Chapter 02
Viewers 955

Chapter 02


“သတိုးသားလောင်း၏အသံ”

ရှန်းယုဟန်က ထိုအမျိုးသမီးနှင့် အစ်မကျောင်း၏ ပါးစပ်မှ သိလိုက်ရသည်မှာ သူ့ကို စောင့်ကြပ်နေကြတာဖြစ်ပြီး သူ့ကို မနက်တွင် ဒီကို ပို့ခဲ့ပြီး နေ့လည်မှာ စံအိမ်တွင် အစောင့်အကြပ်လေးဦးရှိနေသည်။ ထိုသည်မှာ ရှန်းယုဟန်ကို စောင့်ကြည်ဖို့နဲ့ ထွက်ပြေးလျှင် တားဆီးဖို့ဖြစ်သည်။ တကယ်တော့ တခြားသူများ၏ အမြင်တွင် ရှန်းယုဟန်က အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက်ဖြစ်ပြီး အစ်မကျောင်းက အမျိုးသမီးတစ်ယောက် ဖြစ်နေတာကြောင့် သူမက သူ့ကို ထိန်းထားနိုင်မှာမဟုတ်ပေ။

သို့သော် ဒီလို စောင့်ကြည့်မှုက ရှန်းယုဟန် ကမ္ဘာသစ်ကို လက်ခံနိုင်ရန် အချိန်အနည်းငယ်ပေးခဲ့ပြီး အနည်းဆုံးတော့ သူ့အတွေးတွေကို ဖြေရှင်းဖို့ ရက်အနည်းငယ်ရှိနေခဲ့ပြီ။

စံအိမ်တွင် နေ့တစ်ဝက်ခန့်နေပြီး​နောက် ရှန်းယုဟန်က ထိုအမျိုးသမီး၏ အချက်အလက်ကို အစ်မကျောင်းဆီကနေ သိခဲ့ရသည်။ သူမသည် သူ့သတို့သားလောင်းအဖေ၏ တတိယဇနီးဖြစ်သည်။

အစ်မကျောင်းသည် လက်ဖဝါးအရွယ်ရှိသော လေးထောင့်ပုံးသေတ္တာအသေးလေးကတစ်ဆင့် ပြင်ပကို ဆက်သွယ်သည်။ ထိုအရာက ဘာလဲဆိုတာမသိသော်လည်း အစ်မကျောင်းလို အစေခံတစ်ယောက်ကတောင် သုံးနိုင်ရင် သူလည်းသုံးနိုင်လောက်သည်။ သို့သော် ရှန်းယုဟန်က အစ်မကျောင်းကို ထိုပစ္စည်းအကြောင်း မမေးခဲ့ပေ။ ယခုလက်ရှိမှာ ဝိညာဥ်ပြောင်းသွားတာကို မဖော်ပြချင်ပေ။ တာအိုဘုန်းကြီးက သူ့ဝိညာဥ်ကို ဖမ်းသွားရင် ဘယ်လိုလုပ်မလဲ?

ပြီးတော့ အစ်မကျောင်းက ဆက်ဆံရလွယ်သူမဟုတ်ပေ။ သူမက သခင်လေးရှန်း၏ အစားအသောက်ကို မပြောင်းလဲပစ်သော်လည်း မလိုအပ်ရင် ဂရုမစိုက်ပေ။ မနက်တိုင်းမှာ ရှန်းယုဟန်၏ စံအိမ်ထဲမှ အခြေအနေကို သူမက တတိယမဒမ် သွမ့်ချူးဟွေ့ကို သတင်းပို့သည်။ 

အချုပ်အနှောင်ခံရသည့် ပထမဆုံးရက်တွင် ရှန်းယုဟန်က တိတ်ဆိတ်နေပြီး ဆူညံခြင်းမရှိသလို ဇီဇာကြောင်ခြင်းလည်းမရှိပေ။ စံအိမ်မှာနေစဥ် သူက မွန်းစတားတစ်ကောင်လို မပြုမူပဲ မိုဘိုင်းဖုန်းပြန်ပေးဖို့ကိစ္စလည်း ရေးကြီးခွင်ကျယ်မလုပ်ပေ။

