Chapter 05
“မင်္ဂလာဦးည”
ရှန်းယုဟန်သည် ဤကမ္ဘာပေါ်တွင် ဆယ်ရက်မပြည့်သေးပဲ နှစ်နေရာမှာသာ နေခဲ့သည်။ တစ်နေရာက ဆေးရုံဖြစ်ပြီး တစ်နာရီတောင်မပြည့်ခဲ့ပေ။ နောက်တစ်နေရာက ရှန်ချီဟွမ်းနှင့် လက်မထပ်ခဲ့ခင်က စံအိမ်ဖြစ်သည်။ သူက အစောင့်အကြပ်များ၏အောက်တွင် တစ်ချိန်လုံးနေခဲ့ရတာကြောင့် အပြင်ထွက်ဖို့အခွင့်အရေးမရှိသလို အပြင်လူများနဲ့လည်း မဆက်သွယ်ခဲ့ရပေ။
သူနဲ့ အပြန်အလှန်ဆက်ဆံမှု အများဆုံးက အစ်မကျောင်းဖြစ်ပြီး သူမက သူ့အပေါ် ကောင်းကောင်းမဆက်ဆံပေ။ အခုဆိုရင် သူမနဲ့ ပတ်သက်နေစရာမလိုတော့ပေ။
ဒါရိုက်ဘာက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ကို ရှန်ချီဟွမ်း၏ နေအိမ်သို့ ပြန်ပို့ပေးခဲ့သည်။
သူတို့က ရှန်နေအိမ်ကို ဒီညပြန်သွားပြီး မနက်ခင်းမှာ လူကြီးနှစ်ယောက်အတွက် တရုတ်လက်ဖက်ရည်ပွဲ ကျင်းပရမှာဖြစ်ပေမယ့် ရှန်ချီဟွမ်း၏ မွေးမိခင်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး ရှန်ထျန်းဖုန်းနှင့် သူမက လမ်းခွဲခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တာကြောင့် နောက်နေ့အတွက် တရုတ်လက်ဖက်ရည်ပွဲက မလိုအပ်ခဲ့ပေ။
(တရုတ်လက်ဖက်ရည်ပွဲက လူကြီးသူမကို ကြင်စဦးမောင်နှံက မနက်ခင်းမှာ လက်ဖက်ရည်တိုက်ကျွေးရတဲ့ပွဲပါ။)
ထိုဆုံးဖြတ်ချက်က ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်အတွက် အလွန်ကောင်းသည်။ ယခင်က ပြဿနာကို သက်သာစေမည်ဟု ထင်ခဲ့သော်လည်း နောက်ပိုင်းကိုတော့ လုံးဝမသိနိုင်ပေ။
အိမ်အပြန်လမ်းတွင် ရှန်ချီဟွမ်းက ရှန်းယုဟန်၏ဘေးမှာထိုင်ပြီး အနားယူနေသည်။ ကားပေါ်မှဆင်းသည်အထိ မျက်လုံးမဖွင့်ခဲ့ပေ။ အနားယူဖို့ မျက်လုံးပိတ်ထားသော လူနှင့်မတူစွာ သူ့မျက်လုံးများက ကြည်ရှင်းနေသည်။
ရှန်းယုဟန်သည် သူ့မိသားစုချန်ရစ်ခဲ့သော ပိုင်ဆိုင်မှုများကို ဆုံးရှုံးခဲ့ပြီး ယောကျာ်းတစ်ယောက်အတွက်နဲ့ ချမ်းသာသောမိန်းကလေးတစ်ဦးနှင့် ရန်ဖြစ်တာကိုပင် ရှန်ချီဟွမ်းက သိခဲ့တာကြောင့် သူက သူ့ကို အများကြီးမုန်းသင့်သော်လည်း ရှန်းယုဟန်၏ ကိုယ်ဟန်အနေအထား၊ အပြုအမူကို တွေ့ခဲ့ရပြီး အပြစ်ရှာလို့မတွေ့တာကြောင့် သူ့ကို မကျေနပ်ဖြစ်ခွင့်တောင် မရတော့ပေ။
ရှန်းယုဟန်က ရှန်ချီဟွမ်းနောက်ကနေ ကားပေါ်ကဆင်းလိုက်ပြီး ဒါရိုက်ဘာက သူ့တို့ကိုပို့ကာ မောင်းထွက်သွားသည်။
