အပိုင်း ၇၄
Viewers 15k

Chapter 74


ကလေးနှစ်ယောက်ပျောက်သွားခြင်းအကြောင်းရင်းမှာ သစ်ပင်ပေါ်မှရုတ်တရက်ပြုတ်ကျလာသည့် ခူကောင်ကြောင့်ပင်။ ကုဆွေ့ဆွေ့အား ကမ္ဘာပေါ်တွင်အကြောက်ဆုံးအရာတစ်ခုကိုပြောပါဟု မေးမည်ဆိုလျှင် ထိုအရာကသေချာပေါက်အင်းဆက်ပိုးကောင်များဖြစ်ပေလိမ့်မည်။


ကုဆွေ့ဆွေ့က ချန်ချင်းယန်၏ပခုံးပေါ်သို့ကျလာသည့်ခူကောင်ကိုကြည့်ကာ တဖြေးဖြေးမျက်ရည်ဝဲလာပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်သည်။ "ကိုကိုချင်းယန်....ကိုကိုရဲ့ပခုံးပေါ်မှာ...ပိုးကောင်အကြီးကြီးရှိနေတယ်"။


"ပိုးကောင်ဟုတ်လား...ဘယ်မှာလဲ"။ ချန်ချင်းယန်က သက်တူရွယ်တူကလေးများထက်လိမ္မာပါးနပ်သော်လည်း ကလေးပီပီပိုးကောင်များကို အလွန်ကြောက်တတ်သည်။


သူ့ကိုယ်ပေါ်ရှိပိုးကောင်ကို ကြောက်လန့်တကြားခါချလိုက်သောအခါ ထိုပိုးကောင်က ကုဆွေ့ဆွေ့၏ရှေ့တည့်တည့်ရှိ မြေပြင်ပေါ်သို့ကျသွားသည်။ ခူကောင်ကြီးကိုမျက်စိရှေ့မြင်လိုက်ရသောကြောင့် ကုဆွေ့ဆွေ့လည်းအကြောက်လွန်ပြီး ဘာကိုမှဂရုမစိုက်နိုင်တော့ပဲ မြက်တောထဲသို့ဆင်ကန်းတောတိုးသည့်နှယ် ကမန်းကတန်းပြေးဝင်သွားသည်။


"ဆွေ့ဆွေ့.....မပြေးနဲ့"။ ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက မြက်ပင်ရှည်ရှည်ထူထူများအကြားပြေးဝင်သွားသည့် ကုဆွေ့ဆွေ့ကို အလောတကြီးလှမ်းအော်လိုက်သည်။ ဆွေ့ဆွေ့၏ကင်မရာသမားက သူ(မ)နောက်သို့အမြန်ပြေးလိုက်သွားသည်။


"ပါပါးခဲ့...ပါပါးခဲ့ဘယ်မှာလဲ"။ ကုဆွေ့ဆွေ့တွင် ပြဿနာကြုံလာသည့်အချိန်တိုင်း သူ(မ)အယုံကြည်ရဆုံး အမှီတွယ်ရဆုံးလူကိုသတတ်


သည့်အကျင့်တစ်ခုရှိသည်။ ယခုအချိန်တွင်လည်း ပါပါးခဲ့ကိုသူ(မ)လိုအပ်နေသည်။ တွေ့ချင်နေမိသည်။ 