ဒါက လူတိုင်းကို အံ့အားသင့်စေသည်။

ရှန်းယုဟန်က စံအိမ်မှာ တစ်ရက်လုံးနေခဲ့ပြီး တီဗီရီမုတ်ကို ကျွမ်းကျင်စွာ အသုံးပြုခဲ့သည်။ အစ်မကျောင်းက ကုန်စုံဆိုင်သွားသောအခါ သူက တီဗီရှေ့မှာထိုင်ပြီး သူ၏ခေတ်သစ်ဗဟုသုတကို တိုးတက်စေရန် တီဗီကြည့်ခဲ့သည်။ သူက သေတ္တာအကြီးကြီးကနေ ဆန်းသစ်သောအရာတွေကို အများကြီး သင်ယူခဲ့ရပြီး အားလုံးက မှန်းချက်သာဖြစ်သည်။

အစ်မကျောင်းထွက်သွားပြီးနောက် ရှန်းယုဟန်က တီဗီမှတစ်ဆင့် ကမ္ဘာသစ်အကြောင်းကို တိတ်တဆိတ်လေ့လာခဲ့ပြီး တီဗီကြည့်တာကို ဘယ်သူမှ မတားမြစ်ခဲ့ပေ။ အစ်မကျောင်းက အနားမှရှိနေရင်တောင် သူ တီဗီထိုင်ကြည့်နိုင်သည်။

ရှန်းယုဟန်က တီဗီမှစျေးဝယ်ထွက်ခြင်းကို တွေ့ခဲ့သည်။ 999၊888၊188 အမျိုးအစားတွေက သူ့မျက်စိရှေ့မှာ ပေါ်လာပြီး နောက်တစ်လိုင်းကို နှိပ်လိုက်သောအခါ လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးအစီအစဥ်၊ လက်တွေ့ချက်ပြုတ်ပြခြင်း၊အစားကောင်းကြိုက်သူများအတွက် အစီအစဥ်များရှိသည်။ စင်ပေါ်မှ လူများခင်းကျင်းထားသည့် မီးဖိုချောင်သုံးပစ္စည်းများသည် သူတွေ့ဖူးတာနှင့်ကွာခြားသော်လည်း ပန်းကန်လုံး၊တူ၊ပန်းကန်ပြားက သိပ်မကွာပေ။ ထို့နောက် တရုတ်ချောကလက်၊တရုတ်ဖက်ရှင်ဘရန်း၊ သက်ကြီးရွယ်အိုတွေအတွက် ဖိနပ်စသဖြင့် ဦးနှောက်ကျင်းပေးသော ကြော်ညာများလည်းရှိသည်။ ဒါ့အပြင် သူက အစ်မကျောင်းအကြိုက်ဆုံးဖြစ်​သော ရိုမန်တစ်ဆန်သော ဇာတ်လမ်းတွဲများကို ကြည့်ခဲ့သည်။ အမျိုးသားနှင့် အမျိုးသမီးကြားက စိတ်ခံစားချက်ငြိတွယ််မှု၊ ဇာတ်လမ်းတွဲ၏အဆုံးသတ်၊ လူသွားလာနေသော တံတားပေါ်က အတွဲများ၏ အနမ်း၊ ရှန်းယုဟန်က သူတို့၏ တည့်တိုးဆန်သောဆက်ဆံရေးကြောင့် အံ့အားသင့်သွားသည်။

အတိတ်မှာ သူသင်ခဲ့ရသည်မှာ 'သိက္ခာနှင့်ဆန့်ကျင်ဘက်ကိုမကြည့်ရ'၊ 'သိက္ခာနှင့်ဆန့်ကျင်သောအရာကို နားမထောင်ရ’၊ သိက္ခာနှင့်ဆန့်ကျင်သောစကားကို မပြောရ'၊ ‘သိက္ခာနှင့်ဆန့်ကျင်သော လုပ်ရပ်ကိုမလုပ်ရ'၊ သူက သိက္ခာနှင့် ဆန့်ကျင်သော အပြုအမူကို ရုတ်တရက်တွေ့လိုက်ရသောအခါ သူသိသော စကားလုံးနှင့် ထိုအရာကိုဖော်ပြလိုက်သည်။ “စည်းကမ်းချိုး​ဖောက်ခြင်း”

ဒီကမ္ဘာက ကွာခြားလွန်းသည်။ ဒါက အနာဂတ်ကမ္ဘာများလား?

