အပိုင်း ၆၂
Viewers 15k

Chapter 62


"တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီး၏ နမူနာအပိုင်းတိုကို ထုတ်လွှင့်ပြသပြီးသည်နှင့် တစ်ပြိုင်နက်ထဲ မူရင်းဝတ္ထုကလည်း ပရိသတ်များ၏စိတ်ဝင်စားမှုကိုရရှိလာသည်။


"ဟားဟား....ရုပ်ရှင်မထွက်သေးဘူးဆိုတော့....မူရင်းဝတ္ထုကို အရင်ဖတ်ကြည့်တာပေါ့"


"အပြီးအထိတစ်ညလုံးထိုင်ဖတ်ပစ်မယ်.....ဖတ်လို့ကောင်းမဲ့ပုံပဲ"။


"မင်းသမီးလေးလင်းရာမသေပါစေနဲ့လို့ ငါမျှော်လင့်နေတုန်းပဲ.....မနေ့ညကတစ်ဝက်အထိ ဖတ်ကြည့်ပြီးသွားပြီ....ငိုလိုက်ရတာ"။


"ရုပ်ရှင်ကိုအရင်ကြည့်ပြီးမှ ဝတ္ထုဖတ်ပါလို့အကြံပေးချင်တယ်.....ရုပ်ရှင်ကိုကောင်းကောင်းကြည့်ချင်ရင်....ဝတ္ထုအရင်မဖတ်သင့်ဘူး...အဲ့လိုဆို ဇာတ်လမ်းကိုသိပြီးသားဖြစ်သွားပြီလေ...


ကြည့်လို့ဘယ်ကောင်းတော့မလဲ"။


"စာရေးဆရာက....အပိုင်းအသစ်ဘယ်တော့ထုတ်မလဲ....သူ့ကိုမျှော်ရတာလည်း....လည်ပင်းရှည်တော့မယ်"။


"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးနှင့်ပတ်သတ်ပြီး အင်တာနက်ပေါ်တွင် အုတ်အော်သောင်းနင်းဖြစ်နေချိန် စုယွီချင်းက ဇာတ်လမ်းတွဲအသစ်၏နောက်ဆုံးဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးဆုံးသွားပြီး အိမ်ပြန်အနားယူရန်ပြက်နေလေပြီ။


ဆယ့်နှစ်ပိုင်းမျှသာရှိသည့် ဇာတ်လမ်းတွဲဖြစ်သောကြောင့် ရိုက်ကူးချိန်ကသိပ်မကြာမြင့်ပေ။ ရိုက်ကူးရေးပြီးဆုံးသွားပြီဖြစ်၍ အိမ်ပြန်ကာ "လမ်းကြားလေး" ဇာတ်လမ်းတွဲရိုက်ကူးရေးအတွက် လေ့ကျင့်ရပေဦးမည်။ အပြန်လမ်းတွင် စုယွီချင်းတစ်ယောက် ဖုန်းဖွင့်ကာဝေဘိုရှိသတင်းများကို တစ်ချက်ကြည့်လိုက်ချိန်တွင် ရေပန်းအစားဆုံးအနုပညာသတင်းတစ်ပုဒ်ဖြစ်နေသည့် "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီး၏ ရုံတင်ရက်မှာ သြဂုတ်လနှစ်ရက်နေ့ဖြစ်ကြောင်းတွေ့လိုက်ရသည်။


နမူနာအပိုင်းတိုထဲတွင် သရုပ်ဆောင်ကောင်းလှသည့် ကုဆွေ့ဆွေ့ကိုကြည့်ရင်း ထိုရုပ်ရှင်ကားကြီးက အတိတ်ဘဝတုန်းကထက် ရုံဝင်ငွေပိုကောင်းလိမ့်မည်ဟု စုယွီချင်းခန့်မှန်းလိုက်သည်။ အတိတ်ဘဝတွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးမတိုင်ခင်က ကုဆွေ့ဆွေ့မှာနာမည်မကျော်ကြားပေ။ လက်အောက်ခံအဖြစ်သိမ်းသွင်းခံရသည့် မင်းသမီးငယ်လေး လင်းရာဇာတ်ရုပ်ကြောင့်သာ နေ့ချင်းညချင်းနာမည်ကျော်ကြားလာခြင်းဖြစ်သည်။ သို့သော် ယခုဘဝတွင်မူ ကွာခြားသည်။ "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးမထုတ်လွှင့်မီကပင် ကုဆွေ့ဆွေ့က "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးတွင် ခဲ့ကျင်းယန်နှင့်အတူပါဝင်ရိုက်ကူးခဲ့သော


