Chapter 08
“သူအရမ်းကျေနပ်တယ်။”
ဒီနေ့အပြင်ထွက်ရစဥ် သူ့စိတ်အခြေအနေမှာ အရင်နှစ်ကြိမ်နှင့် ကွာခြားနေသည်။
ပထမတစ်ကြိမ်က သူဒီကိုရောက်လာစဥ် အမှားလုပ်မိလျှင် တာအိုဘုန်းကြီးများ၏ ဖမ်းဆီးခြင်းကို ခံရမှာစိုး၍ ထိတ်လန့်နေခဲ့သည်။
ဒုတိယအကြိမ်က လက်ထပ်ပွဲ အတင်းအကြပ်လုပ်ခိုင်းစဥ် ကားထဲကို ကြောင်တက်တက် တက်သွားခဲ့ရပြီး လမ်းပေါ်က ရှုခင်းများမှာ မှုန်ဝါးနေကာ စိတ်တိမ်းညွတ်စရာ မရှိခဲ့ချေ။
သို့သော် ယခုတွင် ရှန်းယုဟန်က အရာရာကို အသစ်အဆန်းလို့ ခံစားမိသည်။
သူက မနက်ခင်းတွင် ခေတ်သစ်လူသားများ၏ အလုပ်ရှုပ်နေသော အခြေအနေကို တွေ့ခဲ့ရပြီး မီးနီကိုစောင့်နေစဥ် လူတန်းစားပေါင်းစုံ လမ်းဖြတ်ကူးနေတာကို တွေ့ခဲ့သည်။
သူတို့အများစုက အိတ်တွေသယ်ကာ အသွင်အပြင်အမျိုးမျိုးဖြင့် ဝတ်စားထားကြသည်။ အသီးအနှံနှင့် ခွေးတွေကို ချီလာသော အဘိုးကြီးများ၊ ယူနီဖောင်းဝတ်၍ စက်ဘီးနှင့် လမ်းဖြတ်ကူးလာသော ကျောင်းသားများ၊ ရုံးတက်ဝတ်စုံ သားရေဖိနပ်နှင့် အမျိုးသားများ၊ ကိုယ်ကျပ်ဝတ်စုံနှင့် လှပသော အမျိုးသမီးများ၊ ဘောင်းဘီအပြဲနှင့် စတိုင်ကျသော အမျိုးသမီးများ၊ စသဖြင့် ပုံစံနှင့်ကိုယ်ဟန်အနေအထားစုံသော မြင်ကွင်းကျယ်ကြီး ရှိနေသည်။
ရှန်းယုဟန်က နောက်ဆုံးတော့ တီဗီမှာပေါ်လာသော လူမျိုးစုံကို တွေ့ရှိခဲ့ရသည်။
မတူညီကွဲပြားသောစိတ်ဖြင့် ရှန်းယုဟန်က သူမြင်သမျှကို တောင့်တနေပြီး လမ်းဘေးက ဆိုင်းဘုတ်များကပင် သူ့ကို အလွန်စိတ်ဝင်စားစေသည်။
ရှန်းယုဟန်က သစ်သားတုတ်ကိုကိုက်ထားသော ရွှေရောင်ပြန်အမွှေးထူခွေးလေးကို လက်ညိုးထိုးလိုက်သည်။ “ယောကျာ်း၊ ဟိုခွေးကိုကြည့်ပါဦး။”
ဒီနေ့ ဒရိုက်ဘာက ကားမောင်းနေပြီး ရှန်ချီဟွမ်းသည် ကားစီးနေရင်း တစ်နေ့တာ ခရီးစဥ်ကိုကြည့်ရှုလေ့ရှိသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန် လက်ညိုးထိုးပြသည့်နေရာကို ကြည့်လိုက်သည်။ “ရွှေရောင်ပြန်အမွှေးထူခွေး၊ မင်းမွေးချင်လို့လား?”
သူတို့ကိုမွေးလို့ရတာလား? တကယ်တော့ ရှန်းယုဟန်က သူမြင်တာကို ရှန်ချီဟွမ်းအား မျှဝေချင်ရုံသာဖြစ်ပြီး ယခုထိုအကြောင်းတွေးလိုက်တော့ ရှန်ချီဟွမ်းအတွက် သာမန်ဖြစ်ကွင်းဖြစ်နေသဖြင့် သူမွေးချင်တယ်လို့ နားလည်မှုလွဲသွားတာ ဖြစ်လိမ့်မည်။
“မွေးလို့ရလား? အကြီးကြီးပဲ၊ ကိုက်တတ်လား?”