ရှန်းယုဟန်၏ ကမ္ဘာသစ်ရှိ ပထမဆုံးခြေလှမ်းမှာ တီဗီကို စွဲလမ်းလာခြင်းဖြစ်သည်။

နောက်တစ်နေ့မွန်းလွဲပိုင်းတွင် သူစိမ်းလူတစ်စုက စံအိမ်ကိုလာပြီး သူတို့နှင့်အတူ အဝတ်အစားများကို ယူဆောင်လာသည်။ ပျော်ရွှင်စရာကောင်းသည်မှာ အစ်မကျောင်းအပြင် သူက တခြားလူတွေနဲ့ ဆက်သွယ်နိုင်ပြီး ကမ္ဘာသစ်ကိုနားလည်နိုင်ရန်နှင့် ဗဟုသုတအသစ်များကို သင်ယူရန် သူတို့၏စကားလုံးများ၊ အကျင့်၊အမူအကျင့်၊ လုံ့လကို လေ့လာနိုင်ခဲ့သည်။

လက်ထပ်ပွဲက နောက်တစ်ပတ်ဖြစ်ပြီး ဝတ်စုံတွေကို စီစဥ်နေကြသည်။ အနည်းငယ်နောက်ကျနေပေမယ့် ငွေဖြင့် ကမ္ဘာကြီးကို လည်ပတ်စေသည်။ 

ဒီစစ်မြေပြင်ကို ကြည့်ကာ ရှန်ယုဟန်က မလွတ်မြောက်နိုင်မှန်း သိတာကြောင့် တစ်စုံတစ်ယောက်ကို နာခံစွာ လက်ထပ်လိုက်မည်။ ဘုရားသခင်က သူ့ကို ပြန်လည်မွေးဖွားဖို့ အခွင့်အရေးပေးခဲ့သဖြင့် သူက ကျည်ဆံကိုက်ကာ အသက်ဆက်ရှင်မည်။ သူ့မှာ တစ်ပြားမှာမရှိတာကြောင့် ဘာလုပ်နိုင်လဲ မသိခဲ့ပေ။ သူထွက်ပြေးသွားရင် နှစ်ရက်အတွင်း ငတ်သေသွားနိုင်သည်။

သို့သော် တီဗီဇာတ်လမ်းတွဲများကို နှစ်ရက်ကြာ ကြည့်ရှုပြီးနောက် ဒီကမ္ဘာမှာ အမျိုးသားနှင့် အမျိုးသမီးသာရှိပြီး ကောမရှိကြောင်း သိလိုက်သည်။

““ဟယ်လို၊ မစ္စတာရှန်း၊ ကျွန်တော်က ယိုရှန်းစတူဒီယိုရဲ့ဒီဇိုင်နာ အန်ဒီပါ။ ဒီဝတ်စုံဖြူကို ဝတ်ကြည့်ပါ။ ဒါက ကျွန်တော်တို့ စတူဒီယိုက နောက်ဆုံးထွက်တဲ့မော်ဒယ်ပါ၊ ဆိုဒ်က ခင်ဗျားနဲ့ကွက်တိပါ၊ စိတ်ကြိုက်ပြင်ဆင်ဖို့ နောက်ကျနေပြီမို့ အသင့်ချုပ်ပြီးသားပဲ ဝတ်လို့ရပါမယ်။”

ကံကောင်းစွာပင် သူက အပ်ချုပ်သမား​​ပြောတာကို နားလည်နိုင်ခဲ့သည်။ မဟုတ်ဘူး၊ ဒီဇိုင်နာ! ကြည့်ရတာ ခေတ်သစ်နဲ့ သူတို့ချီတိုင်းပြည်ကြားထဲမှာ တူညီတာတွေရှိနေသည်။ လက်မထပ်ခင် ဗဟုသုတတွေ ပိုပြီးသင်ယူနိုင်ဖို့ မျှော်လင့်သည်။ ဒါမှသာ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် သူ့အနာဂတ်ခင်ပွန်း သဘောမကျတာကို မခံရမှာ။ နောက်ကျရင် သူ့ခင်ပွန်းက သူ့ကိုသဘောမကျရင်လည်း ရှင်သန်နိုင်အောင် သေချာလုပ်ပြီး တခြားနည်းလမ်းတစ်ခုရှာရမည်။

သူ့အနားမှာ ရှိသမျှအရာအားလုံးကို သင်ယူနေခြင်းက လက်ရှိမှာ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်သည်။

“ကျွန်တော်က ကိစ္စမရှိပါဘူး။” ရှန်းယုဟန်က ပြောလိုက်သည်။

ဝတ်စုံရွေးရတာက မြန်သည်။ ဝတ်စုံတစ်စုံကို စမ်းကြည့်တိုင်း အန်ဒီက ခေါင်းညိတ်ခေါင်းခါလုပ်ပြပြီးနောက် မှတ်စုစာအုပ်ထဲမှာ ချရေးသည်။


