ဟော့ယုံချင်းသည် အင်တာနက်ကဖေးမှ အမြန်ထွက်လာလိုက်ပေမဲ့ သူ ဝေးဝေးမရောက်ခင်မှာပင် ကုန်းလန်က သူ့နောက်မှ လိုက်လာပြီး သူ့လက်ကို လှမ်းဆွဲလာသည်။
"ယုံယုံ..ငါ မင်းအိမ်ကိုလိုက်ပို့ပေးမယ်လေ"
ကုန်းလန်က ဟော့ယုံချင်းတစ်ယောက်
သူ့ကို ငြင်းပယ်မှာကို ကြောက်နေသည့်နှယ် စိုးရိမ်တကြီးနှင့် အမြန် ပြောလာသည်။
"ဒီနေ့ ဒရိုက်ဘာနဲ့လာတာမဟုတ်ဘူးမလား။ ပြီးတော့ ငါကပဲ မင်းကို အပြင်မှာ လျှောက်လည်ဖို့ခေါ်ခဲ့တာလေ။ မင်းတစ်ယောက်တည်း ပြန်ခိုင်းရမှာ ငါ စိတ်ပူတယ်။ လိုက်ပို့ပေးမယ်လေနော်"
ဟော့ယုံချင်း ခဏမျှ တိတ်ဆိတ်သွားပြီးမှ သူ့လက်ကို ဆွဲထုတ်လိုက်၏။
“မလိုဘူး”
“ဘာလို့လဲ! ဒါက…ယုံယုံ…မင်းစိတ်ဆိုးအောင်လုပ်ဖို့ ငါမရည်ရွယ်ပါဘူးကွာ။ ရုတ်တရက်ကြီး မင်းငါ့ကို ထစိတ်ဆိုးပြီး အိမ်ပြန်လိုက်ပို့ခွင့်မပေးတာ ဘာလို့လဲဆိုတာကိုပဲ မသိလို့ပါ”
ကုန်းလန်၏ မျက်ခုံးတို့က စိုက်ကျနေကာ အမူအရာက မတရားခံရသည့်နှယ် ပေါက်နေသည်။
တစ်ချိန်တည်းမှာပင် တခြားသောကုန်းလန်က ဟော့ယုံချင်းစိတ်ထဲမှာ ထွက်ပေါ်လာသည်။
လက်ရှိကုန်းလန်ထက် အဆများစွာ အသက်ကြီး၍ ဒေါသများပြည့်နေသောမျက်နှာထားဖြင့် သူ့အား ကျိန်ဆဲကာ ထိုးနှက်ခဲ့လေသောသူ။
သူ့စိတ်က ခုချိန်မှာ အလွန်ရှုပ်ထွေးလို့နေသည်။ လွန်ခဲ့သော တစ်စက္ကန့်လောက်ကပင် ဆေးရုံမှာရှိနေသေးပေမဲ့ နောက်တစ်စက္ကန့်မှာ အင်တညနက်ကဖေးက အခန်းထဲပေါ်လာပြန်သည်။ ထိုမျှမက ကုန်းလန်ကပါ ပြောင်းလဲသွားပြန်၏။
သူဟာ သူမှတ်ဥာဏ်ပျောက်သွားတာဟူသော အချက်ကို လက်ခံလုနီးပါးပင်ဖြစ်နေခဲ့ပြီးပေမဲ့ ခုကျရုတ်တရက်ကြီး ကိုးနှစ်တာအချိန်ကာလကို ပြန်ရောက်ရှိလာပြန်ချေလေပြီ။
အိမ်မက်လား။
ဒါမှမဟုတ် သူရူးနေတာလား။
ဟော့ယုံချင်း တစ်ယောက်တည်းနေပြီး စိတ်ငြိမ်အောင်ထားချင်နေသည်။ ခုချိန်မှာ သူတစ်ယောက်ယောက်နှင့် ရှိနေချင်သည်ဆိုလျှင်တောင် ထိုလူက ကုန်းလန်တော့ မဖြစ်နိုင်ပါချေ။
ထို့ကြောင့် သူ ကုန်းလန်ကိုခေါင်းခါပြလိုက်သည်။
“ငါ့ဘာသာပဲ အိမ်ပြန်ချင်တယ်”
