Chapter 49.2
Viewers 21k

Chapter 49.2




လီဖုန်းက ခန်းကုတင်ပေါ်တွင် မလှုပ်မယှက်ထိုင်နေ၏။ အားလင်းက သူ့အားမူကိုတွေ့ပြီးနောက် ရှန်းဖူလန်က သူ့ကိုအပြင်ခေါ်သွားခဲ့သည်။ နောက်တော့ ထန်ချွန်းရုံက သူ့အစ်ကို့ကိုတွေ့ဖို့ ရောက်လာခဲ့သည်။

    

သမားတော်ဟဲနှင့် ဟူလန်ကျုံးသည်လည်း သူ့သွေးခုန်နှုန်းကို စစ်ဆေးဖို့ရောက်လာခဲ့သည်။ သူက ကျန်းမာရေးကောင်း၍ မီးဖွားခြင်းကာလမှာ ကောင်းကောင်းအနားယူလျှင် ပြဿနာမရှိဘူးလို့ ပြောခဲ့သည်။ ဝမ်ယင်က ကလေးကို အပြင်ခေါ်သွားပြီး အားလုံးကိုပြပြီး​နောက် ပြန်ခေါ်လာပြီး သူ့လင်ပါသား၏ဘေးတွင် ချပေးလိုက်သည်။ သူက အောက်နှုတ်ခမ်းအားဖိကိုက်ထားသော ကလေးကိုမြင်သောအခါ မရယ်မောပဲမနေနိုင်ခဲ့ပေ။

  

“မင်းသူတို့နဲ့နေ။ ငါအပြင်ထွက်ပြီး သူတို့ဘယ်အစားအစာတွေပြင်ထားလဲ သွားကြည့်လိုက်ဦးမယ်။”

  

“ဟုတ်ကဲ့.. မီးဖိုပေါ်မှာ ကြက်ပေါင်စွပ်ပြုတ်ရှိတယ်။ သိုးနို့ကလည်း အဆင်သင့်ပဲ။” လီဖုန်းက ထိုအရာများကို သတိရသွားပြီး သွားကြည့်ဖို့ ကမန်းကတန်းထလိုက်သည်။

  

“မင်းထိုင်… ငါသွားကြည့်မယ်… အခုစားလို့မရသေးဘူး။” ဝမ်ယင်က လီဖုန်း၏ပခုံးကိုပုတ်ကာ လှည့်ထွက်သွားခဲ့သည်။ သူ့လင်​ပါသားက ယခုတစ်ကြိမ်ကံကောင်းပြီး သူ့ကို တကယ်ချစ်ပေးသည့် လူတစ်ယောက်ကို ရှာတွေ့သွား၍ ဝမ်ယင်က စိတ်ချသွားခဲ့သည်။

 

ထန်ချွန်းမင်နိုးလာတော့ နောက်တစ်နေ့ရောက်ပြီဖြစ်၏။ နိုးလာပြီးနောက် ပထမဆုံးခံစားချက်က ဆာလောင်မှုဖြစ်ပြီး သူက ဗိုက်အရမ်းဆာနေ၏။ သူ့ဗိုက်က ဗလာဖြစ်နေ၍ သူက စားစရာတစ်ခုခုကို အမြန်ဖြည့်ချင်ခဲ့သည်။ သို့သော် ယခုချိန်မှာ သူ့ကို ဂရုစိုက်သည့်လူမရှိပေ။ သူက ငိုနေသော ကလေးကိုချော့ဖို့ ကိုးရိုးကားရား ရုန်းရင်းဆန်ခတ်အသံတစ်ခုကို ကြားလိုက်ရလေသည်။

  

“လိမ္မာစမ်း.. မကြာခင် စားစရာရတော့မယ်။ မင်ကောအာအိပ်နေတာကို မနှောင့်ယှက်နဲ့.. လိမ္မာပါ…”

 

ထန်ချွန်းမင်မော့ကြည့်လိုက်တော့ ကလေးကို တင်းတင်းကြပ်ကြပ် ချီထားသော လီဖုန်းက သူ့ကို စိုးရိမ်တကြီးကြည့်လာသည်။ သူ ထန်ချွန်းမင်၏အကြည့်နှင့် ဆုံသွားသောအခါ သူ့မျက်နှာပေါ်မှာ ပျော်ရွှင်သောပုံရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး သူက ကလေးကို ချီထားလျက် သူ့ဆီကို အမြန်လျှောက်လာခဲ့သည်။

   

