Chapter 75
ခုနစ်လက်မခန့်ရှည်သည့် မြွေစိမ်းကြီးကို သစ်ကိုင်းချွန်ချွန်ဖြင့် ထိုးစိုက်လိုက်သည့်အခါ အကြိမ်အနည်းငယ်လောက် လူးလွန့်ရုန်းကန်ပြီးနောက် လှုပ်ရှားမှုတို့ရပ်တန့်သွားသည်။
ထွက်ပြေးရန်စီစဥ်နေသည့် ဓာတ်ပုံဆရာမှာလည်း ရုတ်တရက်ဆန်သောအခြေအနေကြောင့် အံ့အားသင့်သွားသည်။ သံသယမျက်ဝန်းများ
ဖြင့် အနီးပတ်ဝန်းကျင်သို့ မျက်လုံးဝေ့ကြည့်လိုက်သောအခါ ဦးထုပ်အနက်ရောင်နှင့်လူတစ်ယောက်က မလှမ်းမကမ်းရှိသစ်ပင်ကြီး၏အနီးအနားတွင် ရပ်နေသည်ကိုတွေ့လိုက်ရသည်။
ထိုသူ၏လက်ထဲတွင်လည်း သစ်ကိုင်းများကိုချွန်မြအောင်သွေးရာတွင်သုံးသည့် ဓားမြှောင်အတိုလေးကိုကိုင်ထားသည်။ မြွေပွေးကိုသာအာရုံစိုက်နေမိသောကြောင့် ဤနေရာသို့လူတစ်ယောက်ချဥ်းကပ်လာမှန်း ဓာတ်ပုံဆရာလည်းသတိမထားမိချေ။
"ခင်ဗျားက...."။ အပျိုကညာတောက ရိုက်ကူးရေးအဖွဲ့နေသည့်နေရာနှင့်နီးသည်။ သို့သော် ဦးထုပ်အနက်ရောင်ဆောင်းထားသည့်ထိုလူက ရွာသားတစ်ဦးဖြစ်ပုံမပေါ်။
"ဒီအနီးအနားမှာနေတဲ့သူတွေက...ဝိုင်စိမ်ဖို့အတွက် မြွေလာကောက်ကြတယ်လေ"။ ထိုသို့ပြောပြီးနောက် ထိုလူက မြေပြင်ပေါ်ရှိမြွေအသေကောင်ကို ကောက်ယူပြီး အိတ်တစ်အိတ်ထဲတွင် သေသပ်စွာထုပ်ပိုးလိုက်သည်။
ထိုလူ၏လှုပ်ရှားမှုတစ်ခုချင်းစီက သေသပ်သပ်ရပ်လွန်းလှသဖြင့် ဓာတ်ပုံဆရာလည်းမနေနိုင်တော့ပဲ ချီးကျူးလိုက်မိသည်။ "အစ်ကိုက...အရမ်းတော်တာပဲ...အစောက သစ်ကိုင်းကိုဘယ်လိုပစ်လိုက်တာပဲ...လက်ဖြောင့်လိုက်တာ"။
"ကျွန်တော်က....တောင်ပေါ်သွားပြီးမကြာမကြာလေ့ကျင့်ဖြစ်လို့ပါ"။ ထိုလူက စကားသိပ်မပြောသော်လည်း သူမေးသည့်မေးခွန်းကိုသာဖြေပေးသည်။
မြွေစိမ်းကြီးကို အိတ်ထဲထည့်ကာထုပ်ပိုးပြီးနောက်တွင် ကုဆွေ့ဆွေ့မှာမကြောက်တော့ပဲ ခေါင်းလေးစောင်းငဲ့ကာ သူစိမ်းဦးလေးကြီး၏ အင်္ကျီစကိုအသာလေးဆွဲပြီး ပြုံးချိုချိုဖြင့်ပြောလိုက်သည်။ "ဦးဦးက...တော်လိုက်တာနော်"။
ကလေးမလေး၏ ကလေးဆန်ပြီး လန်းဆန်းတက်ကြွသောအသံလေးကိုကြားလိုက်ရသောအခါ သူ့အကြည့်တို့က ထိုကလေးမလေးထံကျရောက်သွားပြီး မျက်ဆံနက်တို့မှာအနည်းငယ်လှုပ်ရှားသွားသည်။
"အစ်ကိုကြီးက...တောင်ပေါ်ကိုမကြာခဏတက်တယ်ဆိုတော့...တောင်ဆင်းလမ်းကိုလည်းသိမှာပဲနော်...ကျွန်တော်တို့နှစ်ယောက်က...ကလေးငယ်နှင့်ခရီးသွားခြင်းဆိုတဲ့ရသစုံရှိုးအစီအစဥ်တစ်ခုကို...ရိုက်ကူးနေတာပါ...ဒါပေမဲ့နှစ်ယောက်သား...လူစုကွဲပြီး လမ်းပျောက်သွားတာ...အဲဒါအစ်ကို့ကိုအကူအညီတစ်ခုလောက် တောင်းချင်လို့ပါ...ကျွန်တော်တို့ကို တောင်အောက်အထိပြန်ခေါ်သွားလို့ရမလား"။