ကုန်းလန်သည် နှုတ်ခမ်းတင်းတင်းစေ့ရင်း လှုပ်လည်းမလှုပ်တော့။ ဟော့ယုံချင်းကိုသာ စိုက်ကြည့်နေတော့သည်။ ဟော့ယုံချင်းမှာမူ ကုန်းလန်နှင့် ရှေ့မတိုးသာနောက်မဆုတ်သာ မနေချင်တော့ပြီဖြစ်ရာ ကျောခိုင်းကာ လှည့်ထွက်လာခဲ့လိုက်တော့သည်။
သူသည် သူ့အိမ်က ယာဉ်မောင်းကို ခေါ်ပြီးနောက် လမ်းဘေးရှိ ခုံတန်းရှည်တစ်ခုတွင် ထိုင်လိုက်ကာ လာအခေါ်ကို စောင့်နေလိုက်၏။
စောင့်ဆိုင်းနေစဉ်မှာပင် ဟော့ယုံချင်းသည် ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသည်။
သူမော့ကြည့်လိုက်တော့ တွေ့လိုက်ရကာ ချုံဝမ့်ဖေပင်။
ဆေးရုံမှာ တွေ့ခဲ့ရသော ဒုတိယလူတစ်ဖြစ်လဲ သူ၏ကောလိပ်အခန်းဖော်ဖြစ်ပေသည်။
ချုံဝမ့်ဖေကြည့်ရတာ စူပါမားကတ်တစ်ခုမှ ထွက်လာပုံရသည်။လက်ထဲတွင် ပလတ်စတစ်အိတ်ကြီးတစ်လုံးကိုကိုင်လျက် ဒီဘက်ခြမ်းသို့ လမ်းကူးလာဖို့ ဟန်ပြင်နေ၏။
တစ်ချိန်တည်းမှာပင် ဟော့ယုံချင်းသည် သူ့အိမ်က ကားကို မြင်လိုက်ရသည်။ သူသည် ဝမ်ချုံဖေးအား အဖက်လုပ်မနေဘဲ တစ်ဖက်လူ၏အကြည့်အောက်မှာပင် ကားထဲသို့ တန်းဝင်လိုက်တော့သည်။
ချုံဝမ့်ဖေမှာ ဒီဘက်သို့ ကူးလာနေရာမှ ရပ်သွားလေသည်။
ဟော့ယုံချင်း ကြည့်မနေပါလေတော့။ ထိုင်ခုံမှနောက်မှီမှာ မောပန်းစွာ လှဲထိုင်ချရင်း အိမ်ကိုသာ မောင်းဖို့ ဒရိုက်ဘာအား ပြောလိုက်တော့သည်။ ရုတ်တရက်ဆိုသလို အိတ်ထဲက ဖုန်းက မြည်လာ၏။ ကုန်းလန် ထံမှ စာသားမက်ဆေ့ချ်တစ်ခုဖြစ်ပြီး သူအိမ်ပြန်ရောက်ချိန်တွင် ဘေးကင်းကြောင်းသိစေရန် စာပြန်ပို့ခိုင်းခြင်းဖြစ်သည်။
ဟော့ယုံချင်းလက်ချောင်းက စခရင်ပေါ်မှာ ခဏမျှ ဝဲလည်နေခဲ့ပေမဲ့ အဆုံးမတော့ စာမပြန်ခဲ့ပါချေ။
°°°°°°°°°°
အိမ်မှာ အချိန်အအတော်ကြာအောင်နေခဲ့ပြီး နောက်ဆုံးမှာတော့ ဟော့ယုံချင်းဟာ ပြန်လည်စိတ်ဓါတ်တက်ကြွလာသည်။ ပြက္ခဒိန်တွင် ဖော်ပြချက်အရ ယနေ့ဟာ စနေနေ့ဖြစ်ပြီး မနက်ဖြန်နေ့လည်မှာ သူ ကျောင်းသို့ပြန်သွားရတော့မည်ဖြစ်သည်။
နောက်တစ်နေ့မနက် အိပ်ရာထချိန်မှာ ဟော့ယုံချင်း ပထမဆုံးလုပ်ခဲ့တာကတော့ ရေချိုးခန်းထဲကို ပြေးသွားကာ မှန်ကြည့်တာပါပင်။ သူဟာ အသက်ဆယ့်ရှစ်နှစ်သာရှိသေးသည်။ နှစ်ဆယ့်ခုနစ်နှစ်မဟုတ်ပေ။
