“သိုက်ယွမ် ? “
ကုန်းလန်က ထိုနာမည်ကြားတော့ သူ့ပုံစံက ဟော့ယုံချင်းထက်တောင် စိတ်ရှုပ်ထွေးသွားပုံရသည်။
ခုချိန်မှာ ကုန်းလန်က သိုက်ယွမ်ကို မသိသေးတာလား…..။
ဟော့ယုံချင်း မျက်လွှာချလိုက်သည်။
အိမ်မက်လည်းမဟုတ်။
အတိတ်မေ့နေတာလည်း မဟုတ်။
၁၈နှစ်သားသူဟာ ၂၇နှစ်အရွယ်သူကိုယ်တိုင်၏ကိုယ်ထဲသို့ အချိန်ကူးပြောင်းသွားကာ သွားလိုက်ပြန်လိုက် ဖြစ်နေခဲ့သည်ပင်။
ကုန်းလန်၏ မျက်နှာက ရုတ်တရက် နီးကပ်လာသည်။ သူက စိတ်ရှုပ်ထွေးမှုကို ဖယ်ရှားလိုက်ပြီး သူ့မျက်လုံးများက မကျေမနပ်ဖြစ်မှုကို ပြသလာ၏။
"ယုံယုံ….မင်းဘာလို့ သိုက်ယွမ်ဆိုတဲ့ တခြားလူတစ်ယောက်နာမည်ကို ပြောနေရတာလဲ။ သူက ယောက်ျားလား။ မိန်းမလား? မင်းတို့ဘယ်တုန်းက ဆုံခဲ့တာလဲ..."
သူက စကားဆက်ပြောနေပေမဲ့ ဟော့ယုံချင်းက သူ့ကို တွန်းဖယ်လိုက်ပြီး ထထိုင်လိုက်သည်။
ကုတင်၏ကန့်လန့်ကာကိုဖွင့်လိုက်ချိန်၌ ချုံဝမ့်ဖေလည်း ရှိနေတာကို တွေ့လိုက်ရလေသည်။
စောနတုန်းက ကုန်းလန်ဟာ အကျယ်ကြီးပြောထားလေရာ ချုံဝမ့်ဖေ ကြားမည့်ပုံပင်။ သူကတချက်လှမ်းကြည့်ပြီးနောက် မျက်နှာလွှဲသွားသည်။
ဟော့ယုံချင်း ချုံဝမ့်ဖေထံ မနေနိုင်စွာ တစ်ချက်ကြည့်လိုက်သည်။
ခုလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ဗြောင်ကျကျရန်စောင်ပြီး သဘောထားကွဲလွဲနေတဲ့ နှစ်ယောက်က သိုက်ယွမ်အတွက်နဲ့ ပူးပေါင်းပြီး သူ့ကို ဖိအားပေး ဒုက္ခရောက်စေခဲ့ကြတယ်ပေါ့။
သိုက်ယွမ်က ဘယ်လိုလူစားမျိုး မလို့လဲ။
"ယုံယုံ..မင်းသူ့ကိုကြည့်တာ ဘာလုပ်မလို့လဲ"
ဟော့ယုံချင်းမျက်နှာက တစ်ဖက်သို့ ပြန်ဆွဲယူခံလိုက်ရကာ ကုန်းလန်၏ ၏ အနည်းငယ်အေးစက်နေသော လက်ချောင်းများက သူ့ပါးပြင်ကိုထိလာသည် ။ အအေးဓာတ်က သူ့ကို စိတ်မသက်မသာဖြစ်စေသည်မို့ ယော့ယုံချင်းက ကုန်းလန်၏ လက်ကိုဖမ်းဆုပ်ကာ ပြောလိုက်သည်။
“ဒီတိုင်းကြည့်ရုံပါ”
ထိုစကားကို ပြောပြီးနောက်သူက အိပ်ယာမှ ထလိုက်သည်။
သိပ်မကြာခင် ကုန်းလန်သည်လည်း ကုတင်ပေါ်ကနေ ထလာသည်။ စားပွဲရှေ့မှာ မတ်တပ်ရပ်ပြီး အဝတ်အစားလဲနေသော ဟော့ယုံချင်းကို မြင်ရချိန်မှာတော့ သူ ချက်ချင်း ဒေါသထွက်သွားသည်။ သို့သော်လည်း ဤနေရာ၌ အပြင်လူများ ရှိနေရာ သူစိတ်လွတ်၍မဖြစ်ချေ။ တခြားသူတွေ မမြင်အောင် ဟော့ယုံချင်းကိုယ်ကို သူ့ခန္ဓာကိုယ်ဖြင့် တတ်နိုင်သမျှ ကာထားပေးဖို့သာ လုပ်ရတော့သည်။
