Chapter 5
Viewers 19




ဟော့ယုံချင်းသည် ဂရုစိုက်ခံရတာကို အသားကျနေပြီဖြစ်သော်ငြား ဒီနေ့မှာတော့ ချုံဝမ့်ဖေက သူ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တာကို မြင်ရချိန်မှာ ထူးဆန်းသော ခံစားချက်က လှိမ့်တက်လာသည်။ သူက ကျေးဇူးဟု ပြောရင်း ကွေ့ရှောင်၍ အမြန်ထွက်လာလိုက်တော့သည်။


အရင်ကဆိုလျှင်တော့ ဒါမျိုးဖြစ်မှာမဟုတ်။ သို့ငြား ခုချိန်၌ သူဟာ ကိုးနှစ်အကြာက ချုံဝမ့်ဖေနှင့် ကုန်းလန်၏ ပုံစံကို မြင်ထားပြီးပြီဖြစ်ရာ ယခင်လို ပေါင်းသင်းဆက်ဆံဖို့ဆိုတာ ခက်ခဲလှသည်။


ဟော့ယုံချင်းက ဘဏ်ကတ်ကို စာတိုက်မှတဆင့် ကုန်းလန်၏အိမ်သို့ ပြန်ပို့ပေးလိုက်သည်။ သူ အဆောင်ပြန်ရောက်တော့ အခန်းဖော်တွေက တစ်စုံတစ်ရာကို ဆွေးနွေးနေကြ၏။ သို့သော်လည်း သူဝင်လာတာကို မြင်ချိန်မှာ ချက်ချင်း စကားပြောတာ ရပ်သွားကြလေသည်။


“ရှောင်ဟော့…ပြန်လာပြီပေါ့”


အခန်းဖော်တစ်ယောက်က အိုးတို့အမ်းတမ်း နှုတ်ဆက်သည်။


ဟော့ယုံချင်းက ခေါင်းညိတ်ပြရင်း သူ့ဗီရိုဆီ တည့်တည့်လျှောက်သွားလိုက်သည်။  စောနက အပြင်ထွက်လိုက်ပြီးသည့်နောက်မှာ အနည်းငယ် ပူလာသလို ခံစားရသည်မို့ အဝတ်အစားတွေ ယူ၍ ရေချိုးဖို့ ဟန်ပြင်လိုက်သည်။


 လှည့်ကြည့်လိုက်တော့ မျက်လုံးအစုံပေါင်းများစွာကို ရုတ်တရက်တွေ့လိုက်ရလေ၏။


 ဟော့ယုံချင်းက သူ့အခန်းဖော်တွေကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။တချို့က အနေခက်စွာ ခေါင်းလှည့်သွားကြပြီး အချို့က မေးမြန်းလာကြ၏။ 


 "ရှောင်ဟော့ ကျောင်းဖိုရမ်ကို ကြည့်ပြီးပြီလား။"


 ဟော့ယုံချင်း ခေါင်းယမ်းပြလိုက်သည်။


မေးခွန်းမေးသော အခန်းဖော်က "အိုး" ဟု ပြောရင်း အနည်းငယ် ထူးဆန်းစွာ၊ အိုးတို့အမ်းတမ်းနိုင်စွာ တုံ့ပြန်လာသည်။ 


“မကြည့်ရသေးလဲ ကိစ္စမရှိပါဘူးလေ”


•••••••


 ကျောင်းဖိုရမ်တွင် ဖြစ်သည်။


 အမည်မသိပို့စ် : [ အထူးသတင်း!  နိုင်ငံခြားဘာသာစကားဌာနက ကျောင်းသားဟော့က သူ့ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီ !  ]


 Reply -


 "သူ့မှာ ဘယ်မှာ ရည်းစားရှိလို့လဲ။ ကောလဟာလတွေ ဖြန့်နေတာ ရပ်လိုက်တော့ ဟုတ်ပြီလား "


 "လမ်းခွဲတယ် ?"


“သတင်းက တိကျလို့လား”


“…”


“.....”