သူက အနာဂတ်မှာ ဘယ်မှာနေရမလဲ လှည့်ပတ်ကြည်ရှုလိုက်သည်။
တံခါးရှေ့တွင် ခြံဝန်းအသေးလေးရှိပြီး ပန်းပင်များနှင့် ပြည့်နှက်နေသည်။ ဖောက်ထွင်းမြင်ရတဲ့မှန်ခန်းလည်းရှိသည်။ နောက်ကျနေတာကြောင့် နေဝင်သွားပြီး အထဲမှာဘာရှိလဲတွေ့ဖို့ ခက်ခဲသည်။ သူအရင်နေခဲ့သည့်နေရာနှင့် လုံးဝမတူပေ။
ခြံဝင်းထဲကို လျှောက်သွားပြီးနောက် နှစ်ဖက်စလုံးမှအလင်းရောင်က အလိုအလျောက်လင်းလာပြီး ညဘက်တွင် အစေခံများက မီးထွန်းကာ လမ်းလျှောက်နေစရာမလိုတော့ပေ။ ရှန်းယုဟန်က ခေတ်သစ်လူသားတို့ကို နောက်တစ်ကြိမ် လေးစားသွားသည်။
ယခင်စံအိမ်ကြီးမှာ ရက်အနည်းငယ်နေပြီးနောက် ရှန်းယုဟန်က ခေတ်မီပစ္စည်းများကို သက်တောင့်သက်သာဖြစ်အောင် သုံးနိုင်ခဲ့သည့်အတွက် အံ့အားသင့်ခဲ့သည်။ သို့သော် သူ့ရင်ထဲမှာ လေးနက်သော နားလည်မှုရှိနေရင်တောင် အပြင်တွင် မပြသခဲ့ပေ။
ရှေ့ကိုလျှောက်သွားနေသော ရှန်းချီဟွမ်းက ရှန်းယုဟန်၏မျက်လုံးထဲက အံ့အားသင့်မှုကို သတိမထားမိပေ။
အိမ်ထဲဝင်လာပြီးနောက် ရှန်ချီဟွမ်းက ဖိနပ်လဲလိုက်ကာ ရှန်းယုဟန်ကလည်း လိုက်လျောညီထွေဖြစ်အောင် လဲလိုက်သည်။
အထဲဝင်လာတော့ ဧည့်ခန်းထဲမှာ မီးဖွင့်ထားသည်။ အိမ်မှာတစ်ယောက်ယောက်ရှိနေတာလား?
ရှန်းယုဟန်က နိုးနိုးကြားကြား ဖြစ်သွားသည်။ ရှန်ချီဟွမ်းရဲ့မိသားစုမှာ တခြားသူရှိနေတာလား?
ထိုအချိန်တွင် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦးက မီးဖိုချောင်မှထွက်လာပြီး ရှန်ချီဟွမ်းကို ညစာစားတော့မလား မေးခဲ့သည်။
ရှန်ချီဟွမ်းက ခေါင်းညိတ်ကာ ရှန်းယုဟန်ကို မိတ်ဆက်ပေးလိုက်သည်။ “ဒါကအန်တီဝမ်၊ ပုံမှန်ဆို အိမ်မှာ သုံးနပ်ကို တာဝန်ယူတယ်။”
သူအထင်လွဲသွားတာကို သိသွားတော့ ရှန်းယုဟန်၏ နိုးကြားမှုက တိတ်တဆိတ် ပြန်ဆုတ်သွားသည်။ အန်တီဝမ်နဲ့ တွေ့ပြီးနောက် အန်တီဝမ်က ထမင်းချက်ဖို့ခေါ်ထားသော အမျိုးသမီးဆိုတာကို သိလိုက်ရသည်။
ရှန်းချီဟွမ်းက ပြောလိုက်သည်။ “အရင်စားရအောင်”
အန်တီဝမ်က ထိုစကားကြားပြီး မီးဖိုခန်းထဲပြန်ဝင်သွားသည်။
“ကျွန်တော်လက်ဆေးချင်လို့” ရှန်းယုဟန်က ခေတ်သစ်က လေသံဖြင့် ပြောဖို့ကြိုးစားခဲ့ပြီး သူ၏ဇစ်မြစ်ကို သိသွားရင် တာအိုဘုန်းကြီးဆီ ပို့ပစ်မှာကို ကြောက်တာကြောင့် ထပ်ပြီး မပြောရဲတော့ပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ရေချိုးခန်းဆီ ညွှန်ပြလိုက်ပြီး အခက်အခဲမရှိ လက်ဆေးပြီးနောက် ပြန်ရောက်လာခဲ့သည်။