ကြည့်ရတာ ယင်းက အိမ်မက်တစ်ခုသာဖြစ်မည်။ သို့ငြား အိမ်မက်ဟုဆိုရအောင်လည်း လွန်စွာ စစ်မှန်လွန်းနေပေသည်။
နေ့လည်ခင်း၌ ကျောင်းသို့ပြန်ရောက်လာချိန်မှာတော့ သူ့အနေဖြင့် ချုံဝမ့်ဖေနှင့် ဆုံရမှာက ဧကန်မုချပင်။
ဟော့ယုံချင်း အဆောင်ရောင်တော့ လူလေးယောက်ရောက်နေပြီဖြစ်သည်။ သူတို့အဆောင်က လူ၆ယောက်ခန်း ဖြစ်ပြီး ၃ယောက်က တခြားဒေသမှဖြစ်ကာ ၃ယောက်က မြို့ခံများဖြစ်ပေသည်။
အဆောင်မှူးက ကွန်ပြူတာကနေ ခေါင်းထောင်ကြည့်လာကာ ဟော့ယုံချင်းကို နှုတ်ဆက်သည်။
“ရှောင်ဟော့ ပြန်လာပြီလား..အယ် ထူးဆန်းလိုက်တာ။ ကုန်းလန်မင်းကို လိုက်မပို့ဘူးလား”
သူပြောတာကြားတော့ ဘေစင်ဘေးမှာရပ်နေသော ချုံဝမ့်ဖေက အမြန်လှမ်းကြည့်လာသည်။
ဟော့ယုံချင်းကမူ ပုံမှန်ဟန်အမူအရာဖြင့်သာ။ သူက အိတ်ကိုစားပွဲပေါ်တင်ကာ ပြောလိုက်သည်။
“ကိုယ့်ဟာကိုယ် လာခဲ့တာ”
သူက ဘာမျှရှင်းပြမနေချေ။ တကယ်တော့ ကုန်းလန်က သူ့ကိုကျောင်းကိုလိုက်ပို့ပေးဖို့ အဆိုပြုသေးသည်။ သူငြင်းလိုက်တာဖြစ်၏။
ကုန်းလန်နှင့် သူဟာ အလယ်တန်းကျောင်းသားဘဝကတည်းက သိကျွမ်းခဲ့ကြတာဖြစ်ပြီး အထက်တန်းလည်းအတူတူ၊ ကောလိပ်လည်းအတူတူပင်ဖြစ်သည်။ အပြင်လူများဆို သူတို့နှစ်ယောက်ကို အမွှာတွေဟုပင် မကြာခဏပြောကြသော်လည်း အတိအကျပြောရလျှင် ကုန်းလန်ကသာ ဟော့ယုံချင်းအား အမြဲလှည့်ပတ်နေတာဖြစ်သည်။
ဟော့ယုံချင်းငည် သူ့အိတ်ကို ချလိုက်ပြီးနောက် လက်ဆေးဖို့ရာ ရေချိုးခန်းထဲ သွားလိုက်သည်။ သူ့လက်ကို ဆေးနေတုန်းမှာပင် သူ့လက်မောင်းအား ပူနွေးနေသော ခန္ဓာကိုယ်တစ်ခုက လာထိသည်။
"မနေ့က ငါ့ကို တွေ့တယ်ဟုတ်လား ယုံချင်း
… မင်းက ဘာလို့ ငါ့ကို ဂရုမစိုက်တာလဲ။"
ဟော့ယုံချင်းက မျက်လွှာချလိုက်သည်။ သူဘယ်လိုဖြေရမယ်ဆိုတာ မတွေးခင်မှာပင် သူ့ခန္ဓာကိုယ်က အလိုလိုတုံ့ပြန်ကာ ဘေးဘက်ကို ရှောင်သွား၏။
ဘေးနားရှိ ချုံဝမ့်ဖေ၏ မျက်လုံးများက မဲမှောင်သွားသည်။ သူဘာမှမပြောသော်လည်း ဟော့ယုံချင်း လက်ကို ဆွဲကာ တီရှုးဖြင့် သုတ်ပေးလိုက်သေးသည်။ နှစ်ကြိမ်မျှ သုတ်ပေးရုံရှိသေး တစ်ဖက်လူ၏လက်က ငါးတစ်ကောင်လိုလျောထွက်သွားလေသည်။
"ငါ့ဘာသာ လုပ်နိုင်တယ်"
