Chapter 50.2
Viewers 21k

Chapter 50.2


 

ထန်ချွန်းမင်က မီးဖိုချောင်မှာ အလုပ်ပြီးတော့ မျက်နှာနှင့်လက်ကို ဆေးကြောကာ သန့်ရှင်းသော အဝတ်စားလဲလိုက်သည်။ သူအပြင်ထွက်လာတော့ လူတစ်စုက သူ၏သားမိုက်ကိုဝိုင်းထားကာ ရယ်မောနေသည်။ လီဖုန်းကလည်း နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ဘေးမှာရပ်နေလေသည်။ 

  



“အစ်ကို…ရောက်ပြီလား…အားစန်းက ခုလေးတင် ကျွန်တော့်ကိုပြုံးပြနေတာ။ ကြည့် သူပြုံးပြပြန်ပြီ” ထန်ချွန်းရုံက ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူကဲ့သို့ ပြုမူတတ်ပေမယ့် ယနေ့မှာ သူက အနည်းငယ်ကလေးဆန်သည်။

  



“ဖေဖေ… သားညီလေးက သားကိုလည်းပြုံးပြနေတယ်။” အားလင်းကလည်း နောက်ကျကျန်မနေချင်ပဲ ထန်ချွန်းမင်ဆီပြေးကာ မော့ကြည့်ပြီး​ပြောလိုက်သည်။

 



ထန်ချွန်းမင်က အားလင်းကို ကောက်ချီလိုက်သည်။ သူအဖက်မခံရတာကြာပြီဖြစ်၏။ အားလင်းက အော်လိုက်ပြီးမှ ဝမ်းသာအားရ ရယ်မောလိုက်လေသည်။ ညီလေးရှိသည့်တိုင် သူ့အားမူက သူ့ကိုချစ်ပြီး ကောင်းကောင်းဆက်ဆံနေဆဲဖြစ်သည်။ နောင်မှာ သူ့ညီလေးအပေါ် ပိုကောင်းပေးဖို့ အားလင်းဆုံးဖြတ်လိုက်သည်။ “ဖေဖေ….သား အသီးအနှံနည်းနည်းလောက်ခူးပြီး ညီလေးကိုကျွေးလိုက်မယ်။”

  

“ဟားဟား..အသီးအနှံသွားခူးလိုက်… ဒါပေမယ့် ညီလေးကစားလို့မရသေးလို့ အားလင်းက သူတို့ကိုပေးလိုက်ပါ။”

 


ထန်ချွန်းမင်၏ခြံထဲက သီးပင်များမှာ စိုက်ပျိုးပြီး ပွင့်လန်းလာတာကို လူတိုင်းတွေခဲ့ရသော်လည်း ပထမနှစ်မှာတင် အသီးထွက်လာမယ်လို့ ဘယ်သူမှမထင်ခဲ့ပေ။ အသီးအနှံများက ရင့်သီးကြီးထွားလာသဖြင့် လူတွေကို ပျော်ရွှင်စေသည်။




အရေအတွက်မများပေမယ့် မြို့ထဲက အသီးတွေထက်ပိုချိုသည်။ မင်ကောအာ တောင်ဝယ်ပြီး သီးပင်စိုက်ရဲတာ မအံ့သြတော့ဘူးလို့ စားဖူးသူတိုင်းက ေပြာနေခဲ့သည်။ ခြံထဲမှာ သီးပင်စားပင်အများကြီးရှိလျှင် သူတို့ငွေရှာနိုင်မှာသေချာသည်။

 

လီဖုန်းနဲ့ဝမ်ယင်က ဧည့်သည်များကို ဧည့်ခံရန်အတွက် မနက်စောစော အသီးအနှံများ ခူးဆွတ်ကြသော်လည်း အရသာက ကောင်းလွန်းတာကြောင့် မကြာခင်ကုန်သွားခဲ့သည်။ အိမ်ရှင်ဖြစ်သည့် အားလင်းက ဧည့်သည်များကိုဧည့်ခံရန်နှင့် သူ့ညီလေးကိုပေးရန် များများခူးသင့်တယ်လို့ ခံစားလိုက်ရသည်။

