Chapter 3
Viewers 15


သူ့ပြောင်ကော၌ လုပ်စရာလေးများ ရှိနေသေးရာ ဟော့ယုံချင်းနှင့် အကြာကြီး နေမပေးနိုင်ချေ။


ဆေးရုံ၏ တစ်ယောက်ခန်းတွင် ဟော့ယုံချင်းမှာ သူ့ဖုန်းကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေမိသည်။


 အိပ်မက်နှင့် မတူချေ။


 သူ ကိုးနှစ်တာအချိန်ကာလကို ပြန်ရောက်ခဲ့ပြန်လေပြီ။


သူ့ပြောင်ကောပြောပုံအရတော့ ကုန်းလန်ဟာ သူ့အခန်းထဲသို့ အတင်းဝင်လာပြီး အကြမ်းဖက်ခဲ့ရာ သူ့ခေါင်းနှင့် ကုတင်ခေါင်းရင်းမှာ ဆောင့်မိသွားပြီး တစ်နေကုန် သတိလစ်သွားကြောင်းပင်။ သူ့ပြောင်ကောဟာ အလွန်ဒေါသထွက်နေပေမဲ့လည်း ကုန်းလန်နှင့် တခြားလူတွေက အခုချိန်မှာ အင်အားကြီးပြီး စည်းလုံးနေချေရာ သူ့အနေဖြင့် လုံးဝပြန်တိုက်ခိုက်၍မရချေ။


 "တခြားလူတွေတဲ့လား?"  


ဟော့ယုံချင်းက အဓိကစကားလုံးကို ဖမ်းဆုပ်မိသွားလျက် 


“ကုန်းလန်နဲ့ ချုံဝမ့်ဖေအပြင်ဘယ်သူရှိသေးလို့လဲ?"


 သူ့ပြောင်ကောက အားတင်းပြုံးကာ ပြန်ဖြေလာသည်။ 


"ယုံယုံ….မင်း ဒါတွေကို စဉ်းစားမနေနဲ့" 


ထိုလူတွေ၏ နာမည်တွေကို ကြားရလျှင် သူ စိတ်မကောင်းဖြစ်သွားမှာကို ပြောင်ကောက  စိုးရိမ်နေပုံရ၏။


 ဟော့ယုံချင်း ထပ်မေးဖို့ ဟန်ပြင်လိုက်ပေမဲ့ ပြောင်ကော၏ အမူအရာကိုမြင်လိုက်ရချိန်မှာတော့ သူလက်လျော့လိုက်တော့သည်။ သူ့ပြောင်ကောကို အနေခက်မသွားစေချင်တော့ပါပေ။


 သူ့ပြောင်ကော ထွက်သွားပြီး သိပ်မကြာခင်မှာပင် ဆေးရုံသူနာပြုက ဟော့ယုံချင်းအား တခြားဌာနမှာ စစ်ဆေးမှုခံယူရဖို့ရှိကြောင်း  အကြောင်းကြားလာသည်။  


ဓာတ်လှေကားကို စောင့်နေစဉ်တွင် ဟော့ယုံချင်းသည် အသိမိတ်ဆွေတစ်ဦးကို တွေ့လိုက်ရပြန်၏။


ကုန်းလန်ပင်။  သူဟာ ဆေးရုံဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးကို ဂရုတစိုက် ဖေးမ၍ကူတွဲပေးထား၏။ ဆေးရုံဝတ်စုံဝတ်ထားသော အမျိုးသားက ခေါင်းကို ငုံ့ထားတာကြောင့် ဟော့ယုံချင်းက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။  သူမြင်ရတာက ထိုလူဟာ အရပ်ရှည်ပြီး ပိန်ပါးသည်ဟုသာ။ သို့ငြား သူခန့်မှန်းကြည့်ရသလောက် ထိုလူသည် သိုက်ယွမ်ဖြစ်လောက်ပေသည်။


 "ဒင်--"


ဓာတ်လှေကားရောက်လာချေလေပြီ။


 ဟော့ယုံချင်း သူ့အကြည့်ကို ပြန်ရုတ်လိုက်ရင်း ဓာတ်လှေကားထဲသို့ လှမ်းဝင်လိုက်တော့သည်။


