အပိုင်း ၅၆
Viewers 15k

Chapter 56


နေ့လည်ပိုင်းတွင် "လမ်းကြားလေး" ဇာတ်လမ်းတွဲရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းများက သရုပ်ဆောင်စာရင်းကို ရွေးချယ်ထားပြီးဖြစ်သည်။ ကုဆွေ့ဆွေ့နှင့်စာချုပ်ချုပ်ရန် ညှိနှိုင်းဆွေးနွေးရအောင် ကိုယ်စားလှယ်ဖြစ်သူလုယွင်ကျီကိုလည်း ကြိုတင်ချိန်းဆိုထားပြီးဖြစ်သည်။


"ကောင်းပါပြီ.....မနက်ဖြန်ကျရင် ကျွန်တော်တို့အချိန်မီလာခဲ့ပါ့မယ်"။ လုယွင်ကျီတစ်ယောက် ဖုန်းချလိုက်ပြီးနောက် လူရွေးပွဲကိုအလွယ်တကူအောင်မြင်ခဲ့သည့် ကုဆွေ့ဆွေ့အားအထင်ကြီးလေးစားသည့်ဟန်ဖြင့်ကြည့်လိုက်သည်။


ယေဘုယျအားဖြင့် စာချုပ်ချုပ်ရန်ရွေးချယ်ထားသည့် သရုပ်ဆောင်များကိုရိုက်ကူးရေးအဖွဲ့က လူကိုယ်တိုင်ခေါ်တွေ့တတ်သည်။ ကုဆွေ့ဆွေ့က လုယွင်ကျီထင်ထားသည်ထက်ပင် ပို၍ချီးကျူးဖွယ်ကောင်းသည်။


"မစ္စတာလု.....ဘာကိစ္စရှိလို့လဲ...ခင်ဗျားကိုကြည့်ရတာ ပျော်နေတဲ့ပုံပဲ"။ လုယွင်ကျီတစ်ယောက် နေ့ခင်းကြောင်တောင်ကြီး မှိုရသလိုပြုံးနေသောကြောင့် ခဲ့ကျင်းယန်ပင်ကြက်သီးတဖြန်းဖြန်းထလာကာ ဂိမ်းစက်ကိုချပြီး မနေနိုင်မထိုင်နိုင်မေးလိုက်မိသည်။


ထိုအပြုံးကြီးက သူ့အတွက်ကောင်းကျိုးရှိမည့်အပြုံးတော့မဟုတ်လောက်။ ကြော်ငြာရိုက်ကူးရမည်လား။ သို့မဟုတ်ရုပ်ရှင်ရိုက်ကူးဖို့လား။ ထိုသို့ဆိုလျှင် ဒီတစ်သက် ခဲ့ကျင်းယန်တစ်ယောက် အေးအေးဆေးဆေးအနားယူနိုင်တော့မည်မဟုတ်ပေ။ ထိုသို့တွေးမိရင်း ခဲ့ကျင်းယန် လုယွင်ကျီအားအလျင်အမြန်ပြန်ပြောလိုက်သည်။ "ကိုယ်စယးလှယ်ကြီး....ကျွန်တော်ထပ်ပြီး ရိုက်ကူးရေးမလုပ်နိုင်တော့ဘူးနော်....ခင်ဗျားပဲ မနေ့က ကျွန်တော့်ကိုအားလပ်ရက်ပေးမယ်လို့ပြောထားပြီးတော့...."။


"ပြီးတော့...အဲဒီ လမ်းကြားလေးဇာတ်လမ်းတွဲအတွက်....ကျွန်တော်လူရွေးပွဲဝင်ပြိုင်မှာမဟုတ်ဘူးလို့ပြောထားတယ်လေ"။