 

လီဖုန်းက လာကူပေးပြီး တာမောင်းနဲ့အာမောင်းက သီးပင်နားမှာခုန်ပေါက်ကာ ခွေ​ေပေါက်နှစ်ကောင်က သစ်ပင်အောက်မှ ပြေးလွှားနေသည်။ အဘိုးကြီးဟဲနှင့် လက်ဖက်ရည်သောက်ရင်း စကား​ပြောနေသော ထန့်ယွီက ထိုမြင်ကွင်းကိုကြည့်ကာ မနာလိုဖြစ်သွားခဲ့သည်။ ဤရိုးရှင်းပြီး နွေးထွေးသော လယ်ခြံက ထိုချမ်းသာသည့်မိသားစုများထက် ပို၍နှစ်လိုဖွယ်ကောင်းသည်။

 

ထန်ချွန်းမင်က အရ​ပ်မရှည်တာကြောင့် သူက အားလင်းကို လီဖုန်းထံအပ်ပြီး အသီးခူးလိုက်ရသည်။ သူက စပျစ်သီးတစ်ကိုင်းခူးကာ ခူးပြီးသားချယ်ရီထဲထည့်လိုက်သည်။ ထို့နောက် သူက ရေဆေးကာ ပန်းကန်ပြားပေါ်တင်ပြီး ဟဲလောင်ကိုပေးလိုက်သည်။

   

ရွာလူကြီးက သူတို့နဲ့ထိုင်နေပြီး သစ်သီးလာချတာကိုတွေ့တော့ တစ်လုံးယူကာ ပါးစပ်ထဲထည့်ပြီး ချီးကျူးလိုက်သည်။ “မင်ကောအာ….အသီးတွေက ကောင်းကောင်းကြီးထွားတာပဲ။ အားစန်းရဲ့လပြည့်နေ့ကို အချိန်ကောင်းမှာ ကျင်းပလိုက်ရတာပဲ”

  

“ဟားဟား… “အဘိုးကြီးဟဲက ရယ်မောကာ မုတ်ဆိတ်ကိုပွတ်သပ်လိုက်သည်။ “အားစန်းက စားဖို့ငယ်သေးလို့ ကျုပ်တို့လူကြီးတွေပဲ စားနေရတာ။ ကျုပ် စိတ်ပျက်လွန်းလို့ ထွကမသွားချင်တော့ဘူး။”

 

ထန်ချွန်းမင်က ၎င်းကိုကြားတော့ မျက်စောင်းထိုးလိုက်သည်။ “ခင်ဗျားဘယ်သွားမလို့လဲ… အဘိုးကြီးဟဲ?”

  

“ငါဘယ်မှမသွားပါဘူး။ ငါဒီမှာ အားဖုန်းနဲ့နေမှာ။ မင်းတို့ငါ့ကို သဘောမကျရင်တောင် ငါထွက်မသွားဘူး” အဘိုးကြီးဟဲက မျက်လုံးကို မှေးကျဥ်းကာ ပြုံးလိုက်သည်။

  

“မင်ကောအာရဲ့ခြံက တကယ်ကောင်းပြီး စိတ်အေးချမ်းစေတယ်။ ကျွန်တော်လည်း အနာဂတ်မှာ အချိန်ရှိလာရင် ဒီလိုခြံဝယ်ပြီး သီးပင်စိုက်မယ်။ ခွေးမွေးမယ်။ ပြီးရင် အခုလိုမျိုး လက်ဖက်ရည်သောက်ပြီး သစ်သီးစားမယ်။” အလင်းရောင်နှင့် ဆန့်ကျင်ဘက်မှာရပ်ကာ ကလေးများနှင့်အတူ အသီးခူးနေသော ထန်ချွန်းမင်နှင့် ကလေးကိုချီကာ သစ်သီးခူးရင်း ထန်ချွန်းမင်ကိုလည်း ဘေးကင်းလားစစ်ဆေးနေသည့် အမျိုးသားကိုကြည့်ကာ ထန့်ယွီက စိတ်ကူးယဥ်လိုက်သည်။ သူက ရင်ထဲမှာသက်ပြင်းချလိုက်သည်။ သူ့စိတ်ထဲမှာ ဘာတွေတွေးနေလဲ သူသာသိသည်။