သစ်ခွလက်ချောင်းဖြင့် ကုတ်ကိုကိုင်ထားကာ သူက ပြောလိုက်သည်။ “မင်္ဂလာပွဲနေ့မှာ ဝတ်စုံနှစ်စုံလဲဖို့လိုတယ်။ တစ်စုံက အခမ်းအနားမှာဝတ်ရမယ်။ နောက်တစ်စုံက ဆုတောင်းမင်္ဂလာပြုပွဲမှာဝတ်ပြီး မစ္စတာရှန်က ခင်ဗျားနဲ့ ဆင်တူဝတ်မယ်။ အဖြူလား၊ ဝါညိုနုအရောင်လား။ ခင်ဗျားနဲ့အဆင်ပြေတဲ့အရောင်ပေါ့၊ တခြားကြိုက်တဲ့အရောင်ရှိလား? အဖြူရောင်က ခင်ဗျားကိုယ်ပေါ်မှာ မျက်စိအဖမ်းစားနိုင်ဆုံးလို့ ကျွန်တော်မြင်တယ်။ ဧည့်သည်တွေက ခင်ဗျားထက် မသားနားစေရဘူး။”

ရှန်းယုဟန်က သူ့အပြုအမူကို စိတ်မသက်မသာဖြစ်နေပြီး ကျင့်သားရအောင်လုပ်နေသည်။ သူ့နားက ကောအများစုက သူတို့၏ သစ်ခွလက်ချောင်းများကို လှုပ်ရတာကြိုက်သော်လည်း သူက “ပထမဆုံးကော”လို့ သတ်မှတ်ခံထားရပြီး ဒီအပြုအမူကို ကြုံတောင့်ကြုံခဲလုပ်ဖူးတာကြောင့် သူဘာလုပ်လုပ် သူ့အမေက စည်းမျဥ်းတွေကို လိုက်နာဖို့နဲ့ အမှားမလုပ်ဖို့ အမြဲတောင်းဆိုခဲ့သည်။

“ကန့်ကွက်စရာမရှိပါဘူး။ အဆင်ပြေပါတယ်” ရှန်းယုဟန်က ထိုကဲ့သို့ဝတ်စုံများကို တစ်ခါမှမဝတ်ဖူးပေ။ စုတ်ပြဲနေသော အဝတ်အစားဖြစ်စေ၊ သစ်ခွလက်ချောင်း စက်ချုပ်သမား ချုပ်လုပ်ထားသော ဘောင်းဘီဖြစ်စေ စင်တွေပေါ်က အဝတ်အစားများကိုဖြစ်စေ သူနဲ့အတူယူလာခဲ့သည်။ တစ်စုံချင်းစီက သူ့အတွက် ဆန်းသစ်နေသော်လည်း အသစ်အဆန်းက အသစ်အဆန်းဖြစ်တာကြောင့် သူက ခဏတာပဲ သဘောကျခဲ့သည်။

သူက ဒီရက်ပိုင်းတွင် စံအိမ်မှာပဲနေခဲ့ပြီး သူ့အဝတ်အစားတွေကို တတိယမဒမ်ပို့လိုက်သော လူက အကုန်ပြင်ဆင်ပေးတာဖြစ်သည်။ အားလုံးက သက်တောင့်သက်သာရှိပြီး ရွေးချယ်စရာမလိုသလို ပြောစရာပုံစံလည်းမရှိပေ။ အန်ဒီနဲ့ သူ့လက်ထောက်ကိုမြင်ပြီးနောက် ဒီကမ္ဘာပေါ်မှာ အဝတ်အစားမျိုးစုံရှိတာကို သိလိုက်ပြီး ထိုသည်မှာလည်း အသိပညာကို တိုးစေသော အတွေ့အကြုံတစ်ခုဖြစ်သည်။

ပြီးတော့ ဒီအံ့သြစရာအားလုံးကို ရှန်းယုဟန်က သူ့ရင်ထဲမှာပဲသိမ်းထားသည်။ အကြောင်းမှာကား အသိပညာမရှိတာက ကြောက်စရာမကောင်းပဲ တကယ်ကြောက်စရာကောင်းတာက ကိုယ့်ကိုယ်ကိုယ် သတိမပြုမိပဲ အသိပညာမရှိတာဖြစ်သည်။