ဟော့ယုံချင်းကတော့ ကုန်းလန်၏ လက်ရှိတွေးနေတာတွေကို ဂရုမစိုက်နိုင်ချေ။
သူက အဝတ်အစားလဲပြီးနောက် အမြန်ဆေးကြောသန့်စင်ကာ အိပ်ဆောင်မှ ထွက်သွားဖို့ ဟန်ပြင်လိုက်သည်။
"ယုံယုံ"
ကုန်းလန်က သူ့နောက်ကို လိုက်လာပြန်သည်။ဟော့ယုံချင်းက မနက်နိုးနိုးချင်း ဘာကြောင့်သိုက်ယွမ်ဟူသော အမျိုးသားကို မေးမှန်း နားမလည်ပေမဲ့ ခုကျ သူ့ကိုလျှစ်လျူရှုထားပြန်ပေသည်။
"ဒီမနက် အတန်းမရှိဘူးလား။ အပြင်မထွက်ခင် မနက်စာစားဦးလေ။"
"မစားချင်ဘူး ကုန်းလန်….ငါ တစ်ယောက်တည်းနေချင်တယ်"
လေးလေးနက်နက်ပြောပုံပါပဲ။
သည်တစ်ခါ ဟော့ယုံချင်းက ကုန်းလန်ကို အလေးအနက်ပြောလိုက်ခြင်းဖြစ်သည်။
ကုန်းလန်သည် ဟော့ယုံချင်းက ယခင်တစ်ခေါက်က အင်တာနက်ကဖေးကနေ သူ့ဟာသူပြန်မည်ဟုပြောသော အချိန်နှင့် ယခုတစ်ခေါက်ကြားက ခြားနားမှုကို ပြောနိုင်သည်။
သူ့စိတ်ထဲမှာ အတွေးပေါင်းသောင်းခြောက်ထောင် ပေါ်လာပေမဲ့ မျက်နှာမှာတော့ အနူးညံ့ဆုံးအမူအရာနှင့်အတူ အနည်းငယ် မတရားခံရဟန်စွက်လျက်ဖြင့်
"ကောင်းပြီ။ ဒါဆို ဘယ်ချိန်ထိ တစ်ယောက်တည်းနေချင်တာလဲ။ ငါ ဘယ်ချိန်ကျ မင်းကို လာတွေ့ရမလဲ”
ဟော့ယုံချင်း သူ့လည်ပင်းသူ ပွတ်သပ်လိုက်ရင်း ဖြေလိုက်၏။
“ငါလည်း မသိဘူး၊ နောက်မှ ပြောကြတာပေါ့”
ပြောပြီးသည်နှင့် သူ ထွက်လာခဲ့လိုက်တော့သည်။
သူ သိုက်ယွမ်ကို ခုချိန်မှာ ရှာချင်နေမိသည်။ကျောင်းဖိုရမ်ပေါ်မှာ သိုက်ယွမ်ကို သိသည့်လူရှိလားဟုပင် ပို့စ်တင်မေးဖို့ စိတ်လောခဲ့မိသေးသည်။
အဆုံးတွင် သူ ထိုအကြံကို စွန့်လွှတ်လိုက်၏။
သိုက်ယွမ်ကို ရှာတွေ့ရင်ရော…ဘာလုပ်မှာလဲ။
အဖြေမရှိချေ။
ထိုနေ့ပြီးသည့်နောက် ကုန်းလန်ဟာ ဟော့ယုံချင်းထံ ထပ်လာမတွေ့တော့ချေ။ မက်ဆေ့ချ်ဖြင့်သာ နေ့တိုင်းစာပို့၍ ဘာစားပြီးလဲ။ ကောင်းကောင်းအိပ်ပျော်ရဲ့လားဟူသည်ကိုမေးကာ ထုံးစံအတိုင်း သူ့လူတွေကိုသုံးလျက် ဟော့ယုံချင်းအဆောင်ကို ပစ္စည်းများ ပို့ပေးနေတတ်သည်။
ရက်အနည်းငယ်အကြာမှာတော့ သူတို့အခန်း၏အဆောင်မှူး က မေးလာသည်။
“ရှောင်ဟော့.. မင်းရဲ့သူငယ်ချင်းကောင်းက….. ခုတလော ဘာလို့ လာမတွေ့တာလဲ။ သူအလုပ်များနေတာလား”