°°°°°°°°°


ရက်အနည်းငယ်ကြာပြီးနောက် ပြောင်ကောက သူ့အား ဆေးရုံကနေ ခေါ်ထုတ်လာခဲ့၏။


ကားထဲမှာ သူ့ပြောင်ကောက စကားတွေ ဆက်တိုက်ပြောနေပြီး သူဟာ စားစရာတွေ အများကြီးဝယ်ထားကြောင်း၊ အိမ်ရောက်လျှင် ချက်ကျွေးမည်ဖြစ်ကြောင်း။  ထို့အပြင် သူက အပြည့်အဝ မသက်သာသေး​ရာ သူနှင့်အတူ ပြောင်းရွှေ့နေထိုင်စေလိုကြောင်း။


 ဟော့ယုံချင်းက ပြတင်းပေါက် အပြင်ဘက်က ရှုခင်းများကို ကြည့်ပြီး ရုတ်တရက် ထမေးလိုက်သည်။


 "ဦးလေး နဲ့ အဒေါ် ကဘယ်မှာလဲ" 


 သူဆေးရုံတက်ရသောရက်တွေမှာ သူ့ဦးလေးနှင့် အဒေါ်က သူ့ကို လာမတွေ့သလို တခြားဘယ်သူမှလည်း လာမတွေ့ခဲ့ချေ။  သူ့ဆီလာလည်သော တစ်ယောက်တည်းသောလူက သူ့ပြောင်ကောသာရှိသည်။


သူ့ပြောင်ကောက ခဏလောက် နှုတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာသည်။ 


"လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က ဆုံးသွားပြီ" 


 ဟော့ယုံချင်းမှာ ငြိမ်ကျသွားရင်း ဘာပြောရမှန်းမသိစွာဖြင့် တိတ်ဆိတ်စွာသာ ထိုင်နေလိုက်တော့သည်။


 "လူဆိုတာက အမြဲတမ်း မွေးဖွားလာတယ်။အသက်ကြီးလာတယ်။ ဖျားနာပြီး သေတယ်။ ဒါမျိုးပဲလေ။ သူတို့ကတော့ နာကျင်မှုတွေ မရှိဘဲ ဆုံးသွားကြတာပါ။" 


 ပြောင်ကောဖြစ်သူက ဟော့ယုံချင်းအား နှစ်သိမ့်ဖို့ကြိုးစားရင်းဖြင့်


 "အခု ငါတစ်ယောက်တည်းနေနေတာ။ မင်းပြောင်းလာခဲ့လိုက်လေ။ငါတို့နှစ်ယောက်အတူနေတာ ပိုကောင်းတယ်"


 ဟော့ယုံချင်းက မငြင်းလိုက်ပါချေ။


ဒီရက်ပိုင်းတွေမှာ သူတွေးနေခဲ့တာက သူ အိပ်ပျော်သွားပါက အသက် 18 နှစ်ကာလကို ပြန်ရောက်နိုင်မလားဟုပင်။ သို့ငြား ဖြစ်မလာခဲ့။ 


အကယ်၍ သူတကယ်ပဲ ကိုးနှစ်တာကာလအကြာက ကာလမှာပဲ နေရတော့မည်ဆိုလျှင်တော့ အကုန်ပြန်စတင်ဖို့နှင့်

သူကိုယ်တိုင်နှင့် ကုန်းလန်၊ ချုံဝမ့်ဖေနှင့်

 တခြားသူတွေကြားမှာ ပြတ်သားသော စည်းတစ်ခုကို ရှင်းရှင်းလင်းလင်း ရေးဆွဲထားဖို့ လိုပေသည်။


