အပိုင်း ၅၄
Viewers 15k

Chapter 54


လုယွင်ကျီ၏အမေးကို ကုဆွေ့ဆွေ့က မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်းပြန်ဖြေလာသည်။ "ဟုတ်.....သမီးဒီအိမ်ကိုကြိုက်ပါတယ်"။ ဤအိမ်ကြီးက အစ်မထောင်ယောင်၏နေအိမ်ကြီးသဖွယ်လှပသည်။ ထို့အပြင် သူ(မ)သဘောကျနှစ်သက်သည့်အိမ်ပုံစံမျိုးဖြစ်သည်။ သူ(မ)သမီးက သဘောကျသည်ဟု ဆိုလာသောကြောင့် ဖုန်းယောက်ချင်းလည်း ဘာမှဝင်မပြောနိုင်တော့ပေ။


ဤသို့ဖြင့် ဖုန်းယောက်ချင်းနှင့်ကုဆွေ့ဆွေ့တို့သားအမိနှစ်ဦး လုယွင်ကျီစီစဥ်ပေးသည့်အိမ်တွင် ရွှေ့ပြောင်းနေထိုင်ရန်အကြောင်းဖန်လာခဲ့သည်။ ဆွေးနွေးညှိနှိုင်းကာ ဆုံးဖြတ်ချက်ချပြီးသည်နှင့် လုယွင်ကျီက အမြန်ဆုံးရွှေ့ပြောင်းနိုင်ရန် စီစဥ်ပေးသည်။ နဂိုအိမ်မှပစ္စည်းပစ္စယအထုပ်အပိုးများကို နေ့ချင်းညချင်းသယ်ယူခဲ့သည်။ အိမ်ကိုသန့်ရှင်းရေးလုပ်ပြီးသားဖြစ်သောကြောင့် ချက်ချင်းရွှေ့ပြောင်းကာနေထိုင်နိုင်ခြင်းဖြစ်သည်။


လုယွင်ကျီက သူ(မ)တို့သားအမိအတွက် နေစရာအိမ်စီစဥ်ပေးရုံသာမက ဆွေ့ဆွေ့အတွက်နောက်ထပ် ရိုက်ကူးရေးများကိုလည်းစီစဥ်ပေးသေးသည်။ လုယွင်ကျီ၏ ညွှန်ကြားချက်အတိုင်း "လမ်းကြားလေး" ရုပ်သံဇာတ်လမ်းတွဲအတွက် လူရွေးပွဲဝင်ပြိုင်ရန် သူ(မ)တို့ရောက်လာခဲ့သည်။ လူရွေးပွဲနေရာသို့ရောက်သွားချိန်တွင် လူအများအပြားရောက်နှင့်နေပြီ။


လူရွေးပွဲအတွက် ဖုန်းယောက်ချင်းက အစပိုင်းတွင် ဆွေ့ဆွေ့အားလှလှပပဆင်မြန်းပေးရန်တွေးထားခဲ့သည်။ သို့သော် ကိုယ်စားလှယ်လုယွင်ကျီက သူ(မ)အား ယမန်နေ့ညတွင်မက်ဆေ့ချ်ပို့လာပြီး ဆွေ့ဆွေ့အားအလွန်တောက်တောက်ပြောင်ပြောင်အဝတ်အစားမျိုး မဆင်ပေးရန်ပြောလာခဲ့သည်။ ဆွေ့ဆွေ့လူရွေးပွဲဝင်ပြိုင်မည့် ဇာတ်ကောင်နေရာမှာ လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ကျော်က ဇာတ်ရုပ်ဖြစ်သောကြောင့် ထိုဇာတ်ရုပ်နှင့်လိုက်ဖက်သည့်အဝတ်အစားမျိုးကို ဆင်ခိုင်းခြင်းဖြစ်သည်။