ရိုက်ကူးရေးအဖွဲ့ကလွှတ်ပေးလာမည့် ကယ်ဆယ်ရေးအသင်းကိုစောင့်နေသင့်သော်လည်း မြွေကြွက်ပေါသည့်ဤတောအုပ်ထဲတွင် သူတို့ဆက်မနေလိုတော့ပေ။ ဦးထုပ်အနက်ရောင်ဆောင်းထားသောထိုလူက ကုဆွေ့ဆွေ့ကိုအတန်ကြာအောင်စိုက်ကြည့်ပြီးမှ လေးတွဲ့တွဲ့
ဖြင့်ပြန်ဖြေလာသည်။ "တောင်အဆင်းလမ်းကိုသိတာမလို့...ကျွန်တော့်နောက်က လိုက်ခဲ့လို့ရပါတယ်"။
ထိုအခါမှ ကင်မရာမန်းလည်းအသည်းအသန်ကျေးဇူးတင်နေတော့သည်။ မြန်ဆန်လှသောအဖြစ်အပျက်များကြောင့် သူ့စိတ်ခံစားချက်များမှာ ရိုလာကိုစတာစီးနေရသကဲ့သို့ပင်။ မြွေစိမ်းကိုမြင်ပြီးနောက် သူ့ခြေလက်များက တုန်ယင်အေးစက်နေသည်မှာ ယခုအချိန်ထိပင်ဖြစ်သည်။
မြေပြင်ပေါ်တွင် မွစာကြဲနေပြီဖြစ်သောကင်မရာအပိုင်းအစများကို တုန်တုန်ယင်ယင်နှင့်ကောက်ယူနေရာ သူစိမ်းအစ်ကိုကြီးက သူ့ကိုမျက်မှောင်ကြုတ်ကာကြည့်လာသည်။ "အဲဒီပစ္စည်းတွေယူခဲ့မယ်ဆိုရင်...ကျွန်တော်ကလေးချီပေးပါ့မယ်...တစ်ယောက်တည်းမနိုင်မှာစိုးလို့"။
အသက်သခင်ကျေးဇူးရှင်က ထိုသို့ပြောလာ
သည့်အခါ သူလည်းများများစားစားတွေးမနေတော့ပဲ ကျေးဇူးအထပ်ထပ်အခါခါတင်နေမိတော့သည်။ "ကျေးဇူးပါဗျာ...အစ်ကိုကြောင့်သာမဟုတ်ရင်...ဆွေ့ဆွေ့ရောကျွန်တော်ရော...ဒုက္ခလှလှရောက်နေလောက်ပြီ...ထပ်ပြီးကျေးဇူးတက်ပါတယ်...အစ်ကို"။
ထို့နောက် ကင်မရာသမားလည်း ဆွေ့ဆွေ့ကို ကျေးဇူးရှင်ထံသို့လက်လွှဲပေးလိုက်တော့သည်။
သူက ပေါ့ပါးသောကလေးငယ်၏ခန္ဓာကိုယ်လေးကို ဂရုတစိုက်ပွေ့ချီထားရင် နားရွက်နောက်သို့ကြည့်လိုက်မိသည်။ ကလေးငယ်၏နားရွက်နောက်နားလေးတွင် အနီရောင်လခြမ်းပုံမွေးရာပါအမှတ်လေးကို သူတွေ့လိုက်ရသည်။
သေချာပါသည်။ ဤကလေးမလေးက သူ့သမီးလေးပင်။
ထိုလူ၏ ဂရုမစိုက်သည့်ဟန်ရှိပြီးမှုန်မှိုင်းနေသည့် မျက်ဝန်းတို့က ရုတ်ချည်းနူးညံ့သိမ်မွေ့သွားသည်။ သူ့နှလုံးသားထဲတွင်လည်း စကားလုံးများနှင့်ဖော်ပြ၍မရနိုင်သော ကြည်နူးဝမ်းသာမှုတို့ပြည့်လျှံလာရသည်။
"ဦးဦး...သမီးကိုအရမ်းတင်းတင်းကြီးဖက်ထားတယ်"။ လက်လွှတ်လိုက်ရမည်ကိုစိုးရိမ်သည့်အလား အတင်းအကြပ်ပွေ့ဖက်ထားမိသည့်သူ့ကို ကလေးငယ်က ချိုသာစွာပြောလာသည်။
"တောင်းပန်ပါတယ်...ဦးအရမ်းကြီးဖက်မိသွားတယ်"။ ထိုသို့ပြောကာ တင်းကြပ်မှုကိုအနည်းငယ်ဖြေလျော့ပေးလိုက်သည်။ ထို့နောက် ကလေးငယ်အားတစ်ခုခုပြောရန် ပြင်လိုက်သော်လည်း သူ့နှုတ်မှစကားသံတစ်ခွန်းတစ်လေမှ မထွက်လာပေ။
သူအလွန်ကြောက်နေမိသည်။ သူ့စကားအား သမီးလေးမယုံနိုင်မည်ကို သူကြောက်ပါသည်။ သမီးလေးနှင့်ထပ်မတွေ့ရမည်ကို သူကြောက်သည်။