 သူဟာ သိုက်ယွမ်ကို မသိသလို သိုက်ယွမ်ကို ထိခိုက်စေဖို့လည်း စိတ်မဝင်စားပါပေ။


 ပထမဆုံးအနေနှင့် သူလုပ်သင့်တာက အလုပ်ရှာဖို့ပင်။


သူ့ပြောင်ကောပြောတာကတော့ သူဟာ တရုတ်နိုင်ငံသို့ ပြန်လာပြီးကတည်းက အလုပ်မရှာသေးကြောင်းဟုပင်။  ပြောကောကတော့ သူ့တွင် စုဆောင်းငွေရှိပြီး ထောက်ပံ့ပေးဖို့လည်း ကိစ္စမရှိကြောင်း ပြောလာပေမဲ့ ဟော့ယုံချင်းကတော့ သူဟာ ယခုချိန်မှာ အသက် ၂၇ နှစ်ရှိပြီဖြစ်၍ သူ့ခြေထောက်ပေါ်သူ ရပ်နိုင်ရန် ငွေရှာသင့်သည်ဟု တွေးမိသည်။


ထို့အပြင် သူ့မှာသာ လုပ်စရာတစ်ခုရှာတွေ့နေလျှင် သိပ် ပျင်းစရာကောင်းမှာလည်း မဟုတ်တော့ပေ။


 ဟော့ယုံချင်းက ယခင် မူလနေအိမ်တွင် ဆက်လက်နေထိုင်ခဲ့တာဖြစ်သည်။  


ယခုဆေးရုံက ဆင်းသောနေ့မှာတော့ ခရီးဆောင်အိတ်တချို့ ထုပ်ပိုးပြီး သူ့ပြောင်ကော၏နေရာကို ပြောင်းရွှေ့ခဲ့လိုက်၏။  


ဦးလေးနှင့် အဒေါ် ဆုံးပါးသွားပြီးနောက်တွင် ပြောင်ကော၏ဘဝက ခက်ခဲသွားပုံရသည်။  မြို့လယ်ရှိ မူလကစတုရန်းမီတာ 500 ကျယ်ဝန်းသော တိုက်ခန်းကနေ မြို့လယ်ကနေမှ မြေအောက်ရထားမှတ်တိုင်နှင့် အနည်းငယ်အကွာရှိ အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းနှစ်ခန်းပါသော တိုက်ခန်းအဖြစ် ပြောင်းလဲသွားခဲ့လေ၏။


ဟော့ယုံချင်းက ကော်ဇောပေါ်မှာ ထိုင်ရင်း သူ့ကိုယ်ရေးအကျဥ်းသူ ကြည့်လိုက်သည်။ လက်စသတ်တော့ သူက နိုင်ငံခြားမှာ စီးပွားရေးမေဂျာကို လေ့လာခဲ့တာ ဖြစ်နေသည်ကိုး။


ဟမ် ?


သူက ဘာကြောင့် စီးပွားရေးကို လေ့လာတာပါလိမ့်….


 ဟော့ယုံချင်း ခဏတာမျှ စဉ်းစားလိုက်သော်လည်း ဘာတစ်ခုမှ မမှတ်မိပါချေ။ သူ့အနေဖြင့် စီးပွားရေးနှင့်ပတ်သက်တာ ဘာတစ်ခုမှ မသိလေရာ ဤကိုယ်ရေးရာဇဝင်ကို အသုံးချ၍ အလုပ်ရှာရန် မဖြစ်နိုင်တော့ပေ။


 နေ့ခင်းတစ်ခင်းလုံးမှာ သူဟာ သူ့ကိုယ်ရေးရာဇဝင်ကို ပြန်လည်ပြင်ဆင်ပြီး လျှောက်ထားလိုက်၏။


 ရက်အနည်းငယ်အကြာတွင် အင်တာဗျူးဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့လေသည်။


 ဟော့ယုံချင်းက အင်္ဂလိပ်နှင့် စပိန်ဘာသာစကားကို ကျွမ်းကျင်လေရာ ထို့ကြောင့်ပင် ဘာသာပြန်အလုပ်ကို လျှောက်ထားလိုက်တာဖြစ်ပြီး သင့်တော်သော အလုပ်တစ်ခုကို ရှာတွေ့ခဲ့တာ ဖြစ်ပေသည်။


 ဒါက ရေတိုအလုပ်တစ်ခုပါပင်။


 အလုပ်ရှင်က တရုတ်နိုင်ငံတွင် နှစ်ဝက်ခန့်လောက် အလုပ်လုပ်ဖို့ လိုအပ်သော နိုင်ငံခြား ဓာတ်ပုံဆရာတစ်ဦးဖြစ်၏။ ထို့ကြောင့် သူက စကားပြန်လုပ်ပေးနိုင်မည့် လက်ထောက်တစ်ယောက်ကို ရှာနေပြီး လစာကလည်း ကောင်းပေသည်။