"ဦးဦးကင်မရာမန်း...ပါပါးခဲ့ကိုသွားရှာဖို့အတွက်..သမီးကိုပွေ့ချီပေးနိုင်မလား"။ ငိုမဲ့မဲ့ဖြစ်နေသောကလေးငယ်လေးက အလွန်ကြောက်ရွံ့နေဟန်ပင်။ ကုဆွေ့ဆွေ့၏ကင်မရာမန်းမှာ အသက်နှစ်ဆယ်ကျော်ဝန်းကျင်ရှိ ဖျတ်လတ်သွက်လက်သောလူငယ်တစ်ဦးဖြစ်သလို ကြံ့ခိုင်သန်မာမှုလည်းရှိသည်။ သို့သော်လက်ထဲတွင် ရှစ်ကီလိုခန့်ရှိအလွန်လေးလံသောကင်မရာတစ်လုံးကို သယ်ထားရသောကြောင့် ကလေးကိုပွေ့ချီရန်မဖြစ်နိုင်ပေ။ မျက်ရည်အဝိုင်သားနှင့် သူ့ကိုအားကိုးတကြီးကြည့်နေသော ကလေးငယ်ကြောင့် ဘေးကျပ်နံကျပ်ဖြစ်ရတော့သည်။


ပိုးကောင်ကိုလန့်ပြီးအဝေးသို့ပြေးထွက်သွားသော ဆွေ့ဆွေ့ကိုချန်ချင်းယန်တစ်ယောက်အလွန်စိတ်ပူနေမိသည်။ ဆွေ့ဆွေ့အားအသေအချာဂရုစိုက်ရန် ဖခင်ဖြစ်သူကသူ့အားမှာကြားခဲ့သည် မဟုတ်လား။ ထို့ကြောင့် ဤနေရာတွင်ရပ်မနေပဲ ဆွေ့ဆွေ့နောက်သို့လိုက်သွားရန်သာ တာဆူနေမိသည်။


"ရတယ်လေ..ဘယ်သူမှမလိုက်ရင်လည်း..သားတစ်ယောက်တည်းပဲ..ညီမလေးကိုသွားရှာလိုက်မယ်"။ ချန်ချင်းယန်က ထိုသို့ပြောပြီး ဝန်ထမ်းများကိုစောင့်မနေတော့ပဲ ချက်ချင်းထွက်သွားတော့သည်။


ခဲ့ကျင်းယန် ၊ ကုဆွေ့ဆွေ့ ၊ ချန်းရီနှင့်ချန်ချင်းယန်တို့လေးယောက်အဖွဲ့တွင် ရိုက်ကူးရေးဝန်ထမ်းစုစုပေါင်းခြောက်ဦးလိုက်ပါလာသည်။ လေးဦးမှာကင်မရာသမားများဖြစ်ကြပြီး ကျန်


နှစ်ဦးမှာ ဒါရိုက်တာကြီးအားအဆက်မပြတ်သတင်းပို့နေသောဝန်ထမ်းများဖြစ်သည်။


သို့သော် ကုဆွေ့ဆွေ့ကိုပိုးကောင်ကိုအကြောက်လွန်၍ မြက်ရိုင်းတောထဲသို့ပြေးဝင်သွားသောကြောင့် သူ(မ)၏ကင်မရာသမားကလည်း အပြေးလိုက်သွားရသည်။ ချန်ချင်းယန်ကလည်း ကုဆွေ့ဆွေ့ကိုလိုက်ရှာမည်ဟုဆိုကာ တဇွတ်ထိုးထွက်သွားသောကြောင့် ကင်မရာသမားတစ်ဦး၏ဝန်ထမ်းတစ်ဦးက အတူလိုက်သွားလေသည်။ နောက်ဆုံးတွင်ရိုက်ကူးရေးဝန်ထမ်းတစ်ဦးသာ ထိုနေရာတွင်ငေါင်တောင်တောင်ကျန်ခဲ့ပြီး ခဲ့ကျင်းယန်နှင့်ချန်းရီတို့ရောက်ဘာမှ အကြောင်းစုံကိုရှင်းပြလိုက်သည်။


"ဘာ"


ခဲ့ကျင်းယန်က ထိုဝန်ထမ်းအားစူးစိုက်ကြည့်ကာ မေးလိုက်သည်။ "ဝန်ထမ်းဘယ်နှစ်ယောက်လောက်...ဆွေ့ဆွေ့နောက်ကိုလိုက်သွားတာလဲ"။