“မစ္စတာရှန်ကလည်း ငါတို့စတူဒီယိုကို အကုန်စီစဥ်ပေးဖို့ ပြောထားတယ်။ မင်းတို့နှစ်ယောက်လုံးမှာ လိုချင်တဲ့ပုံစံမရှိတော့ ငါပြင်ဆင်ပြီးရင် နက်ဖြန်ပို့ပေးလိုက်ပါမယ်။”

ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားတို့အဆင်ပြေသလို ပြင်ဆင်ပေးလို့ရပါတယ်။”

စတူဒီယိုဘက်က ဖောက်သည်ကို ရိုးသားမှုဖော်ပြရန်အတွက် အန်ဒီက သူမပြန်ခင်မှာ ရှန်းယုဟန်ကို ထုတ်ကုန်အသစ်များစွာကို ပေးခဲ့သည်။ 

ရှန်းယုဟန်က ငြင်းချင်သော်လည်း သူက သူ့သတိုးသားလောင်း ပိုက်ဆံအများကြီး ကုန်ချထားတယ်လို့တွေးပြီး နောက်ဆုံးမှာ လက်ခံလိုက်သည်။

တတိယမြောက်နေ့ မနက်တွင် လူနှစ်ယောက်က သူ့ကိုဆံပင်လာညှပ်ပေးခဲ့ပြီး တစ်ယောက်က ဆံပင်လျှော်ပေးပြီး နှိပ်နယ်ပေးသည့် အလုပ်သင်ဖြစ်ပြီး နောက်တစ်ယောက်က သူ့ဆံပင်ကို ခရမ်းရောင်ဆိုးပေးပြီး ဆံပင်ညှပ်ပေးသည့် ဆံသဆရာဖြစ်သည်။ ရှန်းယုဟန်က သူနဲ့ စကားစမြည်ပြောခဲ့သည်။

ရှန်းယုဟန်က ထိုင်ခိုင်းရင် နာခံစွာထိုင်သည်။ လျှော်မယ်ဆို အလျှော်ခံသည်။

တစ်ဖက်လူက သူဘာလိုချင်လဲမေးတော့ သူက အဝါရောင်အပိုင်းကို ဖြတ်ပေးပါလို့ ပြောလိုက်သည်။

အစ်မကျောင်းက သူ့ကို ဘေးကနေကြည့်နေပြီး တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရသည်။ ရှန်းယုဟန်က စံအိမ်မှာ ပိတ်ထားကတည်းက သူမအပေါ် သူ့အပြုအမူက မကွာခြားသော်လည်း တခြားအချိန်တွေမှာ သာမန်လူနှင့်တူပြီး ငြိမ်သက်နေသည်။ ဆံပင်ညှပ်နေတော့လည်း သခင်လေးရှန်ချီဟွမ်းကို လက်ထပ်ရမှာကို လက်ခံထားသည့်ပုံရသည်။

သူမက ဒီအကြောင်းကို သွမ့်ချူးဟွေ့ကို ပြောပြီး​နောက် တစ်ဖက်လူက ​အေးစက်စွာ နှာမှုတ်လိုက်သည်။ “ငါ့ကိုလှည့်စားချင်နေတာ၊ အစ်မကျောင်း၊ သူ့လှည်ကွက်ထဲမဝင်စေနဲ့၊ သူက မင်း အစောင့်တွေကို မောင်းထုတ်လိုက်တာကို လိုချင်နေတာ။ ပြီးရင် ချီယွင်ကိုတောင်းဖို့လေ။ သူ့ကိုသေချာစောင့်ကြည့်ထားပြီး ချီဟွမ်းနဲ့ လက်ထပ်ပွဲကို ပြီးသွားအောင် သေချာလုပ်။”

အစ်မကျောင်းက မဒမ်၏ထင်ကြေးက ကျိုးကြောင်းဆီလျော်သလို ခံစားလိုက်ရသည်။ အသက်ကြီးလေ ပညာရှိလေဖြစ်တာကြောင့် အငယ်က အကြီးနဲ့ ကစားလို့မရနိုင်ပေ။ “မဒမ်၊ ကျွန်မနားလည်ပါတယ်။ သူရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပါမယ်။”

သွမ့်ချူးဟွေ့က ပြောလိုက်သည်။ “အင်း၊တစ်ခုခုဆို ငါ့ကိုအကြောင်းကြား”