 ဟော့ယုံချင်း အင်တာဗျူး သွားဖြေချိန်၌မူ အလုပ်ရှင်ကိုယ်တိုင်နှင့် မတွေ့ခဲ့ရဘဲ အလုပ်ရှင်၏ မန်နေဂျာဟု ခေါ်သော အခြားသူတစ်ဦးကိုသာ တွေ့ခဲ့ရသည်။


မန်နေဂျာကလည်း ဟော့ယုံချင်းအား အလွန်စိတ်ကျေနပ်ပုံရပြီး ထိုနေ့မှာပင် စာချုပ်ချုပ်လိုက်လေသည်။  သူက ဟော့ယုံချင်းအား ပြန်မလွှတ်ခင်၌ ရုတ်တရက်မေးလာသည်။


 "စိတ်မရှိပါနဲ့။  လူကြီးမင်းဟော့ …ကျွန်တော် ကိုယ်ရေးကိုယ်တာ မေးခွန်းတစ်ခု မေးချင်ပါတယ်။မင်းက ဂေးလား?"


 ဟော့ယုံချင်းက ခဏလောက်စဉ်းစားပြီးမှ ပြန်ဖြေလိုက်၏။


 "ဖြစ်နိုင်လောက်ပါတယ်" 


သူ၏ မရေမရာ အဖြေကြောင့် မန်နေဂျာက အနည်းငယ် အံ့အားသင့်သွားသည်။


 "မစ္စတာ ဟိုက်က ဂေးတစ်ယောက်ပါ။ ကြိုပြောထားတာ ဆိုပေမဲ့ စိတ်မပူပါနဲ့။သူ့ပတ်ဝန်းကျင်က လူတွေကိုတော့ ဘယ်တော့မှ မရှုပ်တတ်ပါဘူး" 


မန်နေဂျာက စနောက်လိုဟန်ဖြင့်


"တကယ်တော့ လူကြီးမင်းဟော့က ဒီလောက် ချောမောမနေရင် ကျွန်တော် ဒီစကားတွေ ပြောမှာတောင် မဟုတ်ဘူးရယ်”


 ဟော့ယုံချင်းသည် သူ၏အလုပ်ရှင်က Y မြို့တော်ကမှန်း ​သိနေတာကြောင့် ထိုသူ၏လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုကို မအံ့သြမိပေ။


 သို့ပေမဲ့ ထိုသူနှင့်တွေ့ပြီးနောက်မှာမှ  သူ့အလုပ်ရှင်က တကယ်တော့ တရုတ်လူမျိုးဆိုတာ သိလိုက်ရလေသည်။


 ပြောင်ကောဖြစ်သူက သူ အလုပ်သစ်ရှာတွေ့ပြီမှန်း သိထားပေမဲ့လည်း စိုးရိမ်နေဆဲပင်။


"သူက လူလိမ်များဖြစ်နေမလား။  ယုံယုံ မင်းဘာလို့ စာချုပ်ကို အလောတကြီး လက်မှတ်ထိုးလိုက်ရတာတုန်း။ မင်း ငါနဲ့ အရင်ဆွေးနွေးသင့်တာ။အိုင်း… ဒီနယ်ပယ်မှာ အတွေ့အကြုံလုံးဝမရှိသေးတဲ့ မင်းကို သူတို့က ဘယ်လိုလုပ် စကားပြန်အဖြစ်ငှား….” 