 

 

လူတစ်စုက ခြံထဲမှာစကားပြောနေစဥ် တစ်ယောက်ယောက်က မထင်မှတ်ထားပဲရောက်လာခဲ့သည်။

 

ခြံတံခါးမှာ လှည်းတွေရပ်ထားပြီး တံခါးမပိတ်ထားတာကြောင့် ထိုလူက ခြံထဲကလူတွေရဲ့အာရုံကို ဆွဲဆောင်ရန် တံခါးခေါက်လိုက်သည်။

   

ထို့နောက် သူက လက်ကိုကွေးကာ ရှက်ရွံ့သလိုပြုမူပြီး အားလင်းကိုချီးထားသော လီဖုန်းအားပြောလိုက်သည်။ “ဝမ်းကွဲအစ်ကိုဖုန်း… ကျွန်တော်… ကျွန်တော်… အားစန်းကို ပစ္စည်းတချို့လာပေးတာပါ။ ကျွန်တော်ကိုယ်တိုင်လုပ်ထားတာ။ ဝမ်းကွဲအစ်ကိုဖုန်းနဲ့ မင်ကောအာ သဘောကျဖို့မျှော်လင့်တယ်”

 

ကျန်းရှို့နဲ့ဝမ်မော့က မီးဖိုချောင်ထဲကထွက်လာကာ စားပွဲရှင်းရန်ပြင်ဆင်နေပြီး အားလုံးကို ညစာစားရန် ဖိတ်ခါနီးတွင် ဤရွံစရာကောင်းသောလူ ရောက်လာခဲ့တာဖြစ်၏။ ဝမ်မော့ကလည်း အံ့အားသင့်သွားသည်။ သူက ကျန်းရှို့၏ အင်္ကျီလက်ကိုဆွဲကာ ပြောလိုက်လေသည်။ “သူဘာလို့ ဒီရောက်​နေတာလဲ? ငါမရှိတဲ့အချိန် သူလာနေကျလား?”

  

“မဟုတ်တာ… ကောတစ်ယောက်က သူ့အနာဂတ်အတွက် ဘာမဆိုလုပ်နိုင်တယ်လို့ ငါမထင်ထားဘူး။” ကျန်းရှို့က ဒေါသတကြီး​​ပြောလိုက်သည်။ အရင်တစ်ခေါက်အဖြစ်အပျက်အပြီးမှာ ဤလူငယ်လေး အသိစိတ်ဝင်ပြီး နောက်တစ်ကြိမ် လာမနှောင့်ယှက်တော့ဘူးလို့ ထင်ခဲ့တာဖြစ်ပေမယ့် သူ ဤနေရာမှာစောင့်မျှော်နေမယ်လို့ မထင်ထားပေ။ 

 

ဝမ်မော့က မြို့ထဲတွင် တခြားသောအရာများကိုမြင်ဖူးပြီး သူ့မှာ ယခင်ကလို ရိုးရှင်းသောစိတ်ထားမရှိတော့ချေ။ ကျန်းရှို့ပြောတာကြားတော့ သူက ထိုလူငယ်ကောလေး၏ အတွေးကိုနားလည်သွားသည်။ သူက အသံလျှော့ကာ ကျန်းရှို့ကို တီးတိုးပြောလိုက်၏။ “သူက အနာဂတ်မှာ ခင်ပွန်းကောင်းရအောင် အစ်ကိုဖုန်းကို လာကပ်နေတာလား?”