အစ်မကျောင်းက “ဟုတ်ကဲ့၊ ရှမ်းယုဟန်ကို ဆက်စောင့်ကြည့်နေမယ်”ဟု ပြောလိုက်သည်။

ဒီနေ့တွင် ရှန်းယုဟန် ခေါင်းပေါ်က အဝါရောင်ဆံပင်ကို ဖြတ်တောက်လိုက်ပြီး ဆံပင်အမဲကိုသာ ချန်ခဲ့သည်။ ဒါကြောင့်ပိုပြီးသစ်လွင်ကာ ကြည့်ကောင်းနေသည်။

ဆံပင်ညှပ်စရာ ထန်နီကလည်း ဆံပင်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို အကြံပေးခဲ့သည်။ ဆံပင်လျှော်ပြီးနောက် လေမှုတ်ပေးရပြီး အပြင်ထွက်ရင် လေကြောင့်ဆံပင်ရှုပ်ပွခြင်းမှ ကာကွယ်ရန် ဆံပင်ဖြန်းဆေးကို ဖြန်းရမည်။ ရှန်းယုဟန်က ဆံပင်တိုကို ဂရုစိုက်သည့်နေရာမှာ အတွေ့အကြုံမရှိတာကြောင့် သူက ခဏတာ အံ့အားသင့်နေခဲ့သည်။

ဆံပင်ညှပ်ဆရာ ထန်နီက သစ်ခွလက်ချောင်းအမူအရာကို လုပ်ရတာမကြိုက်သော်လည်း သူစကားပြောနေစဥ် နူးညံ့ပြီး အနည်းငယ်ရှက်နေကာ စကားတစ်ခွန်းတိုင်းမှာ “အို” စကားလုံးပါသည်။ ထိုသည်မှာ ကောတစ်ယောက်လိုပင် အတော်ထူးခြားသည်။

ဆံပင်တိုညှပ်ပြီး ရက်အနည်းငယ်ကြာပြီးနောက် ရှည်လျားသော ဆံသားအိအိလေးမရှိတော့တာကြောင့် နေသားကျဖို့ခက်သော်လည်း ဆံပင်လျှော်ခြင်းနှင့် ရေချိုးခြင်း၏ လွယ်ကူမှုကို သိရှိခဲ့ပြီး သူက စတင်နေသားကျလာခဲ့သည်။ နောက်ဆုံးတွင် သူက ညတိုင်း ပြတင်းပေါက်ရှေ့တွင် ဆံပင်ချထိုင်ကာ ဆံပင်အမြန်ခြောက်အောင် လမင်းကြီးကို ဆုတောင်းစရာမလိုတော့ပေ။

သူ့တွင် ဆံပင်ထူရှိတာ​ကြောင့် နေ့တိုင်းအရမ်းအိပ်ငိုက်သည်။ ဆံပင်မခြောက်သေးရင် သူ့မော့မော့က သူ့ကိုအနားယူခွင်မပေးပေ။ ဆံပင်အစိုနဲ့အိပ်တာက အသက်ကြီးလာရင် ခေါင်းကိုက်စေတယ်လို့ သူမအမြဲပြောတာကို သူယုံခဲ့သည်။

အခုဆိုရင် လူအများစုက ဆံပင်တိုရှိတော့ ပိုကောင်းသည်။ သို့သော် ဆံပင်အရှည်ကို ဆုံးရှုံးသွားရတာကိုတော့ နေသားမကျသေးပေ။

လေးရက်မြောက်နေ့တွင် ရှန်းယုဟန်က တီဗီကြည့်နေဆဲဖြစ်သော်လည်း ဘယ်အကြောင်းအရာက အမှန်၊ ဘယ်ဟာက လူသိရှင်ကြား ကြော်ညာထားသည့် စျေးဝယ်သတင်း၊ ဘယ်ဟာက လူတွေဖျော်ဖြေတင်ဆက်ထားသည့် ဇာတ်လမ်းတွဲဆိုတာကို ယခုဆို ခွဲခြားတတ်နေလေပြီ။