ကြောင့် အတော်အသင့်နာမည်ကြီးနေပြီဖြစ်သည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးတွင် စုယွီချင်းကိုယ်တိုင်လည်း အသေးအဖွဲဇာတ်ကောင်နေရာလေးတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ နန်းတွင်းအကူနေရာတွင်သာ သရုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် သူ(မ)မျက်နှာကိုပင် မြင်လိုက်ရမည်မဟုတ်ချေ။


"ညီမလေးယွီချင်း....ဒီနေ့အလုပ်ကြိုးစားခဲ့ပါတယ်....ဒါနဲ့ ညီမလေးရဲ့အဒေါ်က ဘယ်တော့မှလာကြိုမှာလဲ....အရမ်းနောက်ကျနေပြီထင်တယ်....မဟုတ်ရင်လည်း ဒီကမမတို့ကိုကိုတို့ကပဲ ညီမကိုအိမ်ပြန်ပို့ပေးမယ်လေ"။ ရိုက်ကွင်းမှသရုပ်ဆောင်မင်းသမီးတစ်ဦးက စုယွီချင်းအား အိမ်ပြန်ပို့ပေးမည်ဟု လာပြောခြင်းဖြစ်သည်။ စုယွီချင်းက သူ(မ)နှင့်သက်တူရွယ်တူကလေးများထက် ရင့်ကျက်ကာအသိကြွယ်သောကြောင့် ရိုက်ကူးရေးအဖွဲ့သားများက သူ(မ)ကိုအခြားရွယ်တူကလေးများကဲ့သို့ လက်လွတ်စပယ်မဆက်ဆံကြချေ။


စုယွီချင်းလည်း ထိုသရုပ်ဆောင်မင်းသမီးအား ယဥ်ကျေးချေငံစွာဖြင့်ပြန်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်ရှင့်....ဒါပေမဲ့ သမီးဒေါ်လေးကိုဖုန်းဆက်ပြီးသွားပြီ....မကြာခင်သူရောက်လာတော့မှာပါ"။


"မတော်တဆတွေ့ဆုံခြင်း" ဟူသည့်ဇာတ်လမ်းတွဲအပိုင်းတိုလေးမှာ သည်းထိတ်ရင်ဖိုအချစ်ဇာတ်လမ်းလေးဖြစ်သည်။ အစပိုင်းတွင် ဤဇာတ်လမ်းတွဲ၏ရင်းနှီးမြှုပ်နှံငွေမှာ ယွမ်ငါးသိန်းခန့်သာရှိသော်လည်း အကျိုးအမြတ်ယွမ်ငါးသန်းအထိပြန်ရလာနိုင်သည်။ ထို့ကြောင့် စုယွီချင်းက ဤဇာတ်လမ်းတွဲထဲတွင် ပါဝင်သရုပ်ဆောင်သည့်အပြင် ယွမ်နှစ်သိန်းခန့်ပင်ရင်းနှီးမြှုပ်နှံထားသေးသည်။


သူ(မ)စုဆောင်းထားသည့် မုန့်ဖိုးများဖြင့်ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြစ်သည်။ "မတော်တဆတွေ့ဆုံခြင်း" ဇာတ်လမ်းတွဲကိုစတင်ထုတ်လွှင့်သည်နှင့်တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံထားသည့်အကျိုးအမြတ်များကို သူ(မ)စတင်ရရှိလာသည်။ ထိုဝင်ငွေများက သူ(မ)ဝယ်ယူထားသည့် စတော့ရှယ်ယာများထက်ပင် အမြတ်အစွန်းပိုကျန်သောကြောင့် စုယွီချင်းတစ်ယောက်ရှေ့ဆက်တိုးရန် ယုံကြည်ချက်အပြည့်ရှိနေသည်။


"ညီမလေးယွီချင်း....အစ်ကိုတစ်ခုလောက်မေးပါရစေ....ညီမလေးအသိထဲမှာ နည်းနည်းငယ်တဲ့ကလေးရှိလား...မူလတန်းပထမနှစ် ဒုတိယနှစ်အရွယ်လောက်ထဲကပေါ့"။ စုယွီချင်းအားထိုသို့လာမေးသူမှာ ဤဇာတ်လမ်းတွဲကိုဦးဆောင်ရိုက်ကူးသည့် ဒါရိုက်တာကောဖန်လင်းဖြစ်သည်။ ထိုသူက အင်ပါယာရုပ်ရှင်အကယ်ဒမီ၏ ဒါရိုက်တာဌာနမှဂျူနီယာကျောင်းသားတစ်ဦးလည်းဖြစ်သည်။


