့ဆွေ့က မီနူးစာအုပ်ထဲရှိ အရောင်စုံရုပ်ပုံများကို ကြည့်လိုက်သည်။ အချိုပွဲတိုင်းက အရသာရှိမည့်ပုံဖြစ်သောကြောင့် သူ(မ)ရှုပ်ထွေးနေသည်။


ဘာရွေးရမည်မှန်း သူ(မ)မသိပေ။


တွေဝေနေသော ကလေးငယ်ကိုကြည့်ပြီး ခဲ့ကျင်းယန်ခေါင်းယမ်းကာ ဘေးတွင်ရပ်နေသည့်စားပွဲထိုးကိုသာပြောလိုက်သည်။ "အဲဒါဆိုရင်....ဒီကလေးကိုလည်း ကျွန်တော်မှာထားတဲ့အတိုင်း တစ်ပုံစံတည်းပဲလုပ်ပေးလိုက်ပါ"။


"ရေး!"


ခဲ့ကျင်းယန်က ဆုံးဖြတ်ရခက်နေသည့် သူ(မ)ကိုကူညီပေးလိုက်သောကြောင့် ကုဆွေ့ဆွေ့ပျော်သွားရသည်။


မှာပြီးသည်နှင့် တစ်အောင့်လောက်တွက် အချိုပွဲများကို အလျင်အမြန်လာချပေးသည်။ ပထမဆုံးအချိုပွဲအနေနှင့် ပွဲနီလေးအနှစ်နှစ်လွှာနှင့်နွားနို့နှစ်ပန်းကန်ကို လာချပေးသည်။


ပန်းကန်တစ်ခုစီတွင် ပဲနီလေးအနှစ်အလုံအလောက်ပါဝင်သည်။ ပဲနီလေးများက အရွယ်အစားကြီးပြီး အရသာကောင်းလှသည်။ ကုဆွေ့ဆွေ့က အပေါ်ယံရှိပဲနီလေးကို တစ်ဇွန်း


ခန့်မြည့်ကြည့်ပြီး အောက်ခြေရှိနို့အနှစ်အေးအေးလေးကို ခပ်စားလိုက်သည်။ နို့နှစ်အရသာလေးက ဆိမ့်ဆိမ့်လေးနှင့်နူးညံ့ပြီး ကျေနပ်အားရစရာကောင်းလှသည်။


ကောက်ညှင်းပေါင်းထမင်းလုံးအချိုပွဲကလည်း အလွန်အရသာရှိလှသည်။ ထမင်းလုံးလေးများက စီးစီးလေးဖြစ်နေသည်။ တစ်ကိုက်ကိုက်လိုက်သည်နှင့် အထဲရှိ နှမ်းစေ့လေးများက ချက်ချင်းပေါက်ထွက်လာပြီး ခံတွင်းထဲတွင်အရသာဆိမ့်ဆိမ့်လေးနှင့် စွဲကျန်စေသည်။ အချိုအရသာက အသင့်အတင့်မျှဖြစ်ပြီး တအားမအီနေပေ။


ခဲ့ကျင်းယန်က ခေါင်းငုံ့ကာစားသောက်ရင်း အလုပ်ရှုပ်နေသော ကလေးမလေးကိုကြည့်ပြီး ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။ "ဆွေ့ဆွေ့.....ဒီဆိုင်က အချိုပွဲတွေက ဘယ်လိုနေလဲ"။


ပလုတ်ပလောင်းစားနေသော ကုဆွေ့ဆွေ့က ဗလုံးဗထွေးဖြင့် ပြန်ပြောလာသည်။ "အမ်း....အရသာရှိပါတယ်"။


တစ်ယောက်နှင့်တစ်ယောက်ပိုပိုပြီး အဆင်ပြေလာသော ကလေးနှစ်ယောက်ကိုကြည့်ရင်း လုယွင်ကျီ စိတ်ထင့်လာရသည်။ ထိုပြဿနာကောင်လေး ခဲ့ကျင်းယန်အား အပြစ်ကင်းသည့်ချစ်စဖွယ်ကလေးငယ်လေး၏ဘဝကိုဖျက်စီးခွင့်မပေးနိုင်ချေ။ သို့သော် ခဲ့ကျင်းယန်ကိုလည်း သူမထိခိုက်စေချင်ပေ။ ထိုကလေးနှစ်ယောက်ကို အနာဂတ်တွင်သူပိုပြီး ထိန်းသိမ်းစောင့်ရှောက်ရပေဦးမည်။