ဟော့ယုံချင်းကမျက်လွှာချထားမြဲ ချထားကာ ချုံဝမ့်ဖေ၏မျက်နှာကို မကြည့်ဘဲ ထွက်လာခဲ့လိုက်သည်။
သိပ်မကြာခင်မှာဘဲ အိပ်ဆောင်ကလူတွေအားလုံး ပြန်ရောက်လာကြပြီးဖြစ်ကာ ညစာစားဖို့ ကန်တင်းသွားကြရန်ပြင်ကြသည်။ ဟော့ယုံချင်းက သူဗိုက်မဆာသေးဟု ပြောကာ လိုက်မသွားလိုက်ချေ။
ဗလာဟင်းလင်း အိပ်ဆောင်ထဲတွင် သူ တစ်ယောက်တည်း စားပွဲပေါ်တွင် မျက်နှာအပ်ကာ ကြောင်ငေးနေမိသည်။
သူ ထိုအိပ်မက်အကြောင်းကို တွေးနေမိတုန်းပင်။
သူ အတွေးနက်နေမိရာ ခြေသံကို မကြားမိလိုက်။ လူပုံရိပ်က သူ့မျက်ဝန်းထောင့်ကပေါ်လာမှ တစ်ယောက်ယောက် အဆောင်ခန်းထဲဝင်လာမှန်း သတိထားမိသွားသည်။ သူမတ်မတ်ထိုင်ကာ ကုန်းလန်၏မျက်နှာကို ကြည့်လိုက်သည်။
ကုန်းလန်၏ မျက်လုံးများက တစ်ညလုံး အိပ်မပျော်ခဲ့သည့်အလား ရဲတွတ်နေသည်။ သူက ဟော့ယုံချင်းရှေ့မှာ ထိုင်ချလိုက်လျက် အလွန်နှိမ့်ချသော အမူအရာဖြင့်
"ယံယုံ.. ငါ့ကို လျစ်လျူမရှုပါနဲ့ကွာ။ ငါ မင်းကို အင်တာနက်ကဖေးကို ခေါ်မသွားသင့်ပါဘူး။ ငါတကယ်ကို တုံးအလွန်းပါတယ်။ သူတို့ပြောတာက အင်တာနက်ကဖေးက တက်ကြွသက်ဝင်ပြီးတော့ ဂိမ်းကစားရတဲ့လေထုနဲ့ ကိုက်တယ်တဲ့။ ဒါပေမဲ့ မင်း အဲ့လိုနေရာမျိုးကို မကြိုက်ဘူးဆိုတာကို ငါမေ့သွားတယ် ။နောက်တစ်ခါ မင်းကို ဘယ်တော့မှ မခေါ်တော့ဘူးလေနော်။ ဒါမှမဟုတ် ငါ့ကို ရိုက်မလား။ ရိုက်လိုက်နော်။ ဘယ်လောက်နာနာ မင်းငါ့ကို အာရုံပြန်စိုက်ရင် ရပြီ”
သူက ဟော့ယုံချင်း၏ လက်ကိုဆွဲကာ သူ့မျက်နှာ ရိုက်သည်။ ဖတ်ခနဲရိုက်ရုံရှိသေး ဟော့ယုံချင်းက မျက်မှောင်ကြုတ်ကာ လက်ကိုပြန်ဆွဲယူဖို့ကြိုးစားတာကို တွေ့လိုက်ရသည်။
ကုန်းလန် ရုတ်တရက် ဆုပ်ကိုင်ထားသည့်အားကို ပိုထည့်ကာ လက်ကိုလွှတ်မပေးချေ။
“ယုံယုံ….ငါမှားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါကွာ”
ဟော့ယုံချင်း မျက်မှောင်ကြုတ်နေပြီးမှ တဖြည်းဖြည်း ပြန်ဖြေလျော့လိုက်သည်။
“ငါ….ငါ..ငါမင်းကို အင်တာနက်ကဖေးကိစ္စကြောင့် စိတ်ဆိုးတာမဟုတ်ဘူး”
“ဒါဆို ဘာလို့လဲ”
ကုန်းလန်က မေးသည်။
ဟော့ယုံချင်းက အနည်းငယ်စိတ်ရှုပ်ထွေးသောပုံစံဖြင့်
“ငါ အိမ်မက်မက်ခဲ့တာ။ ငါမက်ခဲ့တာက….”