“ ရွှေရောင်ပြန်အမွှေးထူခွေးတွေက အတော်လိမ္မာတယ်။ ဒါပေမယ့် အိမ်မှာအိမ်မွေးတိရစ္ဆာန်တွေမထားဘူး။ ခွေးကိုမနက်နဲ့ညနေ လမ်းလျှောက်ပေးရမှာ။ ပြီးတော့ မင်းကသင်တန်းတက်ရမှာမို့ အချိန်မရှိဘူး။ အထူးသဖြင့် သူတို့က မျက်မမြင်တွေအတွက် လမ်းပြခွေးအဖြစ်သုံးကြတာ။”
“ကောင်းပြီ” ကြည့်ရတာခွေးကြီးတွေမှာ ထိုရည်ရွယ်ချက်ရှိပုံပင်။ သူကပြောလိုက်သည်။ “မမွေးတော့ဘူး။”
ရှန်ချီဟွမ်းက သူ့ကို ခွေးမွေးခွင့်မပြုတာ ဝမ်းမနည်းပေ။ သူက သူ့ကိုယ်သူတောင် မထောက်ပံ့နိုင်သေးပဲ သူ့ခင်ပွန်းကိုမှီခိုနေရဆဲပင်။
ဒရိုက်ဘာက ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “မစ္စတာရှန်၊ကုမ္ပဏီကိုအရင်ပို့ပေးရမလား၊ မစ္စတာရှန်းကို သင်တန်းအရင်ပို့ပေးရမလား?”
ရှန်ချီဟွမ်းက လမ်းကြောင်းကို တစ်ချက်ကြည့်လိုက်တော့ အစည်းအဝေးက ဆယ်နာရီမှစမှာဖြစ်သည်။ “ကျွန်တော်အလျင်မလိုပါဘူး။ သူ့ကိုအရင်ပို့ပေးလိုက်ပါ။”
ခင်ပွန်း၏ သင်တန်းလိုက်ပို့ခြင်းကိုခံရ၍ ရှန်းယုဟန်က အလွန်ပျော်သွားသည်။
ကုမ္ပဏီက အိမ်နဲ့သိပ်မဝေးပဲ ကားလမ်းပိတ်နေရင်တောင် နာရီဝက်သာကြာသည်။ ပုံမှန်နေ့မှာ ဆယ်ငါးမိနစ်သာမောင်းရပြီး ထိုအိမ်ကလည်း ကုမ္ပဏီနဲ့နီးလို့ ရှန်ချီဟွမ်းဝယ်ခဲ့တာဖြစ်သည်။ ထိုအချိန်က ထိုအိမ်နဲ့ပတ်သတ်ပြီး သိပ်မစဥ်းစားခဲ့ပဲ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့သာ သတ်မှတ်ခဲ့သဖြင့် တစ်နေ့မှာ ပိုင်ရှင်နောက်တစ်ယောက်ရှိလာမည်ဟု မတွေးခဲ့ပေ။
ရှန်းယုဟန်က မနက်တွင် လက်ရေးလှသင်တန်းနှင့် ညနေတွင် ပန်းချီသင်တန်းရှိပြီး နှစ်ခုလုံးက သင်တန်းကျောင်းတစ်ခုတည်းအောက်ကဖြစ်သည်။
သင်တန်းကျောင်းက အုတ်နီအဆောက်အဦးဟောင်း၏ ဆိတ်ငြိမ်ထောင့်တစ်ခုတွင်ရှိပြီး အပြင်တွင် ပညာရေးသင်တန်းမျိုးစုံ၏ ကြော်ညာဆိုင်းဘုတ်များရှိသည်။ နိုင်ငံခြားပညာသင်ကျောင်း၊ နိုင်ငံခြားဘာသာစကား၊ အသက်မွေးဝမ်းကျောင်းသင်တန်း စသဖြင့် ကြော်ညာပေါင်းစုံရောနှက်နေသည်။
အပြင်ဘက်တွင် ခြံစည်းရိုးခတ်ထားသဖြင့် အတွင်းကိုမမြင်ရပဲ ပိတ်ရက်လည်းမဟုတ်တာကြောင့် ဒီအချိန်လူသိပ်မလာကြပေ။
ရှန်းယုဟန်က ကားထဲကထွက်လိုက်ပြီး သူနှင့်မရင်းနှီးသောနေရာကို ကြည့်လိုက်သည်။ ဒါသူအပြင်ထွက်ရသော ပထမဆုံးအကြိမ်ဖြစ်ပြီး လုံခြုံသောဇုန်မှထွက်ခွာခဲ့ရသဖြင့် အနည်းငယ် ထိတ်လန့်ကြောက်ရွံ့နေဆဲပင်။
သူကရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ အထဲကိုလိုက်ပို့ပေးနိုင်မလား?”