မိနစ်အနည်းငယ်ကြာတော့ နှစ်ယောက်သားက ပြောင်လက်နေသော စကျင်ကျောက်စားပွဲရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
ရှန်းယုဟန်က အချိန်အတော်ကြာ ဗိုက်ဆာနေခဲ့ပြီး တစ်နေကုန်ဘာမှမစားရသေးပဲ သူ့ဗိုက်က ဗလာဖြစ်နေတာကြောင့် ဟင်းပွဲလေးမျိုးနဲ့ စွတ်ပြုတ်တစ်ခွက်ကို တွေ့သောအခါ သူ့မျက်လုံးများ တောက်ပသွားခဲ့သည်။
ဆန့်ကျင်ဘက်မှာထိုင်နေသော ရှန်ချီဟွမ်းက စွပ်ပြုတ်ကို ဖြည်းဖြည်းချင်းသောက်နေသော ရှန်းယုဟန်ကို ကြည့်နေသည်။ နှေးလည်းမနှေးသလို မြန်လည်းမမြန် စွပ်ပြုတ်ကို အသံမြည်အောင် သောက်နေခြင်းလည်းမရှိပဲ အလေ့လိုက်ပျက်စီးနေသူဖြစ်ပေမယ့် မိသားစုက ကောင်းကောင်းသင်ပေးထားကြောင်း တွေ့လိုက်ရသည်။
ညစာစားပြီးနောက် အန်တီဝမ်က ထုတ်ပိုးပြီးထွက်သွားသည်။ သူမက မနက်ဖြန်မနက်မှ ပြန်လာမှာပင်။
သူတို့နှစ်ယောက်တည်း အိမ်မှာကျန်ခဲ့ပြီး အရင်ထက် တိတ်ဆိတ်သွားသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အိပ်ခန်းသို့ခေါ်သွားသည်။ သူ့ခရီးဆောင်အိတ်ကို ထုတ်ပိုးပြီး အစ်မကျောင်းက ပို့ပေးခဲ့တာကြောင့် အပေါ်ထပ်မှာရှိနေသည်။
အခန်းက တောက်ပကျယ်ဝန်းကာ မျက်နှာကြက်ကနေ ကြမ်းပြင်အထိ အလှဆင်ထားသည်မှာ အနည်းငယ်ထူးဆန်းပြီး နားလည်ရခက်နေသည်။
ထို့နောက် ရှန်းယုဟန်က သတို့သမီးနှောင့်ယှက်ပွဲမရှိတာကို သတိရသွားသည်။ “သတို့သမီးနှောင့်ယှက်ပွဲ မလိုဘူးလား?”
သူငယ်ချင်းကောင်းတစ်ယောက်က သတို့သမီးနှောက်ယှက်ပွဲနှင့်ပတ်သတ်ပြီး တစ်ခါပြောဖူးသည်။ သူက သတို့သမီးပုဝါစကို မလိုက်တာနဲ့ သတို့သားရဲ့အသွင်အပြင်က သူစိတ်ကူးထားတာနဲ့ ကွာခြားနေမှာတဲ့။
သူ၏သူငယ်ချင်းကောင်းက အနာဂတ်မှာ သူလက်ထပ်ချင်သောသူက သူ့မျက်လုံးထဲမှာ ကြည့်ကောင်းရမည်ဟု ပြောခဲ့သည်။
ထိုအချိန်တွင် ရှန်းယုဟန်က အိမ်ထောင်ရေးကို ထိန်းချုပ်ခွင့်မရှိတာကြောင့် ဘာမှမပြောခဲ့ပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏အခန်းထဲကို လိုက်မလာခဲ့ပဲ တံခါးနားတွင်ရပ်ကာ ပြောလိုက်သည်။ “ဒီလိုအခြေအနေမှာ သတို့သမီးနှောင့်ယှက်ပွဲ ကျင်းပလို့ရမယ် ထင်နေတာလား?”