ဟော့ယုံချင်းက အခွံခွာပြီးသား လိမ္မော်သီးတစ်စိတ်ကို သူ့ပြောင်ကော ပါးစပ်ထဲ ထိုးထည့်ပေးကာ ပြောလိုက်သည်။


“ဟုတ်ပါပြီ။ စာချုပ်က လက်မှတ်ထိုးပြီးသွားပြီလေ။ ပြီးတော့…ဘာလိမ်စရာရှိတုန်း။ ကျွန်တော်က မှတ်ဥာဏ်ပျောက်နေပေမဲ့ အမြင်တော့ကောင်းပါသေးတယ်။ ကျွန်တော်နဲ့ စာချုပ်ချုပ်တဲ့လူက အဝတ်စားကောင်းတွေ ဝတ်ထားတာ”


“ဟမ်”


သူ့ပြောင်ကောက စိတ်ရှုပ်သွားပုံရသည်။


အလုပ်စဝင်သော ပထမဆုံးနေ့၌  ဟော့ယုံချင်းသည် အောင်မြင်သောစီးပွားရေး လုပ်ငန်းရှင်အမျိုးသားတစ်ယောက်ပုံ ပေါက်သည့် သူ၏အလုပ်ရှင်နှင့်တွေ့ခဲ့ရသည်။သို့ငြား ထိုသူက အနုပညာရှင်တစ်ယောက် ဖြစ်ပုံရသောကြောင့်ဖြစ်မည်။ဆံပင်ရှည်ထား,ထား၏။ မိန်းမတော့ မဆန်ပါပေ။ အလွန်ချောမောသောမျက်နှာပေါက်ရှိ၍ မုတ်ဆိတ်မွေးအနည်းငယ် ရှိပေသည်။ 


 အသက်ကသုံးဆယ်ကျော်ရုံသာ ရှိသေးပြီး မျက်လုံးထောင့်များတွင် မသိမသာသောလိုင်းများ ရှိပေသည်။


 သူတို့စတွေ့တုန်းကတော့ အလုပ်ရှင်က ဟော့ယုံချင်းအပေါ် အတော်အေးစက်သည်။ တစ်နေကုန်လုံးမှာ ဟော့ယုံချင်းအဖို့ သူ့အလုပ်ရှင်က ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နေတာကိုသာ ဘေးမှ ရပ်ကြည့်နေခဲ့ရပေ၏။


မနက်ကိုးနာရီကနေ ညကိုးနာရီကြာမြင့်လေရာ ဟော့ယုံချင်းမှာ မနေနိုင်စွာ သမ်းဝေမိသွားသည်။ ဤအတောအတွင်း၌ သူဟာ ပြောင်ကောနှင့် အတူနေခဲ့ရရာ စောစောအိပ်၍ စောစောထရတာကို အသားကျနေပြီဖြစ်သည်။ အချိန်က ကျလာပြီဖြစ်ရာ အိပ်ချင်စိတ်က မနေနိုင်စွာ တိုးဝင်လာနေပြီဖြစ်၏။


“အိပ်ချင်နေပြီလား”


ရင့်ကျက်သော အမျိုးသားတစ်ယောက်၏ အသံက ရုတ်တရက်ထွက်ပေါ်လာသည်။ ဟော့ယုံချင်း ဘေးသို့ကြည့်လိုက်တော့ သူ့အား စကားပြောသောလူက အလုပ်ရှင် မစ္စတာဟိုက်ဖြစ်နေတာကို တွေ့လိုက်ရလေသည်။


သူက ဟော့ယုံချင်းထံ ကော်ဖီခွက် ကမ်းပေးရင်း အင်္ဂလိပ်လို မေးမြန်းလာသည်။


“တစ်နေကုန်ကြည့်ပြီးသွားတော့ ဘယ်လိုခံစားရလဲ”


“အမ်း…သိပ်မဆိုးပါဘူး”


ဟော့ယုံချင်းသည် ခုမှပေါက်စနသာသာ ဖြစ်တာမို့ စကားများများပြောလျှင် အမှားပါမှာ စိုးလေသည်။


အလုပ်ရှင်က မျက်ခုံးပင့်သည်။ သူ့အဖြေကို သိပ်ကျေနပ်ပုံမရ။ ချက်ချင်းပင် ဟော့ယုံချင်းကို ထားခဲ့၍ တခြားဟာတွေ သွားလုပ်နေတော့သည်။ ဟော့ယုံချင်း ကော်ဖီတစ်ငုံသောက်ရင်း ခပ်ဖြည်းဖြည်း သက်ပြင်းမှုတ်ထုတ်လိုက်ရသည်။ ပင်ပန်းလွန်းလို့ အိပ်ချင်လှလေပြီ။