ခဲ့ကျင်းယန်၏စကားကြောင့် လုယွင်ကျီလည်းအံ့သြသွားရသည်။ ဒီကောင်လေးဘာတွေအထင်လွဲနေတာပါလိမ့်။ ထို့နောက်မှသဘောပေါက်သွားကာ ခပ်တိုးတိုးရယ်ရင်းပြောလိုက်သည်။ "မင်းကိုလည်း....ရိုက်ကူးရေးလုပ်ခိုင်းမယ်လို့....ဘယ်သူကအတင်းပြောနေလို့လဲ....ကုဆွေ့ဆွေ့ လူရွေးပွဲအောင်သွားတဲ့အတွက်...ဝမ်းသာနေတာပါကွာ"။


လုယွင်ကျီ၏လက်အောက်တွင် သူ့အပြင်ကုဆွေ့ဆွေ့ပါရှိသေးသည်ကို ခဲ့ကျင်းယန်မေ့နေခဲ့မိသည်။ ထို့ကြောင့် ရှက်ကိုးရှက်ကန်းနှင့် ပါးစပ်ရှိရာပြောလိုက်တော့သည်။ "မစ္စတာလု....အဲဒီဇာတ်လမ်းတွဲရဲ့နောက်ခံအနေအထားက ဘယ်လိုပုံစံလဲဆိုတာ ဆွေ့ဆွေ့ကိုမပြောရသေးဘူးမလား....သုံးနှစ်အရွယ်ကလေးလေးက ဘယ်လိုလုပ်ပြီး....အဲဒီလိုဇာတ်လမ်းတွဲမျိုးရိုက်နိုင်မှာတဲ့လဲ.....ဘယ်လိုပဲဖြစ်ဖြစ်....သူ့အတွက် မနိုင်ဝန်ထမ်းသလိုဖြစ်နေမှာပေါ့"။


ခဲ့ကျင်းယန်၏စကားကြောင့် လုယွင်ကျီမျက်မှောင်ကြုတ်လိုက်မိသည်။ "ကျင်းယန်ရာမရစ်စမ်းနဲ့....သူ့ကိုမင်းလို ဂျစ်တီးဂျစ်ကန်များထင်နေသလား....ဆွေ့ဆွေ့က မင်းထက်အများကြီး ပိုတော်တယ်...ပိုလိမ္မာတယ်"။


ကုဆွေ့ဆွေ့က သိတတ်ပြီးလိမ္မာရည်မွန်သောကလေးတစ်ယောက်ဖြစ်သော်လည်း ခဲ့ကျင်းယန်ကဲ့သို့ အနည်းနှင့်အများဆိုသလို ဂျစ်ကျတတ်သေးသည်။ ထိုကလေးမအကြောင်းကို ခဲ့ကျင်းယန်ကောင်းကောင်းသိသည်။ အင်မတန်မှအလှကြိုက်ကာ ပဲများတတ်သောကလေးဖြစ်သည်။ နည်းနည်းလေးပုံဆိုးပန်းဆိုးဖြစ်သွားသည်နှင့် ချော့မရအောင်အော်ငိုတတ်သည်ကိုလည်း သူအသိဆုံးပင်။ "လမ်းကြားလေး" ဇာတ်လမ်းတွဲက ရှေးခေတ်ပုံစံမျိုးဖြစ်သောကြောင့် အဝတ်အစားအပြင်အဆင်များမှာ ခေတ်မဆန်ပဲရှေးကျသည့်ပုံတုံးတုံးကြီးများဖြစ်နေပေလိမ့်မည်။ အလှကြိုက်သည့်ကုဆွေ့ဆွေ့နှင့် ပုံဆိုးပန်းဆိုးအဆင်အယင်များတွေ့ကြပြီပေါ့။ ခဲ့ကျင်းယန်တစ်ယောက် ထိုသို့တွေးရင်းခေါင်းခါနေမိသည်။


ဖူရင်းယွီနှင့်ထျန်းဟောင်ဖျော်ဖြေရေးတို့၏စာချုပ်ဖျက်သိမ်းမှုအကြောင်းက ပြန့်နှံ့နေပြီဖြစ်သည်။