   

ကျန်းရှို့၏ ခိုင်မာသောအမူအရာကိုမြင်ပြီးနောက် သူက ကျိန်ဆဲလိုက်သည်။ “သူက တော်တော်သတ္တိရှိတာပဲ။ အစ်ကိုဖုန်းကို ခြယ်လှယ်နိုင်တယ်လို့ ထင်နေတာလား.. သူ့မိသားစုက မကောင်းတာမလုပ်ခဲ့ဘူးဆိုရင် ဖြစ်နိုင်သေးတယ်။ ဒါပေမယ့် မင်းပြောတာမှန်တယ်။ ဒီလူငယ်ကောက တကယ်ကို အရေထူတာပဲ။ မသိတဲ့လူက သူရဲ့ဒီပုံစံကိုတွေ့ရင် အနိုင်ကျင့်ခံရတယ် ထင်နေဦးမယ်။”

  

“ဟင်း…. သူက ဒီအချိန်ကိုမှလာရတယ်လို့ သူ့စိတ်ထဲမှာဘာရှိလဲ ငါစိုးရိမ်တယ်။” ကျန်းရှို့က မကျေမနပ်​ပြောလိုက်သည်။ သူ ယခုလိုတွေးတာမဆန်းပေ။ စိတ်ရင်းမှန်ဖြင့် လက်ဆောင်ပေးချင်လျှင် လူအများဆုံးရှိသည့်အချိန်ကို ရွေးချယ်ပါ့မလား?

 



သမားတော်ဟဲ၏အပြုံးက ရှိနေဆဲဖြစ်ပြီး သူက လီဖုန်းကိုလှည့်ကြည့်လိုက်သည်။ သူနားမလည်တာ ဘာတစ်ခုမှမရှိပေ။ ဤလူငယ်ကောလေးက ရှောင်ဖုန်း၏ဦးလေးမိသားစုမှဖြစ်သည်။ သူက နန်းတော်များစွာကို လည်ပတ်ဖူး၍ လူမျိုးစုံကိုတွေ့ဖူးသည်။ 

    

သူက ဒီလူငယ်ရဲ့မျက်လုံးကို ဖြတ်မမြင်နိုင်ပဲနေမလား? သူက တိတ်တိတ်လေး ခေါင်းခါယမ်းလိုက်သည်။ ဤကျေးလက်ဒေသတွင် ရိုးရှင်းပြီး စိတ်နှလုံး​ကောင်းသော လူတွေရှိပြီး စိတ်ဓာတ်ယုတ်သော လူများလည်းရှိသည်။ ရှောင်ဖုန်းမှာ ဆွေမျိုးကောင်းတစ်ယောက်မှ မရှိပါပေ။

 

ထန့်ယွီက အတွင်းကိစ္စကို သိပ်နားမလည်သော်လည်း ခြံဝင်းထဲက အမူအရာကိုတွေ့သည့်အခါ သူ့ရှေ့ကကောကို မကြိုဆိုကြမှန်းသိလိုက်သည်။ သို့ဖြစ်၍ သူက စိမ်ပြေနပြေ အသီးစားကာ ပွဲကြည့်နေ၏။ လူငယ်ကော၏နည်းလမ်းများက ရင့်ကျင်မှုလစ်ဟင်းသည်။

 

လူငယ်က တံခါးဝမှာရပ်ကာ သူ့ကို ဘယ်သူမှအာရုံမစိုက်တာ တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်က အမူအရာမှာ ဝမ်းနည်းမှုတိုးမြှင့်လာကာ မျက်ရည်စီးကျလာခဲ့သည်။



ထန်ချွန်းမင်က သူ့ကို စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။ မောင်းထုတ်ဖို့သွားနေသည့် လီဖုန်းကိုလည်း သူက တားလိုက်သည်။ “မင်းဘာဖြစ်ချင်တာလဲ? အရင်တစ်ခေါက်ကလည်း အလုပ်ကူလုပ်ပေးမယ်ပြောပြီး ထွက်ပြေးသွားတယ်။ ငါဗိုက်ကြီးနဲ့ အလုပ််မပြီးလို့ ကျန်ရှို့နဲ့ငါက အချိန်အတော်ကြာလုပ်ခဲ့ရတယ်။ ဒီနေ့လည်းတူတူပဲ.. အားစန်းရဲ့လပြည့်နေ့မှာ တခြားသူတွေက မနက်အစောကြီးလာကူပေးကြတယ်။ မင်းက ဒီလိုချိန်မှလာပြီး ဒီလိုတွေလုပ်ပြနေတာ မရှက်ဘူးလား?