“မင်ကောအာ… မင်းနိုးပြီလား… မင်းဘယ်လိုနေလဲ? ငါ သမားတော်ကိုခေါ်ပြီး စစ်ဆေးခိုင်းလိုက်မယ်။ ပြီးတော့ ကလေးကိုကြည့်ပါဦး။ သူအခု ဗိုက်ဆာလို့ငိုနေတာ။ ဖေဖေက သူ့ကို သိုးနို့ နွှေးပေးနေတယ်။”

    



လီဖုန်းက ကလေးကို မင်ကောအာ၏ဘေးတွင် ဂရုတစိုက်ချပေးပြီးနောက် ထန်ချွန်းမင်ကို ထူပေးကာ နောက်ကျောတွင် ကူရှင်ခံပြီး မှီစေသည်။

 

သူ့တစ်ကိုယ်လုံးက ကွဲထွက်သွားပြီး ပြန်ဆက်ထားသလိုပင်။ သို့သော် နောက်ဆုံးတွင် သူက ခွန်အားတချို့ကို စုဆောင်းနိုင်ခဲ့သည်။ သူက လီဖုန်းကိုပြောလိုက်၏။ “ကျွန်တော် ဗိုက်ဆာတယ်။” သူက ကလေးကိုကြည့်ပြီး မျက်နှာကို လက်ညိုးနဲ့ထိုးလိုက်သည်။ “ဘာလို့အဲ့လောက်ရုပ်ဆိုးတာလဲ?” သူ့လေသံက ရွံရှာမှုအပြည့်ပင်။ သူ့ကို လပေါင်းများစွာ နှိပ်စက်ခဲ့တာ ဤလူယုတ်မာလေးဖြစ်၏။

 

ဆန့်ကျင်ဘက်အနေဖြင့် ယခုနလေးတင်ငိုနေခဲ့သော ကလေးက ထန်ချွန်းမင်ဘေးမှာ ချပေးလိုက်သည်နှင့် အငိုတိတ်သွားခဲ့သည်။ သူက မျက်လုံးမှိတ်လျက် ထန်ချွန်းဘက်ကို အလိုအလျောက် ခေါင်းလှည့်သွားသည်။ 

 

လီဖုန်းက မင်​ကောအာ၏လက်ချောင်းကို အလျင်အမြန်ဆွဲကိုင်လိုက်ပြီး ကလေးကို အားပြင်းပြင်းနဲ့ ထိမိပါက ကလေးနာသွားမှာကို စိုးရိမ်နေသည်။ ယင်းကြောင့် ထန်ချွန်းမင်က သူ့ကိုစိုက်ကြည့်လာသည်။

     



ထိုအချိန်တွင် ဝမ်ယင်က တံခါးတွန်းဖွင့်ကာ သိုးနို့ပူပူလေးကို ယူလာခဲ့သည်။ ထန်ချွန်းမင် နိုးနေတာကိုတွေ့တော့ သူက ​ပြောလိုက်လေသည်။ “မင်းနိုးနေပြီ… ဗိုက်ဆာနေမှာပေါ့… စားစရာတွေကို နွှေးထားတယ်။ အားဖုန်း…သွားယူလာခဲ့။”

  

“ဟုတ်ကဲ့…ကျွန်တော်သွားပြီ။ မင်ကောအာ… ခဏစောင့်ဦး​နော်။” လီဖုန်းက ကပျာကယာ သဘောတူပြီး အလျင်စလို​ထွက်သွားခဲ့သည်။ ဝမ်ယင်က သူ့အမူအရာကို​မြင်မြင်ချင်း သူ့လင်ပါသားက ဤလူကို ရှက်ကိုးရှက်ကန်းဖြစ်အောင် တစ်ခုခုလုပ်ခဲ့တာကို သိလိုက်သည်။

  



“မင်းသူ့ကိုကျွေးချင်လား… ငါကျွေးရမလား?” ပန်းကန်လုံးကိုချကာ ဝမ်ယင်က ထန်ချွန်းမင်ကိုပြောလိုက်သည်။

 

ထန်ချွန်းမင်က နေရခက်စွာ သူ့နှာခေါင်းကိုထိပြီး ပြောလိုက်သည်။ “ဖေဖေ… ကျွေးလိုက်ပါ။” ထိုသေးငယ်နူးညံ့သော အရာလေးကိုကြည့်ကာ သူ့အားကိုမထိန်းချုပ်နိုင်မှာကြောက်သည်။ သူ အသာလေးထိခဲ့သည့်တိုင် လီဖုန်းက သူ့ကိုတားမြစ်ခဲ့သည်။

 



