Chapter 04
Viewers 974

Chapter 04


“ဒီလူကသူ့ခင်ပွန်း”



တတိယမဒမ်သည် ရှန်ချီဟွမ်းကို စိုးရိမ်တကြီးခေါ်ပြီး လူတွေကိုရှာဖို့ ဧည့်ခန်းကိုသွားသည့်အခါ သူမက ရှန်းယုဟန်ကိုမတွေ့တာကြောင့် သူ့ကိုခေါ်ထုတ်သွားကြောင်း သက်တော်စောင့်ဆီက သိခဲ့ရသည်။ သူထွက်ပြေးသွားပြီလို့တွေးကာ သူမက အနည်းငယ်ထိတ်လန့်သွားသည်။

“ရှန်းယုဟန်က ဒီမှာမရှိဘူး၊ မင်္ဂလာပွဲကို ဘယ်လိုဆက်လုပ်မလဲ?”


ထိုအချိန်တွင် ရှန်ချီဟွမ်းနဲ့ ရှန်းယုဟန်က ဓာတ်လှေကားထဲကို မဝင်သေးပဲ ပြောလိုက်သည်။ “သူက ကျွန်တော်နဲ့အတူရှိတယ်။ လက်ထပ်ပွဲကို စီစဥ်ထားတဲ့အတိုင်း ဆက်လုပ်မှာပါ။”


တတိယမဒမ်က သူမရင်ဘတ်ကိုဖိလိုက်သည်။ “သူဘာလို့မင်းဆီရောက်နေတာလဲ?”

ရှန်ချီဟွမ်း: “လူတစ်ယောက်ခေါ်လာတာ”

တတိယမဒမ်က စိတ်အေးသွားသည်။ “ကောင်းပြီ၊ ငါနားလည်ပြီ။ မင်းတို့ အောက်ဆင်းလာပြီး သပ်ရပ်အောင် အရင်လုပ်ကြ၊ မကြာခင် ဧည့်သည်တွေရောက်လာတော့မယ်။”


ရှန်ချီဟွမ်းက အင်းလို့ဖြေပြီး ​ဖုန်းချလိုက်သည်။


အစ်မကျောင်းက တတိယမဒမ်ကိုမေးလိုက်သည်။ “မဒမ်၊ ကျွန်မ သက်တော်စောင့်ကိုမေးလိုက်တယ်၊ လူငယ်လေးတစ်ယောက်က ဒီကိုလာပြီး ရှန်းယုဟန်ကို ခေါ်ထုတ်သွားတာ၊ သူတို့က သူတို့လူထင်လို့ လွှတ်ပေးလိုက်မိတာ”

တတိယမဒမ်က စိတ်ကြည်လင်မှုမရှိတော့ပဲ ပြောလိုက်သည်။ “တော်တော့၊ မင်းကိုလူတစ်ယောက်လေး စောင့်ကြည့်ခိုင်းတာကို ကောင်းကောင်းမလုပ်နိုင်ခဲ့လို့ ပြဿနာတက်လုနီးပါးပဲ။ ကံကောင်းစွာနဲ့ ရှန်ချီဟွမ်းက ပြန်ခေါ်လာလို့ မဟုတ်ရင် ဒီလက်ထပ်ပွဲက ဟာသဖြစ်ပြီး သခင်ကြီးက ငါ့ကိုဘယ်လိုထင်သွားမလဲ”

အစ်မကျောင်းက ခေါင်းငုံ့ကာ ဆူပူတာကို ခံနေသည်။ “မတင်းကြပ်ခဲ့မိတာ ကျွန်မအမှားပါ။”

တတိယမဒမ်က သူ့ကိုအပြစ်တင်ဖို့ မရည်ရွယ်ခဲ့ပေ။ “ထားလိုက်တော့၊ ကံကောင်းစွာနဲ့ ဘာမှမဖြစ်ခဲ့ဘူး။ ငါနောက်မှ ရှန်ချီယွင်ကိုရှာပြီး အရှက်မကွဲဖို့ ချီဟွမ်း၊ ရှန်းယုဟန်တို့နဲ့ ဝေးဝေးနေလို့ပြောလိုက်မယ်။”

သူမသားကိုကြည့်သော ရှန်းယုဟန်၏ အမူအရာမှာ သိသာလွန်းတာကြောင့် ရှန်မိသားစု အရှက်ကွဲမှာကို သူမကြောက်နေခဲ့သည်။


