Chapter 1
Viewers 16

Volume 1 


အလိမ်အညာများ


Chapter One


  


ဟော့ယုံချင်း မျက်လုံးဖွင့်ဖွင့်ချင်းမှာပင် အထိုးခံလိုက်ရသည်။



 ထိုးချက်ကြောင့် သူ ​သမံတလင်းပြင်ပေါ်သို့ လဲကျသွား၏။



 သူအသိမဝင်နိုင်သေးခင်မှာပင် တစ်စုံတစ်ယောက်က သူ့အား ကော်လာကနေ ဆောင့်ဆွဲလာပြန်သည်။



"ဟော့ယုံချင်း!"



အမျိုးသားက အံကြိတ်ကာ သူ့နာမည်ကို အော်ပြောလာသည်။ထိုသူ၏ တင်းတင်းစေ့ထားသော သွားများက ငါးမန်းတစ်ကောင်၏ အစွယ်ဖွေးဖွေးများအလား။ ခက်ထန်စွာ ကြည့်နေသည်မှာ မသိလျှင် သူ့အား အပိုင်းပိုင်းစုတ်ဖြဲချင်နေသည့်နှယ်။



"ငါ မင်းကို အကြိမ်ကြိမ် သတိပေးခဲ့ပြီးပြီ! ရှောင်ယွမ် ကို မထိနဲ့။  ရှောင်ယွမ်ကိုမထိနဲ့လို့ ! ငါပြောတာကို နားမလည်ဘူးလား !"



ဟော့ယုံချင်းသည် ကော်လံကနေ ကြမ်းတမ်းစွာ ဆောင့်ဆွဲခံနေရသည်မို့ အသက်ကို အနည်းငယ်ခဲယဥ်းစွာ ရှုနေရသည်။ သူ အားစိုက်ကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့အား ထိုးခဲ့သောလူက သူ့ငယ်သူငယ်ချင်းဖြစ်နေတာကို တွေ့လိုက်ရလေသည်။



ညတွင်းချင်း နှစ်ပေါင်းများစွာ အသက်ကြီးသွားသော ငယ်သူငယ်ချင်း၏ အရွယ်ရောက်ဗားရှင်း ဖြစ်နေရုံသာ။

 


“ကုန်းလန်”



ဟော့ယုံချင်းက သူ့နာမည်ကို ခေါ်လာချိန်မှာတော့ ငယ်သူငယ်ချင်းဟာ ခဏလောက် ကြက်သေသေသွားပုံပေါ်ပေမဲ့ မကြာခင်မှာပင် သူ့ကော်လာကို ကိုင်ထားသော လက်က သူ့လည်ပင်းကို ညှစ်လိုက်သလို ဖြစ်သွားပြီး လက်ချောင်းတွေက တင်းကျပ်သထက် တင်းကျပ်လာကာ သူ့မျက်လုံးထဲက လူသတ်ချင်စိတ်တွေက ပိုပြင်းထန်လာသည် ။ 



“ ငါ မင်းကို သတ်လိုက်တော့မယ်။ မင်းကို သတ်လိုက်ရင် မင်း ရှောင်ယွမ်ကို နာကျင်အောင် မလုပ်နိုင်တော့ဘူး”


 အောက်ဆီဂျင်ပြတ်လပ်ခြင်းကြောင့် အသက်ရှူကျပ်လာသော ဟော့ယုံချင်းမှာ မူးဝေလာ၏။ သူ့လက်ဖြူဖြူများကို မြှောက်ကာ အကြိမ်ရေအနည်းငယ်မျှ ရုန်းကန်လိုက်ပေမဲ့ ထိုနောက်မှာတော့လက်တွေက အားနည်းစွာ ပြုတ်ကျသွားလေသည်။



 ဟော့ယုံချင်းသည် သူတော့ ငယ်သူငယ်ချင်းလက်ထဲမှာ သေရတော့မှာပဲဟု တွေးလိုက်ချိန်မှာပင် တခြားလူတစ်ယောက်က အခန်းထဲဝင်လာပြီး ကုန်းလန်ကို အဝေး ဆွဲခေါ်သွားလေ၏။

 