 “…”


 ကွန်းမန့်တွေက အထပ် 300 ကျော်ထိ ဆွဲချလာပြီးနောက် မူရင်း ပို့စ်တင်သူက ပေါ်လာကာ ပြောလာသည်။


 "သူတို့ တကယ်လမ်းခွဲလိုက်တာ။ သူတို့နှစ်ယောက် စကားများရန်ဖြစ်နေကြတာ ငါမြင်လိုက်တယ်။ ကျောင်းသားဟော့ရဲ့ ချစ်သူက တစ်ယောက်ယောက်ကို သတ်ချင်နေတဲ့ပုံကြီး။ သူ့ကြည့်ရတာ လွယ်လွယ်နဲ့ လမ်းခွဲပေးမဲ့ပုံမရဘူး။ ဒါပေမဲ့လည်း အခု ကျောင်းသားဟော့က တစ်ကိုယ်တည်းသမားဖြစ်သွားပြီလေ ။ ကျစ် ကျစ် ကျစ် မယုံနိုင်လောက်အောင်ပဲ။ငါ့မှာ သက်သေအနေနဲ့ ဓါတ်ပုံရှိတယ်။ ကြည့်လိုက်ကြ”


 ဓာတ်ပုံသည် အနည်းငယ် ဝါးနေပြီး ကုန်းလန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မရိုက်မိသော်လည်း ယော့ယုံချင်း၏ မျက်နှာကိုမူ ရှင်းရှင်းလင်းလင်း ရိုက်မိထားသည်။


နှစ်ယောက်သားက ကျောင်းဆောင်၏ ထောင့်ချိုးမှာ ရပ်နေကြ၏။ မနက်ခင်း၏ အလင်းတန်းက ဟော့ယုံချင်းမျက်နှာပေါ် ဖြာကျနေသည်။ သူက ခေါင်းအနည်းငယ်ငုံ့ထားကာ စိုက်ကျနေသော မျက်တောင်များက နက်မှောင်ကာ ထူထဲသည်။ မျက်ဝန်းများကမူ ရေကဲ့သို့ကြည်လင်၏။ သူ့လက်မောင်းကို ဆုပ်ကိုင်ထားသောလူက ဖြူဖွေးသော်ငြား ဟော့ယုံချင်းက သူ့ထက်ဖြူဖွေးနေသည်။ မသိလျှင် ဓါတ်ပုံရိုက်သောလူက ဟော့ယုံချင်းဘေးနားသွားပြီး မီးထိုးမှန်ထိုးလုပ်ပေးထားသည့်နှယ်။


ပို့စ်တင်သူက ရုတ်တရက်ပင် လေသံပြောင်းကာ reply ပြန်လာသည်။


“ဟော့ယုံချင်းမျက်နှာက တကယ့် killer ပဲ။ ငါ့လို အဖြောင့်လေးတောင်…ကြည့်ရင်း ကြည့်ရင်း သူက မိန်းကလေးဖြစ်ရင်ကောင်းမယ်လို့ ဆုတောင်တောင်းမိလာပြီ”


လူအုပ်ကြီးကလည်း သူ့နောက်ကနေ သံယောင်လိုက်ကာ ပြောလာကြ၏။


တချို့က ဟော့ယုံချင်းအလှအား ချီးမွှမ်းကြကာ တချို့က ငြင်းခုံကြလျက် ဟော့ယုံချင်းမှာ ရည်းစားမရှိကြောင်း ၊ သူတို့နှစ်ယောက်က သူငယ်ချင်းသာဖြစ်ကြောင်း၊ တချို့မှာမူ ခုမှ ပြူးတုပြူးတဲဖြင့် ဟော့ယုံချင်းက ဘယ်သူလဲ၊ ဘာကြောင့် ဒီလောက်လူသိများနေရသလဲကို မေးနေကြပြီး ပို့စ်ကြီးမှာ စည်ကားနေတော့သည်။ သို့ငြား ကွန်းမန့် တစ်ထောင်လောက်အရောက်၌ အဖျက်ခံလိုက်ရလေသည်။