ကြင်စဦးမောင်နှံက ဧည့်ခန်းဧရိယာတွင် တစ်နာရီခွဲကြာအောင် ရပ်နေရပြီး ရှန်ချီဟွမ်းနဲ့ ရှန်းယုဟန်က သူတို့ခံစားချက်များကို ဖော်ပြဖို့ သွားခဲ့ကြတာဖြစ်သည်။


ရှန်ချီဟွမ်းက ရှန်မိသားစု၏ ပထမဆုံးသားမဟုတ်ပေ။ သူက ရှန်ထျန်းဖုန်း၏ ပထမဇနီးဖြစ်သူ ပထမမဒမ်၏သားဖြစ်ပြီး ရှန်မိသားစု၏ တရားဝင်သားဖြစ်သည်။ ပွဲတက်ရောက်လာသော ဧည့်သည်များက အထက်တန်းလွှာမိသားစုများကဖြစ်ပြီး ရှန်မိသားစုနဲ့ ဆက်ဆံရေးကောင်းမွန်သော စီးပွားဖက်မိတ်ဆွေများဖြစ်တာကြောင့် သူက မျက်နှာလာပြဖို့လိုအပ်ခဲ့သည်။

​ပထမမဒမ်က ကလေးလေးယောက်မွေးဖွားခဲ့ပြီး ရှန်ချီဟွမ်းက တတိယကလေးဖြစ်ကာ သူ့မှာ အကိုကြီးတစ်ယောက်၊ အစ်မတစ်ယောက်နှင့် သူ့အောက်က ညီငယ်လေးတစ်ယောက်ရှိသည်။

သူတို့ဘေးတွင် အရံသတို့သားအဖွဲ့လည်းရှိနေပြီး သူတို့ထဲကတစ်ချို့က လက်ဖွဲ့များကို လက်ခံနေပြီး တစ်ချို့က ဧည့်သည်စာရင်းမှတ်နေကြသည်။

သူ့အစ်ကိုကြီးနဲ့ အစ်မလည်း ရောက်နေကြပြီး ဧည့်သည်များကိုနှုတ်ဆက်ဖို့ ကူညီပေးနေကာ ညီလေးက အနုပညာရှင်ဖြစ်ပြီး လေယဥ်စီးနေတုန်းမို့ နောက်ကျမှရောက်မှာဖြစ်သည်။ တကယ်တော့ ရှန်ချီဟွမ်းက ဒီလက်ထပ်ပွဲမှာ သူ့ဆန္ဒမပါတာကြောင့် သူတို့မလာတော့ဘူးလို့ထင်ခဲ့သည်။

ရှန်းယုဟန်က လူစိမ်းများစွာကိုကြည့်ပြီး ထိတ်လန့်နေပေမယ့် တစ်ချိန်တည်းမှာ စူးစမ်းနေသည်။ သူက ရှန်ချီဟွမ်းနှင့် ရပ်နေသည်မှာ ယခုလေးတင် ဖြစ်ပျက်သွားခဲ့တာကြောင့်ဖြစ်ပြီး ရှန်ချီဟွမ်းနဲ့ဆိုရင် လုံခြုံသလိုခံစားရတာကြောင့် ဘေးမှာတစ်ချိန်လုံးရပ်နေတာပင်။

ရုတ်တရက် မိန်းကလေးတစ်စုရောက်လာပြီး သူတို့က ရှန်ချီဟွမ်းကို သိတာကြောင့် သတို့သားနှစ်ယောက်နှင့် ဓာတ်ပုံရိုက်ရန် တိုက်တွန်းနေပြီး ရှန်ချီဟွမ်းက မငြင်းခဲ့သော်လည်း သူ့လှည့်ကြည့်လိုက်တော့ သူ့အနားကပ်လာကာ လက်ကိုတင်းတင်းဆုပ်ထားသော ရှန်းယုဟန်ကို တွေ့လိုက်ရသည်။

ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “မင်းအဆင်မပြေဘူးလား?”


ရှန်းယုဟန်က ခေါင်းခါပြသည်။ “မဟုတ်ပါဘူး။” ထို့​နောက် သူကပြောလိုက်သည်။ “လူအများကြီးရှိနေပြီ၊ ဘယ်လောက်ကြာဦးမှာလဲ?”