"ကင်မရာသမားတစ်ယောက်ပဲ...လိုက်သွားပါတယ်"။ ဝန်ထမ်းလေးက မချင့်မရဲဖြင့်ပြန်ဖြေသည်။


ဝန်ထမ်း၏အဖြေကြောင့် ခဲ့ကျင်းယန်ပိုဒေါသထွက်သွားတော့သည်။ "အဲဒါဆိုရင်လည်း...မင်းတို့ရိုက်ကူးရေးအဖွဲ့က...ကလေးကိုရှာဖို့လူတွေလွှတ်ပေးလေ..ကလေးကိုမရှာပဲဘာထိုင်လုပ်နေတာလဲ...ကလေးတစ်ခုခုဖြစ်သွားရင်..မင်းတို့ကောင်တွေကို ငါအရှင်မထားဘူးမှတ်"။


ရိုက်ကူးရေးဝန်ထမ်းလည်း ခဲ့ကျင်းယန်၏ စိတ်ဆိုးမာန်ဆိုးလေသံကြောင့် အံ့အားသင့်သွားကာ အလျင်အမြန်ပြန်ရှင်းပြသည်။ "ကျွန်တော်ဒါရိုက်တာကြီးနဲ့...ရိုက်ကူးရေးအဖွဲ့ကိုအကြောင်းကြားပြီးသွားပါပြီ...သူတို့ဆွေ့ဆွေ့ကိုရှာဖို့...လူလွှတ်ပေးမှာပါ...နောက်ဆယ်မိနစ်လောက်နေရင် လူတွေရောက်လာပါလိမ့်မယ်"။


ဆွေ့ဆွေ့က ပိုးကောင်များကိုကြောက်တတ်မှန်း ခဲ့ကျင်းယန်ကောင်းကောင်းသိသည်။ ထိုကလေးငယ်က တစ်ခုခုကိုကြောက်လန့်သည့်အချိန်တိုင်းတွင် အားကိုးရှာတတ်သည်။ ကင်မရာအလေးကြီးထမ်းထားသော ကင်မရာသမားကဆွေ့ဆွေ့ကိုပွေ့ချီထားနိုင်ပါ့မလား။


စဥ်းစားလေလေ ခဲ့ကျင်းယန်တစ်ယောက်ပိုပိုပြီးပူပင်သောကရောက်လာသည်။ ရှာဖွေရေးအဖွဲ့ရောက်လာမည့်အချိန်ကို သူစိတ်ရှည်ရှည်နှင့်မစောင့်နိုင်တော့သောကြောင့် ဘာတစ်ခွန်းမှထပ်မပြောပဲ ဆွေ့ဆွေ့ထွက်ပြေးသွားပုံရသည့် တည်နေရာကိုဦးတည်သွားလိုက်သည်။


တောအုပ်က အတော်အသင့်ကျယ်ဝန်းလှသောကြောင့် လမ်းပျောက်သွားလျှင်ရှေ့ဆက်မသွားပဲ နေရာတစ်ခုတွင်သာငြိမ်ငြိမ်နေပြီး ကယ်ဆယ်ရေးကိုစောင့်နေလိုက်ခြင်းက အကောင်းဆုံးဖြေရှင်းချက်ပင်ဖြစ်သည်။ ဤသို့သောအခြေအနေမျိုးအတွက် ရိုက်ကူးရေးအဖွဲ့ကကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီ၏ကိုယ်ပေါ်တွင် ခြေရာခံစက်တပ်ပေးထားသောကြောင့် တည်နေရာကိုအလွယ်တကူသိနိုင်သည်။ ဝန်ထမ်းတစ်ဦးက သူတို့နှစ်ယောက်လူစုကွဲပြီး ပျောက်သွားကြောင်းသတင်းပို့လိုက်သည်နှင့် ကယ်ဆယ်ရေးရောက်လာမည်မှာ ကျိန်းသေပင်။