ရှန်းယုဟန်: “ခင်ဗျားပဲ အရင်ကရှိတယ်လို့ပြောခဲ့တာလေ”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ငါလိမ်ခဲ့တာ၊ မင်းယုံသွားမယ်လို့ မမျှော်လင့်ခဲ့ဘူး။”
အပြုံးမမည်သော အပြုံးတစ်ခုဖြင့် သူ့ကိုကြည့်နေတာကိုတွေ့တော့ ရှန်းယုဟန်၏မျက်နှာက အနည်းငယ်ပူလောင်သွားပြီး သူ့ရင်ဘတ်က အကြမ်းပတမ်းခုန်နေသည်။ သူ့ခင်ပွန်းက ပြုံးလိုက်ရင် အရမ်းချောပြီး သူတွေ့သမျှလူတိုင်းထက် ပိုပြီးခန့်ညားသည်။
(အတင်းအကျပ်အပြုံး၊ အပြုံးချင်ပဲပြုံး၊လှောင်ပြုံးကိုဆိုလိုသည်။)
ခေတ်သစ်က အမျိုးသားများနှင့် အမျိုးသမီးများက ချစ်ကြိုက်သွားမှ လက်ထပ်ကြတာဟုဆိုကြသည်။ အထူးအခြေအနေမှာ သတို့သမီးနှောင့်ယှက်ပွဲ ရှိရမှာဖြစ်ပေမယ့် သူတို့ကြားထဲမှာ ရှန်ချီယွင်ရှိနေတာကြောင့် သူတို့က တကယ်ကို သတို့သမီးနှောင့်ယှက်ပွဲ လုပ်လို့မရပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ လေသံတွင် စိတ်ပျက်မှုကို တွေ့ရှိသွားပြီး သူအတွေးလွန်နေသည်ဟု သတ်မှတ်လိုက်သည်။ သူက သူ့ကို အများကြီးရှုပ်ထွေးအောင် မလုပ်ချင်ပေ။
“တစ်ခုခုဆိုရင်လာရှာပါ။” ရှန်ချီဟွမ်းက အချိန်ကိုကြည့်ကာ ပြောလိုက်သည်။ “ဒုတိယထပ်က စာဖတ်ခန်းမှာရှိနေမယ်၊ မင်းအရင်ဆုံး လန်းဆန်းအောင်လုပ်လိုက်ပါ။”
ရှန်းယုဟန်က ကုတင်ဘေးစားပွဲပေါ်က အနောက်တိုင်းနှိုးစက်နာရီကို ကြည့်လိုက်သည်။ စောသေးပေမယ့် တခြားလုပ်စရာရှိသေးသည်။ ဒါကြောင့် ရှန်ချီဟွမ်းက သူ့ကိုပြင်ဆင်ခိုင်းပြီး အတူအနားယူမလို့ဟု တွေးလိုက်သည်။
သူက တကယ်တော့ အနည်းငယ်စိတ်လှုပ်ရှားနေပြီး ထိုအရာအတွက် အဆင်သင့်မဖြစ်သေးပေ။ လက်မထပ်ခင်က မင်္ဂလာဦးညမှာ ဘာတွေလုပ်ရပြီး ခင်ပွန်းကို စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သူမော့မော့က သူ့ကိုပြောဖူးသည်။ ထိုအချိန်က သူက ရှက်သွေးဖြာနေခဲ့ပေမယ့် တည်ငြိမ်ချင်ယောင်ဆောင်ခဲ့သည်။
အခု သူဒါကို ဖြတ်ကျော်ရမှာမို့ အဆင်မပြေခံစားနေရသည်။
ကံကောင်းစွာပင် ရှန်ချီဟွမ်းက အလျင်မလိုတာကြောင့် သူက ပိုပြီးလွတ်လပ်နေပြီး စိတ်ပြင်ဆင်ဖို့ လန်းဆန်းအောင် ပြင်ဆင်နေစဥ် အချိန်ယူနိုင်သည်။
သူစိတ်ပူနေတာက သူက ကြင်စဦးဇနီးတစ်ယောက်အဖြစ် သူ့တာဝန်ကိုကျေပွန်အောင် လုပ်ဆောင်ဖို့လိုအပ်သည်။
ရှန်ချီဟွမ်းက အလုပ်ရှိသေးတာကြောင့် ဒုတိယထပ်ကို တက်သွားခဲ့ပြီး သူထွက်သွားပြီးနောက် ရှန်းယုဟန်၏ မျက်နှာမှာ ပူနွေးနေကာ ပန်းရောင်သန်းနေတာကို မတွေ့ခဲ့ရပေ။
တတိယမဒမ်ပို့ပေးခဲ့သော သေတ္တာက ရှန်းယုဟန်၏ ကိုယ်ပိုင်ပစ္စည်းများနှင့် အများစုက စာရွက်စာတမ်းနှင့် အဝတ်အစားတွေဖြစ်သည်။
