Chapter 07
Viewers 1k

Chapter 07


“သင်တန်းအတွက်ပြင်ဆင်ခြင်း”

ရှန်ချီယွင်က အနည်းငယ်မကျေမနပ်ဖြစ်ကာ မဝံ့မရဲပြောလိုက်သည်။ “ယုဟန်၊ ဒီမှာနေရတာနေသားကျပြီလား?”

ရှန်းယုဟန်က သူ့ခင်ပွန်း၏ အမူအရာကို စိတ်ပူနေပြီး “ကျင့်သားရပြီ၊ အခုကစပြီး ဒါငါ့အိမ်ပဲ”

သူက ဇာတ်ကောင် မြန်မြန်ပြောင်းလဲနိုင်ခဲ့တာလား?



သို့သော် ရှန်ချီယွင်က ရှန်းယုဟန် သရုပ်ဆောင်နေတာဖြစ်ပါစေလို့ မျှော်လင့်နေသည်။



ရှန်ချီယွင်က အရမ်းခန့်ညားတယ်လို့ သူထင်ခဲ့သည့် အပြုံးဖြင့် ပြောလိုက်သည်။ “တကယ်လား?”

“အွန်း” ရှန်းယုဟန်က တစ်ဖက်လူကို ဘာမှမပြောချင်တော့ပေ။ သူက ရှန်ချီဟွမ်းဘက်ကိုလှည့်ကာ ပြောလိုက်သည်။ “အန်တီမနက်စာပြင်ပြီးပြီလား သွားကြည့်လိုက်ဦးမယ်။”

ရှန်းချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ “သွားလေ”



ယောက်ဖလို့ အမည်တပ်ခံလိုက်ရသော ရှန်ချီယွင်နှင့်ယှဥ်လျှင် ရှန်းယုဟန်၏ တုံ့ပြန်မှုက ရှန်ချီဟွမ်းကို ပိုပြီးချဥ်စူးသွားစေပေမယ့် သူက တည်ငြိမ်နေပြီး အပြင်မှာထုတ်မပြခဲ့ပေ။



ရှန်းယုဟန်က ရှန်ချီယွင်ကို ကြိုက်ခဲ့သည့်အချက်က ရှန်မိသားစုမှာ ပျံ့နေခဲ့ပြီး လူအများစုက သူ့မှာ အဓိပ္ပါယ်မဲ့သော အိမ်ထောင်တစ်ခုရှိနေပြီး ရှန်းယုဟန်က သူ့ကို စမ်းသပ်ဘုတ်လို အသုံးချနေတယ်လို့ ပြောကြတာကို ရှန်ချီဟွမ်းက သိသည်။

လက်ထပ်စာချုပ်ကို ရှန်ထျန်းဖုန်းက အပြီးသတ်ခဲ့တာဖြစ်သည်။ သူက ဒီကိစ္စအတွက်သာ တာဝန်ရှိပြီး ကလေးနှစ်ယောက်၏ ဆက်ဆံရေး တိုးတက်မှုရှိမရှိက သူ့မှာတာဝန်မရှိပေ။

ရှန်းယုဟန်က ရှန်ထျန်းဖုန်း၏ စီစဥ်မှုကိုနား​ထောင်ခဲ့သည်။ အကြောင်းမှာ ရှန်ထျန်းဖုန်းမှာ သူ့အဖိုးအရင်က ချေးပေးခဲ့သော ပိုက်ဆံရှိပြီး ရန်ပုံငွေက ပမာဏအများကြီးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ရှန်ထျန်းဖုန်းက အခုချိန်ထိ မိသားစုပိုင်ဆိုင်မှုကို ဘယ်လိုထိန်းသိမ်းရမလဲမသိပဲ စောင့်ကြည့်ဖို့ လူတစ်ယောက်လိုတာကြောင့် ရှန်ချီဟွမ်းကို ရွေးချယ်ခဲ့တာဖြစ်သည်။

ဒီကိစ္စကို ရှန်ချီဟွမ်းက သတိပြုမိပြီး သူက ရှန်မိသားစုဝင်ဖြစ်နေတာကြောင့် မငြင်းနိုင်ခဲ့ပေ။



ရှန်းယုဟန်က ရှန်ချီယွင်ကို နေ့တိုင်းတကောက်ကောက်လိုက်ခဲ့ပြီး လှောင်ရယ်စရာဖြစ်အောင်လုပ်ခဲ့သည့် အချက်ကြောင့်သာမဟုတ်လျှင် ရှန်မိသားစု၏ မဒမ်များက ရှန်းယုဟန်၏ လက်တွဲဖော်နေရာကို သူတို့သားများကိုယ်စား သေချာပေါက်ယှဥ်ပြိုင်နေကြမှာဖြစ်သည်။

ကံမကောင်းစွာနဲ့ ရှန်ထျန်းဖုန်းက ဒုတိယ၊တတိယနဲ့ စတုတ္တအိမ်တော်များကို ဒီကိစ္စမှာ ဝင်မပါစေချင်သဖြင့် သူက ရှန်ချီဟွမ်းကို တိုက်ရိုက်ရွေးလိုက်ပြီး တခြားဇနီးတွေက သူတို့အတွေးများကို လက်လျှော့ခဲ့ကြသည်။



