အပိုင်း ၆၈
Viewers 15k

Chapter 68


နောက်နေ့မနက်တွင် ဖုန်းယောက်ချင်းက ယူနန်သို့ရသစုံရှိုးသွားရိုက်ကူးမည့် သမီးဖြစ်သူအတွက် လိုအပ်သည့်ပစ္စည်းပစ္စယများကို ထုပ်ပိုးပြင်ဆင်ပေးသည်။


အင်တာနက်ဖွင့်ကာ သတင်းအကြောင်းအရာများကိုရှာဖွေကြည့်လိုက်သောအခါ ယူနန်တွင်ဤရက်ပိုင်းအတွင်းမိုးအသည်းအသန်ရွာသွန်းနေပြီး အထူးသဖြင့်ခြင်ပေါများသောရာသီဖြစ်သည်။


ဖုန်းယောက်ချင်းလည်း စူပါမားကတ်သို့အရင်ဆုံးသွားကာ ရေသန့်ဘူးတစ်ကတ်ဝယ်လိုက်သည်။ ထို့နောက် ဆေးဆိုင်တွင် အအေးမိဖျားနာလျှင်သောက်သုံးသည့်ဆေးဝါးများနှင့် ဝမ်းပိတ်ဆေးများကိုဝယ်ယူသည်။ အသက်သုံးလေးနှစ်အရွယ်ကလေးများက လူကြီးများကဲ့သို့ကိုယ်ခံအားသိပ်မကောင်းပေ။ အထူးသဖြင့် စိုစွတ်ထိုင်းမိုင်းသည့် ယူနန်ကဲ့သို့နေရာမျိုးတွက်သွားရောက်လည်ပတ်မည်ဆိုလျှင် ဤအချက်များကိုသတိထားသင့်သည်။ ရုတ်တရက် ရာသီဥတုအပြောင်းအလဲကြောင့် အအေးမိဖျားနာခြင်းများဖြစ်ပွားနိုင်သည်။


ဆွေ့ဆွေ့က နွေရာသီရောက်တိုင်း ပြင်းထန်လှ


သည့်အပူချိန်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် အနီစက်အဖုအပိန့်များထွက်တတ်သည်။ ဤနှစ်ပိုင်းတွင် အခြေအနေပိုကောင်းလာသော်လည်း ပြန်ဖြစ်မဖြစ် အာမမခံနိုင်ပေ။ ထို့အပြင် ဆွေ့ဆွေ့က ခြေချောင်းများစွာရှိသည့် ကင်းခြေများကဲ့သို့သော အင်းဆက်များကိုလည်းအလွန်ကြောက်တတ်သည်။ တီဗွီဖန်သားပြင်ပေါ်တွင် ထိုသို့သောအင်းဆက်များမြင်လျှင်ပင် အကြောက်လွန်ပြီး ပြေးပုန်းတတ်သည့်ကလေးမျိုးဖြစ်သည်။ ယူနန်ဒေသကစိုထိုင်းထိုင်းရာသီဥတုဖြစ်သောကြောင့် အင်းဆက်ပိုးကောင်များပေါများမည်မှာ မလွှဲမသွေပင်။


ဖုန်းယောက်ချင်းက စူပါမားကတ်နှင့်ဆေးဆိုင်မှ ဆေးဝါးများနှင့်အခြားပစ္စည်းများကိုအများအပြားဝယ်လာခဲ့ပြီး ဆွေ့ဆွေ့၏လက်ဆွဲအိတ်ထဲသို့ထည့်ရန် ပြင်ဆင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရိုက်ကူးရေးဝန်ထမ်းတစ်ဦးဖြစ်


သည့်ထန်းကျူကိုဖုန်းဆက်ခေါ်ပြီး ဆွေ့ဆွေ့၏ကျန်းမာရေးအခြေအနေများကို ကြိုတင်ပြောပြရန်လည်းမမေ့ပေ။


ပစ္စည်းများတစ်ပုံတစ်ခေါင်းဝယ်ယူပြီး ဖုန်းယောက်ချင်းပြန်လာချိန်တွင် ကုဆွေ့ဆွေ့ကအိပ်ရာမှနှိုးကာ သွားတိုက်မျက်နှာသစ်ပြီး သူ(မ)အသင့်ပြင်ပေးထားခဲ့သည့် စားပွဲပေါ်ရှိမနက်စာကိုစားနေသည်။ ဖုန်းယောက်ချင်းလည်း ဆွေ့ဆွေ့ဘေးဝင်ထိုင်မည်အပြုတွင် ရုတ်တရက်ဖုန်းဝင်လာသည်။ ဖုန်းမျက်နှာပြင်တွင်ပေါ်နေသည့် ဖုန်းနံပါတ်တစ်ခုကိုတွေ့လိုက်ရသောအခါ ဖုန်းယောက်ချင်းအံ့အားသင့်သွားမိပြီး မျက်နှာအမူအရာလည်းချက်ချင်းပျက်ယွင်းသွားသည်။ 