စီးကျလာသော မျက်ရည်များက ဟော့ယုံချင်း၏ အမြင်အာရုံကို အနည်းငယ်ဝေဝါးနေစေသည်။ သူမျက်လုံးမှိတ်လိုက်၊ ဖွင့်လိုက်အကြိမ်ကြိမ်လုပ်ပြီးမှ ဝင်လာသောလူကို နောက်ဆုံး မှတ်မိသွားတော့သည်။

 


တိုက်ဆိုင်စွာပင် သူ ထိုသူ့ကိုလည်း သိနေသည်။

 


သူ၏ကောလိပ်အခန်းဖော် ချုံဝမ့်ဖေပင်။

 


 ကောလိပ်အခန်းဖော်နှင့် ငယ်သူငယ်ချင်းက အတူတကွယှဥ်ရပ်နေကြ၏။

 


ချုံဝမ့်ဖေက သူ့ကိုမကြည့်ဘဲ ကုန်းလန်ကိုသာ စကားပြောနေသည်။



“ရှောင်ယွမ် နိုးလာပြီ။ ဒါပေမဲ့ သူ့ခမျာ ကြောက်လန့်နေတုန်းပဲ။ သူက မင်းစိတ်လိုက်မာန်ပါတွေ လုပ်မှာစိုးလို့ ငါ့ကိုလာတားခိုင်းတာ။ သူ့ကိုသတ်ပြီး မင်းအနာဂါတ်ကို ဖျက်စီးမလို့လား။ မတန်ဘူးကွ”

 


ကြည့်ရတာ သူ ထင်ယောင်ထင်မှား ဖြစ်နေတာမဟုတ်လောက်။ ချုံဝမ့်ဖေက သူ့အကြောင်းပြောလာချိန်မှာ မျက်နှာပေါ်က မနှစ်မြို့မှုက သိသာလွန်း၏။

 


ဟော့ယုံချင်း နောက်ဆုံးတော့ စိတ်တည်ငြိမ်သွားသည်။  သူ့ကိုယ်သူ လက်ထောက်ကာ  မတ်တတ်ထရပ်ရင်း မဝေးသောနေရာက သူမှတ်မိသည်ထက် အသက်ပိုကြီးသော လူနှစ်ယောက်ကို ကြည့်ကာ ဘေးဘီကို လှည့်ကြည့်လိုက်သည်။



 ၎င်းသည် ဆေးရုံအခန်းဖြစ်ပြီး သူကိုယ်တိုင်ကလည်းအဖြူနှင့် အပြာအစင်းကြောင်းပါသော လူနာဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။



သူ လက်မြှောက်ကာ နာကျင်နေဆဲ လည်ပင်းကို ထိကြည့်ရင်း ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။

 

 

ဟော့ယုံချင်း၏ အပြုအမူက အခြားနှစ်ဦး၏ အာရုံကို ဆွဲဆောင်မိသွားသည်။  ကုန်းလန် က တစ်ခုခုပြောချင်ပုံရသော်လည်း မျက်လုံးထဲတွင် သတိအပြည့်ကပ်ကာ ရွံရှာနေသည့် အမူအရာပေါ်နေသည့် ချုံဝမ့်ဖေက တားဆီးလိုက်သည်။



  "သူ့အတွက် စိတ်ပူမနေနဲ့  ရှောင်ယွမ်ကို အရင်သွားကြည့်လိုက်ဦး။ ဒီကိစ္စကို လွယ်လွယ်နဲ့ အဆုံးသတ်မပေးနိုင်ဘူး။ ရှောင်ယွမ်ကို ထိခိုက်အောင်လုပ်တဲ့ ဟော့ယုံချင်းကို ပြန်ပေးဆပ်ခိုင်းရမယ်”



 ဟော့ယုံချင်းသည် သန့်စင်ခန်းသုံးဖို့ ရေချိုးခန်းထဲသို့ ဝင်လာတာမဟုတ်ပေ။တစ်ခုခုကို စစ်ဆေးရန်သာဖြစ်သည်။  မှန်ရှေ့မှာ ရပ်လိုက်ချိန်၌ သူ့မျက်နှာဟာ သူ့မှတ်ဉာဏ်ထဲမှာ ရှိနေသော မျက်နှာဟုတ်မနေတာကို တွေ့လိုက်ရလေသည်။

 