သူတို့က စောစောရောက်လာပြီး မနက်စာမစားရသေးတာကြောင့် ငါးယောက်လုံးက လေးထောင့်စားပွဲမှာ ထိုင်နေကြသည်။



ရှန်းယုဟန်က ရှန်ချီဟွမ်းဘေးမှာ ထိုင်နေပြီး ရှန်ချီယွမ်က ညာဘက်မှာတစ်ယောက်တည်း ထိုင်နေသည်။ ရှန်ချီယွင်နဲ့ ရှန်ချီပင်းကတော့ သူတို့ဆန့်ကျင်ဘက်မှာထိုင်နေသည်။

ကျုံးယုံမြို့စားကြီးစံအိမ်၏ ပထမဆုံးကော ရှန်းယုဟန်သည် စည်းကမ်းကြီးစွာ ကြီးပြင်းလာသူဖြစ်ပြီး ငယ်စဥ်ကတည်းက ကျင့်ဝတ်မျိုးစုံကို သင်ကြားခဲ့ရသည်။ သို့သော် ယနေ့တွင် သူက အနည်းငယ်ဘေးကျပ်နံကျပ်ဖြစ်နေသည်။ ချီတိုင်းပြည်တွင် ကြင်စဦးဇနီးတွေက ခင်ပွန်းသည်တွေကို အိမ်ထောင်ကျပြီး ပထမနေ့မှာ အစားအသောက်ပြင်ကာ အလုပ်အကျွေးပြုရသည်။ သို့သော် ခေတ်သစ်တွင် ဒီလိုဓလေ့ရှိလား သူမသိပေ။





ရှန်းယုဟန်သည် စည်းမျဥ်းများ တူညီနေနိုင်တယ်လို့ တွေးကာ ရှန်ချီဟွမ်း၏ ပန်းကန်ပြားထဲတွင် ကြက်ဥကို အခွံခွာပြီးထည့်ပေးလိုက်သည်။



ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုကြည့်လိုက်ပြီး ထိုသူ၏ မျက်လုံးထဲမှ ရည်ရွယ်ချက်ကို ရှာဖွေလိုက်သည်။ ရှန်ချီယွင် စိတ်အနှောင့်အယှက်ဖြစ်စေရန် တမင်လုပ်တာလား သူ့မျက်လုံးထဲတွင် ရှာဖွေလိုက်ပေမယ့် ရှန်းယုဟန်က ရှန်ချီယွင်ကို အကြည့်တစ်ချက်တောင်မပေးပေ။



သူက ရှန်ချီဟွမ်းကို မျှော်လင့်ချက်ဖြင့် ကြည့်နေသည်။ ကျုံးယုံမြို့စားကြီးစံအိမ်မှာတောင် သူက ဘယ်သူ့အတွက်မှ ဥအခွံမနွှာပေးခဲ့ပေမယ့် ရှန်ချီဟွမ်းက ဤအခွင့်အရေးကိုရသည့် ပထမဦးဆုံးလူဖြစ်သည်။



ရှန်ချီဟွမ်းက ထိုသူလေး၏ စောင့်ကြည့်မှုအောက်တွင် သူမကြိုက်သော ကြက်ဥပြုတ်ကိုစားလိုက်သည်။

သူသည် ရှန်းယုဟန်က ရှန်ချီယွင်ကို စိတ်အနှောင့်ယှက်ဖြစ်အောင် လုပ်နေသည်ဟု သံသယရှိသော်လည်း ရှန်ချီဟွမ်းက အပြန်အလှန် ပြန်လုပ်ပေးလိုက်သည်။

 “မင်းလည်းစားတော့”



ရှန်းယုဟန်က လက်ကိုသုတ်ကာ စားလိုက်သည်။





မနက်စာကို ချောချောမွေ့မွေ့ စားသောက်ပြီးနောက် ရှန်ချီယွင်က တစ်​ယောက်တည်းစိတ်ဆိုးနေခဲ့သည်။



အစ်ကိုကြီးရှန်နဲ့ အစ်မလတ်ရှန်က လုပ်စရာရှိသေးတာကြောင့် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်​တို့ကို ပြန်လွှတ်လိုက်ပြီး ရှန်ချီယွင်ကလည်း ဒရိုက်ဘာဆက်လုပ်ခဲ့သည်။



တံခါးအပြင်ဘက်တွင် ရှန်ချီယွင်သည် ရှန်ချီဟွမ်း၏ အနားကို တမင်တကာရောက်လာခဲ့ပြီး မေးလိုက်သည်။ “အစ်ကိုဟွမ်း၊ ရှန်းယုဟန်က ခင်ဗျားအတွက် ဥအခွံ တကယ်ခွာပေးချင်တာလို့ ထင်လား?”