သူသိသောလူများတွင် ရှန်ချီဟွမ်းက ရှန်းယုဟန်နှင့် အရင်းနှီးဆုံးလူဖြစ်ပြီး သူ့ကိုအလိုအလျောက် ယုံကြည်မှုရှိသည်။
ရှန်ချီဟွမ်းက စဥ်းစားနေသည်။ မင်းဘာလို့ထွက်ပြေးဖို့ အခွင့်အရေးမယူတာလဲ?
“လိပ်စာပါတယ်၊ ကိုယ့်ဘာကိုယ်တက်သွား။”
ရှန်းယုဟန်က စိတ်ပျက်လက်ပျက် ခေါင်းငုံ့ကာပြောလိုက်သည်။ “ခင်ဗျားကို ကျွန်တော်နဲ့လိုက်ခဲ့စေချင်တာ။”
နောက်စက္ကန့်တွင် ရှန်ချီဟွမ်းက ခြေတံရှည်များကို ဆန့်ထုတ်လိုက်သည်။ ရှန်းယုဟန် ဘာလို့ ထိတ်လန့်နေလဲနားမလည်ပေမယ့် သူက နေ့ခင်းကြောင်တောင်မှာ ကလူကမြှူလုပ်တာတော့ တော်လွန်းသည်။ ဒီလိုအဆောက်အဦးကိုတောင် မဝင်ရဲပဲ သူ့ကိုအဖော်ပြုခိုင်းနေသည်။
ထိုအချိန်တွင် ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ကိုတကယ်လိုအပ်နေတယ်လို့ ခံစားလိုက်ရသည်။
ရှန်းယုဟန်က သူလက်ခံတာကိုတွေ့တော့ သက်ပြင်းချလိုက်သည်။
“သွားရအောင်၊ အပေါ်လိုက်ပို့ပေးမယ်။” ရှန်ချီဟွမ်း၏မျက်နှာက တင်းမာနေပြီး သံချေးတက်နေသော ဂိတ်ကိုကျော်သွားလိုက်သည်။
ရှန်းယုဟန်က အမြန်လိုက်လာပြီး ရှန်ချီဟွမ်းက ရှေ့မှာရှိသဖြင့် စိတ်သက်သာရာရသွားသည်။
စုစုပေါင်းအဆောက်အဦးလေးခုရှိပြီး သင်တန်းကျောင်းက နောက်ဆုံးမှဖြစ်သည်။ ရှေ့ကိုဆက်လျှောက်လေ ဆိတ်ငြိမ်လေဖြစ်ပြီး အထပ်အမြင့်အဆောက်အအုံများက နေကိုပိတ်ဆို့ထားသည်။
ရှန်းယုဟန်က လမ်းကြောင်းကို မှတ်သားနေပြီး ရှန်ချီဟွမ်းကို လိုက်မမီဖြစ်သွားသဖြင့် ရှန်ချီဟွမ်းက ခြေလှမ်းကိုအရှိန်လျော့ပေးလိုက်သည်။
ထိုအချိန်တွင် ရှန်ချီဟွမ်းက မှုန်ကုပ်ကုပ်ဖြစ်နေသည်။ လက်ထောက်ချွီက လိပ်စာမကြည့်ပဲ သင်တန်းကိုရွေးခဲ့တာလား? ဘယ်လိုနေရာမျိုးပါလိမ့်၊ မှုန်ဝါးနေပြီး လူလည်းသိပ်မရှိဘူး။