နောက်ဆုံးအချိုပွဲမှာ နွားနို့ပူတင်းဖြစ်သည်။ စားပွဲထိုးက နွားနို့ပူပူကို အသင့်ပြင်ထားသောအချိုရည်ထဲသို့လောင်းထည့်လိုက်သည်။ ထို့နောက်အဖုံးပိတ်ထားပြီး တစ်အောင့်လောက်ထားလိုက်သည်။ အဖုံးဖွင့်လိုက်သောအခါ နို့ပူတင်းလေးဖြစ်လာသည်။


လူသားတစ်ယောက်အနေဖြင့်နေထိုင်လာသည့် သက်တမ်းမကြာသေးသော ကုဆွေ့ဆွေ့မှာ နို့ပူတင်းကို ပထမဆုံးအကြိမ်စားဖူးခြင်းဖြစ်သည်။ မိနစ်အနည်းငယ်အတွင်းနို့အရည်မှ အခဲလေးအဖြစ်သို့ပုံစံပြောင်းသွားသည်ကို


ကြည့်ရင်း သူ(မ)စိတ်ထဲတွင် မျက်လှည့်ပြလိုက်သလို ခံစားသွားမိသည်။


ခဲ့ကျင်းယန်၏ နှုတ်ခမ်းပါးလေးများကော့တက်သွားပြီး ကလေးငယ်ရှေ့တွင် နို့ပူတင်းတစ်ကိုက်ခန့်ကို ဇွန်းဖြင့်ခပ်ယူလိုက်ကာ မေးလိုက်သည်။ "ဆွေ့ဆွေ့....ဒါကရော အရသာဘယ်လိုနေလဲ"။


ဤအချိုပွဲလည်း ရှေ့ကအချိုပွဲများကဲ့သို့ မထူးမခြားနားပဲ ချိုချိုအေးအေးလေးဖြစ်လိမ့်မည်ဟု ဆွေ့ဆွေ့ထင်မိသည်။ ထို့ကြောင့် မြည်းကြည့်လိုက်သောအခါ အစပ်အရသာကြောင့် သူ(မ)


လန့်သွားရသည်။ အနံ့ကလည်း အစပ်နံ့ထောင်းလာသည်။


စပ်ဖျင်းဖျင်းခံစားချက်ကြောင့် သူ(မ)အကြိုက်မတွေ့လှချေ။


ကလေးငယ်လေးက သူ(မ)လျှာဖျားလေးကိုထုတ်လိုက်ပြီး နူးနူးညံ့ညံ့မျက်နှာလေးကလည်း ရှုံ့မဲ့နေသည်။ အချိုပွဲအရသာကို မကြိုက်သည်မှာသိသာလှသည်။


ဆွေ့ဆွေ့၏ အော့အန်တော့မလိုဖြစ်နေသော မျက်နှာအမူအရာကြောင့် ခဲ့ကျင်းယန် မရယ်ပဲမနေနိုင်တော့။


ချစ်စဖွယ်ကလေးငယ်ကိုကြည့်ရင်း သူရယ်သွမ်းမိတော့သည်။


ခဲ့ကျင်းယန်တစ်ယောက် ဆွေ့ဆွေ့အတွက် အခြားအချိုပွဲပန်းကန်နှင့်လဲပေးမည်အလုပ်တွင် 


အထက်တန်းကျောင်းဝတ်စုံနှင့်ကျောင်းသူတစ်ယောက်က သူတို့ဆီရုတ်တရက် လျှောက်လာပြီး စိတ်လှုပ်ရှားစွာနှင့်ပြောလာသည်။ "အစ်ကိုက ခဲ့ကျင်းယန်မလား....ညီမအစ်ကိုကို့အရမ်းသဘောကျတယ်"။


လူအုပ်ထဲတွင် တစ်စုံတစ်ယောက်ကခဲ့ကျင်းယန်နာမည်ခေါ်လိုက်သည်ကို လုယွင်ကျီကြားသောအခါ မျက်နှောင်ကြုတ်သွားမိသည်။


