Chapter 49.1
အပြင်မှာ ဆူညံသံတစ်ခုပေါ်လာခဲ့သည်။ ဘယ်သူမှ ထွက်မစစ်ဆေးနိုင်ခင်မှာ ပုံရိပ်တစ်ခုက ပြေးဝင်လာခဲ့သည်။ ယင်းမှာ ကျောင်းကနေပြေးလာသော ထန်ချွန်းရုံဖြစ်သည်။ တစ်ယောက်ယောက်က သူ့ကိုစာပို့ခဲ့တာကြောင့် သူက ဆရာထံမှ တိုက်ရိုက်ခွင့်တောင်းခဲ့သည်။ သူက သူ့အစ်ကိုကို စစ်ဆေးရန် အိမ်ထဲအမြန်ပြေးဝင်သွားခဲ့ပေမယ့် ဖြစ်ချင်တော့ အပြင်ထွက်လာသော ကျန်းရှို့က သူ့ကိုအမြန်တားလိုက်လေသည်။
“ကျွန်တော့်အစ်ကိုဘာဖြစ်လို့လဲ? သူဒီနေ့မွေးမှာလား? သူတို့ပြောတော့ နည်းနည်းကြာဦးမယ်ဆို?” ထန်ချွန်းရုံက နဖူးချွေးပြန်နေကာ အလွန်စိုးရိမ်နေသည်။
“အားရုံ..ရောက်နေတာပဲ။ ရက်နည်းနည်းလောက် စောမွေးတာပုံမှန်ပါပဲ။ စိတ်မပူပါနဲ့။ မင်းအစ်ကို အခုအဆင်ပြေတယ်။” ကျန်းရှို့က မော့ကြည့်ကာ အားရုံကို ဝေးဝေးခေါ်သွားဖို့ တစ်ယောက်ယောက်ကို ပြောချင်နေသည်။
သူက လီဖုန်းကိုခေါ်ချင်ခဲ့သည်။ လီဖုန်းက လက်ဖက်ရည်ဖျော်နေပေမယ့် အပြင်မှာ ရေနွေးပူသွန်မိမှန်းတောင် သတိထားမိပုံမပေါ်ပေ။ သူက အိမ်လမ်းကြောင်းကို ကြောင်တက်တက်စိုက်ကြည့်နေသည်။ ကျန်းရှို့က နဖူးပုတ်ကာ နောက်တစ်ယောက်ကို ခေါ်လိုက်ရသည်။ “တာရှန်….ခင်ဗျား အားရုံကိုအဖော်ပြုပေးလိုက်။”
လီဖုန်း အမြန်ရောက်လာသည်။ ကျန်းရှို့က တုန်လှုပ်သွားသည်။ ဒီလူကို ဘာလို့ဒီလောက်မြန်မြန်ရောက်လာတာလဲ? ထို့နောက် သူက လီဖုန်း၏စိုးရိမ်နေသောအသံကို ကြားလိုက်ရသည်။ “မင်ကောအာ အခြေအနေဘယ်လိုလဲ? ငါ့ကိုဘာလုပ်စေချင်တာလဲ?”