သတင်းစာရှင်းလင်းပွဲတွင် ထိုကိစ္စကိုဖော်ထုတ်လိုက်ပြီးတည်းက ဖူရင်းယွီတစ်ယောက် လူမြင်ကွင်းတွင်ပျောက်ချင်းမလှပျောက်နေခဲ့သည်။ သတင်းထောက်များက "ပါးကိုက်နားကိုက်" ရုပ်ရှင်ရိုက်ကွင်းအထိရောက်လာပြီး 


ဖူရင်းယွီအားသတင်းယူရန်ကြိုးစားကြသော်လည်း ထိုရိုက်ကွင်းရှိရိုက်ကူးရေးအဖွဲ့သားများက ဖူရင်းယွီ၏ဇာတ်ဝင်ခန်းအားလုံးရိုက်ကူးပြီးစီးသွားပြီဖြစ်၍ ရိုက်ကွင်းသို့ထပ်ရောက်မလာတော့ကြောင်း ပြောလာသည်။ ထို့ကြောင့် သတင်းထောက်များလည်း ဖူရင်းယွီ၏ပြိုင်ဘက်ဖြစ်သည့် ကျီမင်းအပေါ်တွင်သာအာရုံရောက်သွားကြသည်။


ဤကိစ္စတစ်ခုလုံး၏ကြိုးကိုင်သူက ကျီမင်းဖြစ်ကြောင်းကို အနုပညာလောကထဲရှိမည်သူတစ်ဦးတစ်ယောက်ကမှမသိကြချေ။ ဇာတ်ဝင်ခန်းတစ်ခုကို အကြိမ်ပေါင်းများစွာအမှားပါအောင်ရိုက်ကာ ဖူရင်းယွီအားတစ်နာရီလုံးလုံးမိုးရေစိုခံစေသည်။ သူ(မ)ကြောင့် နေမကောင်းဖြစ်သွားပြီး ဆေးရုံတွင်ဆေးကုသမှုခံရသည့်ဖူရင်းယွီအား အခြားမဟုတ်ကဟုတ်ကအကြောင်းရင်းတစ်ခုကြောင့် ဆေးရုံသွားသည်ဟုသတင်းလွှင့်သည်။ ဖူရင်းယွီ၏ပရိသတ်များကမူ ထိုကိစ္စကကျီမင်းနှင့် တစ်နည်းနည်းဆက်နွှယ်နေသည်ကို ရိပ်မိပြီး မပျေမနပ်ဖြစ်နေကြသည်။


"ငါထင်သားပဲ....အစ်မရင်းယွီက တော်တော်နာကြည်းနေလောက်တယ်....မဟုတ်ရင် ထျန်းဟောင်ကုမ္ပဏီနဲ့ဘာလို့စာချုပ်ဖျက်တဲ့အထိ လုပ်မှာလဲတဲ့....မတရားခံခဲ့ရတာ အရမ်းများနေပြီနဲ့တူတယ်"


"ဒီကိစ္စမှာ....ကုမ္ပဏီဘက်ကမှားတာ....အစ်မ


ရင်းယွီကိုအနိုင်ကျင့်နေတဲ့ကောင်မကိုကုမ္ပဏီက ကာကွယ်ပေးနေတာလေ....စာချုပ်ဖျက်လိုက်တာပဲကောင်းပါတယ်"။


"သေစမ်း.....ထျန်းဟောင်ဖျော်ဖြေရေးက တကယ်တော့အလကားပဲ....သူတို့ရဲ့အနုပညာရှင်တွေကို သေချာတာဝန်မယူပေးနိုင်ဘူးလား....ထျန်းဟောင်နဲ့နောက်ထပ်လက်တွဲပြီး အလုပ်လုပ်မဲ့အနုပညာရှင်တွေအတွက်တော့...မတွေးရဲစရာပဲ....ပိုက်ဆံရဖို့လောက်ပဲသိပြီး အနုပညာရှင်တွေကိုဂရုမစိုက်တဲ့ သောက်အစုတ်ပလုတ်ကုမ္ပဏီကြီး"။