သူ့လက်ရှိအခြေအနေက အလွန်အန္တရာယ်များလွန်းသည်။ သူ့သမီးကို အန္တရာယ်တွင်းသို့ ဆွဲခေါ်၍ မဖြစ်ပေ။ လွန်ခဲ့သောသုံးနှစ်လုံးလုံး ဤနေရာသို့ရောက်လာအောင် သူမည်မျှပေးဆပ်ခဲ့ရမှန်း သူကိုယ်တိုင်သာသိပေလိမ့်မည်။
သူဆောင်းထာသည့် ကတ်ဦးထုပ်အနက်ရောင်က သူ့မျက်နှာအပေါ်ပိုင်းတစ်ခုလုံးကို ဖုံးထားသည်။ နှာတံစင်းစင်းလေးကို မြင်တွေ့နိုင်သည်။
ကုဆွေ့ဆွေ့က သူ့အားအတန်ကြာအောင် စိုက်ကြည့်နေသည်။
"ဦးဦး...ဦးထုပ်လေးချွတ်လိုက်ပါလားဟင်..ဦးရဲ့ရုပ်ကိုမြင်ချင်လို့"။ ကလေးငယ်၏စကားကြောင့် သူအနည်းငယ်တုံ့ဆိုင်းသွားသော်လည်း ပေါက်စလေး၏တောင်းဆိုမှုကို သူမလွန်ဆန်နိုင်ပေ။
"အင်း...ရပါတယ်"။
ဆွေ့ဆွေ့၏မျက်နှာထက်တွင်ပြုံးရိပ်သန်းသွားကာ သူဆောင်းထားသောဦးထုပ်ကိုအသာအယာ ဆွဲချွတ်လိုက်သည်။ ကလေးငယ်က စူးစမ်းစွာဖြင့်သူ့နှာတံစင်းစင်းကို လက်ဖြင့်ထိတွေ့ကြည့်နေသည်။ ထို့နောက် မျက်လုံးတစ်ဝိုက်ကိုထိကြည့်နေပြန်သည်။ ညာဘက်ပါးပေါ်သို့ ထိကိုင်မည်အပြုတွင် သူ(မ)၏လက်တို့ရုတ်တရက်ရပ်တန့်သွားသည်။ ညာဘက်မျက်ခုံးမှ ပါးပေါ်အထိနှစ်လက်မခန့်ရှည်သော အမာရွတ်တစ်ခုကို စမ်းမိသွားသောကြောင့်ပင်။
ကုကျန်းနျန်လည်း ကလေးငယ်၏ထူးဆန်းသောအကြည့်တို့ကိုရှောင်လွှဲကာ ပါးပြင်ပေါ်မှလက်တို့ကိုဖယ်ရှားလိုက်သည်။ သူ့မျက်နှာပေါ်မှ အမာရွတ်ကို ဆွေ့ဆွေ့အားမမြင်စေလိုပေ။ ကလေးငယ်လန့်သွားပေလိမ့်မည်။ ဤအမာရွတ်မှာ လွန်ခဲ့သောသုံးနှစ်မီးလောင်မှုဖြစ်ပွားစဥ်က ရခဲ့သောဒဏ်ရာဒဏ်ချက်တစ်ခုဖြစ်သည်။
သို့သော် သူထင်ထားသလို ကလေးငယ်က ကြောက်လန့်ရွံ့ရှာနေခြင်းမျိုးမရှိပေ။ သူ(မ)၏လက်သေးသေးလေးများနှင့် သူ့မျက်နှာပေါ်ရှိ မညီညာသောအမာရွတ်ကိုနူးညံ့စွာ ပွတ်သပ်ပေးနေသေးသည်။ သူ့စိတ်ကိုသိသည့်အလား စိတ်သက်သာရာရအောင် စကားများလည်းပြောပေးသည်။ အချိန်အနည်းငယ်အကြာတွင် ကလေးငယ်လေးက မျက်လုံးလေးများစင်းလာကာ လက်ခုံဖြင့်ပွတ်သပ်နေပြီး ငိုက်မျည်းစွာဖြင့်ပြောလာသည်။ "ဦးဦး...သမီးအိပ်ငိုက်လာလို့...နည်းနည်းအိပ်မယ်နော်"။
ကုကျန်းနျန်လည်း ကလေးငယ်၏ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးကာ ကျင့်သားရနေသည့်နှယ်ချော့သိပ်လိုက်သည်။ "ဟုတ်ပြီ...အိပ်တော့နော်..
တောင်အောက်ရောက်မှ...နှိုးလိုက်မယ်"။ သူစိမ်းဖြစ်နေသည့်နှယ် အဘယ်ကြောင့်မှန်းမသိ ရင်းနှီးနွေးထွေးနေသောဦးလေးကြီး၏ ရင်ခွင်ထဲတွင် ကုဆွေ့ဆွေ့တစ်ယောက်ယုံကြည်စိတ်ချမှုအပြည့်ဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတော့သည်။