“ရပြီ… သွားတော့ ရေနွေးသွားကျို…များများသာကျို…” ကျန်းရှို့က မဆိုင်းမတွအမိန့်ပေးလိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာ ပင်မခန်းထဲက လူတစ်ဦးပြေးထွက်လာ၍ သူ့မျက်လုံးကို ပြူးကျယ်သွားစေသည်။
အဘိုးကြီးဟဲက ခါးသီးစွာပြုံးပြီး လက်ဖက်ရည်အိုးကို လက်ညိုးထိုးပြသည်။ “ဒီကလေးကိုကြည့်ပါဦး… ဒီကလေးက တည်ငြိမ်နေတယ်လို့ မင်းပြောပေမယ့် ငါ့လက်ဖက်ရည်ကောင်းလေးကတော့ ပျက်စီးသွားပြီ။ ကိုယ်တိုင်လုပ်လိုက်တာကောင်းပါတယ်။”
“ဟားဟား… ဒါဆို ကျုပ်ဒီနေ့တော့ ပျော်ရတော့မယ်။” ရွာလူကြီးက သမားတော်ဟဲကို လေးစားသည်။ သူနဲ့ပတ်သက်ပြီး ရှင်းပြလို့မရသည့် အရာတစ်ခုကြောင့် လူတွေက သူ့ကို သမားတော်တစ်ယောက်ထက်ပိုတယ်လို့ ခံစားရစေသည်။ တစ်ခါတစ်ရံ လက်ဖက်ရည်သောက်ပြီး အပြင်ကိစ္စများအကြောင်း ဆွေးနွေးရာတွင် အဖော်ပြုပေးရင်း သူ့အမြင်ပိုကျယ်လာတယ်လို့ ခံစားလိုက်ရသည်။
လီဖုန်းက သူ့ကိုခိုင်းသည့်အတိုင်း ရေနွေးကျိုနေပြီး ရေအသင့်ဖြစ်သည့်အခါ ဘေးကတစ်ပုံးကိုလဲထည့်လိုက်ပြီး တစ်ယောက်ယောက်ရေလာတောင်းမှာကို စောင့်နေသည်။ ထို့နောက် သူက နောက်တစ်အိုးထပ်တည်ကာ ရေဆယ်ပုံးမြောက် တည်ပြီးချိန်တွင် ပုံးကိုပစ်ချကာ မီးဖိုချောင်ထဲမှ ပြေးထွက်သွားလေသည်။ ဝမ်ယင် ရောက်လာတာဖြစ်၏။
အနည်းငယ်ရူးကြောင်ကြောင်နိုင်ပြီး ပင်ပန်းနေသော မျက်လုံးရှိသည့် လီဖုန်းက ပုံမှန်ပုံရိပ်နှင့် ကွာခြားနေသည်။ ဝမ်ယင်က ဤလူစိုးရိမ်နေတာကိုသိ၍ ဘွင်းဘွင်းပြောလိုက်လေသည်။ “ငါ အထဲဝင်ပြီးကြည့်လိုက်မယ်။ ဒါက ဒုတိယကလေးမို့ အရင်တစ်ခါလောက် မကြာပါဘူး။”
ထို့နောက် ထိုလူ၏အတွေးကို ဂရုမစိုက်တော့ပဲ သူကအခန်းထဲရှိလူများကို မိတ်ဆက်ကာ သားဖွားခန်းထဲဝင်သွားခဲ့သည်။.
ထန်ချွန်းမင်က သူဘာကိုခံစားရမလဲပင် မသိတော့ပေ။ သူက သေလောက်အောင် နာကျင်သည့် ဤနှိပ်စက်မှုကို အဆုံးသတ်ချင်သည်။ သူ့တစ်ကိုယ်လုံးက အပိုင်းပိုင်းဖြတ်ခံထားရသလိုပင်။
သူက မိန်းမတစ်ယောက်လို မအော်ချင်ပေ။ သူက အဝတ်စကို ပါးစပ်ထဲဆို့ထားကာ နှိပ်စက်မှုဒဏ်ကိုခံဖို့ သွားကြိတ်လိုက်သည်။ သူ ကမ္ဘာမြေပေါ်ပြန်ရောက်လျှင် အမျိုးသမီးတိုင်းကို အများကြီးလေးစားတော့မှာ သေချာသည်။ဂ
“ထွက်တော့မယ်.. ခဏလေးပဲစောင့်… ငါ့ခိုင်းတဲ့အတိုင်းလုပ်ပြီး မင်းရဲ့စွမ်းအားကို မဖြုန်းတီးစေနဲ့။” သားဖွားသမားတော်က သူ့ကိုအားပေးခဲ့သည်။
“မင်ကောအာ….ပြီးခါနီးပြီ။ ခေါင်းကိုမြင်နေရပြီ.. အရမ်းနာနေရင် အော်ချလိုက်… မထိန်းထားနဲ့။” ရှန်းဖူလန်က မျက်နှာသုတ်ပုဝါကိုယူကာ ထန်ချွန်းမင်၏နဖူးပေါ်က ချွေးများကိုသုတ်ပေးပြီး နှစ်သိမ့်နေသည်။ အခန်းက ရေနွေးငွေ့နဲ့တူပြီး မင်ကောအာက ရေထဲမှလွတ်မြောက်လာသော ငါးလေးနဲ့တူသည်။
“အား! ကျွန်တော် ကလေးမလိုချင်တော့ဘူး…. သေပြီ!” နောက်ဆုံးမှာ ကြောက်စရာကောင်းသော အသံကြီးက အခန်းထဲမှာပေါ်လာသည်။
“ကောင်းပြီ… ကိုယ်တို့ အနာဂတ်မှာ ကလေးမယူတော့ဘူး။ မင်ကောအာ…. ကလေးနှစ်ယောက်နဲ့လုံလောက်တယ်။ ကိုယ်တို့နောက်ထပ်မယူတော့ဘူး!” လီဖုန်းကကြားသွားပြီး တံခါးနားကိုပြေးကာ အထဲကိုအော်ပြောခဲ့သည်။
“အား!....”