 လူငယ်လေး၏မျက်နှာမှာ ဖြူဖျော့လာသည်။ “ကျွန်တော်လာချင်ပေမယ့် မလာရဲလို့ပါ။”





“မင်းက လာချင်ပေမယ့် မလာရဲဘူး!” ထန်ချွန်းမင်က ကျယ်လောင်စွာ အော်လိုက်လေသည်။ “ဒါပေါ့ မင်းက မင်းဝမ်းကွဲကို ဆေးခပ်ပြီး သေသေရှင်ရှင် ဂရုမစိုက်ပဲ အဝေးကိုမပို့ခဲ့ရင် မင်းရဲ့ ဝမ်းကွဲအိမ်ကို ထပ်လာဖို့ ရှက်နေမှာမဟုတ်ဘူး။ စိတ်မပူပါနဲ့။ ငါက ကျေးဇူးတရားနဲ့ နုာကြည်းမှုကို ခွဲခြားတတ်သူပါ”



  

“ ဆွေမျိုးတော်စပ်ရုံနဲ့ ငါ မင်းဝမ်းကွဲကို ဒုက္ခခံစားခွင့်ပေးမှာမဟုတ်ဘူး။ အားဖုန်းက လီမိသားစုဝင်ဖြစ်နေလို့ ငါမင်းမိဘတွေကိုတောင် စာရင်းရှင်းဖို့မ​ပြောခဲ့ဘူး။ မင်းက လိမ္မာတဲ့လူဆိုတော့ ငါနဲ့အားဖုန်းကြားက အ​ခြေအနေကို နားလည်ရမှာမဟုတ်လား.. မင်းငါပြောတာကိုရှင်းရဲ့လား? နောက်တစ်ခါ ငါ့အိမ်ကိုမလာနဲ့။ ဒီမကျေပွဲက မင်းလို မနူးမနပ်ကောလေးတွေ ​ဖြေရှင်းပေးနိုင်တဲ့အရာမဟုတ်ဘူး။”

 

ကောလေးက မယုံကြည်နိုင်သော အမူအရာကိုပြနေသည်။ ထန်ချွန်းမင်က ဤကိစ္စကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်မယ်လို့ သူမထင်ထားပေ။ လူတိုင်းက အရှက်မကွဲချင်ဘူးမလား? သူလီဖုန်းရဲ့ ဂုဏ်သိက္ခာကိုရော ဂရုစိုက်ရဲ့လား?

 

ခြံထဲက ထန့်ယွီက နားမလည်နိုင်သလိုပြောလိုက်သည်။ “တစ်ယောက်ယောက်က ဆေးခပ်ပြီး ပို့ခဲ့တာလား? ဘယ်သူ့ကိုပြော​နေတာလဲ? အစ်ကိုလီဖုန်းလား?”

 



ရွာလူကြီးက မျက်နှာကိုပွတ်လိုက်သည်။ ဤသည်မှာ လီမိသားစုအတွက် ဂုဏ်သိက္ခာဖြစ်၏။ သူက ကျယ်ကျယ်မပြောနိုင်ပေမယ့် ဤကလေးကို ထပ်ခါထပ်ခါလာခွင့်မပြုခဲ့ပေ။ သူက “အားဖုန်းက အသက်မပြည့်ခင်မှာ စစ်ထဲပို့ခံခဲ့ရတာ။”

 

ထန့်ယွီက တစ်စုံတစ်ခုကို ရုတ်တရက်ရိပ်မိသွားပုံပေါ်သည်။ အသက်မပြည့်သေးပဲ အသက်ကိုလိမ်ညာခဲ့တယ်လို့ ဆိုလိုသည်။ လိမ်ခဲ့သည့် ထိုလူက ဤကော့အာတော့ မဟုတ်ပေ။ ဤကော၏မိဘများဖြစ်နိုင်သည်။ အစ်ကိုဖုန်းရဲ့ဦးလေးက တကယ်ကိုရက်စက်တာပဲ…

 



