Chapter 69
စိုးရိမ်ပူပန်နေသည့်ဖုန်းယောက်ချင်းနှင့်ကွဲလွဲစွာ ကုဆွေ့ဆွေ့ကမူ မနက်ဖြန်ရိုက်ကူးရေးအတွက် အလွန်စိတ်လှုပ်ရှားစွာဖြင့်မျှော်လင့်စောင့်ကြိုနေသည်။ ရိုက်ကွင်းတွင် ပါပါးခဲ့နှင့်အခြားသူငယ်ချင်းများကို တွေ့ရတော့မည်ဖြစ်သောကြောင့် သူ(မ)ပျော်ရွှင်နေမိသည်။
ယနေ့ညနေပိုင်းသစ်သီးရုပ်သံလှိုင်းတွင် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ကျွန်းပေါ်တွင်သောင်တင်နေသည့်အပိုင်းကိုထုတ်လွှင့်ပြသနေခြင်းဖြစ်သည်။ ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ကျွန်းပေါ်သို့ရောက်နေချိန်တွင် အခြားဧည့်သည်များက ဝိုင်မြို့တော်တွင်မစ်ရှင်များထမ်းဆောင်ပြီးသဲလွန်စများရနိုင်ရန် အပတ်တကုတ်ကြိုးစားနေကြသည်။
ဧည့်သည်အနုပညာရှင်များ လုပ်ရသည့်ဂိမ်းမစ်ရှင်များမှာတစ်ဖွဲ့နှင့်တစ်ဖွဲ့မတူကြပေ။ ဂိမ်းအစပိုင်းတွင် သူတို့အားလုံးကိုဝိုင်မြို့တော်စျေးထဲတွင် လှည့်ပတ်ပြီးမုန့်ရောင်းခိုင်းသည်။ သတ်မှတ်ထားသည့်နှုန်းအတိုင်းမရောင်းရပါက မစ်ရှင်ကျရှုံးကာ ထိုမုန့်များကို ကိုယ်တိုင်စားရမည်ဖြစ်သည်။ လင်းယိုက သူ့ရှေ့တွင်ချထား
သည့်ပဲကိတ်မုန့်ကြီးကို ကြည့်ရင်းမနေနိုင်သည့်အဆုံး ရိုက်ကူးရေးဝန်ထမ်းများကိုမေးလိုက်သည်။ "ဒါတွေအကုန်လုံးကို...တကယ်ပဲစားရမှာလား"။
ကိတ်မုန့်အရွယ်အစားကကြီးလွန်းသည်။ အရသာရှိသော်လည်း အလွန်အကျွံစယးလိုက်လျှင်အရသာရှိမည်မဟုတ်တော့ချေ။ ထို့အပြင် ရှေ့အခေါက်များတွင်လည်း သုံးကြိမ်ဆက်တိုက်မစ်ရှင်မအောင်မြင်သောကြောင့် ဤကဲ့သို့ကိတ်မုန့်မျိုးသုံးခုကိုစားထားပြီးသားဖြစ်သည်။ မျက်စိရှေ့တွင်ရှိနေသည့်တစ်ခုသာထပ်စားရလျှင် အန်ထွက်တော့မတတ်ပင်။
ဘေးတွင်ရပ်နေသော လင်းတုံတုံလည်းသူ့ဗိုက်ဖောင်းဖောင်းဘေးကိုပွတ်သပ်ကာ အင်တင်တင်ဖြင့်ပြောလာသည်။ "သားဗိုက်အရမ်းပြည့်နေပြီ...ထပ်ပြီးမစားနိုင်တော့ဘူး"။
"သနားစရာသားအဖလေးတွေ...သူတို့ကစျေးမှမရောင်းတတ်တာ...မုန့်တွေအများကြီးကျန်နေသေးတယ်...အဲဒါတွေအကုန်ဘယ်လိုစားနိုင်မလဲ"။
"အဲ့ကဧည့်သည်အနုပညာရှင်တွေအားလုံးအတွက်....ငါစိတ်မကောင်းဖြစ်မိတယ်...ဒါပေမဲ့ ကျွန်းပေါ်ကသားအဖနှစ်ယောက်အကြောင်းတွေးမိတော့...စိတ်အလိုလိုပြန်ကြည်သွားတယ်"။