သူ့မျက်နှာအစိတ်အပိုင်းတွေက သူ့မျက်နှာပင်ဖြစ်လင့်ကစား အသက်အရွယ်က အတော်ကြီးရင့်သွားကာ ကိုယ်အလေးချိန်အများကြီးကျသွား၏။  လူနာဝတ်စုံကို ဝတ်ထားချိန်မှာ ဗလာကျင်းနေသော အိတ်တစ်လုံးလိုပင်။



 သူ့လက်တွေက အညစ်ခံထားရမှုကြောင့် လက်ရာများ ထင်နေသော လည်ပင်းပေါ်မှာ ရှိနေဆဲဖြစ်ရာ လက်ကို နှင်းတွေလို ပိုဖြူလာစေသည်။ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ရဲတက်နေသော ပါးပြင်ဟာ အရောင်မပြယ်သေးဘဲ မျက်လုံးထဲက ငွေ့ရည်များလိုပင်ဖြစ်သည်။

 


ဟော့ယုံးချင်းသည် သူ့နှုတ်ခမ်းထောင့်က သွေးတွေကို မြင်လိုက်တော့ ဒါက ကုန်းလန်၏ထိုးချက်ကြောင့် ဖြစ်မှန်း သိသွားသည်။  သူ့လက်ချောင်းများဖြင့် နီမြန်းသောသွေးများကို ဖြည်းညင်းစွာ သုတ်လိုက်ရင်း သူဖတ်ဖူးသည့် ရုပ်ပြစာအုပ်ကို တွေးနေမိလေသည်။



 ပြီးခဲ့သော အပတ်က ကုန်းလန်ကို စာကြည့်တိုက်မှာ စောင့်နေတုန်းက စာအုပ်တစ်အုပ်ကို အမှတ်တမဲ့ ဆွဲဖတ်ခဲ့သည်။ကာတွန်းစာအုပ်တစ်အုပ်ဖြစ်ပေမဲ့ ဖတ်လိုက်တုန်းပင်ဖြစ်သည်။ 



စာအုပ်ထဲက ဇာတ်လမ်းကတော့ ကားမတော်တဆမှုဖြစ်ပြီးနောက် ငါးနှစ်တာ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့ပြီး ဗရုတ်သုတ်ခများ ကြုံခဲ့ရသော အမျိုးသားတစ်ယောက်အကြောင်းပင်။


 သူ့မှတ်ဉာဏ်လည်း ပျက်သွားတာများလား။



 အခုချိန်၌ သူ့ထံဝယ် အသက်ဆယ့်ရှစ်နှစ်မတိုင်ခင် မှတ်ဥာဏ်တွေသာ ရှိတော့သည်။



 ဟော့ယုံချင်းမှာ ဘာတွေဖြစ်နေမှန်း တကယ့်ကို မသိတော့။ သူမှတ်မိတာကတော့ မနေ့ညက အိပ်ရာမဝင်ခင် ကုန်းလန်၏ စာသားမက်ဆေ့ခ်ျကို ရီပလိုင်းလုပ်နေခဲ့တာပင်။  ကုန်းလန်က ပိတ်ရက်တွေမှာ အပြင်ထွက်ဖို့ တောင်းဆိုပေမဲ့ သူ မသွားချင်ခဲ့ချေ။ တဖက်လူက သူ့ကို အချိန်အတော်ကြာအောင် ဂျီတိုက်ကာ နောက်ဆုံးမှာတော့ သူရွေးစရာမရှိစွာ သဘောတူခဲ့ရသည်။



 ရလာဒ်အနေဖြင့် သူနိုးလာပြီး မျက်လုံးဖွင့်လိုက်ချိန်မှာ ကုန်းလန်၏ လက်သီးချက်ကို ခံလိုက်ရလေသည်။



သူ ရေချိုးခန်းအပြင်ဘက်တွင် ဆူညံသံအချို့ကို ထပ်မံကြားရသဖြင့် အပြင်သို့ ထွက်လာလိုက်ရာ စောနကလေးက ရှိနေခဲ့သော ကုန်းလန်နှင့် ချုံဝမ့်ဖေတို့ဟာ ထွက်သွားပြီဖြစ်ပြီး  သူ့ပြောင်ကော ရောက်နေတာကို တွေ့လိုက်ရသည်။



 သူ့ပြောင်ကောကလည်း သူမှတ်မိထားတာနှင့် ထပ်တူမကျတော့ချေ။ ယခုချိန်၌ သူသည် သာမန်လူလတ်ပိုင်းတစ်ဦးနှင့်တူနေလေသည်။