လီဖုန်း၏အော်သံက အလုပ်ဖြစ်လားတော့ သူမသိပေမယ့် နောက်ဆုံးတစ်ချက်ညှစ်ကာ သူ့ကိုယ်ထဲမှာ အချိန်အကြာကြီးရှိနေခဲ့သော အရာတစ်ခုက ထွက်လာသလိုပင်။ သူက ရုတ်တရက် စိတ်သက်သာရာရသွားပြီး ပင်ပန်းနွမ်းနယ်မှုခံစားချက်က အတွင်းအပြင်မှပေါ်လာလေသည်။
“ မွေးပြီ.. အတော်ထွားတဲ့ကောင်လေး!” သားဖွားသမားတော်က အံ့အားသင့်စွာ အာမေဋိတ်ပြုပြီး ကလေး၏ဖင်ကိုရိုက်လိုက်သည်။ ကလေး၏အော်သံက သားဖွားခန်းထဲတွင် ချက်ချင်းထွက်ပေါ်လာခဲ့သည်။
“ မွေးပြီ…မွေးပြီ!” လူတိုင်းက ပျော်ရွှင်စွာ ထအော်ကြလေသည်။ ဟဲလောင်က မတော်တဆ လက်ဖက်ရည်ထွေးမိသွားသည်။ ထို့နောက် သူကရယ်မောကာပြောလိုက်၏။ “နောက်ဆုံးတော့ မွေးလာခဲ့ပြီ။ ငါတို့လည်း စိုးရိမ်နေခဲ့တာ။ အားလုံးသန့်ရှင်းပြီးသွားရင် ငါနဲ့လောင်ဟူ အထဲဝင်ပြီး သူ့သွေးခုန်နှုန်းတိုင်းလိုက်မယ်။”
“ဟုတ်တယ်… သွေးခုန်နှုန်းတိုင်းမယ်။ ဒါပေမယ့် ကလေးငိုပြီးရင်တော့ အားလုံးအဆင်ပြေသွားပါပြီ။” သမားတော်ဟူက ဝမ်းသာအားရပြောလိုက်သည်။ ကလေးရော ဖေဖေရောက ဝိညာဥ်သန့်သည်။
လီဖုန်း တံခါးဝမှ ကြောင်စီစီရပ်နေသည်ကို တာရှန်တစ်ယောက်တည်းက သတိထားမိပြီး သူကရှေ့တိုးကာ ပခုံးကိုပုတ်ပြီး လီဖုန်းကိုနှိုးလိုက်လေသည်။ လီဖုန်း တုန်ယင်နေတာကြောင့် တာရှန်က တွဲကူပြီးမေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”
“အဆင်ပြေပါတယ်။” လီဖုန်းက မျက်နှာသုတ်ကာ သူ့မျက်နှာကတင်းမာပြီး မောပန်းနွမ်းနယ်နေသလို ခံစားလိုက်ရသည်။ သူက ရှေ့တစ်လှမ်းတောင် မလှမ်းနိုင်ခဲ့ပေ။ “ငါ အဆင်ပြေပါတယ်။ မင်ကောအာက မွေးပြီးပြီမလား?”