'ရှန်းယုဟန်'က ရှန်းယုဟန်အတွက် ခန္ဓာကိုယ်ကလွဲရင် ဘာမှမချန်ထားခဲ့ပေ။ ကား၊ ပိုက်ဆံနှင့် ဆွေမျိုးနှင့် သူငယ်ချင်းများလည်းမရှိပေ။ ဒီနေ့မင်္ဂလာပွဲကို လာတက်ကြသော ရှန်မိသားစု၏ ကိုယ်စားလှယ်များမှာ ရှန်မိသားစုနဲ့ ဘယ်လိုတော်မှန်းမသိပေ။ ရှန်မိသားစုက သူ့ကိုဘယ်မှာတွေ့ခဲ့မှန်းမသိသလို တစ်ဖက်လူကလည်း ရှန်းယုဟန်ကို မပြောတာကြောင့် သူက မသိသလိုသာ ဟန်ဆောင်လိုက်သည်။ သူက သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်တာကြောင့် ဆွေမျိုးများကြားက ဆက်ဆံရေးကိုထိန်းဖို့ မဖြစ်နိုင်ပေ။
ရှန်းယုဟန်က ဗီဒိုထဲတွင် အဝတ်အစားအနည်းငယ်ကို ထည့်လိုက်ပြီး စာရွက်စာတန်းများကို အံဆွဲထဲထည့်လိုက်သည်။ ထို့နောက် ညအိပ်ဝတ်စုံကိုထုတ်ကာ ရေချိုးဖို့သွားခဲ့သည်။ ကံကောင်းစွာပင် ရေချိုးခန်းသုံးပစ္စည်းများက အလားတူဖြစ်တာကြောင့် သူ့အတွက်မခက်ခဲခဲ့ပေ။
ရေချိုးပြီးနောက် ရှန်းယုဟန်က သူ့ဆံပင်ကိုခြောက်အောင် မှုတ်လိုက်ပြီး ကုတင်ပေါ်တွင် ခဏထိုင်နေသည်။ ကုတင်ဘေးက စားပွဲပေါ်ရှိ အနောက်တိုင်းနှိုးစက်နာရီက ဆယ်နာရီထိုးနေသည်။ သူက ပိတ်ထားသော တံခါးကိုကြည့်လိုက်သောအခါ ရှန်ချီဟွမ်းက ရောက်မလာသေးပေ။
ရှန်းယုဟန်က သူဝတ်ထားသော ညအိပ်ဝတ်ကိုကြည့်ကာ တံခါးဆီလျှောက်သွားလိုက်သည်။ အိမ်ထဲမှာ ဘယ်သူမှမရှိတာကြောင့် ရှန်ချီဟွမ်း သူ့ကိုဒီပုံစံမြင်သွားရင်လည်း ကိစ္စမရှိပေ။
ခင်ပွန်းရှေ့မှာ တစ်သီးတစ်သန့်နေတာက မကောင်းသလို အိမ်ထောင်ပြုပြီးသည့်အခါ ကောများက တစ်သီးတစ်သန့်နေထိုင်ရင် ခင်ပွန်းကမကြိုက်ဘူးဟုဆိုကြသည်။ သူတို့က ပရော်ပရည်လုပ်တတ်သော အိမ်ထောင်ဖက်ကိုပဲ သဘောကျတာကြောင့် ခင်ပွန်းက သူတို့ကိုကြိုက်လာစေရန် ကောများက ဇာတ်လမ်းတိုအများကြီးကို လျို့ဝှက်စွာဖတ်လေ့ရှိပြီး အကျိုးသက်ရောက်မှုက အရမ်းကောင်းသည်။
ရှန်းယုဟန်က သူ့ဝမ်းကွဲ၏ခင်ပွန်းကို မတွေ့ဖူးတာမဟုတ်ပေမယ့် အသွင်အပြင်နှင့် နေထိုင်ပုံအရ သူက ရှန်ချီဟွမ်းထက် မကောင်းပေ။ သူပြန်လည်မွေးဖွားပြီးနောက် သူ့ခင်ပွန်းက မျှော်လင့်ထားတာထက် ပို့ခန့်ညားသည်။ ဘုရားသခင်က သူ့ကို မျက်နှာသာပေးခဲ့တာကြောင့် သူ့မှာ မကျေနပ်မှုမရှိပေ။
သူက သတ္တိရှိရှိ ညအိပ်ဝတ်စုံ၏ ပထမကြယ်သီးကိုဖြုတ်ကာ ဒုတိယထပ်ရှိ စာကြည့်ခန်းကို လျှောက်သွားလိုက်သည်။
–
ရှန်ချီဟွမ်းက မူလကအလုပ်ရှိပေမယ့် ဒီနေ့အနည်းငယ်ပင်ပန်းနေတာကြောင့် ကွန်ပျူတာကိုဖွင့်ကာ မေးလ်ဖတ်လိုက်ပေမယ့် စာမပြန်ခဲ့ပဲ ထိုအစား သူငယ်ချင်းတွေ ဒီနေ့ဂရုထဲကို ပို့ပေးသည့် မင်္ဂလာပွဲဗီဒီယိုကို ကြည့်နေသည်။ သူက ရှန်းယုဟန်ကို ကာကွယ်ပေးခဲ့ခြင်းကြောင့် အစခံနေရပြီး ခြေလှမ်းတိုင်းမှာ ရှန်းယုဟန်၏ လက်ကို ကိုင်ထားခြင်းက အချစ်စစ်နှင့် တူနေသည်။