ဟော့ယုံချင်းက ကုန်းလန်ပို့ပေးထားသောအရာတွေကို မထိချင်သော်ငြား ပစ္စည်းလာပို့သောလူက အနေရခက်နေဟန်ဖြင့် ပြောလာသည်က ဟော့ယုံချင်းသာ ပစ္စည်းတွေကို လက်မခံပါက သူတို့ပြန်ရောက်လျှင် အဆူခံရမှာဖြစ်ကြောင်း ။
သူ လွှင့်ပစ်ဖို့ကြံပေမဲ့ အဆောင်က လူတွေက တားကြပြန်၏။
“ဒီလောက်ကောင်းတဲ့ပစ္စည်းကို လွှင့်ပစ်မလို့လား”
“မင်း အမှိုက်ပုံးထဲ လွှတ်ပစ်လည်း ခဏနေကျ တစ်ယောက်ယောက်က လာကောက်ဦးမှာပဲ”
နောက်ဆုံးတော့ ဟော့ယုံချင်းသည် ပစ္စည်းတွေကို အခန်းဖော်များအား ဝေမျှပေးကာ ထိုပစ္စည်းများ၏ ဈေးနှုန်းအတိုင်း ငွေသားအဖြစ်ပြန်ပြောင်း၍ ကုန်းလန်ထံ ပေးပစ်လိုက်တော့သည်။
ခုရက်အတော်အတွင်း၌ သူဟာ တစ်ယောက်တည်းပဲ သွားလာကာ အခန်းဖော်များ၏ ဖိတ်ခေါ်မှုများကို ငြင်းပစ်နေမိခဲ့၏။ ထင်မှတ်မထားစွာပင် ထိုတစ်နေ့၌ Building 9ကနေ ထွက်လာချိန်၌ တစ်စုံတစ်ယောက်က သူ့လက်ကိုဆွဲကာ လူသူမသိသော စာသင်ခန်းထဲ ဆွဲခေါ်သွားလေသည်။
“ကုန်းလန်..”
ဟော့ယုံချင်းသည် ရုတ်တရက်လန့်ဖြန့်သွားသော်လည်း တစ်ဖက်လူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်ရချိန်မှာတော့ သူချက်ချင်းပင် ရုန်းကန်တော့သည်။
“မင်းဘာလုပ်တာလဲ။ ငါ့ကိုလွှတ်!”
ကုန်းလန်က စာသင်ခန်းတံခါးကိုပိတ်ကာ လူကို စားပွဲနှင့် နံရံကြားမှာ ပိတ်ဆို့ထားလိုက်၏။ သူ့ပုံစွက ဤကာလအတွင်း ဆိုးရွားနေပုံရကာ ဝိတ်လည်းအတော်ကျသွားသည်။
သူက ဟော့ယုံချင်းအား လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ ဝံပုလွေကဲ့သို့သော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။
“လွှတ်မပေးနိုင်ဘူး!”
ဟော့ယုံချင်း မျက်မှောင်ကြုတ်ကာ ရွေးချယ်စရာမရှိစွာပင် နံရံနှင့်ကျောပြင်ကပ်၍ နေရာလွတ်ရှိအောင် ကြိုးစားလိုက်သည်။
သို့ငြား သူ နံရံနှင့်ကျောကပ်သွားသည်နှင့် ကုန်းလန်က ပို၍ပင် ဖိကပ်လာသည်မှာ သူ့တစ်ကိုယ်လုံးအပေါ် ဖိချလာတော့မည့်အလား။ ပူနွေးသော အသက်ရှုသံက သူ့ပါးပြင်၊ နားရွက်နှင့် လည်တိုင်အပေါ် ကျရောက်လျက်ရှိသည်။ အလွန်အကြူး နီးကပ်နေမှုက ဟော့ယုံချင်းအား မသက်မသာဖြစ်လာစေကာ ပျို့အန်ချင်လာစိတ် ဖြစ်လာစေသည်။
“ကုန်းလန် !’