 ပြောင်ကောက သစ်သီးတွေကိုင်လျက်သားဖြင့် ဝင်လာကာ ရေချိုးခန်းထဲမှာ ရပ်နေသော ဟော့ယုံချင်းအား တွေ့လိုက်တော့ ဦးစွာ သက်ပြင်းချလိုက်ပြီးနောက် ဆေးရုံခန်းတံခါးကိုပိတ်ကာ ကရားရေလွှတ်ပြောတော့သည်။

 


“ယုံယုံ ငါမင်းကို ဘာပြောထားလဲ။ သူတို့ကို ထပ်ပြီး ရန်မစနဲ့တော့လို့။  အခုမင်း တရုတ်ကို ပြန်လာနိုင်ခဲ့ပြီးတော့ ငြိမ်းချမ်းတဲ့ဘဝနဲ့ နေထိုင်နိုင်တော့မယ်လေ။အဲဒီလူတွေကို မေ့လို့မရဘူးလား။  မင်းစိတ်ဆိုးနေမှန်း ငါသိပါတယ်။ ဒါပေမဲ့ နှစ်တွေကြာလှပြီလေ။ မင်းက အဲဒီလူတွေကို ရှင်းရှင်းလင်းလင်း မြင်သင့်တယ်။ အဲ့လူတွေက…..."



 ပြောင်ကောက ပြောရင်းဖြင့် ခါးသီးစွာ နှာမှုတ်ရင်း



"သူတို့အကုန်လုံးက အကြင်နာကင်းမဲ့ပြီး ကျေးဇူးကန်းတဲ့လူတွေ။ နောက်ဆို ငရဲရောက်မဲ့ဟာတွေ”



 ဘာသာမဲ့ဖြစ်သော ပြောင်ကောက ဘာကြောင့် ရုတ်တရက်ကြီး လူတွေကို ကျိန်ဆဲပြီး ငရဲရောက်ပါစေ ဆုတောင်းနေရလဲ ဆိုတာ သူနားမလည်ပါချေ။  သူက ရှင်းမပြနိုင်စွာ ရယ်ချလိုက်ချင်ပေမဲ့ ဒီအချိန်မှာ သူ မရယ်သင့်ဘူးဟုတော့ ယောင်ဝါးဝါး ခံစားမိသည်။



 သူ နားမလည်တာတွေ အများကြီး ရှိသေးပေသည်။

 


ထို့ကြောင့် သူက စကားစကာ ခပ်တိုးတိုးပြောလိုက်သည်။



“ပြောင်ကော…ကျွန်တော့်အထင် ကျွန်တော် မှတ်ဥာဏ်တွေ ပျောက်သွားပြီထင်တယ်”

 


သူ့ပြောင်ကော၏ ဆဲရေးနေသံက ရုတ်ချည်းရပ်သွား၏။

 


ထိုအချိန်တွင် ပွင့်နေသော ပြတင်းပေါက်မှ နွေဦးလေနုအေး လေးများက ဝေ့ခနဲဝင်ရောက်လာပြီး ပွချောင်ချောင် လူနာဝတ်ရုံကို ခပ်ဖြည်းဖြည်း လွင့်ခါသွားစေသည်။ ဟော့ယုံချင်းက သူ့လည်ပင်းမှာရှိနေသော လက်ကို ချလိုက်ပြီး ဖြည်းညင်းစွာ မျက်တောင်ခတ်လိုက်၏။



 နေ့လည်ခင်းတွင်ရောက်လာသော ပြောင်ကောကြောင့် ဟော့ယုံချင်းမှာ အချို့သောအရာများကို ရှာဖွေတွေ့ရှိခဲ့ရသည်။



 သူသည် ယခု ဆယ့်ရှစ်နှစ်မဟုတ်တော့ဘဲ နှစ်ဆယ့်ခုနှစ်နှစ်ဖြစ်ပြီး ကိုးနှစ်စာ မှတ်ဉာဏ်များ ပျောက်ကွယ်သွားတာဖြစ်သည်။