ပရိသတ်တစ်ယောက်ယောက်ကများသူတို့ကို သတိထားမိသွားလေသလား။


"တောင်းပန်ပါတယ်....ကျွန်တော်တို့ဒီနေ့ သီးသန့်လုပ်စရာလေးတွေရှိနေလို့....ပရိသတ်တွေအတွက် ဓာတ်ပုံတွေ လက်မှတ်တွေမပေးနိုင်ပါဘူးဗျ"။ ကိစ္စမကြီးလိုသောကြောင့် လုယွင်ကျီက ယဥ်ယဥ်ကျေးကျေးနှင့်ပင်ပြန်ပြောလိုက်သည်။ တစ်ခါတစ်ရံတွင် အနုပညာရှင်ဖြစ်ရသည်က ဘေးကျပ်နံကျပ်အခြေအနေတို့ကြောင့် စိတ်ပျက်စရာကောင်းလှသည်။ ပရိသတ်များအပေါ် ခဲ့ကျင်းယန်ဆိုးဆိုးဝါးဝါးဆက်ဆံလိုက်လျှင် မကောင်းသောသတင်းအဖြစ် အွန်လိုင်းပေါ်တွင် ပြန့်နှံ့သွားမည်ကို သူမမြင်လိုချေ။


သို့သော် ထိုကျောင်းသူနှစ်ယောက်က မည်သို့ပြောပြောမရပေ။ တစ်ကယ်တမ်းတွင် သူတို့နှစ်ယောက်က ရသစုံရှိုးရိုက်ကူးနေသော ခဲ့ကျင်းယန်ကို စီရွှမ်မြို့တော်ဟောင်းတွင်တွေ့ခဲ့ဖူးသည်။ သို့သော်ယခုအခေါက်တွင် အနီးကပ်ဖြစ်သောကြောင့် သူတို့အခွင့်အရေးကိုလက်လွတ်မခံနိုင်ကြချေ။


"အစ်ကို....ညီမအစ်ကို့ကို တကယ်သဘောကျတာပါ....လက်မှတ်လေးထိုးပေးပါနော်"။ ထို့နောက် ထိုကောင်မလေးက ခဲ့ကျင်းယန်ထွက်သွားမည်စိုး၍ ခဲ့ကျင်းယန်၏လက်မောင်းကိုလှမ်းဆွဲလိုက်ပြီး မသွားရန်တားလိုက်သည်။


"လွှတ်လိုက်နော်....မဟုတ်ရင် ရိုင်းလို့ဆိုပြီး ငါ့ကိုလာပြီးအပြစ်မတင်နဲ့"။ ခဲ့ကျင်းယန်က ဦးထုပ်၏လျှာကိုဆွဲချလိုက်ပြီး ကလေးငယ်နှင့်အတူအချိုပွဲဆိုင်လာသည့် ကောင်းမွန်သောစိတ်အခြေအနေလည်း ပျက်စီးသွားရသည်။


သူကအမြဲလိုလို ဒေါသကြီးတတ်သူဖြစ်သည်။ ကျောင်းသားကလေးဘဝတည်းက ဘယ်နှစ်ပွဲမှန်းမသိသော ရန်ပွဲများနှင့်ရင်ဆိုင်လာခဲ့ရသည်။ စိတ်မထိန်းနိုင်လျှင် မိန်းကလေးလည်းသူညှာမည်မဟုတ်ပေ။ သူ့အားဆွဲလားယမ်းလားလုပ်နေသော ထိုကျောင်းသူကိုလည်း တော်တော်ဒေါသထွက်နေမိသည်။ ဘယ်အချိန် လက်ပါမည်မှန်း သူလည်းမသိ။


"ပါပါးခဲ့....သမီးကြောက်တယ်"။ ခဲ့ကျင်းယန်ဆီ အတင်းအဓမ္မကပ်နေသော မိန်းကလေးပရိသတ်များကြောင့် ဤသို့သောအခြေအနေကို ပထမဆုံးကြုံတွေ့ဖူးသည့် ကုဆွေ့ဆွေ့အနေဖြင့် ထိတ်လန့်သွားရသည်။


ပြောမရဆိုမရပရိသတ်ကြောင့် ခဲ့ကျင်းယန် စိတ်အနှောင့်အယှက်ဖြစ်လာရသည်။ ကြောက်လန့်နေသော ကလေးငယ်ကိုတစ်ချက်လှမ်းကြည့်လိုက်မိသည်။ ထို့နောက် သူ့လက်ကိုဆွဲထားသော ကျောင်းသူမိန်းကလေး၏လက်ကို ပြတ်ပြတ်သားသားဆွဲဖြုတ်ကာ ခြေလှမ်းကျဲကျဲလှမ်းရင်း ထိတ်လန့်နေသော ကလေးငယ်ကို အလျင်အမြန်ခေါ်သွားတော့သည်။ ဘေးတွင်ရပ်နေသော လုယွင်ကျီကို ပြောလိုက်သည်။ "မစ္စတာလု....ကျွန်တော်ဆွေ့ဆွေ့ကိုအရင်ဆုံးခေါ်သွားလိုက်မယ်....ဒီကကိစ္စခင်ဗျားပဲကြည့်လုပ်လိုက်တော့"။