ဖုန်းယောက်ချင်းအမှတ်မမှားလျှင် ယခုခေါ်ဆိုသည့်ဖုန်းနံပါတ်မှာ သူ(မ)မိဘများ၏ဖုန်းနံပါတ်ဖြစ်သည်။ အထက်တန်းပြီးဆုံးတည်းက ဖုန်းယောက်ချင်းတစ်ယောက် သူ(မ)၏မိဘများနှင့်အိမ်ခွဲနေခဲ့ခြင်းဖြစ်သည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်တိုင်ရပ်တည်ပြီးရှင်သန်ရသည့်ဘဝကခက်ခဲလှသော်လည်း မိဘများကိုသူ(မ)ဘယ်သောအခါမှ အားမကိုးခဲ့ပေ။ ဆွေ့ဆွေ့လေးအား သူ(မ)တစ်ကိုယ်တည်း ခက်ခဲပင်ပန်းစွာပြုစုပျိုးထောင်ခဲ့ရသော်လည်း မိဘအိမ်သို့ပြန်သွားလိုစိတ် စိုးစဥ်းမျှမရှိခဲ့ချေ။ 


"မေမေ....ဘာလို့ဖုန်းမကိုင်တာလဲဟင်"။ ဖုန်းကအချိန်အတော်ကြာကြာမြည်နေသော်လည်း မကိုင်သောမိခင်ဖြစ်သူကြောင့် ကုဆွေ့ဆွေ့လည်းမနေနိုင်စွာမေးလိုက်မိသည်။


ဖုန်းယောက်ချင်းလည်း အတွေးများကိုခါထုတ်လိုက်ပြီး ပြတ်သားစွာဖြင့်ဖုန်းချပစ်လိုက်သည်။


"အော်....သမီးမသိတဲ့လူစိမ်းတွေကို...စနောက်ပြီးဖုန်းခေါ်နေတာလေ ...စိတ်ထဲမထားနဲ့...တီဗွီပဲကြည့်နေနော်"။


ဖုန်းယောက်ချင်း၏ဖြေရှင်းချက်ကို ကုဆွေ့ဆွေ့သိပ်မယုံချင်သော်ငြားလည်း ကလေးအရွယ်ဖြစ်သောကြောင့် တီဗွီတွင်လာနေသည့်ရုပ်သံအစီအစဥ်ကသူ(မ)၏အာရုံတို့ကို ပြန်လည်ဖမ်းစားသွားသည်။ ဖုန်းခေါ်သည့်ကိစ္စကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ 


မိသားစုကို ဖုန်းယောက်ချင်းအလွန်နာကျည်းနေရသည့်အကြောင်းရင်းမှာ သူ(မ)၏မိဘများက သူ(မ)ထက် သူတို့၏သားဖြစ်သူကိုပိုချစ်ကြသည်။ ပိုဂရုစိုက်ကြသည်။ ဖုန်းယောက်ချင်းတွင် သူ(မ)ထက်သုံးနှစ်ကြီးသော အစ်ကိုတစ်ယောက်ရှိသည်။ ကလေးဘဝတည်းက ခွဲခြားဆက်ဆံခံခဲ့ရသည်။ အရသာရှိသည့်အစားအသောက်အားလုံးကို အစ်ကိုကြီးတစ်ယောက်သာစားရသည်။ ကစားစရာများအားလုံးကိုလည်း အစ်ကိုကြီးကိုသာဝယ်ပေးသည်။ အိမ်အလုပ်မှန်သမျှကို သူ(မ)တစ်ယောက်တည်းလုပ်ရသော်လည်း အစ်ကိုကြီးကမူ ဘာမှမလုပ်ရပဲ အေးအေးလူလုနေရသည်။ ဖုန်းယောက်ချင်း ကောလိပ်ဝင်ခွင့်စာမေးပွဲကျပြီးနောက် မိဘနှစ်ယောက်လုံးက သူ(မ)ကို ကွာရှင်းထားသည့်လူတစ်ဦးနှင့်လက်ထပ်ထိမ်းမြားပေးရန်ပင် စီစဥ်ခဲ့သည်။ 