သူကရုပ်သံလိုင်းကနေ လက်တွေ့ဘဝချန်နယ်ကို ပြောင်းလိုက်ပြီး လွန်ခဲ့သော ရက်အနည်းငယ်တွင် ဒီကမ္ဘာမှာ ဘုရင်မရှိပဲ၊ သမ္မတတစ်ဦးပဲ ရှိကြောင်း သင်ယူခဲ့ရသည်။ လူတစ်ယောက်က အမြဲတမ်းမြင်တွေ့နိုင်သည်မှာ ဒီနိုင်ငံ၏ ခေါင်းဆောင်များက မကြာခဏဆိုသလိုပင် ကျေးလက်သို့သွားလေ့ရှိပြီး အစားအသောက်၊ပိုက်ဆံနှင့် မျိုးစေ့တွေ လှူဒါန်းလေသည်။ လူတိုင်းမှာ စားနပ်ရိက္ခာနှင့် အနွေးထည်ရှိပြီး ပြည်သူတွေကလည်း တိုင်းပြည်ကို ကျေးဇူးတင်ကြသည်။ ရှန်းယုဟန်က ထိုသတင်းတွေကြည့်ပြီး သူတစ်နေ့ နှင်ထုတ်ခံရလို့ အိမ်ခြေရာမဲ့ဖြစ်လာရင် သူ့ကိုလည်း နေစရာပေးကြမှာပဲဟု နှလုံးသားထဲမှာတွေးနေသည်။ လူသားတင်မကပဲ တိရစ္ဆာန်လေးများမှာပင် ယာယီခိုလှိုခွင့်ရှိကြသည်ဟု သတင်းထဲတွင် ဖော်ပြထားသည်။

ထိုသည်မှာ သူတွေးနိုင်သည့် အဆိုးဆုံးအခြေအနေဖြစ်ပြီး ဖြစ်မလာဖို့တော့ မျှော်လင့်နေသည်။

တီဗီကြည့်ရင်း ပြင်ပကမ္ဘာကိုလေ့လာရင်း နောက်တစ်နေ့တွင် အစ်မကျောင်း၏ သေတ္တာအသေးလေးက မိုဘိုင်းဖုန်းဆိုတာကို တီဗီအစီအစဥ်တစ်ခုမှ သိခဲ့ရသည်။

ထိုညတွင် သူက အစ်မကျောင်းကို သူ့မိုဘိုင်းဖုန်း ဘယ်ရောက်သွားပြီလဲလို့ မေးကြည့်တော့ အစ်မကျောင်းက ရေထဲကျသွားပြီး ကွဲသွားတယ်လို့ ပြောခဲ့သည်။

တတိယမဒမ်က သူ့ကို မိုဘိုင်းဖုန်းမပေးဖို့ သူမကို မှာကြားခဲ့တာလို့ ရှန်းယုဟန်က ခန့်မှန်းကြည့်လိုက်ပြီး ‘ရှန်းယုဟန်’ က ရာဇဝတ်မှုမှတ်တမ်းရှိပြီး တတိယမဒမ်၏သားကို စိတ်ဝင်စားနေတာကြောင့် သူမသည် ရှန်းယုဟန်က သူမသားကို ဆက်သွယ်နေတာကို မလိုချင်တာလို့ ခန့်မှန်းလိုက်သည်။ 

သူ့ရွေးချယ်စရာတွေကို မှန်းဆပြီးနောက် မိုဘိုင်းဖုန်း လိုချင်သော စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ အကြောင်းမှာကား မိုဘိုင်းဖုန်းရခဲ့ရင်လည်း မသုံးတတ်တာကြောင့် သူ့မူလကိုယ်နဲ့ ကွာခြားနေကြောင်း ဖော်ပြသလို ဖြစ်သွားလိမ့်မည်။

သူ့လက်ရှိအခြေအနေက ရေနစ်ခဲ့သော ထိတ်လန့်မှုကြောင့် သူပြောင်းလဲသွားတာဟု ရှင်းပြနိုင်သော်လည်း မိုဘိုင်းဖုန်း မသုံးတတ်တော့တာက အဓိပ္ပါယ်မရှိတာကြောင့် တခြားသူတွေက သူ့ကို သံသယဝင်သွားဖို့ လွယ်ကူသည်။


ငါးရက်မြောက်နေ့တွင် လူတစ်ယောက်က အိမ်ကို ထပ်လာခဲ့ပြီး လှပကာ ဆွဲဆောင်မှုရှိစွာ ဝတ်စားထားသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမက ရှန်းယုဟန်ကို သဘက်ခါ အခမ်းအနားမှာ ဘာတွေလုပ်ရမလဲဆိုသော အပိုင်းများကို ရှင်းပြရန် တစ်ယောက်တည်း လာခဲ့တာပင်။

မိန်းကလေးဟယ်က စကားပြောတာ နည်းနည်းထူးဆန်းသော်လည်း သူမက ရှန်းယုဟန်ကို ဝိုးတိုးဝါးတား​ကြည့်ကာ သူမစကားတွေက တစ်ခုခုအရိပ်ပြချင်နေသော်လည်း ဆိုလိုရင်းက မရှင်းမလင်းဖြစ်နေသည်။