ရှန်ချီဟွမ်းက သူ့သူငယ်ချင်းကို ငြင်းဆိုလိုက်ပြီး သူက ရှန်းယုဟန်ကို မကြိုက်ပေ။ အာရုံထွေပြားနေလို့သာ သူ့လက်ကို ကိုင်ပေးထားတာဖြစ်ပြီး အခမ်းအနားကျင်းပနေတာ ဖြစ်တာကြောင့် ဘာပဲဖြစ်ဖြစ် ပြီးအောင်လုပ်ရမှာပဲလေ။
ရှန်းယုဟန် မိန်းမောနေတဲ့အကြောင်းအရင်းက ရှန်ချီယွင်က လူအုပ်ထဲကနေကြည့်နေလို့များ ဖြစ်နိုင်မလား?
.
အဖွဲ့ထဲမှာစကားပြောရင်း သူတို့က အပြင်မှာ ဂိမ်းစီစဥ်ထားကြောင်းပြောလာသည်။ နေ့လည်တုန်းက ကောင်းကောင်းမသောက်ခဲ့ရလို့ သူတို့က ရှန်ချီဟွမ်းနဲ့ သွားသောက်ရန် ခေါ်နေသည်။ ရှန်ချီဟွမ်းက ခဏလောက်စဥ်းစားလိုက်ပြီး ဘာမှလုပ်စရာမရှိတာနဲ့ မတ်တပ်ရပ်ကာ ကုတ်အင်္ကျီဝတ်လိုက်သည်။
သူ့ဖုန်းထဲမှာ “လာမယ်”လို့ ရိုက်နေစဥ်မှာ တံခါးခေါက်သံကို ကြားလိုက်ရသည်။
အိမ်မှာတခြားဘယ်သူမှမရှိတာကြောင့် တံခါးခေါက်သူမှာ ရှန်းယုဟန်ပဲ ဖြစ်လိမ့်မည်။
ရှန်ချီဟွမ်းက သူ့ကုတ်ပေါ်က ကြယ်သီးတစ်လုံးကို ဖြုတ်ထားသည်။ “ဝင်ခဲ့၊ တံခါးသော့မခတ်ထားဘူး။”
သူ့ခေါင်းမော့လိုက်တာနဲ့ တံခါးမှာရပ်နေသော အပြာနုရောင်ပိုးသား ညဝတ်အင်္ကျီကို ဝတ်ဆင်ထားသည့် ရှန်းယုဟန်ကို အနည်းငယ် မသက်မသာဖြစ်ကာ ကြည့်လိုက်သည်။ ရှန်းယုဟန်က နေ့လည်ကထက် ပိုသေးနေပြီး သူ့မျက်နှာကလည်း သေးနေကာ ဆံပင်ကလွင့်နေသည်။ ထိုသည်မှာ အနည်းငယ်အမွေးဖွာနေပြီး သူ့မျက်နှာပေါ်မှာ နေ့လည်က သဘာဝမဆန်သော အနီရောင်မိတ်ကပ်ခြယ်ထားတာ မရှိတော့ပဲ စစ်မှန်သောအသွင်အပြင် ပေါ်လွင်နေသည်။
ရှန်းယုဟန်မှာ ရှန်ချီဟွမ်း သဘောကျသော မျက်နှာရှိတာကိုတော့ ဝန်ခံရမည်။ မျက်လုံး၊နှာခေါင်းနဲ့ ပါးစပ်..အားလုံးက သူကြိုက်သော လက်တွဲဖော်ပုံစံပင်။
ရှန်းယုဟန်က အနည်းငယ်စိုးရိမ်နေသောပုံပေါ်သည်။ “အရမ်းနောက်ကျနေပြီ၊ အပြင်သွားမလို့လား?” သူတို့ပြန်လာတော့ ရှန်ချီဟွမ်းမှာ ကုတ်မရှိတော့ပဲ အခုဝတ်ထားတာကို တွေ့လိုက်ရသည်။
ရှန်ချီဟွမ်းက အပြင်သွားချင်တယ်လို့ ပြောလိုက်လို့ရပေမယ့် ရှန်းယုဟန်၏ ရှုပ်ထွေးနေသော မျက်နှာကို တွေ့သောအခါ စကားလုံးကို ပြောင်းလိုက်သည်။ “မသွားဘူး။”
ရှန်းယုဟန်က ခဏလောက်တုံ့ဆိုင်းနေပြီး နူးညံ့စွာ ပြောလိုက်သည်။ “ဒါဆို ကျွန်တော်စောင့်နေမယ်။”
ဒါက တက်ကြွလွန်းမနေဘူးလား? ရှန်းယုဟန်က ပြောပြီးသည်နှင့် သူ့အခန်းကို ပြန်သွားသည်။
ရှန်းချီဟွမ်းက တံခါးကိုကြည့်ကာ “ရှန်းယုဟန်က သူ့ကိုစောင့်နေမယ်ပြောသွားတာလား?”