သူ ကုန်းလန်ကို တွန်းထုတ်ဖို့ကြိုးစားပေမဲ့ အတော်ကြာအောင် ရုန်းကန်ပြီးနောက်မှာတောင် တင်းကြပ်စွာ အဖက်ခံထားရဆဲပင်။ သူ စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာလွှဲပစ်လိုက်သည်။ သို့ငြား ကုန်းလန်ကမူ သူ့အမူအရာကို သတိမပြုဟန်ဖြင့် မျက်လုံးတွေက ဟော့ယုံချင်းလည်တိုင်ပေါ် ကျရောက်နေခဲ့ပြီဖြစ်သည်။
နှင်းတစ်ဆုပ်အလား။
ဘဲငန်းတစ်ကောင်၏ လည်တိုင်ကြော့ကြော့အလား။
ဖြူဖွေးသော လည်တိုင်တလျောက်ကနေ မော့ကြည့်လိုက်တော့ အပူကြောင့် ရဲတွတ်နေသော နားရွက်လေးကို မြင်လိုက်ရ၏။
ကုန်းလန်မျက်လုံးတို့က နက်မှောင်သထက် နက်မှောင်လာသည်။ သူ ခေါင်းငုံ့ကာ နားသံသီးလေးကို ထွေးငုံဖို့ ဟန်ပြင်လိုက်ချိန်၌ ဟော့ယုံချင်း၏ ခပ်ပြတ်ပြတ်သံကို ကြားလိုက်ရသည်။
“မင်းကို မုန်းအောင်လုပ်နေတာလား”
လှုပ်ရှားမှုက တုံ့ခနဲရပ်သွားလေသည်။
ကုန်းလန် မျက်လုံးမှိတ်ကာ သူ့ရင်ထဲက အပူတွေကို ဖိနှိပ်ဖို့ကြိုးစားလိုက်သည်။
“မင်း ငါ့ရဲ့မက်ဆေ့ချ်တွေကို စာမပြန်ခဲ့ဘူးလေ။ ပစ္စည်းတွေပို့ပေးတော့လဲ မင်းလက်မခံဘူး။ ပိုက်ဆံပြန်ပေးဖို့တောင် အတင်းလုပ်သေးတယ်။ ယုံယုံ..ငါ ဘညအမှားလုပ်မိလို့လဲဟင်…ဘာလို့ရုတ်တရက်ကြီး ဒီလို ဆက်ဆံရတာလဲ”
“ငါ….”
ဟော့ယုံချင်းအဖို့ သူဟာ ၉နှစ်အကြာက အချိန်ကာလကို ကူးပြောင်းသွားတာပါဟု ကုန်းလန်အား ပြောမပြချင်ပေ။ ဘယ်သူမှ သူ့ကိုယုံမှာမဟုတ်။ ရူးနေတာဟုပင် ထင်လိမ့်မည်။
“ငါ့အထင်တော့..ငါတို့အရင်က ဆက်ဆံရေးက အတော်ရင်းနှီးခဲ့ကြတယ်လေ။ ခုလဲ အဲ့လိုပဲနေရင် ကောင်းတာပဲမလား”
ရုတ်တရက်ပင် လက်သီးချက်တစ်ချက်က ဟော့ယုံချင်းနောက်ဘက်က နံရံပေါ်သို့ ကျရောက်လာသည်။
ဟော့ယုံချင်း ကုန်းလန်အား အံ့အားတသင့်ကြည့်မိသွားသည်။ ၉နှစ်အကြာက နေရာတစ်ခုမှာ ကုန်းလန်၏ ရက်စက်ကြမ်းကြုတ်မှုတွေကို မျက်မြင်တွေ့ကြုံခဲ့ဖူးသော်ကြား ခုချိန်မှာ အကြမ်းဖက်သောစရိုက်ကိုပြလညလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ကုန်းလန်မျက်လုံးတွေက ဘယ်ချိန်ကမှန်း မသိရစွာ နီရဲလာ၏။