ဝမ်ယင်က တခြားဘာမှမပြောပဲ ကလေးကို ကျွမ်းကျွမ်းကျင်ကျင် ချီမလိုက်ပြီး ခန်းကုတင်အစွန်းမှာထိုင်ကာ ကလေး၏ခေါင်းကို လက်တစ်ဖက်ဖြင့်ထိန်းပြီး နောက်တစ်ဖက်ဖြင့် ဇွန်းအသေးလေးနှင့် နည်းနည်းစီတိုက်ကျွေးနေ၏။ သူက အလွန်စိတ်ရှည်သော လူတစ်ဦးဖြစ်သည်မှာ သိသာသည်။

 

လီဖုန်းလည်း ဝင်လာပြီး နောက်ကနေ အားလင်းနှင့် သမားတော်ဟဲက လိုက်လာခဲ့သည်။ အားလင်းက ထန်ချွန်းမင်ထံသို့ ဝမ်းသာအားရပြေးလာပြီး ပြောလိုက်လေသည်။ “ဖေဖေ… ညီလေး…”

  

“အင်း… အားလင်းက အခုအစ်ကိုကြီး ဖြစ်သွားပြီ။ ဒါပေမယ့် အားလင်းက အလိမ္မာဆုံးပဲ။ ဖေဖေက အားလင်းကိုအကြိုက်ဆုံး။”  

 

အခန်းထဲက လူတွေက ထိုစကားကြားတော့ နှုတ်ခမ်းတွန့်ကွေးသွားသည်။ သူတို့က ဤနှလုံးသားမရှိသူကို ဘာပြောရမလဲပင်မသိတော့ပေ။ သို့သော် အားလင်းက ပျော်ရွှင်သွားပြီး မွေးကင်းစကလေးကလည်း ဘာမှနားမလည်သေး၍ သူ့အားမူ၏စကားကြောင့် စိတ်ထိခိုက်မှာမဟုတ်သဖြင့် သူတို့အားလုံးက လွှတ်ပေးထားလိုက်သည်။

 

ကလေးမွေးပြီးနောက် ရွာထဲမှလူများစွာက လာလည်ခဲ့ကြသည်။ သုံးရက်မြောက်နေ့ ကလေးရေချိုးပေးခြင်း အခမ်းအနားအတွက်မူ ထန်ချွန်းမင်က ဘာမှမပြင်ဆင်ထားသလို စိတ်ထဲဲမှာလည်း စိတ်ကူးမရှိခဲ့ပေ။ သို့သော် ကျင်းကျိစားသောက်ဆိုင်မှ လူများလည်း လာရောက်ကြပြီး ဆိုင်ရှင်ချီက ကလေးအတွက် ထန့်ယွီယူလာခိုင်းခဲ့သည့် အင်တုံလက်ဆောင်ပေးခဲ့သည်။

 

ဦးလေးကျောက်လျို၏မိသားစုမှလွဲ၍ ကျောက်မိသားစုဝင်များ မလာခဲ့ပေ။ သို့သော် လူတိုင်းက သူတို့အကြောင်းမပြောဖို့ ဆုံးဖြတ်ခဲ့သည်။ အထူးသဖြင့် ရွာလူကြီး​က လီဖုန်းထံမှ ဆုံးဖြတ်ချက်ကို သိရှိပြီးဖြစ်တာကြောင့် မည်သူကမျှ ရည်ရွယ်ချက်ရှိရှိ မပြောခဲ့ကြပေ။ 

 

သူက ရှန်းဖူလန်ကို လီဖုန်း၏အစီအစဥ်အကြောင်း တကူတကသွားပြောခဲ့သည်။ “အားဖုန်းက မင်ကောအာကို လက်ထပ်ဖို့ရည်ရွယ်ထားတယ်။ ကလေးနှစ်ယောက်ကို သူ့မျိုးရိုးနာမည်အောက်မှာထားပြီး လီမိသားစု မျိုးရိုးစဥ်ဆက်မှာ မှတ်တမ်းတင်ဖို့ ဆန္ဒရှိတယ်။”

 



ရှန်းဖူလန်က ယင်းကို သေချာပေါက်မျှော်လင့်ပြီးသားဖြစ်၍ ထိုစကားကြားတော့ အံ့သြသွားခြင်းမရှိပေ။ “ကောင်းတာပေါ့… ခင်ဗျားမြင်တဲ့အတိုင်းပဲ။ မင်ကောအာက သားယောကျာ်းလေးမွေးခဲ့တယ်။ ကျောက်မိသားစုကလည်း လုံးဝတုံ့ပြန်မှုမရှိဘူး။ ဒီတော့ ကျောက်မိသားစုနဲ့မဆိုင်တော့ဘူးလေ။ ပြီးတော့ အားလင်းကလည်း ကျောက်မိသားစု မျိုးရိုးစဥ်ဆက်ထဲ ပါတာမှမဟုတ်တာ။”