ရှန်ချီဟွမ်းက စိတ်မရှည်တာမို့ ရှန်ချီယွင်ကို ​ဒေါသထွက်သင့်သော်လည်း သူနဲ့ရှန်းယုဟန်က ခံစားချက်လုံးဝမရှိတာကြောင့် ရန်ဖြစ်နေဖို့မလိုပေ။



ရှန်ချီဟွမ်းက လုံးဝဂရုမစိုက်ပဲ ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ငါ ဥစားလိုက်ရတယ်လေ၊ မင်းကဘာဖြစ်နေတာလဲ?”



ရှန်ချီယွင်က သူ့ကို တမင်တကာသတိပေးခဲ့သည်။ “မဟုတ်ဘူး၊ အစ်ကိုဟွမ်းက မရီးကို ကောင်းကောင်းဂရုစိုက်သင့်ပါတယ်။”



ရှန်ချီဟွမ်းက ပြောလိုက်သည်။ “မင်းပစိဖိတ်ရဲတပ်ဖွဲ့မှာ ရဲအရာရှိဖြစ်မလာတာ ရှက်စရာပဲ”



ရှန်ချီယွင်က ပြုံးလိုက်ပြီး သူ့ကိုအလွယ်တကူ အနိုင်ယူခဲ့သော ရှန်းယုဟန်ကိုကြည့်လိုက်သည်။



“ယုဟန်၊ ဒါဆိုငါသွားတော့မယ်နော်”



ရှန်းယုဟန်က သူ၏ရင်းနှီးလွန်းသော အခေါ်အဝေါ်ကို စိတ်မသက်မသာဖြစ်နေပြီး တစ်ဖက်လူနဲ့ ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်ကာ မတုံ့ပြန်ခဲ့ပေ။



ရှန်ချီယွင်က နည်းနည်းစိတ်ပျက်မိသည်။ ရှန်းယုဟန်၏ မျက်လုံးများတွင် သူ့ကိုလက်လွှတ်ပေးဖို့ တုံ့ဆိုင်းနေခြင်းမရှိပေ။ ရှန်းယုဟန်က သူ့ကို အချိန်အတော်ကြာလိုက်ခဲ့ပြီး ဒါက သူ့ကိုဖမ်းမိဖို့အတွက် နည်းလမ်းနောက်တစ်မျိုးလားဟု တွေးတောနေသည်။ နည်းနည်းတော့ စိတ်ဝင်စားစရာပဲ။



လူတွေထွက်ခွာသွားပြီးနောက် ရှန်းယုဟန်​က တံခါးအပြင်ကိုကြည့်ကာ အပြင်ကမ္ဘာကို အနည်းငယ် တောင့်တနေသည်။



သို့သော် ရှန်ချီဟွမ်းက ရှန်းယုဟန်က အပြင်ဘက်ကို သေချာစိုက်​ကြည့်နေတော့ ရှန်ချီယွင်ကို ထွက်မသွားစေချင်တာလားဟု တွေးမိလိုက်သည်။



ရှန်းယုဟန်မှာ လုပ်စရာတစ်ခုခုရှိနေရင် သူက ရှန်ချီယွင်အကြောင်း တွေးနေတာကို ရပ်နိုင်သွားလိမ့်မယ်။

ဧည့်သည်တွေပြန်သွားတော့ ရှန်ချီဟွမ်းက ကုမ္ပဏီကိုသွားပြီး ရှန်းယုဟန်က အန်တီဝမ်ကို တီဗီရမုတောင်းကာ တီဗီကြည့်ပြီး ​လေ့လာနေသည်။ သူက သူနဲ့သင့်တော်သော ချန်နယ်တစ်ခုကို ရှာတွေ့သွားသည်။



အန်တီဝမ်က သူ့အနားကဖြတ်သွားတော့ သနားသွားသည်။



“မစ္စတာရှန်းကလည်း ကလေးပရိုဂရမ်တွေကို ကြိုက်တာလား၊ အန်တီ့ရဲ့ လေးနှစ်အရွယ်မြေးလေးတွေလည်း အဲ့ဒါတွေကိုကြည့်ရတာကြိုက်တယ်။”



ရှန်းယုဟန်က အံကြိတ်ကာ ပြောလိုက်သည်။ “ကျွန်တော်က ဒီတိုင်းလျှောက်နှိပ်နေတာပါ..အသံအတွက်”



လူချမ်းသာတွေက ဒီလိုအိမ်အကြီးကြီးမှာ တစ်ယောက်တည်းနေရတာ အထီးကျန်မှာပဲဟု အန်တီဝမ်က သဘောပေါက်သွားခဲ့သည်။



ကုမ္ပဏီကိုရောက်ပြီးနောက် ရှန်ချီဟွမ်းက စာရွက်စာတမ်းအပုံလိုက်ကို လက်မှတ်ထိုးပြီး အလုပ်အစီရင်ခံစာအီမေးတွေကို ဖတ်လိုက်သည်။



သူသည် အလုပ်သမားစီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းလေ့ကျင့်ရေးလှုပ်ရှားမှုနဲ့ပတ်သတ်သော အိီမေးလ်တစ်စောင်ကို အမှတ်မထင်တွေ့ရှိခဲ့ပြီး ရှန်ချီယွင် ထွက်သွားချိန် ရှန်းယုဟန်၏ တောင့်တနေသော မျက်လုံးများကို ပြန်တွေးမိသွားပြီး သူက လက်ထောက်ကို ခေါ်လိုက်သည်။