ထို့ကြောင့် ဖုန်းယောက်ချင်းလည်း လုယွင်ကျီပြောသည့်အတိုင်း သူ(မ)သမီးလေးကို အနီရောင်လက်ပြတ်အင်္ကျီလေးနှင့် ကိုယ်လုံးပြည့်ဂျင်းအတွဲအစပ်လေးကိုဝတ်ဆင်ပေးလိုက်သည်။ ဆံပင်ကိုလည်း ဆံထုံးလေးနှစ်ခုထုံးထားပေးသည်။ လုံးလုံးပြည့်ပြည့်လေးနှင့် သူ(မ)သမီးလေးကို ချစ်စဖွယ်ကောင်းသည်ထက်ပင် ပိုသေးသည်။


ပြိုင်ပွဲဝင်အမှတ်စဥ်ကတ်ပြားယူရန် ဖုန်းယောက်ချင်းက ဝန်ထမ်းတစ်ဦးအားမေးနေသည့်အချိန်တွင် အဝါရောင်ဂါဝန်လေးနှင့်ကလေးမလေးကိုလက်ချင်းတွဲကာ လျှောက်လာသည့်ဆံပင်ခပ်တိုတိုအမျိုးသမီးတစ်ဦးက သူ(မ)တို့သားအမိအား မျက်နှာချိုသွေးကာနှုတ်ဆက်လာသည်။


"အစ်မဖုန်းရဲ့သမီးလေးလည်း....ဒီနေ့လူရွေးပွဲလာဖြေတာလား"။


ဖုန်းယောက်ချင်းက အတော်အသင့်မှတ်ဥာဏ်ကောင်းသောသူဖြစ်သည်။ သူ(မ)အားလာနှုတ်ဆက်သည့် ထိုအမျိုးသမီးကို ဘယ်သူဘယ်ဝါမှန်း သူ(မ)မှတ်မိပါသည်။ ထိုအမျိုးသမီး၏ သမီးဖြစ်သူကလည်း "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးလူရွေးပွဲတွင် ဆွေ့ဆွေ့နှင့်အတူယှဥ်ပြိုင်ခဲ့သော ကလေးမလေးဖြစ်သည်။


ထို့ကြောင့် ဖုန်းယောက်ချင်းလည်း ယဥ်ကျေးသမှုဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။ "ဟုတ်ပါတယ်....ကျွန်မလည်း ကျွန်မသမီးလေးကိုလူရွေးပွဲပါခိုင်းဖို့ ဒီရောက်နေတာပါ....


အစ်မကျန့်လည်း ဒီကိုကလေးလူရွေးပွဲအတွက်လာတာလား.....ဘယ်ဇာတ်ကောင်နေရာအတွက်လဲ"။


ထိုအမျိုးသမီးက တစ်ခဏမျှတန့်သွားပြီး ညှုတုတုအသံဖြင့် ပြန်ဖြေလာသည်။ "သမီးလေးက....ငယ်သေးတော့ သူသရုပ်ဆောင်နိုင်မဲ့....ဇာတ်ကောင်နေရာများများစားစားမရှိပါဘူး....အဲဒါကြောင့် စန်းမွီရဲ့ဇာတ်ကောင်နေရာအတွက် လူရွေးပွဲပြိုင်ခိုင်းမလို့ပါ....အစ်မဖုန်းရဲ့သမီးကော ဘယ်လိုလဲ"။


သူ(မ)၏အဖြေကြောင့် ဖုန်းယောက်ချင်းမျက်ခုံးပင့်သွားသည်။ အကြောင်းမှာ ဆွေ့ဆွေ့နှင့်ဇာတ်ကောင်နေရာချင်းမတူသောကြောင့်ပင်။ ထို့နောက်အပြုံးလေးဖြင့်ပြောလိုက်သည်။ "ကျွန်မသမီးက....ကျောက်ရှောင်ယွဲ့ရဲ့ဇာတ်ကောင်နေရာပါ"။