ဟော့ယုံချင်းမှာ ကျောင်းဖိုရမ်ကိုသိပေမဲ့ တစ်ခါမှ သွားမကြည့်လိုက်ရာ သူနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို မသိလိုက်ပါချေ။


သို့ပေသိ ခုတလောမှာ လူအများကြီးက သူ့ကို တိတ်တိတ်လေး ခိုးကြည့်လာကြတာကို တွေ့လာရသည်။ စိတ်ပဲထင်နေသလားတော့ မသိပါချေ။


ထိုနေ့၌ ဟော့ယုံချင်းက ကျောင်းက ခုံတန်းမှာ ထိုင်နေစဥ် ကင်မရာရိုက်သံကို ကြားလိုက်ရ၏။


သူလှည့်ကြည့်လိုက်ရာ သူစိမ်းကောင်လေးတစ်ယောက်က ဖုန်းကိုင်ထားတာကို တွေ့လိုက်ရသည်။


တစ်ဖက်လူအကြည့်နှင့် ဆုံလိုက်ရသည်နှင့် သူ့မျက်နှာက နီရဲသွားကာ ဖုန်းကိုအမြန်သိမ်းရင်း ထစ်ထစ်ငေါ့ငေါ့ ပြောလာ၏။


“မင်း….မင်းကို ရိုက်တာမဟုတ်ဘူး။ မင်းနောက်က…သစ်ပင်ကိုရိုက်တာ”


ဟော့ယုံချင်းက သူ့အထက်က သက်တမ်းရင့်သစ်ပင်အိုကြီးကိုမော့ကြည့်ကာ တစ်ဖက်ကောင်လေး ပုံရိုက်ရလွယ်ဖို့ ထရပ်ကာ ဘေးသို့ ဖယ်ပေးလိုက်သည်။


သူ အဝေးသို့လျှောက်လာစဥ်မှာပင် ဖုန်းက မြည်ဟီးလာသည်။


“ဟယ်လို”


တစ်ဖက်ကလူက ဟော့ယုံချင်း၏ အထက်တန်းတုန်းက အတန်းဖော်ဖြစ်သည်။ သူတို့တွေမှာ အတော်ကောင်းသော ဆက်ဆံရေးရှိ၍ ဘက်စကတ်ဘော ကစားလေ့ရှိကြပေသည်။


အထက်တန်းအတန်းဖော်က ဟော့ယုံချင်းအား ပိတ်ရက်၌ သူ့ဗီလာသို့ လာရန် ဖိတ်ခေါ်လာသည်။


“ငါ့အဖေ ဆောက်ပြီးခါစပဲရှိသေးတဲ့ ဗီလာလေ။ ပျော်ကြစို့ကွာ။ ငါတို့တွေ ဘာဘီကျု့လုပ်စားလို့လည်းရတယ်။ ငါးမျှားဖို့ရော၊ ရေကူးဖို့ရော ဘာမဆိုလုပ်လို့ရတယ်ကွာ။ VR ခန်းလည်းရှိတယ်။ ငါတို့ အတန်းဖော်ဟောင်းအများကြီးကိုပါ ဖိတ်ထားတာ။ မင်းလည်းလာခဲ့”


အထက်တန်းကျောင်းကအတန်းဖော်က သူ့ကိုဖုန်းခေါ်နေချိန်မှာ ကုန်းလန်က နံဘေးကနေ စပီကာမှတဆင့် နားထောင်နေသည်ဆိုတာတော့ ဟော့ယုံချင်း မသိပါချေ။


စကားပြောပြီးနောက် အထက်တန်းအတန်းဖော်က ပြုံးကာ ဖုန်းချလိုက်သည်။ သူက ကုန်းလန်ကို တံတောင်ဖြင့်တွတ်ကာ ပြောလာသည်။


“ဘာတွေသောက်ကျိုးနည်းလုပ်နေတာလဲ။ သေချာပေါက် မင်းတို့ဗီလာကြီးပဲ သိသာနေတာကို။ငါ့ဟာလို့ပြောခိုင်းပြီး ကြားကနေ ချိန်းတောင်ချိန်းခိုင်းလိုက်သေး”