သူကရှန်းယုဟန်အတွက် တစ်ခုခုရှာပေးမှရမည်။ ဒါမှ သူတစ်နေကုန် ရှန်ချီယွင်အကြောင်း တွေးမနေတော့မှာ။



တတိယမဒမ်က သူ့လက်ထ​ပ်ပွဲအတွက် အစွမ်းကုန်အားထုတ်ခဲ့သော်လည်း ထိုသည်မှာ ရှန်ထျန်းဖုန်း၏ ညွှန်ကြားချက်ကြောင့်ဖြစ်ပြီး ပင်မအိမ်တော်နှင့် တတိယအိမ်တော်က အလုပ်တွဲလုပ်တော့မည်ဟု မဆိုလိုပါ။ မောင်နှမဝမ်းကွဲတွေကြားက ကွာဟချက်က ကြီးမားသည်။



“အပြင်မှာဘာသင်တန်းတွေရှိလဲ ရှာဖို့ကူညီပေးပါ”



လက်ထောက်ချွီက ဘော့စ်၏ဆိုလိုရင်းကို ခဏလောက်နားမလည်နိုင်ခဲ့ပေ။

“ဥက္ကဋ္ဌရှန်က ဘယ်လိုလေ့ကျင့်ရေးသင်တန်းတွေကို လိုချင်တာလဲ?”



“ဟင်းချက်တာ၊ ပန်းစည်းတာ၊ တေးဂီတ၊ စန္ဒယားတစ်ခုခုပေါ့။ ဘာတွေရနိုင်မလဲအရင်ရှာပေးပါ၊ ပြီးမှရွေးကြတာပေါ့။”



လက်ထောက်ချွီက မနေ့က မင်္ဂလာအခမ်းအနားမှာ ရှန်ချီဟွမ်းအ​နောက်ကို လိုက်ခဲ့တာကြောင့် သူက နားလည်သွားသည်။



“မစ္စရှန်းအတွက် ရှာချင်တာလား?”



“အွန်း” အဲ့ဒါတွေက အိမ်မှာဘာမှမလုပ်ပဲ တွေးတောနေတာကို ရပ်သွားစေတယ်လေ။



လက်ထောက်ချွီက တစ်နာရီအကြာတွင် ရှန်ချီဟွမ်းကို အဆင့်မြင့်သင်တန်းကျောင်းစာရင်းနဲ့ လိပ်စာတွေကို ပေးခဲ့သည်။



ရှန်ချီဟွမ်းက ရွေးချယ်စရာတွေကြောင့် အံ့အားသင့်သွားသည်။ သူက ဒီနေ့ခတ်မှာ လေ့ကျင့်ရေးသင်တန်းကျောင်း အမျိုးအစားအများကြီးရှိမယ်လို့ မမျှော်လင့်ခဲ့ပေ။ အခုခေတ်ကလေးတွေ အိပ်ချိန်မရှိတာလည်း မအံ့သြတော့ပေ။



အရမ်းကောင်းတယ်၊ ဒါသူလိုချင်တာအတိအကျပဲ။



ရှန်းယုဟန်က စိတ်ကူးယဥ်အလေလိုက်နေဖို့ အချိန်မရှိတော့ပဲ ရည်မှန်းချက်ရှိလာတော့မှာမို့ ပင်ပန်းရတော့မှာပဲ။ 

တစ်ပတ်မှာခုနှစ်ရက်၊ ကိုးနာရီကနေခြောက်နာရီ၊ မရဘူး၊ သူ့အတွက်အချိန်ကွာဟချက်မရှိအောင် လုပ်ရမယ်။



ဒီအကြံဉာဏ်အရ ရှန်ချီဟွမ်းက လက်ထောက်ချွီကို သင်တန်းကျောင်းကိုဆက်သွယ်ဖို့ ပြောလိုက်သည်။



လက်ထောက်ချွီကပြောလာသည်။ “ဥက္ကဋ္ဌရှန်၊ တကယ်တော့ မစ္စတာရှန်းအတွက် သီးသန့်ဆရာတစ်ယောက်ငှားလို့ရပါတယ်။”



ရှန်ချီဟွမ်းက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ “အိမ်မှာနေ့တိုင်းနေရင် နေမကောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် သင်တန်းကိုသွားတာက တခြားသူတွေနဲ့လည်း ပေါင်းသင်းဆက်ဆံနိုင်မယ်။ လူမှုပတ်ဝန်းကျင်နဲ့လည်း ဝေးကွာမနေတော့ဘူး။”



လက်ထောက်ချွီ: “မှန်ပါတယ်။ တကယ်က မစ္စတာရှန်း ကုမ္ပဏီမှာ လေ့လာဖို့လည်း စီစဥ်ပေးလို့ရပါတယ်။”