ရှန်ချီဟွမ်းက ရှန်းယုဟန် ကောင်းကောင်းပြုမူနေတာကို တွေ့လိုက်ရသည်။ “ဆယ်မိနစ်လောက်ပဲ”


နှစ်ယောက်သား တီးတိုးပြောနေစဥ် တတိယမဒမ်က အစ်မကျောင်းနဲ့အတူ ရောက်လာပြီး ရှန်ချီဟွမ်းအစား ဧည့်သည်လက်ခံပေးနေပြီး သူမ စိတ်အပူဆုံးအရာက ဖြစ်လာခဲ့သည်။


ရှန်းယုဟန်က လူငယ်လေးနဲ့အမျိုးသမီးတစ်ဦး သူတို့ဆီလျှောက်လာတာကို တွေ့လိုက်ရပြီး သူက ခုနကလိုပင် ပေါ့ပေါ့ပါးပါး အပြုံးလေးနဲ့ နှုတ်ဆက်လိုက်သည်။ ယခင်အစီအစဥ်အတိုင်း သူတို့က စုံတွဲဖြစ်နိုင်တာကြောင့် လူတိုင်းကို တန်းတူဆက်ဆံရမည်လေ။


ရှန်းချီဟွမ်းက ရှန်းယုဟန်၏ အမူအရာကို မျက်လုံးထောင့်မှ လေ့လာနေပေမယ့် အပြောင်းအလဲရှိပုံမပေါ်ပေ။

ထိုသည်မှာ တစ်ဖက်လူက ရှန်ချီဟွမ်းကို လှမ်းမခေါ်ခင်အထိဖြစ်သည်။ “အစ်ကိုဟွမ်း၊ ပျော်ရွှင်ဖွယ် လက်ထပ်ပွဲလေးဖြစ်ပါစေ။” 


သူ့ဘေးက မိန်းကလေးကလည်း ချိုချိုသာသာ ပြုံးကာ ကောင်းချီးပေးလိုက်သည်။


ထိုအချိန်တွင် ရှန်းယုဟန်က သူရှေ့ကလူကို ရုတ်တရက် ထိုးပစ်လိုက်မှာကို လူတိုင်းက စိုးရိမ်နေခဲ့သည်။ သို့သော် ရှန်းယုဟန်၏ အမူအရာမှာ တည်ငြိမ်နေပြီး တခြားဧည့်သည်များကို နှုတ်ဆက်သလိုပင် စိတ်ခံစားချက်အတက်အကျ မရှိခဲ့ပဲ ငြိမ်သက်နေခဲ့သည်။

 


ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ “ကေျးဇူးပါ၊ ဝင်ထိုင်တော့။”

သူက ရှန်းယုဟန်၏ အမူအရာကို မျက်လုံးထောင့်မှကြည့်ကာ ဘာမှမတုံ့ပြန်ကြောင်း တွေ့လိုက်ရသည်။ လွန်ခဲ့တဲ့အပတ်ကတောင် သူက ရှန်ချီယွင်ကို ရူးသွပ်နေခဲ့တာ မဟုတ်ဘူးလား၊ ဘာလို့ သူ့ကိုမသိသလိုမျိုး ရုတ်တရက် အမူအကျင့်ပြောင်းသွားရတာလဲ?

ရှန်းယုဟန် ဘာတွေကြံနေတာလဲ?


တတိယမဒမ်က အရမ်းစိုးရိမ်နေခဲ့ပြီး ရှန်ချီယွင်က ဧည့်ခန်းမထဲကို လျှောက်သွားတာတွေ့မှ သူမက စိတ်သက်သာရာရသွားသည်။


မိန်းကလေးက ရှန်ချီယွင်၏ လက်မောင်းကိုဖက်ကာ မေးလိုက်သည်။ “ကိုကို၊ ရှင်ပြောတော့ ရှန်းယုဟန်က ရှင့်နောက်ကိုလိုက်နေတာဆို၊ သူက ရှင့်ကိုမသိသလို ပြုမူနေတယ်၊ ဟန်ဆောင်နေတာလား?”