ဖုန်းယောက်ချင်း၏စကားကိုကြားပြီးနောက် ထိုအမျိုးသမီးမှာစိတ်သက်သာရာရသွားသည့်နှယ်။ "အစ်မဖုန်းကသိပ်အမြော်အမြင်ရှိတာပဲ....ကျောက်ရှောင်ယွဲ့ဆိုတဲ့ဇာတ်ကောင်က....မြို့ထဲမှာရှိတဲ့ ကလေးတွေအားလုံးထဲမှာ အလှဆုံးကလေးမလေးဇာတ်ရုပ်လေ.....အဲဒီဇာတ်ကောင်နေရာကို အစ်မရဲ့သမီးလေးပဲရမှာသေချာတယ်"။


အမှန်မှာ ဖုန်းယောက်ချင်းလည်းဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးသားဖြစ်သည်။ စန်းမွီဇာတ်ရုပ်မှာ ဆွေ့ဆွေ့သရုပ်ဆောင်ရမည့် ကျောက်ရှောင်ယွဲ့ဇာတ်ရုပ်ထက် ပိုပြီးသာလွန်ကောင်းမွန်သည်။ ကိုယ်စားလှယ်လုယွင်ကျီက ကျောက်ရှောင်ယွဲ့ဇာတ်ကောင်ကိုရွေးခိုင်းခြင်းကြောင့်သာ သူ(မ)ရွေးခဲ့ခြင်းဖြစ်သည်။ သူ(မ)စိတ်တိုင်းကျသာဆိုလျှင် ကြင်နာပြီးစိတ်ထားကောင်းမွန်ကာ နူးညံ့သည့်စန်းမွီဇာတ်ကောင်ကိုသာ ဆွေ့ဆွေ့အတွက်ရွေးချယ်မိပေလိမ့်မည်။ သို့သော် ကိုယ်စားလှယ်ကြီးက ဇာတ်ညွှန်းကိုသေချာမဖတ်ခဲ့သည်လားမသိ။ ကျောက်ရှောင်ယွဲ့ဇာတ်ရုပ်ထက် ပိုကောင်းသည့်ဇာတ်ရုပ်များစွာရှိသော်လည်း ကျောက်ရှောင်ယွဲ့ကိုသာရွေးချယ်စေသည့် ကိုယ်စားလှယ်လုယွင်ကျီကို သူ(မ)နားမလည်နိုင်ချေ။


ကျောက်ရှောင်ယွဲ့ဇာတ်ကောင်က ခေါင်းမာပြီး ရိုင်းသည်။ ဇာတ်ညွှန်းဖတ်ရသလောက်ဆိုလျှင် အခြားသူများ၏ပစ္စည်းများကိုလည်းဖျက်စီးပြီး အမှားကိုဝန်မခံတတ်သောကလေးမလေးဖြစ်သည်။ လိမ်ညာပြီး အခြားသူများအပေါ်အပြစ်ပုံချတတ်သည့်ကလေးဖြစ်သည်။ ဖြူစင်လှသည့်သူ(မ)သမီးလေးကိုမှ ထိုကလေးဆိုးဇာတ်ကောင်နေရာတွင်သရုပ်ဆောင်ခိုင်းသည့် လုယွင်ကျီကို သူ(မ)အမြင်မကြည်မိဖြစ်မိသည်။


ထိုအကြောင်းကိုတွေးနေရင်း ဖုန်းယောက်ချင်းအနည်းငယ်မျက်မှောင်ကြုတ်သွားမိသည်။ လူအများမုန်းသော ကျောက်ရှောင်ယွဲ့၏ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်ရင်း "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးမှရရှိခဲ့သည့် သူ(မ)သမီး၏ကျော်ကြားမှုများ မှေးမှိန်သွားမည်ကို သူ(မ)အလွန်စိုးရိမ်ပါသည်။