သက်ဆိုင်ရာမစ်ရှင်များကို ဝိုင်မြို့တော်စျေးထဲတွင် လုပ်ဆောင်ပြီးနောက် အဖွဲ့များအားလုံး မိမိတို့နေရာသို့ပြန်လာကြသည်။ တစ်ဖက်တွင်လည်း ကျွန်းပေါ်ရှိဂူတစ်ဂူထဲတွင် မနက်စောစောနှိုးလာသည့်ခဲ့ကျင်းယန်တစ်ယောက် သူနှင့်ဆွေ့ဆွေ့မနက်စာစားရမည့်အရေးအတွက် စိုးရိမ်နေမိသည်။ ရိုက်ကူးရေးအဖွဲ့ကပြင်ဆင်ပေးထား
သည့်ကိရိယာများကိုယူကာ ဂူထဲမှထွက်လာပြီး
အင်္ကျီလက်စကိုပင့်တင်ရင်း အစားအသောက်ရလိုရငြား ရှာကြံရန်ကမ်းစပ်နားသို့ထွက်လာခဲ့လိုက်သည်။
တစ်ခါမှငါးမဖမ်းဖူးသောကြောင့် တစ်နာရီလုံးလုံးအချိန်ကုန်သွားသော်လည်း ကြီးကြီးမားမားငါးတစ်ကောင်မှမဖမ်းမိသေးချေ။ ဂဏန်းသေးသေးလေးနှစ်ကောင် ပုစွန်အသေးလေးငါးကောင်နှင့်ခရုအချို့သာဖမ်းမိသည်။
"ဘယ်သူ့အကူအညီမှမယူပဲ...ကိုယ့်ဘာသာကိုယ်အစာရှာတယ်....မိုက်တယ်...အဲ့လိုမျိုးစိတ်ဓာတ်ကိုငါသဘောကျတယ်"။
"သနားစရာလေးပါဟယ်....ရွှေဘုံပေါ်စံတဲ့မင်းသားလေးက တစ်သက်လုံးဒီလိုလုပ်ဖူးမှာတောင်မဟုတ်ဘူး...ပင်ပန်းနေရှာမှာ"။
မနက်စာအကြောင်းတွေးနေရင်း ခဲ့ကျင်းယန်တစ်ယောက် သူ့ဘေးတွင်ရှိနေသည့်ဝန်ထမ်းကိုဓားပြတိုက်ရန်တွေးမိလိုက်သည်။ ရိုက်ကူးရေးအဖွဲ့က သူနှင့်ဆွေ့ဆွေ့အတွက် အစားအသောက်များမပြင်ပေးထားသော်လည်း ဝန်ထမ်းများအတွက်မူ ချက်ပြုတ်စားသောက်ရန်အလျှံအပယ်ပြင်ထားပေးသည်။
"အစ်ကိုကျင်းယန်....ဒီလိုလုပ်တာမကောင်းပါဘူး....ကင်မရာတွေအများကြီးရှိနေတယ်လေ"။
ခဲ့ကျင်းယန်က ထိုဝန်ထမ်းအား တည်ကြည်လေးနက်စွာဖြင့်ပြန်ပြောလိုက်သည်။ "ကျွန်တော်ကလူကြီးတစ်ယောက်ဆိုတော့...မနက်စာမစားရလည်းကိစ္စမရှိပါဘူး...ဒါပေမဲ့ အဲဒီကလေးငယ်ငယ်လေးကို ခင်ဗျားမြင်လား....မနက်စာကို အဟာရ ရှိတာတွေမစားရလို့ နေမကောင်းဖြစ်သွားရင်ဘယ်လိုလုပ်မလဲ...ခင်ဗျားတို့တာဝန်ယူပေးမလား"။
"ဟားဟားဟား...ငါထင်တာမှားသွားတယ်...ခဲ့ကျင်းယန်က ဘယ်တော့မှသူများပြောတဲ့အတိုင်းလိုက်လုပ်တတ်တဲ့သူမဟုတ်ဘူး...ရိုက်ကူးရေးဝန်ထမ်းနားကနေ ဓားပြတိုက်ဖို့ဘယ်လိုလုပ်ပြီးတွေးမိတာပါလိမ့်"။
"ဘာကိုဓားပြတိုက်တာလဲ...ဒီတိုင်းပေးချေးခိုင်းတာလေ...ကလေးအတွက်စဥ်းစားပြီးပြောပေးနေတာလေးက သိပ်ချစ်ဖို့ကောင်းတာပဲ...သူများဆီက ဒီလောက်ယဥ်ယဥ်ကျေးကျေးဓားပြတိုက်တဲ့သူကို...တွေ့ဖူးလို့လား"။