 သူက ပထမနှစ်မပြီးသေးခင်မှာပင် နိုင်ငံခြားမှာ ကျောင်းသွား တက်ခဲ့သည်။  သူပြန်လာချိန်၌ သူ့ဘေးမှာ ဝိုင်းနေခဲ့ဖူးသော လူတွေက အခုတခြားတစ်ယောက်နားမှာ ဝိုင်းနေတာကို တွေ့လိုက်ရသည်။  ကြားထဲမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့ပုံတော့ရသေး၏။ သို့ငြား သူ့ပြောင်ကောက  မသိလိုက်ချေ။  မည်သို့ဆိုစေ သူ တရုတ်မှာ နေပြီး သိပ်မကြာခင်မှာ  နိုင်ငံခြားကို အပို့ခံလိုက်ရပြန်သည်။



 သည်တစ်ခါ အတင်းအကြပ်အပို့ခံရတာဖြစ်သည်။



အကြောင်းမူ သူဟာ လူတစ်ယောက်အား သေလုမြောပါး ရိုက်နှက်ခဲ့သောကြောင့်ပင်။

 


ထိုကိစ္စက အတော်လေး ကြီးမားသွားခဲ့ကာ သူ့ပြောင်ကောက သူ့အား ကာကွယ်ရန် လုပ်ခဲ့ပေမဲ့ ကျရှုံးသွားသည်။ ပြောသည်က သူဟာ လူကိုတောင်းပန်ဖို့ ဒူးထောက်ခဲ့ရပြီး ဝီချတ်မိုးမန့်မှာ တောင်းပန်စာပို့စ်ကို တင်ခဲ့ရသည်ဟုပင်။

 


ဒီနေ့က သူတရုတ်ကိုပြန်ရောက်ပြီး သုံးလအကြာမှာ ဖြစ်သည်။

 


“မှတ်ဉာဏ်တွေ ဆုံးရှုံးတာက ပိုကောင်းပါတယ်လေ။  အတိတ်ကိုမေ့ပြီး ကောင်းမွန်တဲ့ဘဝတစ်ခုကို ပြန်စလိုက်တော့။” 



ပြောင်ကောက ထိုစကားပြောချိန်မှာ သူ့မျက်လုံးတွေက စိုးရိမ်မှုတွေ ပြည့်နှက်နေပြီး သူ့ညီက အစွန်းရောက်သော တစ်ခုခုကို ထပ်ပြီးလုပ်မိမှာကို ကြောက်နေသည့်အလား သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။



 “မင်း ကိုယ့်အတွက်ကိုယ် မတွေးရင် အဒေါ်နဲ့ ဦးလေးကိုတော့ တွေးသင့်တယ်လေ။"



 ဟော့ယုံချင်း၏ မိဘတွေက စောစောပိုင်းကတည်းက ဆုံးပါးသွားပေမဲ့ သူ့မိသားစုက ချမ်းသာကြွယ်ဝပြီး သူ့ဦးလေးနှင့်အဒေါ်တွေက သူ့ကို ပြုစုစောင့်ရှောက်ပေးသည့်အတွက် သူ့ဘဝက သနားစရာတော့ မဟုတ်ပါချေ။  ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်သည့်အထိ သူသည် အခြားသူများ၏အမြင်တွင် မင်းသားလေးတစ်ပါးလိုပင်ဟု ဆိုနိုင်သည်။



 သို့ငြား မင်းသားငယ်လေး ကြီးပြင်းလာချိန်၌ လူတိုင်းမုန်းတီးတာကို ခံရလိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားမိကြပါချေ။



 ဟော့ယုံချင်းက ပြောင်ကောကို နှစ်သိမ့်သလို ပြုံးကာ ဖုန်းကို 

သူ၏လက်ဗွေကိုသုံး၍ လော့ခ်ဖွင့်လိုက်သည်။ ဖုန်းထဲမှာ သိပ်မရှိပေ။  သူကြီးပြင်းလာသည်နှင့်အမျှ ဂိမ်းကစားဖို့ စိတ်အားထက်သန်ပုံမရတော့။ ဝီချတ်မိုးမန့်မှာတောင် ပို့စ်မတင်ဖြစ်ခဲ့သလို လူမှုဆက်ဆံရေးလည်း သိပ်မလုပ်ခဲ့ပါချေ။

  


စာသားမက်ဆေ့ခ်ျထဲတွင်တော့ အကြောင်းအရာအချို့ ရှိသည်။  ကုန်းလန်နှင့် အခြားသူများက ပို့ထားခြင်းပင်။ 

  