ဘာအတွက်စောင့်နေမှာလဲ?
ပြောစရာရှိပေမယ့် ပြောဖို့ခက်နေလို့လား?
ရှန်ချီဟွမ်းက သူ့ဖုန်းကို အိပ်ကပ်ထဲထည့်လိုက်ပြီး ရှန်းယုဟန်နောက်ကို လိုက်သွားသည်။ သူဘာပြောချင်လဲ ကြည့်ရတာပေါ့။ သူတို့နှစ်ယောက်ကြားမှာ စည်းချထားပြီး ကိုယ့်ဘဝနဲ့ကိုယ်နေချင်တာလား၊ ကွာရှင်းချင်တာလား သူလက်ခံပေးမည်။ လက်ထပ်ပွဲက သူ့ဖခင်၏ ဆန္ဒဖြစ်ပြီး သူတို့နှစ်ယောက်ကြားမှာ စိတ်ခံစားချက်ဆိုင်ရာ အခြေခံအုတ်မြစ်မရှိပေ။
ထိုအချိန်တွင် ရှန်းယုဟန်က အနည်းငယ် စိုးရိမ်နေသည် သူယခုလေးတင် ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့သည်လေ။
ရှန်းယုဟန်က တံခါးကိုမပိတ်ထားပဲ အခန်းထဲက ဆိုဖာပေါ်မှာထိုင်ပြီး သူ့နှလုံးက ဒရမ်တစ်ခုလို ခုန်နေသည်။ ရှန်ချီဟွမ်းက သူ့အမူအရာကို အရမ်းရိုင်းတယ်လို့ ထင်သွားမလားမသိပေ။ သူတွေးလေလေ မလုပ်ခဲ့သင့်ဘူးလို့ ပိုခံစားရလေဖြစ်သည်။
အတွေးချာချာလည်နေတုန်း ရှန်ချီဟွမ်းရောက်လာခဲ့သည်။
ဤမင်္ဂလာခန်းသည် မင်္ဂလာဓလေ့နဲ့အညီ ပြင်ဆင်ထားတာဖြစ်ပြီး လေးဘက်လုံးကို ပွဲလမ်းသဘင် အရောင်များနှင့် ခြယ်သထားပြီး အစွန်းများက နဂါး၊ဖီးနစ်ဖြင့် ချယ်သထားပြီး ထိုသည်မှာ နဂါးဖီးနစ်ပေါင်းစည်းမှုက ကံကောင်းသောကြောင့်ပင်။ ကုတင်အလယ်တွင် ချစ်ခြင်းမေတ္တာကို ကိုင်ဆောင်ထားသော အရုပ်များရှိနေသည်။
ရှန်ချီဟွမ်းရောက်လာတာနဲ့ ရှန်းယုဟန်က စိုးရိမ်တကြီး မတ်တပ်ရပ်လိုက်ပြီး ရှန်ချီဟွမ်းနောက်က တံခါးကိုသွားပိတ်လိုက်သည်။
“မင်းငါ့ဆီက ဘာကိုလိုချင်တာလဲ?” ရှန်ချီဟွမ်းက သူ့ရည်ရွယ်ချက်တွေကို မသိတာကြောင့် နောက်လှည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။
ရှန်ချီဟွမ်းနှင့် အနီးကပ်ရပ်ကာ ရှန်းယုဟန်သည် တစ်ဖက်လူက သူ့ထက် အရပ်အများကြီးရှည်နေသည်မှာ သူ့တစ်ကိုယ်လုံးကို ဖုံးလုနီးပါးဟု ခံစားလိုက်ရသည်။
ရှန်းယုဟန်က သူမေးလိုက်တာကို နားမလည်တာကြောင့် ပြန်မေးလိုက်သည်။ “ဘာလဲ?”