"ဟားဟား...ခဲ့ကျင်းယန်ကတော့ ထုံးစံအတိုင်းလုပ်ချလိုက်ပြန်ပြီ"။
အနည်းငယ်ဆွေးနွေးညှိနှိုင်းမှုအပြီးတွင် ခဲ့ကျင်းယန်က ရိုက်ကူးရေးအဖွဲ့ဆီမှ ဆန်အိတ်အသေးတစ်အိတ်နှင့်ချက်ပြုတ်ရန် သံပူအိုးတစ်ခုကိုရလာသည်။ ထို့နောက် ပင်လယ်ထဲမှလောလောလတ်လတ်ဖမ်းလာသည့် ဂဏန်း
ပုစွန်နှင့်ခရုများကို အိုးထဲသို့ထည့်ကာ ပင်လယ်စာဆန်ပြုတ်ချက်လိုက်သည်။
ယခုမှအိပ်ရာနှိုးလာသည့် ကုဆွေ့ဆွေ့က ဖြူဖြူလုံးလုံးလေးနှင့်အလွန်ချစ်ဖို့ကောင်းနေသည်။ သူ(မ)၏မျက်လုံးများကို လက်ခုံဖြင့်ပွတ်လိုက်ရင်း နူးညံ့သည့်အသံလေးနှင့်ခဲ့ကျင်းယန်အားပြောလိုက်သည်။ "ပါပါးခဲ့....သမီးကိုဆံပင်စည်းပေးပါလား"။
အစပိုင်းတွင် ခဲ့ကျင်းယန်ကငြင်းဆန်သော်လည်း ငိုချတော့မည့်ကုဆွေ့ဆွေ့ကြောင့် မတတ်နိုင်သည့်အဆုံး မလုပ်တတ်လုပ်တတ်နှင့် ဆံပင်စည်းပေးလိုက်ရသည်။ သို့သော် သူ၏မကျွမ်းကျင်မှုကြောင့် ဆွေ့ဆွေ့၏ဆံပင်ပုံစံမှာပုံပျက်ပန်းပျက်ဖြစ်သွားသည်။ လှပချောမောနေသည့်မျက်နှာကြောင့်သာမဟုတ်လျှင် အလွန်
ကြည့်ရဆိုးနေမည်ဖြစ်သည်။ သူတို့ဆီတွင်မှန်မရှိသည့်အတွက် ခဲ့ကျင်းယန်ကံကောင်းသွားသည်ဟုဆိုရမည်။ ကုဆွေ့ဆွေ့က သူ(မ)၏ဆံပင်ပုံစံမည်သို့ဖြစ်သွားမှန်း မသိချေ။
မြို့ထဲရှိ အနုပညာရှင်အဖွဲ့များကလည်း ထိုနှစ်ဦးကို ကျွန်းပေါ်မှကယ်ထုတ်လာနိုင်ရန်အကောင်းဆုံးကြိုးစားနေကြသည်။ တစ်စက်ကလေးမှ အနားမရကြပေ။ ဝိုင်မြို့တော်အတွင်း တစ်နေရာပြီးတစ်နေရာသွားကာ မစ်ရှင်လုပ်ကြရပြီး စာကြည့်တိုက်တွင် သဲလွန်စအတွက်စာအုပ်ပေါင်းများစွာကိုလှန်လှော်ရှာဖွေနေသော်လည်း အချိန်အတော်အကြာအထိ မည်သည့်သဲလွန်စကိုမှမတွေ့ရသေးချေ။
"ဝိုင်မြို့တော်ရဲ့စာကြည့်တိုက်ထဲ....ငါရောက်ဖူးတယ်...အထပ်တိုင်းမှာ စာအုပ်ပေါင်းသောင်းနဲ့ချီပြီးရှိတာ...သူတို့ရှာနေပုံနဲ့ဆိုရင်...သုံးရက်သုံးညရှာတာတောင်တွေ့မှာမဟုတ်ဘူး"။
"ရိုက်ကူးရေးအဖွဲ့က...သူတို့ကိုသဲလွန်စပေးပြီးသားလေ...စင်ရဲ့ညာဘက်ထောင့်က စာအုပ်ပိုစတာကိုကြည့်လိုက်...အဲ့မှာစာအုပ်အမှတ်စဥ်ရေးထားတယ်...အစတည်းကသဲလွန်စရှိနေတာ"။