"အစ်မရင်းယွီက....ဒီလောက်သရုပ်ဆောင်တော်တာ....ကျီမင်းနဲ့ဘယ်နေရာယှဥ်ယှဥ်အသာကြီးပဲ....အဲဒါကို ကုမ္ပဏီကဘာလို့ကျီမင်းကိုပဲ အမြဲတမ်းမျက်နှာသာပေးနေရတာလဲ"။


"ကျီမင်းရဲ့နောက်ကွယ်မှာ....အကောင်ကြီးကြီးတစ်ကောင်ရှိလို့ပဲနေမယ်....မဟုတ်ရင် သူများရဲ့ဇာတ်ကောင်နေရာတွေကို ဘယ်လိုလုပ်ပြီးလုယူနိုင်မလဲ....ရှစ်နှစ်ကိုးနှစ်လောက်လေ့ကျင့်ရင်တောင် သူ့သရုပ်ဆောင်စကေးက အစ်မရင်းယွီလောက်ကောင်းလာမှာမဟုတ်ဘူး"။


"ချစ်မမရင်းယွီ....ဘာပဲလုပ်လုပ် ကျွန်မတို့ကအားပေးနေမှာပါ.....အဲဒီမတရားတဲ့ကုမ္ပဏီကြီးနဲ့ စာချုပ်ဖျက်လိုက်တာ တကယ့်ကိုမှန်ကန်တဲ့လုပ်ရပ်ပဲ....အစ်မရဲ့ပရိသတ်တွေက အစ်မကိုဘယ်တော့မှစွန့်ခွာသွားမှာမဟုတ်ဘူး"။


"အစ်မရဲ့ဆုံးဖြတ်ချက်ကဘယ်လိုဖြစ်ဖြစ်....ကျွန်မတို့ပရိသတ်တွေက အမြဲတမ်းအားပေးထောက်ခံနေမှာပါ"။


"ဟား....ငါအဲဒီကိစ္စကိုစဥ်းစားလိုက်တိုင်း ဒေါသထွက်နေတုန်းပဲ....ကျီမင်းဆိုတဲ့ကောင်မ.....ဒီအနုပညာလောကထဲကနေထွက်သွားရင်ကောင်းမှာပဲ....သူ့မျက်နှာမြင်နေရတာ ကျက်သရေတုန်းတယ်"။


"ကျီမင်း...အနုပညာလောကထဲကနေထွက်သွားပေးပါ"။


ဖူရင်းယွီလည်း ထျန်းဟောင်ဖျော်ဖေရေးနှင့်စာချုပ်ဖျက်သိမ်းကာ ကိစ္စအားလုံးကိုအပြီးသတ်ပြီးနောက် ချင်းဖျော်ဖြေရေးသို့အမြန်ရွှေ့ပြောင်းလိုက်သည်။ စာချုပ်ချုပ်ထားပြီးဖြစ်ကာ နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးထားသောကြောင့် အထွေအထူးအခက်အခဲမရှိပေ။ သူ(မ)၏ကိုယ်စားလှယ်ဖြစ်သူ ဟောင်ဖုန်းကပင်တာဝန်ယူစီစဥ်ပေးသည်။


တစ်နှစ်ထက်တစ်နှစ် အရည်အချင်းရှိသည့်သူများအပြိုင်အဆိုင်ဖြင့် နေရာယူလာကြသောအနုပညာလောကထဲတွင် အသေးအဖွဲကိစ္စ


ကြောင့်ဖြစ်ဖြစ် နာမည်ပျက်သွားပါက ပရိသတ်ရှေ့မှ အနည်းဆုံးတစ်နှစ် နှစ်နှစ်ခန့်ပုန်းကွယ်နေရမည်ဖြစ်သည်။ ထိုတစ်နှစ်ဆိုသည့်အချိန်ကြီးတွင် အရာအားလုံးပြောင်းလဲသွားနိုင်သည်။


Xxxxxxxxx