ရှန်ချီယွင်က အလွန်ခန့်ညားသည်၊ သူနှင့် ရှန်ချီဟွမ်းက ပုံစံမတူကြပေ။ တစ်ယောက်က တည်ငြိမ်ပြီး တစ်ယောက်က နူးညံ့ရည်မွန်သည်။

ရှန်ချီယွင်က ခေါင်းခါကာ ပြောလိုက်သည်။ “ပေါက်ကရတွေမပြောနဲ့၊ ငါသူနဲ့မပတ်သက်ချင်ဘူး။ ဒါမှ လူတွေမလှောင်ကြမှာ။”


မိန်းကလေးက အပျော်ကိုရပ်လိုက်ပြီး “အို”

အထဲဝင်ပြီးနောက် ရှန်ချီယွင်က ကြင်စဦးမောင်နှံကို တိတ်တဆိတ် ပြန်လှည့်ကြည့်ကာ အနည်းငယ်စိုးရိမ်နေသည်။ သူ့ကိုကြိုက်တယ်လို့ ဆက်တိုက်ပြောနေခဲ့သော ရှန်းယုဟန်က ရုတ်တရက်လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ဧည့်သည်များကို နာခံမှုအပြည့်နဲ့ လက်ခံနေကာ ရှန်ချီဟွမ်းကို တွယ်ကပ်နေသည်။ ထိုသည်မှာ စဥ်းစားစရာဖြစ်နေသည်။


ထိုအချိန်တွင် ရှန်းယုဟန်က ဆယ်မိနစ်က ဘယ်လောက်ကြာမလဲ ရေတွက်နေသည်။ ယခု​လေးတင် သူ့ရှေ့မှာရပ်ခဲ့သူက ရှန်းယုဟန် စွဲလမ်းခဲ့သော  ရှန်ချီယွင်ဖြစ်နေမှန်းမသိခဲ့ပေ။ 


ဆယ်မိနစ်ကုန်သွားသည်နှင့် လက်ထဲမှာပန်းစည်းကိုင်ပြီး ရှန်ချီဟွမ်းနောက်ကနေ ဧည့်ခန်းသို့ လိုက်သွားခဲ့သည်။

မိတ်ကပ်ပညာရှင်က သူတို့နှစ်ယောက်ကို အနည်းငယ်ပြန်ပြင်ပေးနေစဥ် ဝတ်စုံဖန်တီးရှင်က သူတို့ဝတ်စုံကို ချိန်ညှိပေးနေသည်။


ရှန်းယုဟန်က တခြားသူများကို နာခံနေပြီး ရှန်ချီဟွမ်းက ဘေးမှာထိုင်ကာ သူ့ကိုကြည့်ပြီး ဖုန်း​ပြောနေသည်။


ဆိုဖာမှာ ခဏထိုင်ပြီးနောက် ရှန်းယုဟန်၏ဗိုက်က ရုတ်တရက်မြည်လာပြီး အသံကတိုးသော်လည်း အခန်းထဲမှာ နှစ်ယောက်ပဲရှိတာကြောင့် ကြက်တစ်ကောင်လို တိတ်ဆိတ်သွားကာ စာပြန်ဖို့ ခေါင်းငုံ့လိုက်သော ရှန်ချီဟွမ်းက ကြားလိုက်ရသည်။

သူကခေါင်းမော့ကာ ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းဗိုက်ဆာနေလား?”

ရှန်းယုဟန််က ဒီမနက်တည်းက ဘာမှမစားရသေးတာကြောင့် ခေါင်းညိတ်လိုက်သည်။ “အွန်း”

ရှန်ချီဟွမ်းက တံခါးနားမှာစောင့်နေသည့် လက်ထောက်ကို သကြားလုံးနှင့် ချောကလက်တချို့ ယူလာဖို့မှာလိုက်သည်။

ရှန်းယုဟန်က လှပသောချောကလက်စက္ကူကို ဖယ်လိုက်ပြီး နို့ဘောလုံးကို ပါးစပ်ထဲထည့်လိုက်သည်။ အရမ်းချိုတာပဲ!

