Chapter 51
ကျွန်းပါ်ရှိအပူချိန်က မြို့တွင်းအပူချိန်ကဲ့သို့ သိပ်မပြင်းလှချေ။
ခဲ့ကျင်းယန်က သူ့အပေါ်ဝတ်ကုတ်အင်္ကျီကို မြေ ကြီးပေါ်တွင်ခင်းချလိုက်ပြီး ဆွေ့ဆွေ့နှင့်အတူ ဝင်ထိုင်လိုက်ကာ ပင်လယ်လေညင်းများကိုခံစားနေသည်။ ထို့နောက် ထုံးစံအတိုင်း သူတို့ကို ကျွန်းပေါ်မှကယ်ထုတ်ပေးမည့် အခြားသူများကိုမျှော်နေလိုက်သည်။
စောင့်ပြီးရင်းစောင့်နေသော်လည်း တစ်ယောက်မှပေါ်မလာသောကြောင့် နေ့လည်ပိုင်းရောက်သောအခါ ထပ်စောင့်မနေတော့ပေ။
"အိုး....တစ်ယောက်ယောက်လာပြီး ငါတို့ကိုကျွန်းပေါ်ကနေ ကယ်မထုတ်ခင် နေ့လည်စာတော့ အရင်စားထားမှနဲ့တူတယ်"။ ခဲ့ကျင်းယန်က စိတ်မကောင်းသည့် လေသံလေးဖြင့်ပြောသည်။
ဘေးတွင်ရှိသောဝန်ထမ်း: "ဟေး.....မင်းတို့ကပဲ စိတ်မကောင်းဖြစ်ရတယ်ရှိသေးတယ်.....တစ်ခြားဧည့်သည်တွေဆိုရင် အပူချိန်သုံးဆယ်ဒီဂရီလောက်ရှိတဲ့ နေပူကျဲတဲထဲမှာ မင်းတို့ကိုလာကယ်ဖို့ကြိုးစားနေရတာ....မင်းတို့ကတော့ ကျွန်းပေါ်မှာ အေးအေးဆေးဆေးနေပူဆာလှုံပြီး လေညင်းခံနေရတာလေ.....အဲဒါကိုများ သူတို့ပဲ ဒုက္ခခံနေရသလိုလာပြောနေတယ်"။
"ဆွေ့ဆွေ့.....ငါးဖမ်းဖို့လိုက်မလား.....ပင်လယ်ထဲမှာ အကောင်လှလှလေးတွေအများကြီးရှိတယ်"။
"ဟုတ်....သမီးလိုက်မယ်"။
"ဆရာသမား.....ကလေးကို ကမ်းခြေနဲ့နီးနီးခေါ်သွားလို့မရဘူးနော်....သူရေထဲပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ"။
"စိတ်မပူစမ်းပါနဲ့.....ကျွန်တော်လည်း ချင့်ချိန်
စဥ်းစားတတ်ပါတယ်....သူ့ကို ကမ်းခြေမှာ ဂဏန်းလေးတွေ ခရုလေးတွေပဲ လိုက်ကောက်ခိုင်းမှာ....ငါးကတော့ ကျွန်တော့်ဘာသာကျွန်တော်ဖမ်းမှာပါ....ဟုတ်ပြီလား"။
အနည်းငယ်ကြာပြီးနောက် ခဲ့ကျင်းယန်တစ်ယောက် ကြီးကြီးမားမားငါးတစ်ကောင်မှ မဖမ်းမိသေးချေ။ သို့သော် ခုံးကောင်များနှင့် ပင်လယ်သခွားကောင်အချို့ကိုတော့ ဖမ်းမိထားသည်။
ခဲ့ကျင်းယန်က ပြုံးရင်းပြောလိုက်သည်။ "ဆွေ့ဆွေ့.....ဒီနေ့နေ့လည်စာတော့ ကောင်းကောင်းစားရတော့မယ်ဟေ့....ငါလက်စွမ်းပြမယ် ကြည့်နေလိုက်....အသားကင်တဲ့နေရာမှာတော့ ကျွမ်းကျင်ပညာရှင်တစ်ယောက်လေ။ သူငယ်
စဥ်က ရပ်ကွက်ထဲရှိလူအချို့နှင့် တောင်တက်ပြီး စခန်းချခရီးထွက်ဖူးသည်။
ခဲ့ကျင်းယန်က ပင်လယ်ထဲမှလတ်လတ်ဆတ်ဆတ်ဖမ်းထားသော ပင်လယ်စာများကို ယူလိုက်ပြီး ဝါးတုတ်လေးများဖြင့် တံစို့ထိုးကာ မီးပေါ်တွင် တစ်ခဏမျှကင်လိုက်သည်။ ကျက်ခါနီးတွင် ကြက်သွန်မြိတ်နှင့်ကြက်သွန်ဖြူလက်တစ်ဆုပ်စာကို အရှေ့အနောက်နှံ့အောင် ဖြူးချလိုက်သည်။
