အပိုင်း (၁၀၈)
Viewers 34k

Part 108


ယွမ်ရှနှင့်စုန့်ထင်းရှန်တို့ ထိုကိစ္စအားပြောပြီး နောက်တစ်နေ့တွင် ဝမ်လေးအတွက် ခွင့်ဆက်ယူရန် ဆုံးဖြတ်လိုက်ကြသည်။


 Wechat မှ မိဘများစကားပြောခန်းတွင်လည်း ကလေးတော်တော်များများမှာ ဖျားနာမှုကြောင့် ခွင့်ယူတတ်ကြသည် မဟုတ်ပါလား… 


ဝမ်လေးသည် ငယ်ရွယ်သေးသောကြောင့် သူ၏ ခံနိုင်ရည်သည် အရွယ်ရောက်လူကြီးများကဲ့သို့ သန်စွမ်းမည်မဟုတ်ပေ။ ထို့ကြောင့် ဖျားနာခြင်းသည် သူ့အတွက် အတော်လေး ဒုက္ခများနေပေလိမ့်မည်။


ဝမ်လေးကို သင်ခန်းစာများဆက်သင်ပေးရန် ယွမ်ရှ ဆုံးဖြတ်လိုက်သည်။ ဝမ်လေးသည် သူမနှင့် နိုင်ငံခြားဆရာ အဂ်လိပ်စကားပြောလေ့ကျင့်နေသည်ကို ဘေးမှ နားထောင်ရုံနှင့်ပင် စကားလုံး အများအပြားကို သင်ယူနိုင်သည့်အတွက် သင်ကြားရာတွင်လျင်မြန်သည့်သူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။


ထိုအရာသည် ကလေးငယ်လေး တစ်ယောက်သင်ယူဖို့ရာအတွက် အချိန်မတိုင်သေးမှန်း သူမ နားလည်သော်လည်း ဝမ်လေးသည် အလွန်နာခံပြီး နားလည်တတ်သည်။ သူမ၏ မုန့်ဖုတ်သင်တန်းနှင့် အဂ်လိပ်စကားပြောသင်တန်းသို့ သူ့ကိုတနေကုန်ခေါ်သွားပြီးနောက် ထိုအရာများသည် သူမ အရင်တုန်းက လုပ်ခဲ့သည့် ရုံးအလုပ်မှအချိန်ပိုများထက် ပိုခက်ခဲသည်ဟု ခံစားလိုက်မိသည်။ 


စုန့်ထင်းရှန့်က ထိုကိစ္စများကို သိသော်လည်း ကုမ္ပဏီတွင် ပရောဂျက်အသစ်များ စတင်နေပြီဖြစ်၍ အချိန်မပေးနိုင်သေးပေ။ တခြားသော ကုမ္ပဏီများသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ အမျိုးသားနေ့၏ ရွှေရောင်အလုပ်ပိတ်ရက်များမှာ နီးကပ်လာပြီဖြစ်၍ လူတိုင်းမှာ အလုပ်အလွန်များနေကြသည်။ ပုံမှန်လူများပင်လျင် အချိန်ပို အလုပ်ဆင်းနေကြရသည်။


ယွမ်ရှ ဒီကိုကူးပြောင်းပြီးနောက် ဝမ်လေး၏ အဒေါ်ကောင်းအဖြစ် နေဖို့ဆုံးဖြတ်ပြီးကတည်းက သူမကိုယ်သူမ ဘယ်လောက်တောင် တုံးအ သလဲဆိုသည်ကို သတိထားမိသည်။ ဝမ်လေးနှင့် နည်းနည်းလေးတောင် သက်ဆိုင်မနေဘူးဆိုလျင် အချိန်ကြာလာသည်နှင့်အမျှ မိခင်နေရာသို့ တဖြည်းဖြည်း မလွှဲမရှောင်သာပဲ နေရာယူတော့မှာဖြစ်သည်။ မိခင်နှင့် အဒေါ်ကြား ကွာခြားမှုသည် လုံးဝကို မတူညီပေ။ 


အဒေါ်ကောင်းတစ်ယောက်အနေဖြင့် မကြာခဏ ကလေးကိုအပြင်သို့ ထွက်ကစားရန် ခေါ်လေ့ရှိပြီး နေ့စဉ်လိုအပ်ချက်များအတွက် တာဝန်ယူရန် မလိုပေ။ သို့သော် ယခုအချိန်တွင်တော့ ဝမ်လေးသည် သူမအပေါ် ချစ်ခင်နှစ်သက်စွာ တွယ်ကပ်နေသည့်အတွက် အဒေါ်တစ်ယောက်ကဲ့သို့ ရက်စက်စွာ ဆက်လက်နေထိုင်ရန် မလုပ်နိုင်တော့ပေ။


ရက်အနည်းငယ်ကြာပြီးနောက် မူကြိုကျောင်းသည် အရွယ်ရောက်လူကြီးများအတွက် တောက်ပကာ အံ့အားသင့်ဖွယ်ကောင်းသော နေရာတစ်ခုဖြစ်ကြောင်း ယွမ်ရှ သိလိုက်ရသည်။(ကလေးမထိန်းရလို့ ပြောတာပါ😬)


တစ်ပါတ်ကြာပြီးနောက် ဝမ်လေးက မနက်ပိုင်းတွင် ကျောင်းသို့သွားပြီး နေ့လည်ပိုင်းတွင် ပြန်လာသည်။ သူမ အနေဖြင့် ဝမ်လေးနှင့် နာရီအနည်းငယ်သာ ဆော့ကစားပေးရန်လိုအပ်ပြီး ညစာအတူတူစားကြသည်။