ရှာနေတာရပ်ဖို့လုပ်လိုက်မှ ရှာတွေ့သွားခဲ့သည်။
ကောင်တာ ဝန်ဆောင်မှုက မဆိုးပေ။ သူတို့က လက်ဖက်ရည်နဲ့မုန့်ချပေးကာ ရှန်းယုဟန်က မနေ့က တစ်နှစ်စာမန်ဘာကြေးသွင်းထားတာကို သိလိုက်ရတော့ သဘောထားပိုကောင်းသွားကြ၏။
ရှန်ချီဟွမ်းက လိုက်ပို့ပြီး ထွက်သွားမလို့လုပ်နေစဥ် ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ရှန်းယုဟန်က သူ့အင်္ကျီစကို ကိုင်ထားတာတွေ့လိုက်ရသည်။ ဒါကြောင့် သူက ပြန်လှည့်ကြည့်ကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”
“ဘယ်အချိန်လာကြိုမှာလဲ?” ရှန်းယုဟန်က ရှန်ချီဟွမ်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ထိုအကြည်များနှင့်ဆိုလျှင် ရှန်ချီဟွမ်းက လုံးဝမငြင်းနိုင်ပဲ အချိန်တိုင်းထိရောက်မှုရှိ၏။
“မနက်အလုပ်ပြီးသွားရင် ဖုန်းခေါ်လိုက်မယ်။”
“ကျွန်တော့်မှာဖုန်းမရှိဘူး။” ရှန်းယုဟန်က သူ့မှာဘာမှမပါကြောင်း သူ့အိပ်ကပ်ကို ပုတ်ပြလိုက်သည်။ ထိုမှသာ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လျစ်လျူရှုမိသလို ခံစားလိုက်ရ၏။ “မင်းရဲ့မိုဘိုင်းဖုန်းဘယ်မှာလဲ?”
“ရေထဲပြုတ်ကျတုန်းက ပျက်ဆီးသွားပြီလို့ပြောတယ်။” ရှန်းယုဟန်၏ မျက်လုံးများက အပြစ်ကင်းနေကာ အရင်ကမိုဘိုင်းဖုန်းရှိရင်တောင် သူမသုံးတတ်ပေ။ ယခုသူက အိမ်အပြင်ရောက်နေပြီး ရှန်ချီဟွမ်းနောက်ကွယ်မှာ စာသင်နေရသဖြင့် တစ်လုံးတော့ရှိသင့်သည်။ အခုချိန်ပြောလိုက်တော့ ရှန်ချီဟွမ်းက သူ့ကိုသံသယမဝင်တော့ပေ။
ဒါက ရှန်းယုဟန်၏ပရိယာယ်ဖြစ်ပြီး ရှန်ချီဟွမ်းက လုံးဝသတိမထားမိပဲ မခန့်မှန်းနိုင်ခဲ့ပေ။
“လက်ထောက်ကို မင်းအတွက် ဖုန်းဝယ်ခိုင်းလိုက်မယ်။ ဖုန်းကဒ်ကအရင်နံပါတ်လိုချင်တာလား အသစ်လား?”