သူကိုယ်တိုင် အရသာကိုအရင်ဆုံးမြည့်ကြည့်ပြီး သိပ်မဆိုးလှသောကြောင့် ထိုလတ်လတ်ဆတ်ဆတ်ကင်ထားသော ပင်လယ်စာတုတ်ထိုးကို ဘေးရှိကလေးငယ်အားကမ်းပေးလိုက်သည်။
ကုဆွေ့ဆွေ့က ပင်လယ်သခွားကောင်များကိုမကြိုက်ဟုဆိုသောကြောင့် နောက်ဆုံးလက်ကျန် ပင်လယ်သခွားကောင်အကင်နှစ်ခုလုံးမှာ ခဲ့ကျင်းယန်၏ ပါးစပ်ထဲသို့ရောက်သွားရတော့သည်။ ဂဏန်းအချို့နှင့်ပုစွန်များကိုမူ ကလေးငယ်အတွက် ထပ်ကင်ပေးလိုက်သည်။
လူငယ်လေးနှစ်ယောက်မီးပုံဘေးတွင် ပျော်ပျော်ရွှင်ရွှင်ဆော့ကစားကြရင်း ဆွေ့ဆွေ့ကလည်း သူ(မ)ကိုယ်တိုင် စိတ်လှုပ်ရှားစွာ အကင်ကင်နေသည်။
ထိုစဥ် ကျွန်းပေါ်သို့ ရွက်လှေတစ်စီးရောက်လာခဲ့သည်။ လှေပေါ်တွင်ပါလာသူမှာ ချွီမင်းရှန်နှင့်သူ့သားဖြစ်သည်။ သူတို့နှစ်ဦးက မစ်ရှင်အောင်မြင်ပြီး ကျွန်းတည်နေရာနှင့်ပတ်သတ်
သည့်သဲလွန်စကိုပထမဆုံးရရှိထားသူများဖြစ်သည်။
ကျွန်းနယ်နိမိတ်တည်နေရာကိုသိရရန် မြို့တွင်းစာကြည့်တိုက်တွင်နှစ်နာရီနီးပါးအချိန်ကုန်ခံကာ ရှာခဲ့သော်လည်း အဖြေမရခဲ့ပေ။ ရှာရင်းရှာရင်းနှင့်နောက်ဆုံးတွင် ချွီမင်းရှန်တစ်ယောက် မြို့တွင်းစာကြည့်တိုက်၏ ဒုတိယအထပ်ရှိ လူမှုဖူလုံရေးနှင့်ပတ်သတ်သော ဖလင်ပြားများထားရှိသည့်နေရာတွင် သဲလွန်စကိုထပ်တွေ့သွားကာ တည်နေရာအားဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
တစ်ကယ်တမ်းတွင် ရိုက်ကူးရေးအဖွဲ့က အစတည်းက မည်သည့်စာအုပ်ထဲတွင်တည်နေရာနယ်နိမိတ်များပါသည်ကို သဲလွန်စပေးပြီးသားဖြစ်သည်။ ဖြတ်ထိုးဥာဏ်မကောင်းသော သူတို့သာလျှင် စာကြည့်တိုက်တစ်တိုက်လုံးရှိ စာအုပ်တစ်အုပ်ချင်းစီကိုလိုက်ရှာကြည့်ရင်း အချိန်ကုန်ခဲ့ကြခြင်းဖြစ်သည်။
အတွေးပေါက်သွားသောချွီမင်းရှန်က ဝိုင်မြို့တော်၏ ဖွံ့ဖြိုးတိုးတက်လာသည့်အကြောင်းကိုရေးထားသော စာအုပ်တွင် မင်အနီဖြင့်အထူးဝိုင်းပြထားသော သဲလွန်စများကိုရှာတွေ့သွားခဲ့သည်။ ပြီးနောက် အချိန်မဆွဲတော့ပဲ ဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ရှိရာ ကျွန်းသို့ ရွက်လှေနှင့်အမြန်ထွက်ခဲ့တော့သည်။