ရှန်းယုဟန်ကို ပထမဆုံးတွေ့တုန်းက ဒေါသကြီးပြီး ပရမ်းပတာအကျင့်စရိုက်ရှိတယ်လို့ ရှန်ချီဟွမ်းက ထင်ခဲ့ပေမယ့် အကျင့်စရိုက်နှစ်မျိုးရှိတာကိုတော့ သူမတွေ့ခဲ့ပေ။

သူက သကြားလုံးထုပ်ကို အသာအယာဖောက်လိုက်ပြီး ဖြည်းဖြည်းချင်း ဖွင့်နေကာ နို့လုံးလေးကိုညှစ်ကာ ပါးစပ်ထဲထည့်လိုက်သည်။ သူက ပရမ်းပတာ လူစားမျိုးဆိုလျှင် သကြားလုံးဖောက်နေစဥ် စိတ်မရှည်ဖြစ်ရမှာပေမယ့် ရှန်းယုဟန်က ထိုသို့မဖြစ်ခဲ့ပဲ ဖီးနစ်မျက်လုံးက မှော်ဆေးစားလိုက်ရသလို ကျဥ်းမြောင်းသွားသည်။

ထိုရှုထောင့်အရ ရှန်းယုဟန်၏ ထိုင်ပုံက သာမန်ဖြစ်ပြီး ​ခြေထောက်ကိုမချိတ်မကားထားပဲ ခြေထောက်လှုပ်သည့်အကျင့်လည်း မရှိပေ။ ဆိုဖာပေါ်မှာ မှီနေရင် ပိုသက်တောင့်သက်သာရှိပေမယ့် သူက သင့်လျော်သော ကိုယ်ဟန်နှင့် နောက်ကျောနဲ့ရင်ဘတ်ကို တပြေးညီမတ်ထားသည်။ ထိုကိုယ်ဟန်အနေအထားက ကြော့ရှင်းပြီး ဒီနေ့မိတ်ကပ်နဲ့ပေါင်းတော့ သူ့အသွင်အပြင်က ကျက်သရေရှိနေပြီး မျက်စိနှင့်နှလုံးသားကို နွေးထွေးသွားစေသည်။

ရှန်ချီဟွမ်းက “မျက်စိနှင့်နှလုံးသားကို နွေးထွေးသွားစေတယ်”လို့ ဘာ​ကြောင့်ရည်ညွှန်းမိမှန်း မသိပေမယ့် သူပင်ပန်းပြီး အတွေးလွန်နေတာကြောင့် ဖြစ်နိုင်သည်။



ရှန်းယုဟန်က ချောကလက်စားပြီးနောက် နောက်တစ်ခုကို ကိုင်လိုက်သည်။ ဒီတစ်ကြိမ်သူဖွင့်လိုက်တော့ အနက်ရောင်ဆေးတစ်လုံးပေမယ့် အရသာက အရမ်းကောင်းပြီး ချိုလွန်းသည်။ ဒုတိယတစ်ခုကိုစားပြီးနောက် ချိုလွန်းတာကြောင့် ရပ်လိုက်သည်။ သူက ချိုလွန်းတာကိုမကြိုက်ဘူး။


စားပွဲပေါ်မှာ ရေနှစ်ဘူးရှိနေပြီး သူကဗိုက်ဆာနေတာ​ကြောင့် ရေသောက်ချင်ပေမယ့် ဘယ်လိုဖွင့်ရမလဲမသိပေ။



သူမေးနိုင်သောတစ်ဦးတည်းသော သူက ရှန်ချီဟွမ်းဖြစ်တာကြောင့် ခဏလောက်စဥ်းစားပြီး ရေဘူးကိုင်ကာ သူ့ဘေးမှာထိုင်လိုက်သည်။ “ခင်ဗျားဖွင့်ပေးလို့ရမလား၊ ရေသောက်ချင်လို့။”


ရှန်ချီဟွမ်းက သူ့ကိုသံသယဖြင့်ကြည့်ကာ အဖုံးမဖွင့်နိုင်သော အကြောင်းပြချက်က ပရမ်းပတာနိုင်ပေမယ့် ရှန်းယုဟန် စိတ်ထဲမှာဘာတွေရှိလဲ ရှာမနေတော့ပဲ တိုက်ရိုက်ဖွင့်ပေးလိုက်သည်။


အဖုံးပွင့်သွားတော့ ရှန်းယုဟန် သိလိုက်ရသည်မှာ သူတို့က သစ်သားဘူးဆို့ သုံးခဲ့ကြပေမယ့် လှည့်လို့ရမှန်း ရုတ်တရက်သိလိုက်ရသည်။ ခေတ်သစ်ကလူတွေက တကယ်ကိုတော်ကြတာပဲ။



ရှန်ချီဟွမ်းဆီက ရေဘူးကိုယူကာ နည်းနည်းသောက်လိုက်ပြီး ရှန်းယုဟန်က ဗိုက်ဝသွားပြီဟု မှတ်ယူလိုက်သည်။ အခမ်းအနားက စတော့မှာဖြစ်သည်။

ရှန်ချီဟွမ်းက သူ့ဖုန်းကို ဘေးမှာချလိုက်သည်။ ရှန်းယုဟန်မှာ အကြံအစည်ရှိပုံရသည်။ ရေသောက်ချင်တာကို အဖုံးဖွင့်ခိုင်းတာက ဘယ်လိုအပြုအမူလဲ?