"ဟုတ်ပြီ....ငါတို့အရင်ဆင်းတဲ့နေရာမှာ မင်းဆို့ကိုလာကြိုဖို့ ဒရိုင်ဘာကိုခေါ်ထားလိုက်မယ်"။


လုယွင်ကျီနှင့်ပြောပြီးနောက် ကြက်သေသေနေဆဲဖြစ်သော ကုဆွေ့ဆွေ့ကို ခဲ့ကျင်းယန်ခေါ်ထုတ်လိုက်ရင်း နောက်လှည့်မကြည့်ပဲ ထိုဆိုင်မှထွက်လာလိုက်သည်။


"အစ်ကိုခဲ့.....မသွားပါနဲ့"။ ခဲ့ကျင်းယန် ထွက်သွားသည်ကိုမြင်သောအခါ ကျောင်းသူကောင်မလေးက လှမ်းအော်သည်။ သူ(မ) အမှန်တကယ်ပင် ခဲ့ကျင်းယန်၏ လက်မှတ်နှင့်ပုံအတူတွဲရိုက်လိုသောကြောင့် အရဲစွန့်ပြီးဆက်အော်ခေါ်နေမိသည်။


ဆက်ပြီးနှောင့်ယှက်နေသော ကျောင်းသူကောင်မလေးကို လုယွင်ကျီတားလိုက်ပြီး စိတ်ရှည်လက်ရှည်နှင့်ပြောလိုက်သည်။ "မင်းသူ့ကို တကယ်ကြိုက်တယ်ဆိုရင်....သူ့နောက်ကိုဆက်မလိုက်နဲ့တော့....သူ့ကိုကိုယ်ပိုင်အချိန် ၊ ကိုယ်ပိုင်နေရာနဲ့လွတ်လပ်ခွင့်ပေးလိုက်ပါ.....ဟုတ်ပြီလား"။


ခဲ့ကျင်းယန်က ရုတ်ရုတ်သဲသဲမဖြစ်ခင် ဆိုင်ထဲမှ အတတ်နိုင်ဆုံးခပ်မြန်မြန်ထွက်လာခဲ့သော်လည်း ထိုကျောင်းသူကောင်မလေးကြောင့် 


အနီးအနားတစ်ဝိုက်ရှိလူများ၏ အာရုံက သူတို့ဆီရောက်လာသည်။ ခဲ့ကျင်းယန်၏ပရိသတ်မဟုတ်လျှင်တောင် နာမည်ကြီးအကျော်အမော်တစ်ဦးရောက်နေသည်ဟု ကြားသောအခါ လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကိုယ်စီကိုင်ပြီး ထွက်ကြည့်ကြသည်။ ရှင်းရှင်းပြောရလျှင် မပျော်သဘောဖြင့် သူ့အားလာကြည့်သည့်သူများလည်းရှိသည်။


ယခင်က သူသွားချင်သည့်နေရာတိုင်း နောက်ဆံမတင်းပဲ သွားလေ့ရှိသည်။ တစ်ခါတစ်ရံ ပရိသတ်များနှင့်တွေ့လျှင်လည်း သိပ်ပြီးကိစ္စမကြီးပေ။ နောက်တစ်နေ့တွင် ခေါင်းစီးသတင်းကြီးဖြစ်သွားရုံမှလွဲ၍ ထွေထွေထူးထူးမရှိ။ သို့သော် ယနေ့ကဲ့သို့သော နှောင့်ယှက်မှုကြီးက ကြုံတောင့်ကြုံခဲဖြစ်သည်။ မိန်းကလေးပရိသတ်များက ပြောမရဆိုမရသူချည်းပင်။ သာမာန်ပရိသတ်တစ်ယောက်ဆိုလျှင် ကိုယ့်အိုင်ဒေါက လက်မှတ်မပေးနိုင်ဘူးဟုပြောလျှင် အတင်းတောင်းဆိုနေမည်မဟုတ်ပေ။ ယခုမူ မရမကတောင်းနေသောကြောင့် သူအခက်တွေ့ရခြင်းဖြစ်သည်။