“ဟုတ်တယ်… ကလေးမွေးပြီ။ နားထောင်လိုက်… ကလေးငိုနေတယ်။ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ မင်းကို ထုတ်ပြလိမ့်မယ်။”
“ မွေးပြီးရင် အဆင်ပြေပါပြီ….” လီဖုန်းက နောက်သို့တစ်လှမ်းဆုတ်ကာ ကုလားထိုင်ပေါ်မှာ ထိုင်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် သတိရသွားသည်။ “အားလင်း…. အားလင်းကိုခေါ်လိုက်။ သူ့ဖေဖေ ညီလေးမွေးပြီလို့ပြောလိုက်။”
ကလေးကိုမြင်လျှင် အားလင်းလန့်သွားမှာကို စိုးရိမ်တာကြောင့် မင်ကောအာ သားဖွားခန်းထဲရောက်နေချိန်မှာ သူက အားလင်းကို တာမောင်း၊အားမောင်းတို့နဲ့အတူ ဝမ်မော့အိမ်ကိုပို့ထားသည်။ ဝမ်မော့၏ ဘိုးဘိုးက စောင့်ရှောက်ထားပြီး သူက ကလေးမွေးပြီးနောက် ညီငယ်လေးနဲ့တွေ့ခွင့်ပေးမည်ဟု အားလင်းကို ကတိပေးထားခဲ့သည်။
.
“ကောင်းပြီ…ထိုင်ပါ… ငါသွားခေါ်လိုက်မယ်။” တာရှန်က သူ့ကိုပုတ်ကာ လှည့်ထွက်သွားပြီး မျက်နှာပေါ်က ချွေးကိုသုတ်လိုက်သည်။ လီဖုန်း ဘယ်လောက်စိတ်ပူနေတာကို မြင်လျှင် သူသည်လည်း စိုးရိမ်လာပြီး အားရှို့ ကလေးမွေးတုန်းက အချိန်ကို သတိရသွားခဲ့သည်။
ယခု သူ့မှာ သားနှစ်ယောက်ရှိ၍ ကျေနပ်သည်။ ကျန်းရှို့က နောက်ထပ်သားလေး ထပ်လိုချင်ပေမယ့် ယနေ့မြင်ကွင်းကို မြင်လိုက်ရတော့ တာရှန်က အားရှို့ကို ဒုက္ခထပ်မပေးချင်ပေ။
အားလင်းကိုပြန်ခေါ်လာပြီးနောက် အခန်းသန့်ရှင်းရေးလုပ်ပြီးသွားခဲ့သည်။ မင်ကောအာကိုတွေ့ဖို့ အခန်းထဲဝင်သွားသည့် လီဖုန်းက အားလင်းကိုပါ ခေါ်ဆောင်သွားခဲ့သည်။ ပထမဆုံးမြင်လိုက်ရတာက ဝမ်ယင်၏ရင်ခွင်ထဲက မျက်နှာနီနီ မျက်လုံးမှိတ်ထားသော ကလေးဖြစ်သည်။ မွေးကင်းစကလေးများက ကြည့်မကောင်းပေမယ့် လီဖုန်းက ရင်ထဲမှာ ပျော်ရွှင်မှုတစ်ခုကို ခံစားခဲ့ရသည်။ ယင်းမှာ မင်ကောအာ၏ကလေးဖြစ်သည်။ သူက ဤကလေးမွေးဖို့ လအတော်ကြာ စောင့်ဆိိုင်းခဲ့ရသည်။
လီဖုန်းက ယခုချိန်တွင် စိတ်အဆင်ပြေလာပြီဖြစ်သည်။ သူက ခန်းပေါ်တွင်လဲလျောင်းနေသော မင်ကောအာကို နူးညံ့သောမျက်ဝန်းဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူက အားလင်းကိုပြောလိုက်သည်။ “အားလင်း… ဒါက သားရဲ့ညီလေး… နောက်ဆို သူ့ကို ကောင်းကောင်းဂရုစိုက်ရမယ်နော်။”