“ကုမ္ပဏီမှာဘာလုပ်မှာလဲ?” ကုမ္ပဏီမှာလာရှုပ်လို့မရဘူးလေ။



မစ္စတာချွီက ဒီမေးခွန်းအတွက် အဖြေရှာမတွေ့ပေ။ ရှန်းယုဟန်က ကောလိပ်တက်ပြီး တစ်နှစ်အကြာမှာပဲ ကျောင်းထုတ်ခံခဲ့ရသည်။ အကြောင်းမှာ သူက အတန်းဖော်တွေနဲ့ရန်ဖြစ်ပြီး လူတစ်ယောက်ကို ရိုက်နှက်လိုက်တာကြောင့် ထိုလူကဆေးရုံရောက်သွားခဲ့လို့ပင်။ အဘိုးရှန်းက လူကိုယ်တိုင်သွားရောက်တောင်းပန်ခဲ့ပြီး လျော်ကြေးအများကြီးပေးခဲ့ရသည်။ သူကတကယ်ကို အသိဉာဏ်မဲ့သောလူဖျင်းတစ်ယောက်ပင်။ ဒီသင်တန်းတွေတက်ပြီး ဘာမှမသင်ယူခဲ့ရင်တောင် အနည်းဆုံးတော့ သူ့စိတ်နေစိတ်ထားနဲ့ ပုံရိပ်က တိုးတက်လာနိုင်သည်။





ဤလေ့ကျင့်ရေးသင်တန်းကျောင်းတွေက ရှန်းယုဟန်အတွက် အံဝင်ခွင်ကျဖြစ်ပြီး သူဌေးလည်းဖြစ်လာနိုင်သည်။



ရှန်းယုဟန်က တီဗီထဲကဆရာမဆီက စာလုံးပေါင်းကို လေးလေးနက်နက် သင်ယူနေသည်။ အနာဂတ်မှာ သူ့အချိန်က ရှန်ချီဟွမ်းစီစဥ်ပေးသော လုပ်ငန်းစဥ်တွေနဲ့ ပြည့်နေပြီး သင်တန်းကျောင်းအများကြီး တက်ရတော့မယ်ဆိုတာကို မသိခဲ့ပေ။ 



သူက အိမ်မှာတစ်ရက်နေ၍ ဗဟုသုတများစွာကို လေ့လာနေပြီး ခေတ်သစ်ဘောပင်နဲ့ရေးဖို့တောင် ကြိုးစားလိုက်ပေမယ့် စာရေးဟန်က စုတ်တံကိုင်တာနဲ့တူနေပြီး လက်ရေးကလည်း မလှပေ။



အိမ်တွင် ထမင်းချက်အန်တီဝမ်ရှိပြီး သန့်ရှင်းရေးအတွက် အန်တီနှစ်ယောက်နှင့် ပန်းပင်အတွက် တာဝန်ရှိသော လူတွေလည်းရှိတာကြောင့် ရှန်းယုဟန်က မီးဖိုချောင်အတွက် စိတ်ပူစရာမလိုပေ။



ညနေခင်းတွင် ရှန်ချီဟွမ်းက လက်ထောက်ချွီ စီစဥ်ပေးသော သင်တန်းတွေနဲ့အတူ အလုပ်မှပြန်လာခဲ့သည်။



အိမ်မှာတစ်နေကုန်ရှိနေသော ရှန်းယုဟန်က ကားသံကြားလိုက်ပြီး သူက တံခါးနားမှာ ရှန်ချီဟွမ်းကို ရပ်စောင့်နေသည်။



ရှန်ချီဟွမ်းက ကားထဲကထွက်လာစဥ် ရှန်းယုဟန် တံခါးနားမှာ စောင့်နေပြီး သူ့ကိုပြုံးပြတာကိုတွေ့လိုက်ရပြီး သူ့နှလုံးသားက အနည်းငယ်ယားယံသွားသည်။



သူက တမင်တကာ မေးလိုက်သည်။ “တံခါးမှာဘာရပ်လုပ်နေတာလဲ?”



ရှန်းယုဟန်၏အသံက နူးညံ့သိမ်မွေ့နေသည်။ “အထဲတူတူဝင်ဖို့”

.



ရှန်ချီဟွမ်းမျက်နှာက ဘာမှထူးခြားမှုမရှိ။ ရှန်းယုဟန်က သူ့ကိုစောင့်ကြည့်တာကိုလျှော့ဖို့ သူစိတ်ကျေနပ်စေရန် ဒီနည်းလမ်းကိုသုံးနေတာ ဖြစ်လိမ့်မည်။ ဒါမှ သူက ရှန်ချီယွင်နဲ့ဆက်ဆံရေးကို ရှေ့ဆက်နိုင်မှာလေ။ ချစ်သူတွေဆိုတာ ခွဲခွာနေလည်း အချင်းချင်းတောင့်တနေကြပေမယ့် သူကတော့ ဤလှည့်ကွက်နှင့် အရူးလုပ်မခံနိုင်ပေ။



ရှန်းယုဟန်​က ရှန်ချီဟွမ်း ဘာတွေတွေးနေလဲမသိပဲ သူက ရှန်ချီဟွမ်း၏ ပေါ့ပါးသောလက်ဆွဲအိတ်ကို ယူလိုက်သည်။