“ဟမ်….”
“ငါမက်ခဲ့တာက မင်းငါ့ကို ရိုက်တယ်။ ပြီးတော့..”
သူစကားမဆုံးခင်မှာ ကုန်းလန်က စရယ်တော့သည်။ သူကဟော့ယုံချင်းအား ပြုံးကြည့်ကာ
"ယုံယုံရာ… ငါကဘယ်လိုလုပ် မင်းကိုရိုက်ရက်ပါ့မလဲ။ မင်းကို ဘယ်တော့မှ ရိုက်မှာ မဟုတ်ဘူး။ အင်တာနက်ကဖေးမှာ အိပ်မက်မက်ခဲ့တာနဲ့ပဲ မင်းငါ့ကို စိတ်ဆိုးသွားတယ်ပေါ့လေ။ ယုံယုံ…မင်းကလေ သိပ်ကို ကျိုးကြောင်းမဆီလျော်လိုက်တာကွာ။ အရင်နှစ်ရက်လုံး ငါ့မှာ အရမ်းကို စိတ်ဓါတ်ကျနေခဲ့ရတာ”
သူ့အသံက ကပ်ချွဲရုံသာမက လှုပ်ရှားမှုများကလည်း ကပ်ချွဲလျက်ရှိ၏။
ကုန်းလန်သည် ခေါင်းငုံ့ရင်း ဟော့ယုံချင်း၏လက်ဖဝါးကို နမ်းလိုက်လျက် မျက်လွှာချကာ မျက်ဝန်းထဲက ဆန္ဒတို့ကို အတတ်နိုင်ဆုံး ဖုံးမိလိုက်ရသည်။
ဟော့ယုံချင်းသည် ကုန်းလန်၏ စကားကြောင့် စိတ်ပျံ့လွင့်နေရာမှ အသိပြန်ဝင်လာသောအခါ လက်ကို အမြန်ပြန်ရုတ်လိုက်သည်။ သူက စားပွဲပေါ်ရှိ အစိုတစ်ရှူးကို ကိုင်လိုက်ပြီး လက်ဖဝါးကို အကြိမ်ကြိမ်သုတ်လိုက်၏။
"ငါ့လက်ကို မနမ်းနဲ့။အဲဒီအိပ်မက်က အရမ်းစစ်မှန်လွန်းတယ်"
"ဘယ်လောက်ပဲ စစ်မှန်ပါစေ အိပ်မက်တစ်ခုပဲလေ"
ကုန်းလန်က ငုတ်တုပ်ထိုင်နေဆဲဖြစ်ပြီး အရင်ကထက် ပိုပျော်နေပုံရသည်။
"မင်း ညစာ မစားရသေးဘူးမလား။အပြင်သွားစားရအောင်။ အရင်တစ်ခေါက်က သွားတဲ့ ပြင်သစ် စားသောက်ဆိုင်က အချိုပွဲတွေကို မင်းကြိုက်တာ ငါ မှတ်မိတယ်။ အဲ့ဒီကို သွားကြမလား"
ဟော့ယုံချင်းသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသော်လည်း ဒါက အိပ်မက်သာ ဖြစ်မည်ကို စိုးရိမ်နေသည်။ကုန်းလန်နှင့် သူ၏ ဆက်ဆံရေးကို အိပ်မက်တစ်ခုကြောင့် မပျက်ပြာစေလိုပေ။
ကုန်းလန် သူ့ကို ပြန်ပို့ပေးချိန်မှာတော့ ညနေ ဆယ်နာရီ ထိုးနေပြီဖြစ်သည်။
ဟော့ယုံချင်းက သူ့အခန်းဖော်တွေကို နှုတ်ဆက်ပြီး ရေချိုးကာ အိပ်ယာဝင်လိုက်သည်။ အိပ်ရာမဝင်ခင် ချုံဝမ့်ဖေက သူ့ကုတင်ဘေးကို လှမ်းလာပြီး မေးလာသည်။
"မနက်ဖြန်မနက် ဘာစားချင်လဲ။ ငါ မနက်အပြေးကျင့်ဦးမှာမို့ ဝယ်ခဲ့ပေးမယ်"
တခြားအခန်းဖော်တွေကလည်း ဒါကိုကြားတော့ သူတို့စားချင်တာတွေ မှာကြကုန်သည်။
Qiu Wenfei did not respond, but just stared at Huo Youqing who had just finished taking a shower.