“မစ္စတာရှန်း၊ ဒီကိုလာရင်းအကြောင်းက ရှင်နဲ့ရှန်းချီဟွမ်းရဲ့ မင်္ဂလာပွဲကို အတည်ပြုပေးဖို့ပါ။ ကျွန်မက ရှင့်မင်္ဂလာပွဲ အခမ်းအနားရဲ့ အခမ်းအနားမှူးဖြစ်ပြီး ချီဟွမ်းက ကျွန်မရဲ့ ကောလိပ်အတန်းဖော်ပါ။” သူမက ရှန်ချီဟွမ်းနှင့် သူမ၏ဆက်ဆံရေးကို အလေးပေး ပြောခဲ့သည်။

“အို” ရှန်းယုဟန်က ဒီက ပညာရေးအခြေအနေကို မလေ့လာရသေးတာကြောင့် အမှုမထားသလိုဖြေလိုက်သည်။

သို့သော် ရလာသောအချက်အလက်မှာ သူမက ရှန်ချီဟွမ်းနှင့် အသိအကျွမ်းဆိုတာပင်။

မစ်ဟယ်က ပြောလိုက်သည်။ “ကျွန်မ ချီဟွမ်းနဲ့ ချိန်းဆိုထားတယ်၊ ရှင့်ကိုတော့ နောက်မှရှင်းပြပေးမယ်၊ တစ်ခုခုပြင်ဆင်ချင်တာရှိရင် ပြောလိုက်ပါ။”

သူမပြောပြီးသောအခါ အလွန်ပါးလွှာသော မိုဘိုင်းဖုန်းကို ထုတ်လိုက်ပြီး သူ့သတို့သားလောင်း၏ ဖုန်းနံပါတ်ကို ရိုက်လိုက်သည်။

ညို့ဓာတ်ရှိသော အသံနက်ကြီးတစ်ခုက မိုဘိုင်းဖုန်းမှ ထွက်လာခဲ့သည်။ “ဟယ်လို”

မစ်ဟယ်၏ မျက်နှာပေါ်က အပြုံးက နက်ရှိုင်းသွားပြီး “ချီဟွမ်း၊ ကျွန်မက ဟယ်မင်ပါ၊ သဘက်ခါပွဲအကြောင်း ဆွေးနွေးဖို့ မနေ့ညက ချိန်းထားတာလေ၊ ရှင်အခုအားလား? မစ္စတာရှန်းက အခု ကျွန်မဘေးမှာရှိတယ်။”

“ခဏလေး” တစ်ဖက်က ရှန်ချီဟွမ်းက တစ်ယောက်ယောက်နဲ့ စကားပြောနေပုံရပြီး သူ့အနားဝန်းကျင်က တိတ်ဆိတ်သွားကာ “အခုအဆင်ပြေပြီ”

မစ်ဟယ်က ရှန်းယုဟန်၏အမူအရာကို ​တိတ်တဆိတ်ကြည့်နေပြီး ဘာတုံ့ပြန်မှုမှ မတွေ့သောအခါ သူမ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။


ထိုအချိန်တွင် ရှန်းယုဟန်၏ နားရွက်များက အနည်းငယ်နွေးထွေးနေပြီး သူက သတိုးသားလောင်း၏ အသံကို မိုဘိုင်းဖုန်းမှ တစ်ဆင့် ကြားလိုက်သည်။

သူ့အသံက စက်ချုပ်သမား အန်ဒီ၊ ဆံသဆရာ ထန်နီတို့နှင့် ကွာခြားပြီး သူတို့အသံတွေက ရေနဲ့ရောထားသော သစ်သီးဝိုင်နဲ့တူပြီး သူ့သတိုးသားလောင်းကတော့ မြေအောက်မှာ နစ်မြှုပ်နေသော သက်တမ်းရှည်ဝိုင်နဲ့တူကာ နူးညံ့ပြီး ထူးခြားသည်။

သူက တစ်ဖက်လူကို ဟယ်လိုလို့ နှုတ်ဆက်သင့်လား တွေးနေသည်။ 


သို့သော် ဘယ်လိုကောမျိုးက ထို့သို့ အစပြုလို့လဲ၊ သူက ဂုဏ်သိက္ခာရှိသော ကောတစ်ယောက်ဖြစ်တာကြောင့် တစ်သီးတစ်သန့်နေရမည်။


(ရှန်းယုဟန်တို့က အသံနဲ့တင် ယောကျာ်းကို ကြူးနေပြီ)