“အသစ်လိုချင်တယ်။”
“သူငယ်ချင်းဟောင်းတွေကို မဆက်သွယ်တော့ဘူးလား?” ရှန်ချီဟွမ်းက တကယ်တော့ သူ၏ အတိတ်က အလေအလွင့်အပေါင်းအသင်းများကို လှောင်ဖို့ရည်ရွယ်လိုက်တာဖြစ်၏။
“မဆက်သွယ်တော့ဘူး။” သူတို့တွေက မူလကိုယ်ရှန်းယုဟန်၏ သူငယ်ချင်းတွေဖြစ်ပြီး သူကသိတောင်မသိပေ။ အသစ်ယူလိုက်တာက ပိုလွယ်ကူပြီး နောင်မှာ ပြဿနာများကို ရှောင်ရှားနိုင်မည်။ ဖုန်းကဒ်ဆိုတာ ဘာကိုပြောလဲမသိပေမယ့် ရှန်ချီဟွမ်းနှင့် အလိုက်သင့်ပြောလိုက်သည်။
“အိုခေ၊ ဒါဆို နေ့လယ်မှာ ဒရိုက်ဘာနဲ့လာကြိုခိုင်းလိုက်မယ်။ ကုမ္ပဏီမှာ ဖုန်းလာယူပြီး နေ့လည်စာအတူစားကြတာပေါ့။”
ရှန်းယုဟန်က သူစီစဥ်တာကို အရမ်းကျေနပ်ပြီး အပြုံးတစ်ပွင့်ပေးလိုက်သည်။ “ယောကျာ်း၊ အလုပ်မြန်မြန်သွားတော့။” သူ့အလုပ်ကို ဒီထက်နောက်ကျအောင် မလုပ်သင့်ဘူးလို့ထင်သည်။
သူက ရှန်းယုဟန်ကို မယုံသောလေသံဖြင့် ပြောလိုက်သည်။ “လျှောက်မသွားနဲ့နော်။”
“အွန်းပါ၊တာ့တာ၊ ယောကျာ်း။” ရှန်းယုဟန်က ရှန်ချီဟွမ်း၏ အင်္ကျီကိုလွှတ်ပေးလိုက်ပြီး မှီခိုမှုအားက သိပ်မပြင်းတော့ပေ။
ရှန်ချီဟွမ်းက သင်တန်းမှထွက်ခွာသွားပြီးနောက် အသုံးပြုပြီးစွန့်ပစ်ခံရသလို ခံစားလိုက်ရသည်။
ကောင်တာက အမျိုးသမီးသည် မခွဲနိုင်မခွာနိုင်ဖြစ်နေသော စုံတွဲကိုကြည့်ကာ ပြုံးလိုက်သည်။ “ရှင်တို့နှစ်ယောက်က ဆက်ဆံရေးသိပ်ကောင်းတာပဲ၊ တစ်ယောက်နဲ့တစ်ယောက် ကော်လိုကပ်နေကြတာ။”
ရှန်းယုဟန်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ကောင်တာကအမျိုးသမီးကို ကြွားဖို့မရည်ရွယ်ခဲ့ပေ။
ဧည့်ကြိုအမျိုးသမီးကလည်း နားလည်သည်။ “ကျွန်မနဲ့လိုက်ခဲ့ပါ၊ လူကြီးသုံးယောက်အတန်းက စတော့မှာပါ။”
“ဟုတ်ကဲ့” ဒီပြင်ဆင်မှုက တကယ်ကိုလေးနက်တာပဲ။
ဧည့်ကြိုအမျိုးသမီးက လက်ရေးလှနှင့် ပန်းချီများချိတ်ဆွဲထားပြီး မှင်နံ့ပြင်းသော ဆောင်ကူးစင်္ကြရှည်တစ်ခုကို ညွှန်ပြပေးသည်။ သူမက ဒီလက်ရာတွေက ကျောင်းသားတွေအပိုင်ဖြစ်ပြီး ရှန်းယုဟန် ကောင်းကောင်းလေ့ကျင်ရင် သူ့လက်ရာကိုလည်း ချိတ်ဆွဲထားမှာလို့ ပြောပြခဲ့သည်။
စန္ဒကူးအနံ့နှင့် အခန်းတစ်ခုကိုရောက်သောအခါ အထဲမှာ လူနှစ်ယောက်ရှိနေပြီး ရှန်းယုဟန်က နောက်ဆုံးဝင်လာသူဖြစ်သည်။