ဗလာဖြစ်သွားသော သူ့လက်ကိုကြည့်ကာ ရှန်ချီဟွမ်းက အနည်းငယ်နေရခက်သွားပေမယ့် သက်တောင့်သက်သာလည်းရှိနေသည်။ သူက ဒီလိုမျိုး တစ်ခါမှဂရုစိုက်မခံရဖူးပေ။



ရှန်ချီဟွမ်းက သူ့သရုပ်ဆောင်ချက်တွေကို ကြည့်နေပေမယ့် ပိုကြည့်လေလေ ရှန်းယုဟန် သရုပ်ဆောင်နေတာက သဘာဝကျလာလေဟု ခံစားလိုက်ရသည်။



သူက အပြုံးလေးဖြင့် ပြောလာသည်။ “ယောကျာ်း၊ ကျွန်တော် အန်တီဝမ်ကို မှိုကြက်စွပ်ပြုတ်လုပ်ခိုင်းထားတယ်။”

ယောကျာ်းဆိုသောစကားလုံးက ရှန်ချီဟွမ်းနှင့် လိုက်ဖက်ညီပုံရသည်။ သူကြားလိုက်သည်နှင့် တစ်ကိုယ်လုံးအေးခဲသွားသည်။ သူပြောတော့မည့် ထေ့ငေါ့သော စကားလုံးများက ပုခက်ထဲမှာတင် ညှစ်သတ်ခံလိုက်ရသည်။ ထိုထက်ပိုသည်မှာ ရှန်းယုဟန်၏ အသံက ပျော့ပျောင်းနေပြီး ပြုံးနေသူကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံသင့်တာကြောင့် ရှန်ချီဟွမ်းသည် မသိစိတ်ကနေ လိုက်လျောပေးလိုက်သည်။ 



ရှန်ချီဟွမ်းက ပြောလိုက်သည်။ “အွန်း၊ တစ်ခုခုစားချင်ရင် အန်တီဝမ်ကိုပြောလိုက်။”



သူက ခင်ပွန်းနဲ့ဇနီးဂိမ်းကို ကစားချင်ရင် လိုက်ကစားပေးတာပေါ့။ ခွန်းအားဖြုန်းတီးရာလည်း မကျဘူးလေ။



ရှန်းယုဟန်က ရှန်ချီဟွမ်း၏ လက်ဆွဲအိတ်ကို ချလိုက်ပြီး အန်တီဝမ်ကို ညစာပြင်ပေးဖို့ သွားပြောလိုက်သည်။



ထိုအချိန်တွင် ရှန်ချီဟွမ်းသည် သူ့အိမ်ကလင်းထိန်နေတာကို တွေ့လိုက်ရသည်။ အရင်က သူပြန်လာရင် ထူးဆန်းသောအသံများ မရှိခဲ့သ​​​ဖြင့် သူလှည့်ကြည့်လိုက်တော့ ဖုန်ပေနေသော တီဗီပေါ်တွင် ကာတွန်းဖွင့်ထားတာကို တွေ့လိုက်ရ​ပြီး အသံကထူးဆန်းနေသည်။

သူက ရမုရှာပြီး ပိတ်လိုက်ချင်ပေမယ့် ရုတ်တရက် လေယာဥ်စီးနေစဥ် ဖတ်ခဲ့သော မဂ္ဂဇင်းတစ်ခုကို သတိရသွားသည်။ သူက ဆောင်းပါးတစ်ခုကိုဖတ်ခဲ့ပြီး ထိုဆောင်းပါးတွင် စာရေးသူက အိမ်၏အဓိပ္ပါယ်ကို ဖော်ပြထားသည်။ 

အိမ်ဆိုတာ အိမ်ထဲမဝင်ခင် ရှူရှိုက်နိုင်သော ပြင်းထန်တဲ့အစားအသောက်ရနံ့၊ အိမ်ဆိုတာ အိမ်ထဲဝင်နေစဥ် ကြားရသောတီဗီအသံ၊ အိမ်ဆိုတာ ဝမ်းနည်းချိန်ဖြစ်စေ ပျော်ရွှင်နေချိန်ဖြစ်စေ မင်းလွမ်းနေမယ့်နေရာ။



အဆုံးတွင် ရှန်ချီဟွမ်းက ရမုကိုပြန်ချလိုက်ပြီး ဆူညံသံကိုလွှတ်ထားလိုက်သည်။



ယနေ့အတွက်စွပ်ပြုတ်က အံ့မခမ်းအရသာရှိပြီး ရှန်ချီဟွမ်းက အန်တီဝမ်ကိုချီးကျူးလိုက်ပေမယ့် အန်တီဝမ်က ငြင်းဆိုခဲ့သည်။

“ဒီစွပ်ပြုတ်က မစ္စတာရှန်းရဲ့နည်းအတိုင်းလုပ်ထားတာပါ။ မစ္စတာရှန်က မစ္စ​တာရှန်းကို ချီးကျူးသင့်ပါတယ်။”

“အို?”