ကုန်းလန်ကမူ မျက်နှာသေဖြင့်သာ။


“သူငါ့ကို စိတ်ဆိုးနေတယ်”


“ဟေး…မင်းသူ့ကို ဘယ်လိုတွေ ရန်စလိုက်လို့လဲ။ ငါသိသလောက်တော့ သူက စိတ်ရှည်တဲ့လူပါ”


“ဘယ်သိမတုန်း။ ငါက သူ့ကို ရိုက်တယ်ဆိုတဲ့ အိမ်မက်ကို မက်လို့တဲ့။ ငါ့ကိုပြဿနာရှာနေတာ။ ဒီတစ်ခါက …”


ကုန်းလန်က ဒေါသတကြီးပြောနေရင်းမှ တန့်ခနဲဖြစ်သွားကာ နာမည်တစ်ခုက စိတ်ထဲ ပေါ်လာသည်။


အထက်တန်းအတန်းဖော်ကမူ ဆိုဖာပေါ်မှာ လှဲလျက် အူတက်အောင်ရယ်နေ၏။


“ဟားဟားဟားဟား ချစ်စရာကောင်းလိုက်တာ။ အိမ်မက်ထဲမှာ မင်းက သူ့ကို ရိုက်လို့ မင်းနဲ့ သူငယ်ချင်း မလုပ်တော့ဘူးလေ”


“ရယ်မနေနဲ့တော့။ မင်း သိုက်သွမ်ဆိုတာကို သိလား”


ကုန်းလန်က မျက်မှောင်ကြုတ်လျက်ဖြင့်


“ငါ့ကို ကူရှာပေးဦး”


••••••


တစ်ခြားတစ်ဖက်၌မူ….


ဟော့ယုံချင်းသည် အထက်တန်းအတန်းဖော်ဆီက ဖုန်းခေါ်တာကို နားထောင်ပြီးနောက် စာကြည့်တိုက်ဆီ လျှောက်သွားလိုက်သည်။ လမ်းတစ်ဝက်၌ တစ်စုံတစ်ယောက်က သူ့လမ်းကို ပိတ်ဆို့လာသည်။


ထိုလူက ဘာစကားမှမပြောပေ။ဟော့ယုံချင်းလက်ထဲသို့သာ တစ်စုံတစ်ရာထိုးထည့်ပေးသွား၍ ထွက်ပြေးသွားလေသည်။


အပြာရောင် စာတစ်စောင်ပင်။


ဟော့ယုံချင်းမှာ ဘာကိစ္စနှင့်များ စာကို ထိုးထည့်ပေးသွားတာလဲဟု တွေးနေချိန်မှာပင် စာအိတ်၏ထောင့်နားက လက်ရေးသေးသေးလေးကို တွေ့သွားသည်။


သိုက်ယီရှန်းထံမှ ပေးစာ….ဟူ၍။


ထိုနာမည်က မိန်းကလေးနာမည်နှင့် လွန်စွာတူသော်ငြား သူ့အားစာပေးသွားသောလူက ယောက်ကျားလေးသာ။


ဟော့ယုံချင်းသည် နာမည်ကိုမြင်ချိန်၌

 သိုက် မျိုးရိုးနှင့် တခြားတစ်ယောက်ကို တွေးမိသွားသည်။ စဥ်းစားတောင်မနေဘဲ သူက စောနက လူငယ်နောက်သို့နောက်၍ အော်ခေါ်ရန် ဟန်ပြင်လိုက်လေသည်။


“အတန်းဖော်…ခဏစောင့်ပါဦး”


နောက်ကလိုက်နေရင်း လမ်းတစ်ဝက်မှာပင် သူသည် မညီညာသော ကြမ်းခင်းကြွေပြားကို ခလုတ်တိုက်မိသွားကာ အထိန်းကွပ်မဲ့စွာ ပြုတ်ကျသွားတော့သည်။


နာကျင်မှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏။ သူ မျက်လုံးတွေကို ယောင်ဝါးဝါးပိတ်ကာ ခဲယဥ်းစွာဖြင့် တစ်ဖန် ဖွင့်ကြည့်လိုက်သည်။