“ငါ သဘောမတူဘူး”
ဟော့ယုံချင်းနှင့် အရင်းနှီးဆုံးလူဖြစ်လာအောင် သူဘယ်လောက်အထိ ခက်ခက်ခဲခဲ အားထုတ်ကြိုးပမ်းထားရသလဲကို ဘုရားမှပဲ သိလိမ့်မည်။
သည်နှစ်တွေအတွင်း ဟော့ယုံချင်းအပေါ် ပွင့်လင်းစွာဖြစ်စေ၊ လျို့ဝှက်စွာဖြစ်စေ ချဥ်းကပ်လာသူများ မရေတွက်နိုင်အောင် ရှိပေမဲ့ သူမောင်းထုတ်တာကို ခံခဲ့ကြရသည်သာ။
ဟော့ယုံချင်း၏မိဘတွေက အစောပိုင်းကတည်းက ကွယ်လွန်သွားတာဖြစ်သည်။ ဦးလေးနှင့် အဒေါ်ကစောင့်ရှောက်ပေးထားသော်ငြား လူလူချင်း ဆက်ဆံရေးကို ကိုင်တွယ်ရာမှာ အတော်အားနည်းနေတုန်းပင်။
သူနှင့် ကုန်းလန်ဟာ ညီအစ်ကိုကောင်းတွေလို ရင်းနှီးနေတာမျိုးမဟုတ်မှန်းတောင် သူ သတိမထားမိတတ်ပေ။ တစ်ခါတလေ တစ်စုံတရာ မူမမှန်မှန်း သတိထားမိသွားပါကလည်း ကုန်းလန်အရူးလုပ်တာကို ခံလိုက်ရသည်ပင်ဖြစ်၏။
ကုန်းလန်သည် ဟော့ယုံချင်းအား သူ့ အကျင့်စရိုက်အပေါ် အခွင့်ကောင်းယူပြီး သူ့အပိုင်အဖြစ် သတ်မှတ်ထားတာကြာလှပြီဖြစ်သည်။ ခုကျ ဟော့ယုံချင်းက သူနှင့်အတူမရှိချင်တော့ဟု ပြောလာသည်။ သူ ဘယ်မှာ လက်ခံနိုင်ပါအံ့နည်း။
သိသာလှစွာပင် တစ်ဖက်လူက သူ့အား ထိတ်လန့်သွားသည်ကို မြင်လိုက်ရသဖြင့် ကုန်းလန်က တောင့်တောင်းစွာပင် နောက်တစ်လှမ်းဆုတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းပြောတာကို သဘောမတူဘူး။ အကြောင်းပြချက်မရှိဘဲ တစ်ဖက်သတ်ပြောတာချည်းကို ငါသဘောတူစရာမရှိဘူး"
သူက လေသံကို နူးညံ့လိုက်ကာဖြင့်
"ကောင်းပြီ ငါမင်းကို လန့်အောင်လုပ်မိသွားမိတယ်။ ဒါပေမဲ့ ငါမင်းကိုအရမ်းဂရုစိုက်တာပါကွာ။ ယုံယုံ….ဒီကမ္ဘာပေါ်မှာ လူဆိုးတွေအများကြီးရှိတယ်။ ငါအနားမှာမရှိရင် မင်းသေချာပေါက်ဒုက္ခရောက်လိမ့်မယ်။ အဲ့ဒါကြောင့်….မင်းဘယ်သွားသွား မင်းကို အဖော်ပြုပေး….”