ဧည့်ကြိုအမျိုးသမီးက သူ့ကို စားပွဲအလွတ်တစ်ခုဆီ ခေါ်ဆောင်သွားပြီး “မစ္စတာရှန်း၊ သုံးယောက်တန်းက ဒီနေ့စတာမို့ ဆရာက အတန်းချိန်စတာနဲ့ ရောက်လာပါလိမ့်မယ်။ တစ်ခုခုမေးချင်ရင် ကျွန်မကိုလာရှာလိုက်ပါ။”
ရှန်းယုဟန်က “ဟုတ်ကဲ့”လို့ ပြောလိုက်သည်။
ဧည့်ကြိုအမျိုးသမီးက ထွက်ခွာသွားသည်။
သင်တန်းသားသုံးယောက်မှာ စာအုပ်သုံးအုပ်ရှိပြီး တြိဂံပုံစံစီထားကာ ဘောပင်၊ မှင်၊ စာရွက်နှင့် စုတ်တံများကို အဆင်သင့်ထားပေးထားသည်။
စားပွဲထိပ်တွင် တိတ်ဆိတ်နေသော လူငယ်တစ်ယောက်ရှိပြီး ခေါင်းငုံ့ထားသည်။ သူ့အသက်က ခွဲခြားလို့မရပဲ အပြင်ဘက်မှာ ဘာဖြစ်နေလဲစိတ်မဝင်စားပဲ လက်ရေးလေ့ကျင့်နေသည်။ ညာဘက်က ရှန်းယုဟန်နှင့် ရွယ်တူတစ်ယောက်ရှိသည်။ စာရွက်ပေါ်တွင် အိပ်နေကာ ကွေးကွေးလေးထိုင်နေသည်။
ထိုနှစ်ယောက်နှင့် တစ်ခန်းထဲအတူရှိနေသော ရှန်းယုဟန်က စိတ်ထဲတွင် နေရခက်နေသော်လည်း သည်းခံနေလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူကလည်း အမျိုးသားတစ်ယောက်ဖြစ်ပြီး အခုခေတ်မှာ အမျိုးသမီးနဲ့အမျိုးသားပဲရှိတာကြောင့် သူက ကောမဟုတ်ပဲ အမျိုးသားတစ်ယောက်ဖြစ်တာကြောင့် ကြောက်နေစရာမလိုတော့ပေ။
လူငယ်က သူ့လက်မောင်းပေါ်တွင်အိပ်နေပြီး သမ်းဝေကာ ရှန်းယုဟန်ကိုတွေ့တော့ ချက်ချင်းမတ်လိုက်ပြီး ပါးစပ်ဖွင့်တော့မယ်အချိန် မျက်မှန်ဝတ်ထားသော သုံးဆယ်အရွယ်အမျိုးသားတစ်ဦးက ရုတ်တရက်ဝင်လာကာ စကားဖြတ်လိုက်သည်။
ရောက်လာသူက လက်ရေးလှဆရာဖြစ်သည်။
“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က လက်ရေးလှလေ့ကျင့်ပေးမယ့် တာဝန်ခံဆရာပါ။ နာမည်ကတော့ ဖန့်….”
ဖန့်လောင်ရှီးက အလွန်ဖော်ရွေကာ အတန်းစခဲ့သည်။
ရှန်းယုဟန်က အမြဲတမ်း ကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး သူက ပြင်ပကျောင်းကို မသွားဖူးပေမယ့် အချိန်တစ်ခုအထိ မိန်းကလေးကျောင်းကို တက်ခဲ့သည်။
အတန်းထဲတွင် ဆရာကိုလေးစားရမှာဖြစ်၍ သူကခေါင်းကိုလှည့်မကြည့်တာကြောင့် သူ့ဘေးကလူက ဘာတွေတွေးနေမှန်းမသိပဲ သူ့ကိုတစ်ချိန်လုံးစိုက်ကြည့်နေတာကို သတိမထားမိပေ။
ဖန့်လောင်ရှီးက သင်တန်း၏အဓိကအကြောင်းအရာများကို အရင်ပြောသွားပြီး ခက်ခဲသော လက်ရေးလှရေးနည်းနှင့် လွယ်ကူသော လက်ရေးလှရေးနည်းကို အကျဥ်းချုပ်ပြောပြသွားကာ ဘောပင်ကို ဘယ်လိုကိုင်ရမလဲ စတင်သင်ကြားခဲ့သည်။