“ငါလာပြီလေ၊ ဘာပြောစရာရှိလို့လဲ?” ရှန်ချီဟွမ်းက လိုရင်းမရောက်ပဲ တခြားသူများနှင့် စကားပြောရတာကို တကယ်မကြိုက်ပေ။
ရှန်းယုဟန်က ခေါင်းငုံ့ကာ အရိပ်အမြွက်ပေးလိုက်သည်။ “နောက်ကျနေပြီ”
“အွန်း?” ရှန်ချီဟွမ်းက နားကြားမှားတာဟု ထင်လိုက်သည်။ သူကြားလိုက်တာတကယ်လား?
ရှန်းယုဟန်က ရှန်ချီဟွမ်းအရှေ့မှာ စိုးရိမ်တကြီးရပ်နေပြီး သူ့အဝတ်အစား ကြယ်သီးဖြုတ်ပေးဖို့ လက်လှမ်းလိုက်သည်။
တခြားသူများ၏ ချဥ်းကပ်မှုကို ခံနိုင်ရည်မရှိသော ရှန်ချီဟွမ်းက သူ့လက်ကို ခါထုတ်လိုက်ချင်ပေမယ့် သူက ထိုသူ၏လက်ကို ဒီနေ့ အကြာကြီးကိုင်ထားခဲ့တာကြောင့် တစ်ဖက်လူ၏ လက်ကို ညင်ညင်သာသာ ကိုင်ပြီး မလွှတ်ပေးပဲပြောလိုက်သည်။ “မင်းအခုဘာလုပ်နေတာလဲ?”
သူစကားမဆုံးခင်မှာ ရှန်းယုဟန်က ခေါင်းကို ဖြည်းဖြည်းချင်းမော့လာပြီး အနည်းငယ်ရှက်သွေးဖြာကာ မေးလိုက်သည်။ “ယောကျာ်း၊ အနားယူချင်လား?”
ဒါက လူတွေ သူတို့ခင်ပွန်းတွေကို ခေါ်တဲ့ပုံစံမလား?
သူက ရှင်းရှင်းလင်းလင်း ပြောလိုက်ပေမယ့် နှစ်နှစ်ဆယ်လုံးမှာ သူ့မှာရှိသမျှသတ္တိကို ထုတ်ခဲ့ရတာပင်!
ရှန်ချီဟွမ်းက ထိုအခေါ်အဝေါ်ကြောင့် အနည်းငယ်တုန်လှုပ်သွားပြီး ဦးရေပြားက အနည်းငယ်ထုံကျင်သွားကာ ရှန်းယုဟန်၏ မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်လိုက်ပြီး အကြံအစည်တစ်ချို့ကို ရှာဖွေလိုက်သည်။ သို့သော် တစ်ဖက်လူ၏ မျက်လုံးများက လှပကြည်လင်နေကာ မျက်လုံးထောင့်က ရှက်စိတ်ကြောင့် အနည်းငယ် နီရဲနေသည်။
ထိုအချိန်တွင် ဖုန်းသံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ လက်ကောက်ဝတ်ကို လွှတ်ပေးကာ အိပ်ကပ်ထဲက ဖုန်းကိုယူလိုက်ပြီး ခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်သည်။
ဂရုချက်ထဲမှာ ရှန်ချီဟွမ်း ပြန်မဖြေတာ ကြာနေတာကို မြင်လိုက်သော လျှိုထန်က သူ့ကို မေးလာသည်။ “မင်းအပြင်သွားသောက်မှာလား?”
ရှန်ချီဟွမ်းက ခေါင်းငုံ့ထားသော ရှန်းယုဟန်ကို တစ်ချက်ကြည့်ကာ ရင်ဘတ်ပေါ်က ကြယ်သီးကို စိုက်ကြည့်လိုက်ပြီး သူ့နားရွက်ဖျားတွေ နီရဲနေတာကို တွေ့လိုက်ရသည်။ သူက ရွှင်မြူးစွာပြောလိုက်သည်။ “ငါမသွားတော့ဘူး”