သို့သော် ကလေးကအလန့်လွန်ပြီးစိတ်ထွေနေသောကြောင့် သူစိုးရိမ်နေမိသည်။ ပြေးထွက်သွားသည့် ကလေးနောက်ကိုအလောတကြီးလိုက်လာရသောကြောင့် ဘေးဘီပတ်ဝန်းကျင်လမ်းများကိုကြည့်ချိန် မရလိုက်ပေ။ တောကြီးမျက်မည်းထဲရောက်နေသည်ဖြစ်ရာ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ဘယ်ဆီဘယ်ဝယ်မခွဲတတ်တော့ချေ။


တောအုပ်တစ်ခုလုံး မြူခိုးများပိတ်ဖုံးနေပြီး ထူထပ်နေသောအပင်မြင့်များက နေရောင်ခြည်ကို ကာဆီးထားသည်။ လာရာလမ်းကိုလုံးဝမမှတ်မိသောကြောင့် လှည့်ပြန်ရန်အလွန်ခက်ခဲလှသည်။


တောင်တက်လမ်းများကမိုးရွာထားသောကြောင့် အနည်းငယ်ချော်နေသည်။ ကင်မရာသမားမှာ ရှစ်ကီလိုမျှအလေးချိန်ရှိသောကင်မရာကြီးကိုသယ်ထားရသည့်အပြင် ကလေးငယ်ကိုပါပွေ့ချီထားရသည်။ သတိထားသွားနေရင်းနှင့်မှ တစ်နေရာအရောက်တွင် ချော်ကျလုနီးပါးဖြစ်သွားသည်။ ကလေးငယ်အထိအခိုက်မရှိရန် ပိုမိုအရေးကြီးသောကြောင့် ချော်ကျခါနီးတွင်ဆွေ့ဆွေ့ကိုသာ မလွတ်တမ်းတင်းတင်းကြပ်ကြပ်ပွေ့ထားပြီး ကင်မရာကိုလွှတ်ချလိုက်သည်။


ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ယောက်လုံး မည်သည့်ထိခိုက်ဒဏ်ရာမျိုးမှမရရှိပေ။ သို့သော် ကင်မရာမှာတစ်စစီကြေမွသွား


သည့်အပြင် ဆွေ့ဆွေ့ကိုယ်ပေါ်တွင်တပ်ဆင်ထားသော ခြေရာခံစက်မှာလည်း လုံးလုံးပျက်စီးသွားခဲ့သည်။


"ဦးဦး...သမီးတောင်းပန်ပါတယ်နော်..သမီးကြောင့် လမ်းပျောက်သွားပြီ"။ မြေပြင်ပေါ်တွင်ကြေမွပျက်စီးနေသော ပစ္စည်းအစအနများကိုကြည့်ရင်း ကုဆွေ့ဆွေ့တစ်ယောက်အပြစ်ရှိသလိုခံစားလာရကာ မျက်ရည်များကလည်း တာကျိုးသလိုစီးကျလာသည်။


"မငိုပါနဲ့...သမီးလေးရယ်...ခဏနေကျရင်..ဦးဦးတို့ကိုကယ်ဖို့..လူတွေရောက်လာမှာပါ"။ ကင်မရာသမားက ဆွေ့ဆွေ့ကိုပွေ့ပြီးမြေကြီးပေါ်သို့ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ထိုအခိုက်အတန့်တွင် အနီးအနားရှိမြက်ပင်များဆီမှ 


တရှဲရှဲအသံမြည်နေကာ သူတို့ထံသို့တရွေ့ရွေ့လာနေသည့် လှုပ်ရှားမှုတစ်ခုကိုတွေ့လိုက်ရသည်။