ထိုကိစ္စနှင့်ပတ်သတ်ပြီးဆွေးနွေးပြောဆိုနေကြသည့် စကားများကိုဖုန်းယောက်ချင်းနားစွန်နားဖျားကြားလိုက်မိသောအခါ သူ(မ)လက်ထပ်ရမည့်လူအကြောင်းကို တိတ်တဆိတ်လိုက်လံစုံစမ်းခဲ့သည်။ ထိုလူက သူ(မ)ရပ်ကွက်အနီးအနားရှိစက်ရုံတစ်ခုတွင်အလုပ်လုပ်ပြီး အရက်သောက်ကာလောင်းကစားလုပ်တတ်သည့်အကျင့်လည်းရှိသည်။ သူ့ဇနီးကသည်းမခံနိုင်တော့သောကြောင့် ကွာရှင်းပြတ်စဲကာ ကလေးနှစ်ယောက်နှင့်အတူထွက်သွားခဲ့သည်။ နောက်ပိုင်းတွင် ထိုလူကသူနေသည့်အိမ်ကိုဖြိုချကာ မြေကွက်ကျယ်ကြီးတွင် အိမ်သုံးလုံးထပ်ဆောက်သည်။ ထိုအိမ်များကို အိမ်ဌားခေါ်တင်ကာဌားစားရင်းချမ်းသာလာခဲ့သည်။ ဖုန်းယောက်ချင်းမိဘများ၏စိတ်ကူးအကြံအစည်မှာ ထိုသူကိုသူ(မ)နှင့်လက်ထပ်ပေးလိုက်လျှင် အိမ်တစ်လုံးတော့ရလိမ့်မည်ဟုမျှော်လင့်ထားသည်။ ထိုသူပေးသည့်အိမ်ကို သူတို့၏အဖိုးတန်သားလေး လက်ထပ်သည့်အခါ လက်ဖွဲ့အဖြစ်ပေးရန်တွေးထားခြင်းဖြစ်သည်။


ဖုန်းယောက်ချင်းက လိမ္မာပါးနပ်သည့်သူတစ်ဦးဖြစ်သည်။ သူ(မ)၏ဘဝကိုသွေးသားရင်းချာဖြစ်သည့် မိဘများပင်လျှင် မခြယ်လှယ်နိုင်ပေ။ တက္ကသိုလ်တက်ရန်မကြိုးစားတော့ပဲ အလုပ်တစ်ခုရအောင်ရှာကာ မိဘများနှင့်စောစောစီးစီးအိမ်ခွဲနေလိုက်သည်။ ထိုအချိန်မှစ၍ ယနေ့ထိတိုင် သူ(မ)ပြန်မသွားခဲ့ပေ။ 


သူ(မ)ဘဝတွင်သမီးလေးဆွေ့ဆွေ့ရှိနေရုံနှင့် လုံလောက်သည်။ သူ(မ)တုန်းကမရခဲ့သည့် မိဘမေတ္တာများကို သမီးလေးအားအပြည့်အဝပေးမည်။ မိဘများကိုကျောခိုင်းခဲ့ခြင်းအား သူ(မ)လုံးဝနောင်တမရပေ။ ထိုစဥ်က သူ(မ)ဘဝတွင်အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်းဖြစ်သည်။


တစ်ဖက်တွင်လည်း လွီလီတစ်ယောက် ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ကိုမကောင်းကြောင်းပြောသည့်သူများနှင့် ညလုံးပေါက်ရန်ဖြစ်နေရသည်။


သူ(မ)တစ်ယောက်တည်းမနိုင်တော့၍ ဖန်ကလပ်ထဲရှိ အစ်မအချို့ကိုပါအကူအညီတောင်းလိုက်သောကြောင့် တစ်ဖွဲ့လုံးချီတက်လာပြီး ထိုသူများကို ဝိုင်းဆဲကြတော့သည်။ ရန်ပွဲအရှိန်ကတဖြေးဖြေးမြင့်လာသည်နှင့်အမျှ အိပ်မငိုက်အောင် ကော်ဖီဘယ်နှစ်ခွက်သောက်မိမှန်းပင်မသိတော့။ ဦးနှောက်မရှိသည့်ထိုသူများက ခဲ့ကျင်းယန်ကိုညစ်တီးညစ်ပတ် ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုသည့်အပြင် သုံးနှစ်အရွယ်သာရှိသေးသည့်ကလေးငယ်ကိုပါ ဆွဲထည့်ကြသည်။ ပရိသတ်တစ်ယောက်အနေနှင့် သူ(မ)ဆက်ပြီးသည်းမခံနိုင်တော့။ ပေါက်စလေးကို အဆုံးထိကာကွယ်ပေးသွားမည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။


Xxxxxx