 

ကောတစ်ယောက်ဖြစ်နေတာကြောင့် ကလေးက အလေးအနက်ထားခြင်းမခံခဲ့ရပေ။ ဤဖြစ်စဥ်က အဖြစ်များသည်။ တချို့မိသားစုများက နာမည်မထည့်မီ ကလေးလက်ထပ်သည်အထိ စောင့်ဆိုင်းကြသည်။ ရှန်းဖူလန်က ယခုကိစ္စကို ကောင်းတယ်လို့မြင်သည်။ ၎င်းက ကျောက်မိသားစုရန်မှ ကာကွယ်ပေးလိမ့်မည်။

  



“ဒါပေမယ့် အားဖုန်းက အနာဂတ်မှာ သူ့သွေးသားရင်းချာ ကလေးတွေရှိလာမှာမလား? သူက ….” ရွာလူကြီးက စိတ်ရှုပ်​နေသည်။ သူ၏မျိုးရိုးနာမည်က လီဖြစ်၍ လီဖုန်းမှာ အမွေဆက်ဆံရန် ကိုယ်ပိုင်ရင်သွေးလေးရှိလာဖို့ သူမျှော်လင့်နေသည်။

      

သွေးသားရင်းနှင့် သွေးသားမတော်စပ်သော ကလေးများကြား၌ ကွာခြားချက်ရှိသည်။ အားလင်းနှင့် သူ့ညီလေး၏နာမည်က ကျောက်မိသားစု၏ မျိုးရိုးစဥ်ဆက်ထဲဝင်ဖို့ လွယ်ကူမည်မဟုတ်ကြောင်းလည်း သူသိသည်။ 

    

မင်ကောအာက သူတို့ကို အကြိမ်ကြိမ်အရှက်ရစေခဲ့တာကြောင့် မင်ကောအာကို အရှက်ခွဲရန် သူတို့က ဤကိစ္စကို အသုံးပြုဖို့ စောင့်ဆိုင်းနေလိမ့်မည်။ သို့ဖြစ်၍ သူက အကျပ်ရိုက်နေသည်။

 

ရှန်းဖူလန်က သူ့ခင်ပွန်းကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။ “ခင်ဗျားက ကလေးတွေအတွက် စိတ်ပူနေတာပဲ။ သူတို့ ကလေးမယူရသေးတာတောင်လေ? ဖုန်းရှောင်ကျစ်က ဒီအရာတွေကို မစဥ်းစားခဲ့ဘူးလို့ ထင်လို့လား? သူဆုံးဖြတ်ချက်ချပြီးကတည်းက ဒီကလေးနှစ်ယောက်ကို သူ့သွေးသားတွေလို ဆက်ဆံချင်တယ်လို့ ဆိုလိုတာလေ။”

   



“သူ အနာဂတ်မှာ ကလေးရလာရင်လည်း သူက သူတို့်ကို တန်းတူပျိုးထောင်ပြီး မိသားစုစည်းစိမ်တွေကို ညီတူညီမျှ ခွဲဝေပေးလိမ့်မယ်။ ပြီး​တော့ သူတို့အတွဲက ကလေးသုံးယောက်ပျိုးထောင်ဖို့ ငွေမရှာနိုင်ဘူးထင်လို့လား?”

     



သူက မင်ကောအာ၏ ငွေရှာနိုင်စွမ်းကို ယုံကြည်သည်။ အနောက်တောင်က ကြက်ကောင်ရေရာကျော်နှင့် သူတို့တူးထားသော ရေတွင်းထဲက ငါးကိုကြည့်လိုက်ပါ။ ဖုန်းရှောင်ကျစ်က ငွေကိုရေထဲပစ်ချနေတယ်လို့ ဘယ်လိုပြောနိုင်လဲ?