ယူနန်တောအုပ်ထဲတွင် သားရဲကောင်ကြီးများမရှိသော်လည်း မြွေများ ၊ အင်းဆက်ပိုးကောင်များ ၊ ကြွက်များ ၊ ပုရွက်ဆိတ်များနှင့်အခြားအဆိပ်ရှိသော တွားသွားသတ္တဝါများပေါများသည်။ ဒေသခံများပြောပြဖူးသည့် အဆိပ်ရှိမြွေများအကြောင်း သူ့ခေါင်းထဲတွင်ရုတ်ချည်းပေါ်လာသည်။ ထိုမြက်ချုံပုတ်ကြားထဲရှိ အကောင်က အမှန်တကယ်သာအဆိပ်ရှိမြွေတစ်ကောင်ဖြစ်မည်ဆိုလျှင် ယခုသူတို့ထိုင်နေသည့်နေရာတွင်သာ ငြိမ်ငြိမ်နေရမည်ဖြစ်သည်။ လန့်ဖြန့်ပြီး ကမူးရှူးထိုးလုပ်၍မဖြစ်ပေ။ 


"ဦးဦး...ဘာဖြစ်လို့လဲဟင်"။ ကင်မရာမန်းဦးလေး၏ သာမာန်ထက်စိတ်လှုပ်ရှားနေမှုကို ကုဆွေ့ဆွေ့အာရုံခံလိုက်မိသောကြောင့် မေးလိုက်ခြင်းပင်။


"ရှူး...ဆွေ့ဆွေ့တိတ်တိတ်လေးနေနော်...အဲဒီမြက်ပင်ထဲမှာ...အန္တရာယ်ရှိတဲ့အကောင်တစ်ကောင်ရှိတယ်...ဦးတို့ဆီကို လာနေတာ"။


သူတို့ဆီသို့တဖြေးဖြေးနီးကပ်လာနေသော အသံကိုကြားရလေလေ စိတ်လှုပ်ရှားလွန်းသဖြင့်ဇောချွေးများပင်ပြန်လာသည်။ သို့သော် အနီးသို့ရောက်လာချိန်တွင် ပုံပန်းသဏ္ဍာန်ကိုမြင်လိုက်ရသဖြင့် စိတ်သက်သာရာရသွားကာသက်ပြင်းချလိုက်မိသည်။ ကံကောင်းထောက်မစွာဖြင့် ထိုမြွေကအဆိပ်ရှိမြွေမဟုတ်ပေ။ ရိုးရိုးမြွေစိမ်းတစ်ကောင်သာဖြစ်သည်။


သို့သော်ငြားလည်း ထိုမြွေစိမ်းက သူတို့ရှိရာသို့ဦးတည်၍ တစ်ရှိန်ထိုးချဥ်းကပ်လာသည်ကိုမြင်လိုက်ရသောအခါ သူထိတ်ပြာသွားမိပြန်သည်။ မြွေစိမ်းကအဆိပ်မရှိသည့်တိုင်အောင် အရိုးအက်သွားသည်အထိ ပေါက်လိုက်နိုင်သည်။


"ဆွေ့ဆွေ့...ဦးဦးကိုသေသေချာချာဖက်ထားနော်...အရင်ဆုံး ဒီနေရာကနေထွက်သွားကြစို့"။ 


ထိုသို့ပြောရင်း ဆွေ့ဆွေ့ကိုပွေ့လျက်နှင့်ဖြေးဖြေးချင်း မတ်တပ်ထရပ်ကာ နောက်သို့တစ်လှမ်းချင်း ဆုတ်လိုက်သည်။


မြွေစိမ်းက သူတို့ဆီသို့တဖြေးဖြေးတွားသွားပြီးလာနေသည်။ ထိုအခိုက် သစ်ကိုင်းချွန်ချွန်တစ်ခုက အဝေးတစ်နေရာမှရောက်လာပြီး မြွေစိမ်း၏လည်မျိုသို့ တိုက်ရိုက်ထိမှန်ထိုးစိုက်သွားသည်။