ဟဲလောင်က ဓားတစ်ချောင်းထပ်စိုက်လိုက်သည်။ “ဟုတ်တယ်…ငါ ဖုန်းရှောင်ကျစ်ကိုလမ်းမှာတွေ့ခဲ့တာ။ သူက သေလုမျော​ပါးဖြစ်နေခဲ့တာ။ ရွာထဲက သမားတော်ရဲ့ အိပ်ဆေးက ပြင်းလို့ထင်တယ်။”

  

“ဟေး…ဟေ… ကျုပ်လည်း ရွာထဲက သမားတော်ပါ။ ကျုပ်နာမည်ကိုမဖျက်ပါနဲ့။ ကျုပ် ဒီလိုသိက္ခာမဲ့တဲ့အလုပ်ကိုမလုပ်ဘူး။” ဟူလန်ကျူံးက ငြင်းလိုက်သည်။

  

“ဟားဟား… ကျုပ်ခင်ဗျားကိုပြောနေတာမှမဟုတ်တာ” သမားတော်ဟဲက အပြုံးတစ်ခုဖြင့် ပြင်ပြောလိုက်သည်။

 

ခြံဝင်းထဲက လူတချို့က သူ့ဘက်ကပြောပေးမယ်လို့ လူငယ်ကောလေးက ထင်ခဲ့ပေမယ့် သူတို့က သူ့ကို ​ကူပြောမပေးသည့်အပြင် အရင်ကဖြစ်ရပ်များကို ရက်စက်သောနည်းလမ်းလို ပုံဖော်​​ပြောဆိုခဲ့သည်။ 

    

လူငယ်ကောက အလွန်ဝမ်းနည်းနေပုံရသည်။ ဒီလူတွေက ဘာလို့ မစာနာနိုင်ရတာလဲ? သူက သူ့မိဘတွေရဲ့လုပ်ရပ်အတွက် အပြစ်ရှိတဲ့လူလား? ပြီးတော့ သူကလည်း ဒီဆက်ဆံရေးကိုပြေလည်အောင် ကြိုးစားနေတာလေ။ သူတို့က သူ့ရဲ့အားထုတ်မှုကို မမြင်တာလား? ပြီးတော့ လီဖုန်းကလည်း ကောင်းကောင်းနေထိုင်ပြီး ကြီးပွားချမ်းသာနေတာပဲမလား? ဒီလူတွေက ဘာလို့ သူ့ဘက်မှာရပ်တည်ပြီး သူ့မိသားစုကို ရှုတ်ချနေတာလဲ?

 

လီဖုန်းက အားလင်းကို အောက်ချပေးပြီး တာမောင်းနဲ့အာမောင်းကို ရှာခိုင်းလိုက်သည်။ သူက မင်ကောအာဆီသွားကာ လက်ကိုင်လိုက်ပြီး လူငယ်ကောလေးကို ခြိမ်းခြောက်သည့်အကြည့်တစ်ချက်ပေးလိုက်၏။ “အခုသွားတော့ မင်ကောအာပြောသလိုပဲ.. သူတို့လုပ်ခဲ့တဲ့အရာတွေက စကားလုံးနည်းနည်းနဲ့ ဖြေရှင်းလို့မရဘူး။ ပြန်လာကတည်းက ငါသူတို့ကို ဆွေမျိုးလို့မသတ်မှတ်ထားဘူး။ မင်းရင်ထဲက ဆန္ဒတွေကလည်း စိတ်ရင်းမဟုတ်ဘူး။ ဒီတော့ မင်ကောအာကိုနှောင့်ယှက်ဖို့ အချိန်မဖြုန်းနဲ့။ မဟုတ်ရင် ငါ အဲ့နေ့ကဖြစ်ရပ်ကို ဆွဲထုတ်ပြီး အကြီးအကဲတို့ကို သေချာရှင်းခိုင်းလိုက်မယ်”

     



သူက အလွန်အကျွံမလုပ်ချင်လို့ ငြိမ်နေခဲ့တာဖြစ်သည်။ မဟုတ်ပါက လီစုန့်ကမ်းနှင့် သူ့ဇနီးလုပ်ခဲ့သောအရာမှာ မျိုးနွယ်စုမှ နှင်ထုတ်ခံရဖို့လုံလောက်သည်။