ရှန်ချီဟွမ်းက နည်းနည်းအံ့သြသွားပေမယ့် ရှန်းယုဟန်က အချက်အပြုတ်ကျွမ်းကျင်မယ်လို့ မထင်ခဲ့ပေ။ သူသိသလောက်က ရှန်းယုဟန်ကငယ်စဥ်ကတည်းက အင်္ကျီကမ်းပေးမှ လက်ဆန့်ပေးရပြီး အစားအသောက်ကို ခွံ့ကျွေးမှစားသည်။ အိမ်မှာပိုက်ဆံအနည်းငယ်ပဲရှိပေမယ့် အပြင်မှာနေ့တိုင်းပြဿနာရှာသည်။ မိဘတွေသေဆုံးခဲ့တာတောင် အလေအလွင့်သားလေးက အချိုးမပြောင်းခဲ့ပေ။



ထမင်းစားပြီးနောက် ရှန်ချီဟွမ်းက ပြင်ဆင်ထားသော သင်တန်းအချိန်ဇယားကို သူ့ဘေးမှာထိုင်နေသော ရှန်းယုဟန်အား ကမ်းပေးလိုက်သည်။ 



“နက်ဖြန်ကစပြီး သင်တန်းမှာတစ်ခုခုသွားသင်ရမယ်။ အိမ်မှာတစ်နေကုန်ဘာမှမလုပ်ပဲ မနေနဲ့။”



ရှန်းယုဟန်က အချိန်ကွာဟချက်မရှိသော သင်တန်းဇယားကိုကြည့်လိုက်သည်။ နေ့စဥ်မတူညီသော သင်တန်းများရှိပြီး သူက ​နောက်ဆုံးတွင် အပြင်ကမ္ဘာကိုတွေ့ရတော့မည်။

သူအိပ်ချင်နေစဥ် တစ်စုံတစ်ယောက်က ခေါင်းအုံးကမ်းပေးလိုက်သလိုပင်။ ဘုရားသခင်က လူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပဲ!

သို့သော် ရှန်းယုဟန်က သူ့ခင်ပွန်းမြင်သွားမှာစိုး၍ ပျော်ရွှင်နေတာကို သိပ်မပြနိုင်ပေ။



သူ့မျက်လုံးများက ​တောက်ပနေပြီး သူက ညည်းညူသောလေသံဖြင့် ရှန်ချီဟွမ်းကို တမင်တကာမေးလိုက်သည်။ “တကယ်? အဲ့လောက်အများကြီးကို သင်ရမှာလား?” စိတ်ထဲတွင် သူက ခေတ်မီလူအဖွဲ့အစည်းနှင့် လိုက်လျောညီထွေဖြစ်လာဖို့ စိတ်အားထက်သန်နေခဲ့သည်။



ရှန်ချီဟွမ်း​က ပြောလိုက်သည်။ “အများကြီးဟုတ်လား? အခုခေတ်ကလေးတွေက ငါးနာရီခွဲမှာထပြီး ဆယ့်တစ်နာရီထိတောင် မအိပ်ကြဘူး။ မင်းကမှ နည်းနေသေးတယ်။” သူအနားယူနိုင်ဖို့ တနင်္ဂတွေတစ်ရက်ကိုလည်း ဖယ်ထားပေးသည်အထိ ကြင်နာပေးထားသည်။ တစ်ရက်နားရလည်း မဆိုးပါဘူး။



“အဲ့လိုလား?” ရှန်းယုဟန်က ကျောင်းမတက်ခဲ့ဖူးပေမယ့် သူ့အစ်ကိုကြီး၊ ညီငယ်လေးတွေက ကျောင်းသွားဖို့ ကြက်တွန်သံထက်စောအောင် ထခဲ့ရတာကို သူသိသည်။ သူတို့က နန်းတွင်းစာမေးပွဲမှာ အဆင့်ကောင်းရချင်ရင် သန်းခေါင်ယံထိစာကျက်ပြီး ခွေးထက်နောက်ကျမှအိပ်ရသည်။ သို့သော် အချိန်ယှဥ်ကြည့်ရင် ယခုခတ်ကလေးတွေလောက်တော့ နောက်မကျပေ။ ယခုခတ်ကလေးတွေက ပိုဆိုးနေသည်။



သူက သဘောတူချင်ယောင်ဆောင်လိုက်သည်။ “ကောင်းပြီ၊ ဒါဆိုသင်တန်းသွားမယ်။”



ရှန်ချီဟွမ်းက သူ၏မကျေနပ်မှုကိုကြည့်ကာ စိတ်ကြည်သွားသည်။ “နက်ဖြန်ငါနဲ့အတူလိုက်ခဲ့၊ သင်တန်းက ကုမ္ပဏီအနီးနားမှာပဲ။”



သူက သူ့ကို စောင့်ကြည်လို့ရအောင် ကုမ္ပဏီနားက သင်တန်းကိုရှာပေးဖို့ လက်ထောက်ကိုပြောခဲ့တာပင်။



ရှန်းယုဟန်က ပျော်ရွှင်မှုကို ဖိနှိပ်ကာ ပြောလိုက်သည်။ “အွန်း၊ ဒါဆိုနက်ဖြန်စောစောထပြီး ခင်ဗျားကိုနိုးပေးရမလား?”