ပြုတ်ကျတော့မယ့် ကန့်လန့်ကာနားမှာ ရပ်နေသော နှစ်ယောက်သားကို အောက်ဆင်းလာဖို့ ခေါ်လိုက်ပြီး လက်ထပ်ပွဲကုမ္ပဏီ၏ ဝန်ထမ်းက အပြင်ထွက်ဖို့ အသင့်ပြင်ထားရန် ပြောလိုက်သည်။


အခမ်းအနားမှူး ဟယ်၏အသံက အထဲမှထွက်ပေါ်လာပြီး “ကြင်စဦးမောင်နှံတွေဖြစ်တဲ့ မစ္စတာရှန်ချီဟွမ်းနဲ့ မစ္စတာရှန်းယုဟန်ကို ဝင်လာဖို့ ဖိတ်ခေါ်ပါတယ်!”

ကန့်လန့်ကာက ပြုတ်ကျသွားပြီး ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ပေါ်ကို အလင်းရောင်တစ်ခု ကျရောက်လာကာ သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာ ရှေ့တိုးလာကြသည်။ 

ရှန်းယုဟန်က လူရာကျော်က သူ့ကိုကြည့်နေတာကို တွေ့လိုက်ရပြီး ယခုတွင် သတို့သမီး ပိတ်စနှင့် သူ့မျက်နှာကို အုပ်ထားလိုက်ဖို့သာ မျှော်လင့်နေသည်။ လူအများကြီးက ကြည့်နေတာကြောင့် တုန်ယင်နေသော သူ့ခြေ​ထောက်က မလှုပ်ရှားနိုင်တော့ပေ။

သူတို့နှစ်ယောက်မရွေ့တာကိုတွေ့တော့ သူတို့ဘေးက ဝန်ထမ်းက တိုးတိုးလေးသတိပေးလိုက်သည်။ “မစ္စတာရှန်း၊ မစ္စတာရှန်ရဲ့လက်ကိုကိုင်ပြီး ခန်းမထဲဝင်လာပေးပါ။”

သို့သော် ရှန်းယုဟန်က ဒီလိုမြင်ကွင်းမျိုးနဲ့ မကြုံဖူးတာကြောင့် စကားတွေကို မကြားရ​တော့ပေ။ တစ်ဖက်က ရှန်ချီဟွမ်းက ရှန်းယုဟန် မလှုပ်တာကိုတွေ့တော့ အေးစက်နေသော သူ့လက်ကိုကိုင်ကာ ပြောလိုက်သည်။ “သွားရအောင်”


တစ်ဖက်လူ၏​ ကြီးမားနွေးထွေးသောလက်​ကြောင့် နွေထွေးမှုကိုခံစားလိုက်ရပြီး ရှန်းယုဟန်၏ နှလုံးသားက ချက်ချင်းတည်ငြိမ်သွားကာ ခန္ဓာကိုယ်က တောင့်တင်းမနေတော့ပဲ သူက ခန်းမအလယ်ရောက်သည်အထိ ရှန်ချီဟွမ်းနဲ့အတူ လှမ်းလာခဲ့သည်။

ဘုန်းကြီးက ရှန်းယုဟန်ကို လက်ထပ်ချင်လားလို့မေးလိုက်တော့ ရှန်ချီဟွမ်းက ဟုတ်ကဲ့လို့ဖြေပြီး ရှန်းယုဟန်ကို ထပ်မေးသောအခါ သူကလည်း ဟုတ်ကဲ့လို့ဖြေပြီး လက်စွပ်လဲလိုက်ကြသည်။ လုပ်ရိုးလုပ်စဥ်များကို အခမ်းအနားမှူး၏ စီစဥ်မှုအောက်မှာ တစ်ဆင့်ချင်းလုပ်ဆောင်ခဲ့ကြသည်။