ဖုန်းသံက မြည်လာသည်။
ကုန်းလန်က သူ့လက်ကိုင်ဖုန်းကို ထုတ်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ပေမဲ့ ဖုန်းကို ကိုင်လိုက်၏။
နှစ်မိနစ်လောက်ကြာတော့ သူဖုန်းချလိုက်သည်။
"ငါ အခု ကုမ္ပဏီကို သွားရမယ်။ ကုမ္ပဏီကိစ္စပြီးရင် မင်းဆီပြန်လာခဲ့မယ်။ အစားကို ကောင်းကောင်းစားနော်"
ကုန်းလန်က သူ့ပိုက်ဆံအိတ်ထဲက ကတ်တစ်ကတ်ကို ထုတ်ပြီး ဟော့ယုံချင်း ၏လက်ထဲကို ထိုးထည့်လာသည်။
"စကားဝှက်က မင်းမွေးနေ့ပဲ။ ငါပြန်မလာမချင်း မင်း ဒါကို ယူထားရမယ်နော်"
ကုန်းလန်ဟာ လူချမ်းသာမိသားစုက ပေါက်ဖွားလာတာဖြစ်သည်။ သူကောလိပ်သို့ တက်သည့်ပထမနှစ်မှာပင် သူ့အိမ်က သူ့အရည်အချင်းတွေကို မြှင့်တင်ဖို့အတွက် စီမံခန့်ခွဲဖို့ရာ ကုမ္ပဏီတစ်ခုကို ခန့်အပ်ထားပေးပြီးသားဖြစ်၏။
ကုမ္ပဏီကိစ္စတွေက အနည်းငယ် အရှုပ်အထွေးရှိလို့ဖြစ်မည်။ သူဟာ စာသင်ခန်းထဲကနေ အမြန်ထွက်သွားတော့သည်။
ဟော့ယုံချင်း သူ့လက်ထဲက ဘဏ်ကတ်ကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။
ထိုအချိန်မှာပင် အခြားတစ်ယောက်၏အသံကို ကြားလိုက်ရလေသည်။
“ယုံချင်း”
ချုံဝမ့်ဖေက ကုန်းလန်ထွက်သွားသော အနောက်ဘက်တံခါးပေါက်ကနေ လှမ်းဝင်လာသည်။ သူက တစ်လှမ်းချင်းစီ ကပ်လာရင်း မေးလာ၏။
“မင်းနဲ့ ကုန်းလန် ရန်ဖြစ်ကြတာလား”
ဟော့ယုံချင်းသည် ချုံဝမ့်ဖေအား သူနှင့် ကုန်းလန် အကြောင်းပြောရန် ရည်ရွယ်ချက်မရှိရာ ခေါင်းယမ်းပြလိုက်သည်။ သူက စာသင်ခန်းထဲက ထွက်သွားဖို့ ဟန်ပြင်လိုက်ပေမဲ့ ချုံဝမ့်ဖေက သူ့ကို အရင်တားလာသည်။
"မင်းကို ဆေးပေးခန်း လိုက်ပို့ပေးရမလား။ မင်းကြည့်ရတာ ဟန်ပုံမရဘူး"
ဟော့ယုံချင်းက သူ့အကြည့်အတိုင်း လိုက်ကြည့်လျက် သူ့လက်ကို ကြည့်လိုက်သည်။ ကုန်းလန်ဆီကနေ ဖျစ်ညှစ်ခံရမှုကြောင့် သူ့လက်ကောက်ဝတ်မှာ နီရဲလျက်ရှိသည်။ သူ၏ ဖြူဖွေးသော အသားအရေကြောင့် အနီရောင် လက်ရာများက ထိတ်လန့်ဖွယ်ရာ ဖြစ်နေ၏။
"မလိုဘူး"
သူက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရင်း။
"ဒါက ရဲရုံသက်သက်ပဲ။ ဆေးပေးခန်းကို သွားစရာ မလိုဘူး။ မင်းမှာ ဘာမှပြောစရာ မရှိဘူး ဆိုရင် ငါ အရင် သွားနှင့်မယ်"
“ခဏလေး”
ချုံဝမ့်ဖေက သူ့အိတ်ကပ်ထဲကနေ ကာတွန်းပုံ အနာကပ်ပလာစတာကို ထုတ်ကာ ငုတ်တုတ်ထိုင်ချရင်း ဟော့ယုံချင်းခြေကျင်းဝတ်ပေါ်မှာ ကပ်ပေးလာသည်။
“ဒီနေရာမှာ သွေးထွက်နေတယ်”
သူက ခေါင်းမော့ကာ ဟော့ယုံချင်းထံ တိုးဖွဖွ ပြောလာလေသည်။