ရိုက်ကူးရေးအဖွဲ့က ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့ကို ကျွန်းသေးသေးလေးတစ်ခုတွင် သီးသန့်ခွဲထုတ်ထားကြောက့်သိလိုက်ရသောအခါ ချွီမင်းရှန်တစ်ယောက် စိတ်ပူသွားခဲ့သည်။ သာမာန်တောတွင်းရသစုံရှိုးအမှန်အကန်များအရဆိုလျှင် အစာရေစာမပါပဲနှင့် ကြမ်းတမ်းသောနေရာများတွင် ရုန်းကန်ရှင်သန်ခိုင်းလေ့ရှိသည်။ ထို့ကြောင့် သူတို့အမြန်ဆုံးသွားရောက်ကယ်ဆယ်မှသာလျှင် အဆင်ပြေနိုင်လိမ့်မည်။
သို့သော် ချွီမင်းရှန်ကျွန်းပေါ်သို့ ရောက်သွားချိန်တွင် သူအတွေးလွန်နေမှန်းသိသွားခဲ့ရသည်။
ရိုက်ကူးရေးအဖွဲ့က မည်သို့အစီအစဥ်ချထားပါစေ ခဲ့ကျင်းယန်က ထိုအစီအစဥ်အတိုင်းလိုက်နာလေ့ရှိသည့်သူမဟုတ်ပေ။
ဆွေ့ဆွေ့နှင့်ကမ်းခြေတွင် ဇိမ်ကျကျထိုင်ကာ ပင်လယ်စာများအရသာရှိရှိကင်မည့်နည်းကိုပင် ဆွေးနွေးနေသေးသည်။
ချွီမင်းရှန်ကိုတွေ့သောအခါ ခဲ့ကျင်းယန်က သူ့လက်ထဲရှိဝါးတုတ်လေးကိုကိုင်မြှောက်ပြီး စိတ်အေးလက်အေးလေသံဖြင့်ပြောလာသည်။ "အစ်ကိုချွီ.....ဒီမှာလတ်လတ်ဆတ်ဆတ်ကင်ထားတဲ့ ဂဏန်းတွေရှိတယ်....နည်းနည်းဖြစ်ဖြစ်စားပါလား"။
"ကောင်းပြီလေ"။ တစ်ကယ်တမ်းတွင် ချွီမင်းရှန်လည်း အနည်းငယ်ဗိုက်ဆာနေသည်။ ဝိုင်မြို့က ပူလွန်းသောကြောင့် လူတိုင်းကိုအစာစားချင်စိတ်ပျောက်စေသည်။ ထို့အပြင် ဘုရင်ကြီးနှင့်မင်းသမီးလေးတို့ကိုကယ်တင်ရန် သူဗျာများနေသောကြောင့် အစားစားရန်အာရုံမရောက်ချေ။
ဘေးတွင်ရပ်နေသော ဝန်ထမ်းလည်း သိပ်မပြောတော့ပေ။ သူ့စိတ်ထဲတွင်သာကျိတ်ပြီး မကျေမနပ်ပြောနေမိသည်။ "စားပြီးရင်းစားနေတော့တာပဲ.....ရိုက်ကူးရေးမလုပ်ပဲ ထိုင်ပြီးစားနေလိုက်....ဟိုလာကယ်တဲ့လူတွေကလည်း စားမယ်ဆိုတာချည်းပဲ....တည်းဖြတ်တဲ့အခါကျရင် အစားအခန်းတွေကခပ်များများဆိုတော့ အဆူခံရတော့မလားမသိဘူး"။
အခွံများကြွပ်ရွနေသည်အထိမီးကင်ထားသော ဂဏန်းကို ချွီမင်းရှန်တစ်ကိုက်ကိုက်လိုက်ပြီး ပြုံးရင်းပြောလိုက်သည်။ "ငါတို့ရဲ့ဘုရင်ကြီးနဲ့မင်းသမီးလေးက ကျွန်းပေါ်မှာ ကောင်းကောင်းနေရတယ်နဲ့တူတယ်....ဒီလိုမှန်းသိရင် အေးဆေး နေပြီးမှ လာကယ်ပါတယ်ကွာ"။
ကျွန်းပေါ်တွင် ပိတ်မိနေသော သားအဖနှစ်ယောက်၏ ဘဝကဤမျှလောက်သာယာပါသည်လား။ သူကတော့ အပူတပြင်းနှင့်လာကယ်ခဲ့ရသည်မဟုတ်လား။
"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏ပထမအပိုင်းကို ရုပ်သံလှိုင်းတွင် ယမန်နေ့ညက စတင်ထုတ်လွှင့်ပြသခဲ့ရာ ဆိုရှယ်မီဒီယာများပေါ်တွင် လူများက အမျိုးမျိုးမှတ်ချက်ပေးကြသည်။ အချို့လူများက သူတို့အနုပညာရှင်များအတွက် ပုံစံတူကာတွန်းလေးများပင် ဆွဲထားသေးသည်။
Xxxxxxx