ရှန်းယုဟန်က ဖြစ်စဥ်တစ်ခုလုံးကို ရှုပ်ထွေးနေပြီး သူ မတုံ့ပြန်နိုင်တော့သော အချိန်တိုင်းမှာ နွေးထွေးသောလက်ဖဝါးတစ်ခုက သူ့ကိုကိုင်ထားပြီး မင်္ဂလာပွဲက ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။


စင်ပေါ်ကဆင်းလိုက်ပြီး သူတို့က ဧည့်ခန်းကို ပြန်လာခဲ့ကြပြီး ခဏလောက်အနားယူပြီးနောက် အဝတ်အစားလဲကာ ဆုတောင်းမင်္ဂလာပြုပွဲကို သွားရမှာ​ဖြစ်သည်။


ဒုတိယပွဲက တရုတ်စတိုင် ဆုတောင်းမင်္ဂလာပြုပွဲဖြစ်ပြီး စက်ချုပ်သမားအန်ဒီက ရှန်းယုဟန်တစ်ခါမှမမြင်ဖူးသည့် မွမ်းမံထားသော ထန်ဝတ်စုံလို့ပြောခဲ့ပေမယ့် အရောင်မှာ အပြာရင့်ရောင်နှင့် သူရင်းနှီးသော ပွဲတော်အနီရောင်ဖြစ်သည်။

ရှန်ချီဟွမ်း၏ကုတ်အင်္ကျီက အပြာရင့်ရောင်ဖြစ်ပြီး ရှန်းယုဟန်က အနီရင့်ရောင်ဖြစ်သည်။


အဝတ်စားလဲပြီးထွက်လာစဥ် ရှန်းယုဟန်က အနီရောင်ဝတ်စုံနှင့် သူ့အသားအရောင်မှာ ထင်ဟပ်နေသည်ကို တွေ့သောအခါ ရှန်ချီဟွမ်းက အနည်းငယ်တုန်လှုပ်သွားသည်။ ဝတ်စုံနှင့် စိတ်နေစိတ်ထားကို အနီးကပ်ဆက်စပ်ကြည့်သောအခါ ရှန်းယုဟန်က နူးညံ့ကာ လှပနေသည်။ ရှန်ချီဟွမ်းသည် မကြာသေးခင်က ပင်ပန်းနွမ်းနယ်နေလို့ မူးဝေနေပြီး ရှန်းယုဟန်မှာ ထူးခြားတဲ့စိတ်နေသဘောထား ရှိသည်ဟု သူထင်မိသွားတာလို့တွေးကာ ထိုကြောက်စရာကောင်းသော ခံစားချက်ကို အမြန်ဖယ်ထုတ်လိုက်သည်။

ဆုတောင်းပြုမင်္ဂလာပွဲတွင် ရှန်မိသားစု၏ သခင်ကြီးက ရှန်မိသားစု၏ ကြင်စဦးမောင်နှံနှင့် ကိုယ်စလှယ်များနဲ့အတူ ဧည့်သည်များကို ခွက်မြှောက်ပြလိုက်သည်။ ရှန်းယုဟန်က နောက်ဆုံးတွင် ရှန်မိသားစု၏ သခင်ကြီး ရှန်ထျန်းဖုန်းကိုတွေ့ခဲ့ရသည်။ သူက ရှန်ယုဟန်နှင့် ရှန်ချီဟွမ်း၏ လက်ထပ်ပွဲစီစဥ်ပေးခဲ့သူဖြစ်ပြီး အသက်ခြောက်ဆယ်အဘိုးကြီးနှင့် မတူပေ။

(ခွက်မြှောက်ပြီး ဂုဏ်ပြတဲ့သဘော toasting လုပ်တာပါ။)

စားပွဲတစ်ဝိုင်း ခွက်မြှောက်ဂုဏ်ပြုပွဲကိုတော့ မေ့လိုက်ကြပြီး နောက်ဆုံးမှာ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်တို့က တစ်ခုခုစားခွင့်ရခဲ့လေသည်။


သို့သော် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်တို့ မစားခင်မှာ ရှန်ချီဟွမ်း၏ သူငယ်ချင်းတစ်စုက ဓာတ်ပုံရိုက်ဖို့ ခေါ်ခဲ့ကြသည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သူနဲ့အတူ ခေါ်သွားခဲ့သည်။