သူတို့အားလုံးက သူ့ကို သိုက်ယွမ်အားထပ်မထိခိုက်စေဖို့နှင့် မဟုတ်ပါက နောက်ဆက်တွဲ အကျိုးဆက်တွေကို တာဝန်ယူရမည်ဖြစ်ကြောင်း ​ခြိမ်းခြောက်ထားကြသည်။



 သိုက်ယွမ်သည် သူ့ကြောင့်သေလုနီးပါးဖြစ်ခဲ့သောလူဖြစ်ကာ သူ့ပြောင်ကော ဒူးထောက်ပြီး တောင်းပန်ရသည့်လူကလည်း သိုက်ယွမ်ပင်ဖြစ်သည်။  ဒီတစ်ကြိမ်မှာလည်း သူဟာ သိုက်ယွမ်ကို ပြန်ပေးဆွဲခဲ့တာဖြစ်၏။



 ဟော့ယုံချင်း သူ့စိတ်ထဲမှာ "သိုက်ယွမ်" ဟူသော အမည်ကို အချိန်အတော်ကြာအောင် ရှာဖွေခဲ့ပေမဲ့ ထိုသူ့ကို မသိကြောင်း သေချာပေသည်။



 သူ့ပြောင်ကောက သူနှင့် တစ်နေကုန်နေပေးကာ ထို့နောက်မှာတော့ အိမ်ပြန်ဖို့ ပြင်ဆင်သည်။ မပြန်ခင်မှာ သူက ဟော့ယုံချင်းအား  စိုးရိမ်တကြီးဖြင့်



 "မင်းမှာ ကိစ္စတစ်ခုခုရှိရင် ပြောင်ကောကို ဖုန်းဆက်လိုက်။ စိတ်လိုက်မာန်ပါ မလုပ်နဲ့"

  


ဟော့ယုံချင်းက ခေါင်းညိတ်ပြရင်း သူ့ပြောင်ကော ထွက်သွားပြီးနောက် ဆေးရုံကုတင်ပေါ်မှာ လှဲရင်းဖြင့် ပြတင်းပေါက်အပြင်က သစ်ပင်တွေကို စိုက်ကြည့်နေလေသည်။



 သူ့က ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ပြန်ကြည့်ပေးဖို့ ဆရာဝန်ကို မေးသည်။  သူ့နှုတ်ခမ်းထောင့်က ကွဲသွားပေမဲ့ ကံကောင်းစွာပင် သူ့လည်ချောင်းက အဆင်ပြေသည်။ ဒါကကုန်းလန်၏ မျက်လုံးများတွင် မုန်းတီးဖွယ်အကြည့်ကို ပထမဆုံးအကြိမ် မြင်ဖူးလိုက်ခြင်းပင်။  သူ အနည်းငယ် အံ့သြသွားသလို အနည်းငယ်လည်း ဝမ်းနည်းသွားမိသည်။



 သို့သော်လည်း အသက် 18 မှတ်ဥာဏ်များသာ ရှိသော ဟော့ယုံချင်းသည် သူသာ တကယ်ပဲ သူ့ပြောင်ကောပြောသည့်အတိုင်း အစွန်းရောက်မှုများလုပ်ခဲ့သည်ဆိုလျှင် အမုန်းခံသင့်သည်ဟု ထင်ပေသည်။

 


ဆိုပေသိ စိတ်ထဲ နည်းနည်းတော့ ဘဝင်မကျသလိုတော့ ရှိနေသေးသည်။



မည်သို့ဆိုစေ ကိုးနှစ်တာ မှတ်ဉာဏ်တွေ ရုတ်တရက် ပျောက်ဆုံးသွားသူ မည်သူမဆို ယင်းကို မြန်မြန်ဆန်ဆန် လက်ခံနိုင်မည်မဟုတ်ပေ။



 ဟော့ယုံချင်းက မတ်တပ်ထရပ်ကာ မျက်နှာ သစ်ရန် ဟန်ပြင်လိုက်ချိန်မှာပင် ဆေးရုံအခန်းက ရုတ်တရက် ဝုန်းခနဲပွင့်လာ၏။  ဆေးရုံဆိုတာ သိသာထင်ရှားပေမဲ့ ဘယ်သူမှ ဂရုမစိုက်သလိုပင်။



 ကုန်းလန်က ဒေါသတကြီးမျက်နှာနှင့် ဆေးရုံကုတင်ကို ကန်ကျောက်လာတာကို သူကြောင်ကြည့်နေမိသည်။

   


“မအေဘေး..!”