“ညီလေး…. ငါက အခု အစ်ကိုကြီးဖြစ်သွားပြီ။ မင်းက ငါရယ် ဖေဖေရယ် ဦးလေးဖုန်းရယ်. အားလုံးရဲ့စကားကို နားထောင်ရမယ်နော်။ မင်းမလိမ္မာရင် ငါမင်းတင်ပါးကိုရိုက်မယ်။”
အားလင်းက သူ့ညီလေးကို လူကြီးတစ်ယောက်လို ပညာပေးခဲ့ပြီး ညီလေးနားလည်လား နားမလည်သလားတော့ စိတ်မဝင်စားခဲ့ပေ။
ဘိုးဘိုးချန်*က ရယ်မောလိုက်ပြီး သူကလည်း မိသားစု၏အခြေအနေကို နားလည်တာကြောင့် ပြောလိုက်လေသည်။ “လူငယ်လေး.. မင်းရဲ့ညီလေးကို ဂရုစိုက်ပါ။ မင်းညီလေးကြီးလာရင် သူမင်းကို ကာကွယ်ပေးလိမ့်မယ်။”
(သားဖွားသမားတော်)
အခန်းထဲတွင် ပြင်းထန်သောသွေးနံ့များရှိပြီး လီဖုန်းကို နှိုးဆွပေးနေ၏။ သို့သော် သူ့မျက်လုံးထဲမှာတော့ ခန်းပေါ်တွင် လဲလျောင်းနေသော မင်ကောအာသာရှိသည်။ သူက ခန်းကုတင်နားလျှောက်သွားကာ သူ့လက်ကိုကိုင််လိုက်သည်။ သူက နှစ်သိမ့်ဖို့တစ်ခုခုပြောချင်သော်လည်း ဘယ်လိုပြောရမလဲမသိပေ။ အတန်ကြာတိတ်ဆိတ်နေပြီးမှ သူကပြောလိုက်လေသည်။ “ကလေးကအဆင်ပြေပါတယ်။ သူက ကိုယ်တို့ကလေး”
ထန်ချွန်းမင်က ကုတင်ပေါ်မှာ အားမရှိသလို လဲလျောင်းနေပြီး သူ့နဖူးပေါ်က ဆံပင်မှာ ချွေးစိုနေ၏။ အိပ်ရာဝင်ခါနီးတွင် သူက လီဖုန်း၏စကားကိုကြားလိုက်ရသည်။ သူမော့ကြည့်လိုက်တော့ လီဖုန်း၏ဆိုလိုရင်းကို နားလည်စွာ ပြန်ပြောလိုက်သည်။ “ကျွန်တော် ခင်ဗျားပြောတာကိုနားထောင်မယ်။ အခုကစပြီး ခင်ဗျားက ကျွန်တော်တို့မိသားစုရဲ့ အိမ်ထောင်ဦးစီးပဲ။”
ပြောပြီးနောက် တွန်းအားဖြစ်စေသော အငွေ့အသက်များ ပျောက်ကွယ်သွားခဲ့သည်။ သူ့မျက်လုံးများက တဖြည်းဖြည်းမှိတ်သွားပြီး အိပ်ပျော်သွားခဲ့သည်။
သူက လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေတာကြောင့် ဆက်မထိန်းထားနိုင်ခဲ့ပေ။ သူက အရွယ်ရောက်ပြီးသော အမျိုးသားတစ်ယောက်ဖြစ်ပြီး ကလေးမွေးခဲ့ရသည်။ လက်တွေ့က ရက်စက်လွန်းလှသည်။
သတင်းကောင်းတစ်ခုလည်းရှိသေးသည်။ ယင်းမှာ ကလေးမွေးပြီးပြီဖြစ်၍ သူက လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပြီး ဗိုက်တကားကားနဲ့ ထိန်းသိမ်းနေစရာမလိုတော့ပေ။ အိပ်မပျော်ခင် သူက ထိုအကြောင်းတွေးခဲ့သည်။ သူက ထိုလူယုတ်မာလေးမွေးလာလျှင် ရိုက်ပစ်မည်ဟုပြောထားသဖြင့် သူ ၎င်းကို အရင်မှတ်ထားရမည်။