ယခု အမျိုးသားနေ့ နီးလာသည့်အတွက် စုန့်ထင်းရှန်နှင့် သူမ နောက်တစ်ကြိမ် ဆွေးနွေးခဲ့သည်။ သူတို့နှစ်ယောက်လုံး ဝမ်လေးကို မူကြိုပြန်ပို့ရန်အတွက် ပိတ်ရက် ၇ ရက်ကို စောင့်ဆိုင်းခဲ့ကြသည်။ သူမ လက်တွေကို နေ့ရက်များအတွက် ရေတွက်ရင်း အချိန်ပြည့်မိခင်ဖြစ်ရန် နောက်ထပ် ၁၅ ရက်သာလိုတော့သည်ဟု တွေးလိုက်မိသည်။ ယွမ်ရှ၏ အမူအယာမှာ သေဖို့အတွက် အသင့်ဖြစ်နေသောသူ တစ်ယောက်နှင့် တူနေလေသည်။


ဟုတ်ပါသည်။  အမေများသည် တကယ့်ကို စူပါဟီးရိုးများ ဖြစ်ကြသည်။


ဒီနေ့အတွက် ကလေးကို အဖေယွမ်နှင့် အမေယွမ်ဆီမှာ ထားခဲ့ဖို့ ယွမ်ရှ ဆုံးဖြတ်ချက်ချလိုက်သည်။ မနက်စောစောတွင် ဝမ်လေးကို ချထားခဲ့ပြီး ကျန်သည့်အချိန်များအားလုံးကို သူမအတွက် အင်အားအပြည့်အဝ ဖြည့်တင်းရန် ကုန်ဆုံးမည်ဟု ဆုံးဖြတ်လိုက်သည်။ မဟုတ်လျင် ဝမ်လေး မူကြိုကျောင်းသို့ ပြန်မသွားမချင်း သူမဆက်နေနိုင်မည်ကို မသေချာသေးပေ။ သူမ အနေဖြင့် အသက်ဝဝရှုရန် နေရာတစ်ခု လိုအပ်လေသည်။


ကံကောင်းစွာဖြင့် မကြာသေးခင်ကမှပင် အဖေယွမ်နှင့် အမေယွမ်သည် သူတို့မြေးလေးကို တွေ့ချင်သည်ဟု သူမအား ပြောထားလေသည်။ ထို လင်မယားနှစ်ယောက်လုံးသည် သူတို့မြေးလေးအပေါ် ကောင်းမွန်စွာစောင့်ရှောက်ရန် အရည်အချင်းပြည့်မီကြသည်။ ထို့ကြောင့် ကလေးကို သူတို့နှင့်ထားခဲ့ရန် သူမ စိတ်ပူစရာမလိုပေ။


ဝမ်လေးသည် ယွမ်အိမ်တွင် တရက်သာနေမည် ဖြစ်သော်လည်း သူ့အတွက် လိုအပ်သည့် ပစ္စည်းများသည် မနည်းလှပေ။


ဝမ်လေးသည် သူ၏ ကျောပိုးအိတ်လေးကိုလွယ်ထားကာ မျက်မှန်တပ်ထားသည့် ယွမ်ရှခေါ်ဆောင်ရာနောက်သို့ လိုက်လာသည်။


ကားထဲသို့ဝင်ပြီးနောက် ဝမ်လေး မေးလိုက်သည် ‘’ အဖိုးနဲ့အဖွားအိမ်မှာနေရမှာ သားတစ်ယောက်တည်းလား…’’


ယွမ်ရှ ခေါင်းငြိမ့်လိုက်သည်။ ‘’ ဒီနေ့အတွက် နှစ်ယောက်လုံး နားရအောင်လေ… မာမီနဲ့ သားလေးအတွက် ပေါ့… သား ဘယ်လိုထင်လဲ…’’


ဝမ်လေး ခဏလောက် စဉ်းစားပြီးနောက် ‘’ သား ရေခဲမုန့်နဲ့ ကြက်တောင်ပံကြော် စားလို့ရမလား…’’


‘’ အဖိုးက သားအတွက် လုပ်ပေးမယ်ဆိုရင် စားလို့ရတာပေါ့… မာမားတို့ မိသားစုက သားစားချင်တာကိုစားဖို့ ခွင့်ပြုပေးတယ်လေ… ဘာပဲဖြစ်ဖြစ် သားပါးပါးကလဲ အဲ့မှာ ရှိမှာမဟုတ်တော့ သားစိတ်ကြိုက် စားလို့ရတာပေါ့… အဖိုးနဲ့ အဖွားက သားစားချင်တာမှန်သမျှ လုပ်ပေးလိမ့်မယ်… ဒါကြောင့် သား အဖိုးအဖွားဆီမှာ သွားနေတဲ့နေ့က သားစိတ်ကြိုက်နေလို့ရတဲ့နေ့ပဲ’’


ကလေးများသည် မိဘများမှ အတင်းအကြပ် ဟိုဟာမလုပ်နှင့် ဒီဟာမလုပ်နှင့် စသည်တို့ပြောသည်ကို မကြိုက်မှန်း နားလည်သည်။ ထို့ကြောင့် တစ်ခါတစ်လေမှာတော့ သူတို့ စိတ်တိုင်းကျ ပေးနေသင့်သည် မဟုတ်ပါလား…


ဝမ်လေးက ပျော်ရွှင်စွာဖြင့် အော်လိုက်သည်။‘’ ရေး…’’ 


သူက အားတက်သရောဖြင့် ယွမ်ရှကို ကားမြန်မြန်မောင်းအောင် နှိုးဆော်လိုက်သည်။


‘’ မာမား.. မြန်မြန်သွားရအောင်လေ… အဖိုးနဲ့အဖွားကို သား အရမ်းတွေ့ချင်နေပြီ..’’


ယွမ်ရှ ‘’…..’’