ကစားတာက ကစားတာပဲ၊ ဆူညံတာက ဆူညံတာပဲဲ၊ အရာရာတိုင်းမှာ အတိုင်းအတာရှိသည်။


မင်္ဂလာပွဲပြီးသွားချိန်မှာ ညနေငါးနာရီကျော်သွားပြီး ရှန်းယုဟန်က ပင်ပန်းနေကာ ဆိုဖာပေါ်မှာမှီနေပြီး မျက်ခုံးကိုပွတ်နေသည်။ လေအေးပေးစက်က နိမ့်နေတာကြောင့် သူက အိပ်မောကျသွားပြီး အနည်းငယ်အေးနေပေမယ့် လက်မောင်းကိုသာပွတ်နေလိုက်သည်။ 

ရုတ်တရက် တံခါးတွန်းဖွင့်သံနှင့်အတူ လူတစ်ယောက်ဝင်လာတာကို ကြားလိုက်ရသည်။ သူက မော့ကျူးလို့ထင်သွားကာ အမိန့်ပေးလိုက်သည်။ “မော့ကျူး၊ ငါခေါင်းကိုက်နေလို့ ခေါင်းကိုနှိပ်ပေးပါ။”


ရှန်းယုဟန်က ဆိုဖာပေါ်မှာမှီနေပြီး လက်တစ်ဖက်က ဆိုဖာဘေးတွင်ရှိနေကာ ခြေထောက်တွေကိုထပ်ထားသည်။ အင်္ကျီကော်လာမှ ကြယ်သီးနှစ်လုံးကိုဖြုတ်ထားပြီး ညှပ်ရိုးနှင့် ညှုပ်ရိုးပေါ်က အနီရောင်မှဲ့လေးကို လှစ်ဟပြကာ ထိုင်နေပုံမှာ အနည်းငယ်မြှူဆွယ်နေပုံပေါက်သည်။ 

ဝင်လာသူက ရှန်ချီဟွမ်းဖြစ်ပြီး သူက သတိလက်လွတ် တံခါးကိုပိတ်ကာ ရှန်းယုဟန်ကို ဘယ်သူ့ကိုမှမြင်မသွားစေချင်ပေ။

မော့ကျူးက သူ့ခေါင်းကိုနှိပ်ပေးမလာတာကို သိသွားပြီး ရှန်းယုဟန်က မျက်လုံးဖွင့်လိုက်သည်။ အိပ်ချင်မူးတူးဖြစ်ကာ နီရဲနေသော ဖီးနစ်မျက်လုံးများက ရှန်ချီဟွမ်း၏ အနည်းငယ် နစ်မြှုပ်နေသော မျက်လုံးများကို တွေ့လိုက်ရတာကြောင့် အနည်းငယ်တုန်ယင်သွားပြီး ချီတိုင်းပြည်ရောက်နေတာ မဟုတ်ကြောင်း သတိထားမိသွားသည်။

ရှန်ချီဟွမ်းက သူ့ကိုစိုက်ကြည့်နေသည်။ “ဧည့်သည်တွေပြန်သွားပြီ၊ သွားရအောင်”


ရှန်းယုဟန်က ချက်ချင်းထရပ်လိုက်ကာ “ဘယ်ကိုလဲ?”

သူ့အင်္ကျီပါးလွှာနေတာကိုတွေ့တော့ ရှန်ချီဟွမ်းက သူ့ကို ကုတ်အင်္ကျီပေးလိုက်သည်။ “အိမ်ပြန်မလို့” သူက နောက်လှည့်ကာ တံခါးအပြင်ကို ထွက်သွားသည်။

ရှန်းယုဟန်က ရှန်ချီဟွမ်းပေးလာသော ကုတ်အင်္ကျီကို ဖက်လိုက်ပြီး ထင်ရှူးရနံ့ကို ရှူလိုက်ကာ သူ့နောက်လိုက်သွားသည်။ “စောင့်ပါဦး”

ရှန်ချီဟွမ်း မကြားလိုက်ဘူးလို့ ထင်ခဲ့သော်လည်း သူ အပြင်ထွက်လိုက်တော့ ရှည်လျားသောပုံရိပ်က အရှိန်လျော့လိုက်တာကို မြင်ခဲ့ရသည်။

ဒီလူက သူ့ခင်ပွန်း၊ နာမည်က ရှန်ချီဟွမ်းတဲ့။