ဖုန်းယောက်ချင်းတစ်ယောက် တစ်ကိုယ်တည်းအတွေးများ ယောက်ယက်ခတ်နေချိန်တွင် ကုဆွေ့ဆွေ့က လူရွေးပွဲဒိုင်လူကြီးများရှေ့ရောက်သွားပြီဖြစ်သည်။ "ဦးဦးဒေါ်ဒေါ်တွေအားလုံးမင်္ဂလာပါ....သမီးနာမည်က ကုဆွေ့ဆွေ့ပါ....အသက်သုံးနှစ်ခွဲရှိပါပြီ....သမီးပြိုင်ပွဲဝင်မဲ့ ဇာတ်ကောင်နေရာကတော့ ကျောက်ရှောင်ယွဲ့ဖြစ်ပါတယ်ရှင့်"။ ကုဆွေ့ဆွေ့၏ နှုတ်ခွန်းဆက်စကားကြောင့် ဒိုင်လူကြီးအတော်များများသဘောကျနှစ်သက်သွားဟန်ရှိသည်။


"သမီးက ကုဆွေ့ဆွေ့လေးပေါ့....ဒါဆိုရင် သမီးပြိုင်ပွဲဝင်မဲ့ ဇာတ်ကောင်အတိုင်း....ရိုင်းစိုင်းတဲ့ပုံစံလေးသရုပ်ဆောင်ပြပါလား....ညစာစားပွဲမှာ သမီးမကြိုက်တဲ့အစားအစာကိုတွေ့ရင် ဘာလုပ်မှာလဲ"။


ဒါရိုက်တာလုကျင်းဟွီက လူရွေးပွဲကိုသူကိုယ်တိုင်လုပ်လေ့ရှိသည်။ အရေးမပါသည့်ဇာတ်ကောင်နေရာအသေးအဖွဲလေးဖြစ်စေ ဂရုတစိုက်ရွေးချယ်လေ့ရှိသည်။ ဆယ်စုနှစ်များစွာတိုင်တိုင် ထိုအစဥ်အလာကိုအမြဲတမ်းလိုက်နာခဲ့သည်။ သို့သော်ယခုတွင်မူ ဇရာထောင်းကာ စိတ်သွားတိုင်းကိုယ်မပါတော့သောကြောင့် လူရွေးပွဲကိုသူ့လက်ထောက်ဒါရိုက်တာ


နှစ်ဦးကသာဦးဆောင်ရသည်။


ကုဆွေ့ဆွေ့သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းကအသေးအဖွဲမျှသာဖြစ်သော်လည်း ခေါင်းမာပြီးရိုင်းစိုင်းသည့်ပုံစံကိုသရုပ်ဖော်ရန် ခက်ခဲလှသည်။


ဇာတ်လမ်းထဲတွင် ကျောက်ရှောင်ယွဲ့ဟူသောကလေးမလေး၏ဇာတ်ကောင်နေရာက အတော်လေးအရေးပါလှသည်။ အခြားကလေးဇာတ်ကောင်များနှင့်လည်း မတူပဲကွဲထွက်နေသည်။ ဆိုးသွမ်းသည့်ဇာတ်ရုပ်ကြောင့် သင့်တော်မည့်ကလေးသရုပ်ဆောင်က ခပ်ရှားရှားပင်။


ဒါရိုက်တာများလည်း သူတို့ရှေ့တွင် ချိုချိုသာသာပြုံးပြနေသည့် ကလေးမလေးကိုလှမ်းကြည့်လိုက်မိသည်။ မည်သို့ပင်ဖြစ်စေ လူတိုင်း၏မျက်လုံးထဲတွင် ချစ်စဖွယ်နုနုနယ်နယ်ကလေးမလေးနှင့် ရိုင်းစိုင်းချေမိုးသည့်ဇာတ်ကောင်ပုံစံကို ဘယ်လိုမှတွဲမြင်၍မရချေ။ ထိုဇာတ်ရုပ်ကို ကုဆွေ့ဆွေ့ သရုပ်ဆောင်နိုင်ပါ့မလား။


Xxxxxxxxxxx