ချုံဝမ့်ဖေက သူတို့စကားတွေကို မတုံ့ပြန်ဘဲ ရေချိုးပြီးခါစ ဟော့ယုံချင်းကိုသာ စိုက်ကြည့်နေသည်။
ဟော့ယုံချင်းသည် ပူတာကြောင့် ညဝတ်အင်္ကျီအဖြစ် လက်တိုအင်္ကျီနှင့် ဘောင်းဘီတိုကို ၀တ်ထားသည်။ သူသည် ကုတင်ပေါ်တွင် လဲလျောင်းနေလျက်ဖြင့် အချိုးအစားကျသော ခြေသလုံးသားများကို ဖော်ထား၏။ ဝမ်းဆက်ဝတ်စုံဟာ ပိုးသားဖြင့် ချုပ်လုပ်ထား၍ နှင်းလုံးလေးသဖွယ် တလက်လက်ဖြူဖွေးလှသည်။
စိုက်ကြည့်ခံနေရသောလူကမူ အမ်ဟု အသံပြုကာ ခေါင်းကို လှည့်ပြီး ဖြေလာသည်။
"မလိုဘူး။မနက်ဖြန် မနက်စာ ယူလာပေးမယ်လို့ ကုန်းလန်ကပြောတယ်"
ချုံဝမ့်ဖေက ဒါကိုကြားတော့ နှုတ်ခမ်းစေ့ရင်း သူ့မျက်လုံးထဲက မကျေနပ်မှုတွေကို ထိန်းကာဖြင့်
"ကောင်းပြီ။ စောစောအိပ်တော့"
သူနိုးလာချိန်၌ ဟော့ယုံချင်း အနည်းငယ် အိပ်ချင်မူးတူးဖြစ်နေတုန်းပင်။ သူ အိပ်ရာက ထကာ ရေချိုးခန်းထဲဝင်ဖို့ ဟန်ပြင်လိုက်ပေမဲ့ သူမြင်လိုက်ရတာက အဆောင်ပတ်ဝန်းကျင်မဟုတ်ပဲ ဆေးရုံခန်းနှင့် မျက်လုံးနီရဲနေသော ပြောင်ကောဖြစ်သူကိုသာပင်။
သူ့ပြောင်ကောက သူ အိပ်ရာကနိုးလာတာကိုမြင်တော့ ချက်ချင်းဆိုသလို မေးလာသည်။
“ခေါင်းကိုက်နေသေးသလား။ ပြောင်ကောပြောတာ ကြားရလား။ ကုန်းလန်..အဲ့ဒီမအေဘေးက မင်းကိုသတ်ပစ်ချင်နေတာ။ ဆေးရုံမှာ တစ်ခါတည်းသတ်လုနီးပါးဖြစ်အောင်လုပ်တာကို အားမရသေးဘူး။ ငါထွက်သွားတာနဲ့ ဒင်းက ထပ်လာတယ်... သူမင်းကို အရမ်း တွယ်ကပ်ခဲ့သော အဲ့လောက်မလုပ်လောက်ပါဘူးလေလို့ တွေးခဲ့မိတာ”
သူ အိပ်မက်မက်နေပြန်ပြီလား?