°°°°°°


တစ်ပတ်လောက် အဆက်မပြတ် အလုပ်လုပ်ပြီးနောက်မှာတော့ အသိစိတ်က ဆယ့်ရှစ်နှစ်သားသာရှိသေးသော  ဟော့ယုံချင်းသည် လက်အောက်ဝန်ထမ်းဖြစ်ရခြင်း၏ နာကျင်မှုအရသာကို မြည်းစမ်းဖူးသွားလေသည်။ ပထမဆုံးသော အလုပ်ဝင်ရက်ကသာ အလွန်အမင်း ပျင်းစရာကောင်းတာဖြစ်သည်။ 


နောက်ရက်များတွင်တော့ သေလောက်အောင် အလုပ်များတော့သည်။ အလုပ်ရှင်မှာက များပြားသော အလုပ်အော်ဒါများရှိရာ တစ်ယောက်ကို သုံးနာရီနီးပါး ကြားကနေ စကားပြန်လုပ်ပေးနေရသည်။


 သူ့အလုပ်ရှင်က သူ့ကိုသာ စကားသိပ်မပြောပေမဲ့ စီးပွားမိတ်ဖက်တွေနှင့် ပြောဆိုဆွေးနွေးရာမှာတော့ အလွန်ဂရုတစိုက်ရှိလှရာ ဟော့ယုံချင်းမှာ တစ်ချိန်လုံး ဘေးကနေ ဘာသာပြန်ပေးနေရသည်။​​ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ သူ့နှုတ်ခမ်းက ခြောက်ကပ်လာကာ နှုတ်ခမ်းချည်း သပ်နေမိတော့သည်။


 "နှုတ်ခမ်း သပ်မနေနဲ့တော့။ ဆက်လုပ်နေရင် မင်းနှုတ်ခမ်းက အရေပြား ကွဲလာလိမ့်မယ်”


 အလုပ်ရှင်က ရုတ်တရက် သူ့အလုပ်ကနေ ကြားဖြတ်ကာ ဟော့ယုံချင်းထံ ပြောလာသည်။


ဟော့ယုံချင်းသည် အလုပ်လုပ်နေပုံသာရသော်လည်း တကယ်က တရေးနိုးအိမ်မက်တွေ မက်နေပြီဖြစ်သည်။ ညဆယ်နာရီထိုးနေပြီဖြစ်ရာ အိပ်ရာဝင်ချိန်ရောက်နေပြီပင်။ သူက အလုပ်ရှင်ပြောသောစကားကို သေချာနားမထောင်မိလိုက်ဘဲ တစ်ဖက်က စီးဖွားဖက်ပါတနာကို ထိုစကားလုံးအတိုင်း ဘာသာပြန်ပေးလိုက်၏ ။


စီးပွားဖက်မှာ ကြက်သေသေသွားရင်း သူ့နှုတ်ခမ်းသူ ယောင်အမ်းအမ်း ထိကြည့်လာသည်။


“ငါ..ငါက မဟုတ်”


“တောင်းပန်ပါတယ်။ ကျွန်တော် မှားပြီး ဘာသာပြန်မိတာပါ”


ဟော့ယုံချင်း အသိပြန်ဝင်သွားသည်။ သူက အလုပ်ရှင်ထံ ကြည့်လိုက်တော့ ထိုသူက သူ့အား တည့်တည့်ကြည့်နေတာကိုမြင်လိုက်ရသည်။ သူအားတင်းပြုံးကာ ပြောလိုက်ရသည်။


“စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာဟိုက်”


အလုပ်ရှင်က တစ်ဖက်ပြန်လှည့်သွားကာ အလုပ်ကိစ္စပြန်ပြောလေသည်။


တစ်နေတာ အလုပ်လုပ်ပြီးသွားချိန်မှာတော့ ဟော့ယုံချင်းက သန့်စင်ခန်းသို့ ဦးစွာသွားကာ မျက်နှာသစ်၍အဆောက်အဦးမှ ထွက်ခွာရန် ပြင်ဆင်သည်။


 ထင်မှတ်မထားစွာပင် အောက်ထပ်၌ အလုပ်ရှင်နှင့် တွေ့လိုက်ရ၏။ အလုပ်ရှင်က ပြိုင်ကားဘေးမှာ ရပ်ကာ မေးလာသည်။ 