ထို့နောက် သူက ရှန်းယုဟန် ရင်းနှီးသော လက်ရေးလှလေ့ကျင်ပုံ အခြေခံတွေကို ပြောပြခဲ့သည်။
သူသုံးခဲ့ဖူးသော လက်ရေးလှက ခတ်သစ်မှာ လိုက်စားမှုတစ်ခုဖြစ်ပုံရသည်။
သို့သော် သူက သူ့ကိုယ်သူ လူတော်လို့ မသတ်မှတ်သဖြင့် ဆရာသင်တာကို သေချာနားထောင်နေသည်။
ပထမသင်ခန်းစွာတွင် သူက အခြေခံအချက်များကို နားထောင်ခဲ့ပြီး ဒုတိယသင်ခန်းစာတွင် သူက လက်ရေးလှလေ့ကျင့်နေသည်။
ရှန်းယုဟန်က အိမ်မှာ ရံဖန်ရံခါ လက်ရေးလှလေ့ကျင့်လေ့ရှိပြီး အခု သူက စုတ်တံကိုင်ရာတွင် ရင်းနှီးမှုရှိနေသည်။ အနည်းဆုံးတော့ သူက ဒီလူမှုပတ်ဝန်းကျင်နဲ့ အရမ်းဝေးကွာမနေပဲ သူကောင်းကောင်းသိတာရှိသေးတယ်လို့ ခံစားလိုက်ရသည်။
လက်ရေးလှအတန်းက ချောချောမွေ့မွေ့ ပြီးဆုံးသွားပြီး ရှန်းယုဟန်က ဤသင်တန်းကို ရွေးချယ်ပေးသော ရှန်ချီဟွမ်းကို ကျေးဇူးတင်မိသည်။
သို့သော် သူက ခေတ်မီသော ဘောပင်လက်ရေးလှအတန်းကို သင်ယူလိုသည်။ သူက စုတ်တံနဲ့ ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်ပြီးသားဖြစ်၍ တမင်သက်သက်ရေးရန် မလိုအပ်ပေ။
ဖန့်လောင်ရှီးက သူတို့ကို လက်ရေးလှလေ့ကျင့်ခိုင်းပြီး ရှန်းယုဟန်က စရေးနေသည်။
သူစာတစ်လုံးရေးပြီးနောက် သူ့ဘေးမှာရပ်နေသောဆရာက ချီးကျူးလာသည်။ “မင်းရေးတာကောင်းတယ်။ အရင်ကလည်း သင်ထားတာလား”
ရှန်းယုဟန်က ပြောလိုက်သည်။ “နည်းနည်းသင်ထားပါတယ်။”
ဖန့်လောင်ရှီးက ရှန်းယုဟန် ငြိမ်ငြိမ်လေ့ကျင့်နေစဥ် သင်တန်းသားနှစ်ယောက်၏ လက်ရာကိုကြည့်ဖို့ သွားခဲ့သည်။
သူက စကားစုတစ်ခုရေးပြီးနောက် သူ့လက်ရေးကိုမကျေနပ်ပဲ စာရွက်ပြောင်းလိုက်သည်။ ဖန့်လောင်ရှီးက သူ့လက်ရေးကိုကြည့်ကာ အံ့အားသင့်သွားသည်။
ဖန့်လောင်ရှီး: သူ့လက်ရေးက အဲ့လောက်ကောင်းတာကို သင်တန်းကိုဘာလို့လာတာလဲ၊ ငါ့ကိုအရှက်ခွဲဖို့လား?
မနက်ခင်းတွင် လက်ရေးလှလေ့ကျင့်ခဲ့ပြီး ရှန်းယုဟန်က ကောင်းကောင်းရေးခဲ့ပြီး သူ့နှလုံးသားက ရုတ်တရက် ငြိမ်သက်သွားသည်။
အတန်းပြီးချိန်တွင် သူကလက်ဆေးကာ ထွက်သွားဖို့ပြင်လိုက်ပြီး ကောင်တာက အမျိုးသမီးကို နှုတ်ဆက်ကာ နေ့လည်ပြန်လာမယ့်အကြောင်း ပြောခဲ့သည်။
ဒါရိုက်ဘာက အပြင်တွင်စောင့်နေပြီး ရှန်းယုဟန်က မနက်ကသူ့ကိုလာပို့သောကားကို တွေ့လိုက်ရသည်။
အပြင်ထွက်လိုက်တာနဲ့ ရှန်းယုဟန်ကို လူတစ်ယောက်က လာတားခဲ့သည်။
“ရှန်းယုဟန်? မင်းကရှန်းယုဟန်လား?”