 


ကုန်းလန်သည် ကုတင်ကိုကန်ချိန်၌ အားအလွန်အကျွံထည့်ထားခဲ့သည်။ မူလက ထဖို့ပြင်နေသော ဟော့ယုံချင်းမှာ ကုန်းကုန်းကွကွဖြစ်နေပေမဲ့ ကန်ချက်ကြောင့် ဟန်ချက်ပျက်သွားကာ နောက်ပြန်လဲကျသွား၏။

 


သူ့ခေါင်းကမူ ခေါင်းရင်းက ကုတင်တိုင်ဖြင့် ဆောင့်မိသွားလျက်သား။

 


ထို့နောက် သူ သတိလစ်သွားတော့လေသည်။



°°°°°°°


“ယုံယုံ…”



“ယုံယုံ…”



"ယုံယုံ…!" 



အသံက ပိုကျယ်လာ၏။



ဟော့ယုံချင်း၏ မျက်တောင်များက တုန်ယင်လာကာ မျက်လုံးဖွင့်လိုက်သည်။  သူမြင်လိုက်ရတာက ချောမောသောမျက်နှာတစ်ခုဖြစ်ကာ ယင်းက ငယ်ရွယ်သော ကုန်းလန်ပင်။ 



 ကုန်းလန်က အောက်ကိုငုံ့လျက်ဖြင့် သူ့မျက်နှာကို လက်ညိုးနှင့် တို့ကာ 



"မင်းဘာလို့ ဒီမှာ အိပ်နေတာလဲ ။အအေးမိလိမ့်မယ်လေ"

 

 

သူစကားပြောချိန်၌ သူ့မျက်လုံးများက သူ့ရှေ့ကလူကို လောဘကြီးစွာ စိုက်ကြည့်လုနီးပါးပင်။  ဟော့ယုံချင်းက ခုမှ အိပ်ရာမှ နိုးလာစဖြစ်ရာ သူ၏ ဖီးနစ်မျက်လုံးများသည် မြူအလွှာများဖြင့် ဖုံးလွှမ်းနေပုံထင်ရ၏။



 သူ့အား မော့ကြည့်လာပုံက တောထဲရှိ သန့်စင်သော အော်ရာရှိသည့် သမင်လေးတစ်ကောင်အလား။  နဖူးကနေ လည်ပင်းနောက်ဘက်အထိ နှင်းလိုဖြူဖွေးနေပြီး အလွန်နူးညံ့လှသည်။  နှစ်ကြိမ်သာ ကိုင်လိုက်ရုံရှိသေး အရေပြားက နီရဲလာပေသည်။



 ကုန်းလန်၏ အပြုံးက ပိုနက်ရှိုင်းလာသည်။  စကားအနည်းငယ်ထပ်ပြောဖို့ ဟန်ပြင်လိုက်ချိန်၌  ဟော့ယုံချင်းက ရုတ်တရက် ထထိုင်လိုက်ပြီး သူ့လက်ကို ပုတ်ထုတ်ပစ်လာသည်။ 



"ငါ့ကို မထိနဲ့" 



ကုန်းလန်၏ အပြုံးက တောင့်ခဲသွားရင်း မျက်မှောင်ကြုတ်သွားသည်။



“ယုံယုံ?”

 


ဟော့ယုံချင်းက တခြားဘာမျှ မပြောတော့။ သူဘေးဘီကိုကြည့်လိုက်တော့ အင်တာနက်ကဖေးရှိ သီးသန့်ခန်းထဲရောက်နေတာ တွေ့လိုက်ရသည်။ သူ ဒုတိယဝါကျကို ပြောလိုက်၏။



“ငါ အိမ်ပြန်ချင်တယ်”

  


“ကောင်းပြီ ငါလိုက်ပို့…”

 


ကုန်းလန်၏ စကားက အဆုံးမသတ်သေးခင်မှာပင် ဟော့ယုံချင်း၏ တတိယမြောက်ဝါကျက ကြားဖြတ်လိုက်လေ၏။

 


”ငါ့ဘာသာပြန်မယ်။ ငါ့နောက်လိုက်မလာနဲ့”