ထိုနေရာတွင် တတိယအပိုင်းကိုထုတ်လွှင့်ပြသမှုပြီးဆုံးသွားသည်။ မနက်ဖြန်ညနေပိုင်းမှ နောက်တစ်ပိုင်းလွှင့်ပေးမည်ဖြစ်သည်။ ဖုန်းယောက်ချင်းလည်း ဇာတ်ရှိန်တက်နေသောကြောင့် သိချင်စိတ်ဖြင့်ဆွေ့ဆွေ့အားမေးလိုက်သည်။ "ဆွေ့ဆွေ့....သမီးတို့ကို ကျွန်းပေါ်ကနေဘယ်သူလာကယ်တာလဲ"။
ကုဆွေ့ဆွေ့လည်း တစ်ခဏမျှစဥ်းစားကာပြောလိုက်သည်။ "အစ်ကိုရွှဲ့ယွမ်နဲ့ဦးဦးမင်းရှန်တို့လာကယ်တာ...မေမေ"။
ခဲ့ကျင်းယန်က ငယ်ရွယ်သေးသော်လည်း အမေ့ကြီးသည့်သူတစ်ဦးဖြစ်သည်။ သူ့အတွက်အရေးမပါလျှင် ဦးနှောက်ထဲမှတ်မထားတတ်ပေ။ နာမည်မပြောနှင့် မျက်နှာပင်မမှတ်မိချေ။ "ကျူယန်ဒုံ....သူကဘယ်သူလဲ....ကျွန်တော်သူ့ကိုမသိဘူး"။
လုယွင်ကျီကသတင်းကြည့်နေရင်း ခဲ့ကျင်ယန်၏အမေးကြောင့်ခေါင်းမော့လာသည်။ "ကျူယန်ဒုံက...လတ်တလော ဇာတ်ကားတစ်ခုကြောင့် နာမည်ကြီးလာတဲ့သူပဲ...အစတုန်းက ကလေးငယ်နှင့်ခရီးသွားခြင်း ရသစုံရှိုးမှာ သူ့ကိုကမ်းလှမ်းထားတာ....ရိုက်ကူးရေးလုပ်ခါနီးမှ သူငြင်းလိုက်လို့ သူ့နေရာမှာမင်းကိုထည့်လိုက်တာပဲ"။ ထိုကျူယန်ဒုံဆိုသူက "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးတွင်ပါဝင်ရန် လက်ခံခဲ့သော်လည်း ရိုက်ကူးခါနီးမှ အခြားရိုက်ကူးရေးရှိသည်ဟုဆိုလာကာ နှုတ်ထွက်ခဲ့သည်။ သို့သော် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးက အလွန်နာမည်ကြီးလာသောကြောင့် ထိုသူက မနာလိုဖြစ်ကာ ခဲ့ကျင်းယန်အားတစ်ဖက်လှည့်နည်းဖြင့်တိုက်ခိုက်လာသည်။ သတ္တိကြောင်ပြီး နောက်ကွယ်တွင်ချောင်းမြောင်းတိုက်ခိုက်တတ်သည့် မိန်းမလိုမိန်းမရလူစားမျိုးကို ခဲ့ကျင်းယန်အလွန်မုန်းပါသည်။
"ကျင်းယန်....သူ့ကိုဘာမှပြန်ပြီးမလုပ်နဲ့နော်....အခုလောလောဆယ် ငါတို့မှာဘာသက်သေမှမရှိသေးဘူး...မဆင်မခြင်လုပ်လိုက်ရင် ကိုယ်ပဲဒုက္ခရောက်မှာ"။ လုယွင်ကျီက ခဲ့ကျင်းယန်ကို သတိပေးသလိုပြောလာသည်။
"ပြီးတော့...မနက်ဖြန်လေဆိပ်ရောက်ရင်...ဆွေ့ဆွေ့ကိုဂရုစိုက်နော်....ပရိသတ်တွေက လေယာဥ်ကွင်းမှာကြိုပြီးရောက်နေလိမ့်မယ်...လူတွေအုံနေမှာမလို့ ကလေးလန့်သွားအောင်မလုပ်မိစေနဲ့"။
ခဲ့ကျင်းယန်လည်း မပီမပြင်ပြုံးကာပျင်းသွဲ့သွဲ့
ဖြင့်ပြန်ဖြေလိုက်သည်။ "ကျွန်တော်သိပါတယ်...ခင်ဗျားစိတ်ပူစရာမလိုပါဘူး....အဲ့ကလေးကို ဂရုစိုက်လိုက်ပါ့မယ်"။
Xxxxxxxxxx