“ငါ့မှာနှိုးစက်နာရီရှိတယ်။” ရှန်ချီဟွမ်းကပြောလိုက်သည်။



“ဒါပေမယ့် ဒီမနက် နှိုးစက်နာရီမြည်နေလည်း ခင်ဗျားမထခဲ့ဘူးလေ။” ရှန်းယုဟန်က အိပ်ရာပေါ်က သူ၏နှေးကွေးမှုကို ထုတ်ဖော်လိုက်သည်။



“ထနိုင်ပါတယ်။” ရှန်ချီဟွမ်းက ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။

“ဒါဆိုလည်းကောင်းပါပြီ”

မနက်အပြင်ထွက်ရတော့မယ့်အကြောင်းကိုတွေးပြီး ရှန်းယုဟန်က စိတ်လှုပ်ရှားနေသလို စိုးရိမ်နေသည်။ သူက ရှန်ချီဟွမ်း သူနဲ့အခန်းထဲလိုက်မလာတာကိုတောင် ဂရုမစိုက်ခဲ့ပေ။

ရှန်ချီဟွမ်းသည် သူဒီနေ့ရှန်းယုဟန်နှင့် ကုတင်တစ်ခုတည်းမှာအတူအိပ်ပြီး သူ၏တွေးခေါ်နိုင်စွမ်းကို ဆုံးရှုံးသွားတာမျိုးမဖြစ်အောင် အခန်းပြန်အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။





ထိုသည်မှာ ညဆယ်နာရီကျော်တွင် ရှန်းယုဟန်က ညအိပ်ဝတ်နဲ့ စာဖတ်ခန်းတံခါးမှာရပ်ပြီး သူ့ကိုလာမခေါ်ခင်အထိဖြစ်သည်။ “ယောကျာ်း၊ အနားယူချင်လား?”



ရှန်ချီဟွမ်း​က ပြောပြမတတ်ဆွဲဆောင်မှုရှိသော ညှပ်ရိုးပေါ်ကမှဲ့အနီရောင်ကိုတွေ့သွားပြီး သူချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကိုမေ့သွားခဲ့သည်။

သူက တံတွေးမျိုချကာ ပြောလိုက်သည်။ “အနားယူမယ်။”

ထိုညတွင် နှစ်ယောက်သား တစ်ကုတင်တည်းမှာ ရိုးရိုးသားသား အိပ်ခဲ့ကြပြီး ဘာမှမလုပ်ခဲ့ကြပေ။

သူလဲလျောင်းလိုက်သည်နှင့် ရှန်ချီဟွမ်းက နောင်တရလာခဲ့သည်။ သူက ဒီပရော်ပရည်လုပ်တတ်တဲ့ မြေခွေးနဲ့ နောက်တစ်ကြိမ် ဘာလို့လာအိပ်မိတာလဲ။

နောက်နေ့မနက်တွင် ရှန်ချီဟွမ်းနိုးလာစဥ် စူးစမ်းမှုအပြည့်နှင့် ကြည်လင်တောက်ပသော မျက်လုံးတစ်စုံကိုတွေ့လိုက်ရသည်။

လှပသောမျက်လုံးပိုင်ရှင်က ပျော့ပျောင်းသောအသံဖြင့် သူ့ကို နှုတ်ဆက်လာသည်။ “ကောင်းသောမနက်ခင်းပါ၊ ယောကျ်ား”

ရှန်ချီဟွမ်းက ရေရွတ်လိုက်သည်။ “မောနင်း”



သူက ရှန်းယုဟန်ကို ထပ်ပြီးဖက်ထားတာကို သတိထားမိသွားပြီး လွှတ်ပေးလိုက်သည်။

ရှန်းယုဟန်က ရေချိုးဖို့ ချက်ချင်းထွက်သွားပြီး သူပြီးသွားစဥ် အိပ်ရာပေါ်မှာ လဲလျောင်းနေသော ရှန်ချီဟွမ်းကို ပြောလိုက်သည်။ “ယောကျာ်း၊ မြန်မြန်ထပြီး၊ရေချိုးတော့”



ရှန်ချီဟွမ်း: “......” ဒီညငါ့အခန်းထဲပဲ သွားအိပ်တော့မယ်။

မနက်စာစားပြီးနောက် ရှန်းယုဟန်က အပြင်အတူသွားရန် ရှန်ချီဟွမ်းကို နာခံစွာစောင့်နေသည်။



ရှန်ချီဟွမ်းက သူ့ကိုစောင့်မျှော်နေသော ရှန်းယုဟန်ကို နားမလည်နိုင်စွာကြည့်လိုက်သည်။ သူ့​ကြည့်ရတာ တစ်ခုခုအတွက် စိတ်လှုပ်ရှားနေသလိုပဲ။



ထွက်ပြေးဖို့ အခွင့်အရေးယူချင်နေတာလား?