ရှန်းယုဟန်က လှည့်ကြည့်ကာ သူနဲ့အတူ လက်ရေးလှလေ့ကျင့်ခဲ့သော အတန်းဖော်ကို တွေ့လိုက်ရသည်။ သူက အိမ်ထောင်သည်ဖြစ်၍ သံသယတွေကို ရှောင်ရှားရန် အတန်းချိန်တွင် တခြားလူတွေကို စကားမပြောခဲ့ပေ။
လူတစ်ယောက်က သူ့ကိုသိနေမယ်လို့ မမျှော်လင့်ထားသဖြင့် သူက တုံ့ဆိုင်းစွာမေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”
တစ်ဖက်လူက ဖြေသည်။ “ငါက ဟွမ်ရှန့်၊ ငါ့ကိုမှတ်မိလား? ဘယ်မှတ်မိမလဲ? ငါက နည်းနည်းဝခဲ့ပြီး အခုဝိတ်ကျသွားလို့ မင်းငါ့ကိုမမှတ်မိတာ ပုံမှန်ပါပဲ။”
ဧကရာဇ်လား?
(ရှန်းယုဟန်က အသံထွက်တူနေလို့ နာမည်ရဲ့အဓိပ္ပါယ်ကို မှားသွားတာပါ။)
ရှန်းယုဟန်က ခဏလောက်အံ့သြနေပြီး တောင့်တောင့်ကြီးပြောလိုက်သည်။ “အို၊ ငါ့မှာလုပ်စရာရှိလို့ အရင်သွားနှင့်မယ်။”
ခေတ်သစ်မှာလည်း ဧကရာဇ်ရှိတာလား? သတင်းမှာလည်း မကြားမိပါဘူး။!
ဘယ်လိုပင်ဖြစ်စေ သူကတစ်ဖက်လူနဲ့ စကားမပြောချင်တော့သဖြင့် ကားထဲဝင်ကာ အမြန်ထွက်သွားခဲ့သည်။
ဟွမ်ရှန့်က သူ၏လျစ်လျူရှုသွားသော အမူအရာကို စိတ်မဝင်စားပဲ နောက်လှည့်ကာ ဝီချက်ဂရုထဲကို မက်ဆေ့ချ်ပို့လိုက်သည်။
– ညီအစ်ကိုတို့၊ငါ ဟိုအမှိုက်ကောင် ရှန်းယုဟန်ကိုတွေ့ခဲ့တယ်!
– သေစမ်း၊ဘယ်မှာလဲ၊ ငါတို့ ညီအစ်ကို ကျဲ့အတွက်လက်စားချေပေးရမယ်!
– ငါ့အဖေရဲ့ လက်ရေးလှစတူဒီယိုမှာ။
–
ဆယ်မိနစ်အကြာတွင် ဒရိုက်ဘာက ရှန်းယုဟန်ကို ရှန်ချီဟွမ်း၏ ကုမ္ပဏီအောက်ထပ်သို့ ခေါ်သွားခဲ့ပြီး ရှန်ချီဟွမ်းက အောက်ထပ်ဆင်းလာသည်။ သူက ကားထဲတိုက်ရိုက်ဝင်လိုက်ပြီး ပခုံးပွတ်ကာ ငိုက်စိုက်ကျနေသော ရှန်းယုဟန်ကိုတွေ့လိုက်ရသည်။
အရမ်းကောင်းတယ်။ ရှန်ချီဟွမ်းလိုအပ်တာက ရှန်းယုဟန်ကိုသင်တန်းကပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုပဲ။ ထိရောက်မှုကသိသာတယ်။ သူအရမ်းကျေနပ်တယ်။ မန်ဘာကြေးကို နောက်တစ်နှစ်စာပါ သက်တမ်းတိုးပေးလိုက်မယ်။
ရှန်းယုဟန်က စိတ်မကြည်စွာ လှည့်ကြည့်လာပြီး သူ့ကိုတွေ့တော့ ညင်ညင်သာသာ ခေါ်လိုက်သည်။ “ယောကျာ်း”
လွန်ခဲ့သည့်တစ်စက္ကန့်က အလွန်ကျေနပ်နေသော ရှန်ချီဟွမ်းက ချက်ချင်းပင် နူးညံ့သောလေသံဖြင့် မေးလိုက်သည်။ “ဘာလဲ၊ ဆရာက ဆူလိုက်လို့လား?”
ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။” ထို့နောက် သူကတီးတိုးပြောလိုက်သည်။ “ကျွန်တော် ဧကရာဇ်ကိုတွေ့ခဲ့တယ်။”
ရှန်ချီဟွမ်း: “...”
နေ့တစ်ဝက်လောက် စာသင်ရတာက လူတစ်ယောက်ကို ထုံသွားစေသလား?
သူက အာဏာရှင်ပဲ။