စုယွီချင်းက အထုပ်အပိုးများကိုသိမ်းဆည်းရင်း ဇဝေဇဝါနှင့်ပြန်မေးလိုက်သည်။ "အစ်ကိုဘာကိစ္စရှိလို့လဲ"။


ဒါရိုက်တာကောဖန်လင်းကပြုံးရင်းပြန်ဖြေလာသည်။ "အစ်ကိုတို့ဆီမှာ....ကလေးသရုပ်ဆောင်တစ်ယောက်လိုနေလို့လေ"။ ကလေးသရုပ်ဆောင်ဟူသည့်စကားကြောင့် စုယွီချင်း၏စိတ်ထဲတွင် ဘာကြောင့်ရယ်မှန်းမသိ ကုဆွေ့ဆွေ့အားတန်းတွေးမိသွားသည်။


တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် စုယွီချင်းက ကောဖန်လင်းအားပြန်မေးလိုက်သည်။ "ဒါရိုက်တာကော....ညီမကိုပေးတဲ့ဇာတ်ညွှန်းထဲမှာ....ကလေးသရုပ်ဆောင်လိုတဲ့ဇာတ်ကောင်မျိုးမရှိပါဘူး"။


ထိုအခါမှ ကောဖန်လင်းလည်းလျှို့ဝှက်မနေတော့ပဲ စုယွီချင်းအား အကြောင်းစုံကိုရှင်းပြလိုက်တော့သည်။ သူ့ရှေ့တွင်ရှိနေသော ကလေးမလေးက ဤဇာတ်လမ်းတွဲ၏ရင်းနှီးမြှုပ်နှံသူတစ်ယောက်လည်းဖြစ်သည်။ မူရင်းဇာတ်ညွှန်းထဲတွင် သူပြောသည့်ကလေးသရုပ်ဆောင်ရှိပါသည်။ သို့သော် ဘတ်ဂျက်မလုံလောက်သည့်အတွက် ဇာတ်ကောင်တစ်ချို့နှင့်ဇာတ်ကွက်တစ်ချို့ကို ဖြုတ်ချလိုက်ရသည်။ သို့သော် စုယွီချင်းက ယွမ်နှစ်သိန်းတိတိ ရင်းနှီးမြှုပ်နှံလာသည့်အတွက် ဘတ်ဂျက်လုံလုံလောက်လောက်ရှိလာသည်။ ထို့ကြောင့် သူလည်းဇာတ်ညွှန်းရေးဆရာများနှင့် တိုင်ပင်ဆွေးနွေးပြီး ဖြုတ်ချထားသည့်ဇာတ်လမ်းဇာတ်ကွက်များနှင့်ဇာတ်ကောင်များကို ပြန်ထည့်ရန်စီစဥ်လိုက်သည်။ 


"ညီမလေးယွီချင်းရယ်....ကျေးဇူးပြုပြီး အစ်ကိုတို့ကိုကူညီပါဦး....ဒီထဲမှာ ဒေသခံဆိုလို့ ညီမနဲ့ကျောင်းဟွီရှန်တို့ပဲရှိတာလေ....ဒါပေမဲ့ ကျောင်းဟွီရှန်မှာက ဝမ်းကွဲညီလေးတစ်ယောက်ပဲရှိတာတဲ့....အစ်ကိုတို့ကမိန်းကလေးလိုချင်တာ....အဲ့တော့ ညီမကိုပဲအားကိုးပြီးအကူအညီလာတောင်းတာပါ"။


ကောဖန်လင်း၏ရှင်းပြချက်ကိုနားထောင်ပြီးနောက် စုယွီချင်းတစ်ခဏလောက်ကြောင်အမ်းအမ်းဖြစ်သွားသည်။ ထိုအကြောင်းပြချက်ကြောင့် အတိတ်ဘဝကဤဇာတ်လမ်းတွဲ၏ နောက်ဆုံးအပိုင်းနှစ်ပိုင်းကို အပြီးအထိမရိုက်ကူးနိုင်ခဲ့ခြင်းလား။


စုယွီချင်းလည်း နှုတ်ခမ်းကိုတင်းတင်းစေ့ကာ အနည်းငယ်ချီတုံချတုံဖြင့်ပြောလိုက်သည်။ "အင်း....ညီမအသိထဲက အဲ့ဇာတ်ကောင်နေရာနဲ့ကိုက်ညီတဲ့သူရှိပါတယ်"။


Xxxxxxxxx