 

ရွာလူကြီးတွေးတာလည်းမှန်သည်။ မွေးစားသားနှင့် သားအရင်းကြားက ပဋိပက္ခမှာ မိသားစုပိုင်ဆိုင်မှုနဲ့ ပတ်သက်နေသည်။ အားဖုန်းက နည်းနည်းလေးပိုကြိုးစားပြီး စည်းစိမ်ဥစ္စာပိုရှိလာလျှင် ယင်းက ပြဿနာမဟုတ်တော့ပေ။ ထို့အပြင် ၎င်းက သားတွေအတွက်သာဖြစ်၏။ အားလင်းက အနာဂတ်မှာ လက်ထပ်မည့် ကောလေးတစ်ယောက်ဖြစ်၏။





ကလေးမှာ နာမည်အပြည့်အစုံမရှိသေးပဲ အမည်ပြောင်သာရှိပြီး ယင်းက ထန်ချွန်းမင်၏ ဆုံးဖြတ်ချက်ဖြစ်သည်။ နာမည်ကို များများစားစား မစဥ်းစားထားတာ သိသာသည်။ အားလင်း၏ ကာရံညီစေရန် သူက သူ့ကို အားစန်းလို့​ခေါ်ပြီး နာမည်အပြည့်အစုံကို ပညာရှိ သမားတော်ဟဲဆုံးဖြတ်ဖို့ ချန်ထားသည်။

 

ဤနာမည်ရွေးချယ်ပြီးနောက် ထန်ချွန်းမင်က တခြားသူများ၏ အလှောင်ခံခဲ့ရသည်။ နောက်နှစ်နှစ်နေလို့ သူကလေးတစ်ယောက် ထပ်ရခဲ့လျှင် အားမုလို့ ပေးလောက်သည်ဟု သူတို့ကပြောခဲ့သည်။ ထန်ချွန်းမင်က ထိုစကားကြားပြီး နှုတ်ခမ်းတွန့်ကွေးသွားလေသည်။ 

 

မီးဖွားကာလအတွင်း အပြင်မထွက်နိုင်သော်လည်း ရာသီဥတုပူပြင်းသောအချိန်မှာ ရေမချိုးနိုင်ခြင်းနှင့် ဆံပင်မလျှော်နိုင်ခြင်းက သူ့ကိုစိတ်ပျက်စေသည်။

    

သူ့ကိုယ်ထဲက အနံ့ထွက်နေသလို ခံစားရပြီး ကိုယ့်ကိုကိုယ်တောင် မုန်းမိသည်။ ပန်ကာမရှိသလို အဲကွန်းလည်းမရှိ၍ အလွန်တရာပူအိုက်နေသည်။ ဖြစ်နိုင်လျှင် သူ ပျောက်ကွယ်သွားပြီး နေရာလွတ်ထဲဝင်သွားချင်သည်။ တစ်နှစ်ပတ်လုံး ၂၀ဒီဂရီသာရှိသည့် ထိုနေရာက နေထိုင်လို့အကောင်းဆုံးဖြစ်၏။

 

ထန်ချွန်းမင်မှာ အချိန်ကောင်းရှိမ​နေပဲ လီဖုန်းက ၎င်းကိုတွေ့တော့ စိုးရိမ်သွားသည်။ တခြားအချိန်သာဆိုလျှင် သူက ထန်ချွန်းမင်၏တောင်းဆိုမှုကို လက်ခံပေးမှာဖြစ်ပေမယ့် ယခုမူ သမားတော်ဟဲနှင့် အတွေ့အကြုံရှိသူများ​ပေးခဲ့သည့် ဆောင်ရန်ရှောင်ရန်များကို သူလိုက်နာနေရသည်။ 





သူ မင်ကောအာကို လုပ်ချင်တာလုပ်ခွင့်ပေးလို့မရမှန်းသိသည်။ မဟုတ်လျှင် ၎င်းက ရောဂါအမြစ်တွယ်ပြီး အဆုံးမှာ မင်ကောအာ ဒုက္ခရောက်လိမ့်မည်။

 

“ရာသီဥတုက ပူလွန်းလို့ အိမ်ထဲမှာ သည်းမခံနိုင်တော့ဘူး။ ကျွန်တော် ရေခဲနည်းနည်းယူပြီး အိမ်ထဲထည့်လိုက်ရင်ရော? ရေခဲသုံးလို့ရလား” လီဖုန်းက မင်ကောအာ သက်တောင့်သက်သာရှိစေနိုင်မည့် နည်းလမ်းတစ်ခုကို စဥ်းစားရမည်။ 

 .

သမားတော်ဟဲက ယခုချိန်တွင် ကလေးသုံးယောက်အား စာရေးစာဖတ်နည်းသင်ပေးသည့်တာဝန်ကို ထမ်းဆောင်နေပြီဖြစ်တာကြောင့် နေ့တိုင်းအားလပ်မနေတော့ပေ။ သူက စာဖတ်ခန်းထဲမှထွက်လာပြီး လီဖုန်း၏စကားကိုကြားသောအခါ ဒေါသတကြီးမျက်စောငးထိုးလိုက်သည်။ “မင်း ရေခဲကိုလျှော့သုံးသင့်တယ်။ ဝေးဝေးမှာထား”