"လိုက်ပို့ပေးရမလား”


 ဟော့ယုံချင်းက အကန့်အသတ်ဖြင့်ထုတ်ထားသော

ပြိုင်ကားကို စိုက်ကြည့်ရင်း ရှက်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားလာ၏။


 ဘယ်ယောက်ျားကများ ကားတွေကို မကြိုက်တာ ရှိမှာတဲ့တုန်း။


 "ဟုတ်ကဲ့” 


သူက ပြတ်ပြတ်သားသား သဘောတူလိုက်ရင်း အလုပ်ရှင်၏ ကားထဲကို ဝင်လိုက်သည်။


 သူ့ပြောင်ကော၏အိမ်လိပ်စာကို ပြောပြပြီးနောက် ဟော့ယုံချင်းက နာခံစွာဖြင့် အထဲဝင်ထိုင်လိုက်ချိန်မှာ တစ်ဖက်လူထံမှ ခပ်သာသာ ရယ်မောသံကို ရုတ်တရက် ကြားလိုက်ရသည်။


 “လုပ်စမ်းပါ…ခုက  ငါတို့နှစ်ယောက်ပဲ ရှိတော့တာလေ ။ဟန်ဆောင်ချင်သေးတာလား..ဟမ်”


ဟော့ယုံချင်းက အလုပ်ရှင်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ထိုသူက ရှေ့သို့ကြည့်နေ၏။သူ့မျက်ခုံးက သာမန်လူတွေထက်မြင့်သည်။ အနောက်တိုင်းသွေးနှောမို့လားတော့မသိ။ မျက်ခုံးအောက်က မျက်ဝန်းအစုံကမူ ရေသေအိုင်နှယ် နက်ရှ၍ အလင်းရောင်အောက်မှာ တလက်လက်ဖြာနေသည်။


“မင်းငါ့ဆီကို CV ပို့ရဲမယ်လို့ ထင်မထားဘူး”


အလုပ်ရှင်က သူ့ကိုလှည့်ကြည့်လာကာ စကားနှစ်လုံးကို ထုတ်ပြောလာသည်။


“သိုက်ယွမ်…..”


ဟော့ယုံချင်း ရုတ်တရက်ကြီး ငိုက်မျည်းလာကာ စကားတစ်ခွန်းမှမမေးမီ အိပ်ပျော်သွားခဲ့လေသည်။ 


ပြန်နိုးလာသောအခါတွင်မူ သူ့ကိုယ်သူ တက္ကသိုလ်အဆောင်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။


ကုန်းလန်က သူ့အိပ်ရာပေါ်မှာ တက်လှဲနေတာ ဘယ်လောက်ကြာပြီလဲပင်မသိပေ။ ထိုသူက ခေါင်းကိုလက်ဖြင့်ထောက်လျက် သူ့အား ကြည့်လာကာ


“အိပ်နေလိုက်တာ ဝက်ကျရော…အိပ်ရေးရော ဝပြီလား။ ဝရင် ထပြီး မနက်စာစားတော့။ငါ မနက်စောစောထပြီး ရှန်းတဟိုတယ်ကိုတောင် သွားဝယ်ထားရတာနော်”

 

ပြောရင်းဖြင့် သူက အောက်နှုတ်ခမ်းကို အနည်းငယ်မဲ့ကာ သရော်လိုဟန်ဖြင့် ပြုံးသည်။


“ မင်းတို့ အဆောင်က ချုံဝမ့်ဖေက ဘယ်လိုလုပ် ဒီလောက်အရှက်မဲ့ရတာလဲ။ငါ ဒီမှာရှိနေတာတောင် သူက မနက်စာဝယ်လာလိုက်သေးတယ်။ သူဝယ်လာတာတွေက စားလို့ရော ရရဲ့လားပဲ။ ယုံယုံဗိုက်လေးနာသွားရင် ဘယ်လိုလုပ်ပါ့မလဲ”


ဟော့ယုံချင်းသည် သူ့နံဘေးနားက လူကိုကြည့်ရင်း မေးခွန်းထုတ်လိုက်တော့သည်။


“သိုက်ယွမ်က ဘယ်သူလဲ”