ခဲ့ကျင်းယန်က ဆွေ့ဆွေ့လေးကိုလက်တစ်ဖက်


ဖြင့်ဖက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့်ခေါင်းကိုအသာအယာထိန်းကိုင်ပေးထားသည်။ သူ(မ)၏ခေါင်းလေးကို သူ့ရင်ခွင်ထဲထည့်ထားကာ ပတ်ဝန်းကျင်ရှိ ဆူညံသံများကိုမကြားမမြင်ရအောင် ကွယ်ထားပေးလိုက်သည်။


လမ်းကြားထဲမှတက်လာသောပရိသတ်အုပ်ကြီးကိုကြည့်ပြီး ခဲ့ကျင်းယန်နှုတ်ခမ်းတင်းတင်းစေ့သွားကာ စိတ်မရှည်မှုအရိပ်အယောင်တို့က သူ့မျက်ဝန်းထဲတွင်ဖြတ်ပြေးသွားသည်။


ပိတ်ရပ်နေသော လူအုပ်ကြီးက အလွန်စိတ်ပျက်စရာကောင်းသည်။ သူ့ဘေးတွင်ကလေးရှိနေသည်ကို မမြင်လေရော့သလား။


သူ့ခြေတံရှည်ကြီးများကိုအမှီပြုကာ ထိုပရိသတ်အုပ်ကြီးကို မျက်ခြေဖျက်ရင်း ကားပါကင်တွင်ထိုးထားသော သူတို့၏ကားပေါ်သို့အမြန်တက်လိုက်သည်။


"ဆွေ့ဆွေ့....အဆင်ပြေရဲ့လား"။


"သမီးအဆင်ပြေပါတယ်"။


ကုဆွေ့ဆွေ့ကို ခဲ့ကျင်းယန်က အသေအချာကာကွယ်ပေးနိုင်ခဲ့၍ တော်သေးသည်။ ကလေးငယ်က အနည်းငယ်ထိတ်လန့်နေသည်မှလွဲ၍ ဘာထိခိုက်ဒဏ်ရာမှမရပေ။


သို့သော် ခဲ့ကျင်းယန်ကမူ ကံဆိုးသည်ဟုပြောရမည်။ 


ကားရှိရာသို့ အဆောတလျင်ပြေးလာခဲ့ခြင်းကြောင့် လမ်းသွားလမ်းလာအချို့၏အိတ်များပေါ်ရှိ ဇစ်များက သူ့လက်မောင်းကိုခြစ်မိသွားဟန်ရှိသည်။ ထို့ကြောင့် လက်မောင်းပေါ်တွင်ခြစ်ရာအချို့နှင့်သွေးစို့နေသည်။ ထို့အပြင် ဆိုင်ထဲတွင် ကျောင်းသူကောင်မလေးက သူ့လက်ကိုအတင်းဆွဲခဲ့သောကြောင့် လက်ကောက်ဝတ်ဖြူဖြူပေါ်တွင် အနီရောင်လက်ရာကြီးထင်းနေတော့သည်။


"အစ်ကို....အခုဆေးရုံသွားချင်လား"။ နောက်ခုံတွင်ထိုင်နေသော လက်ထောက်က စိုးရိမ်တကြီးဖြင့်မေးလာသည်။


ခဲ့ကျင်းယန်က ကားထဲမှဘူးသေးသေးလေးတစ်ခုကိုထုတ်လိုက်ပြီး အေးဆေးတည်ငြိမ်စွာပြန်ပြောလာသည်။ "ကလေးကိုပဲဆေးရုံခေါ်သွားလိုက်ပါ.....ငါကတော့ ပတ်တီးပဲစည်းထားလိုက်မယ်...ရတယ် ဘာမှမဖြစ်ဘူး"။


သိသိသာသာပင် မျက်နှာမကောင်းလှသောခဲ့ကျင်းယန်ကိုကြည့်ရင်း လက်ထောက်လည်းသူ့ကိုယ်သူတွေးနေမိသည်။ ကံကောင်းသည်က ဤတစ်ခေါက်တွက် ခဲ့ကျင်းယန်မျက်နှာကိုမထိခိုက်သွားခြင်းပင်။ မျက်နှာချောချောသာထိခိုက်သွားလျှင် မနက်ဖြန်ရိုက်ကူးရမည့် "ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်တတိယပိုင်းကို မည်သို့ရိုက်ကူးနိုင်တော့မည်နည်း။


Xxxxxxx