Chapter 76
ခဲ့ကျင်းယန်တစ်ယောက်တည်း သစ်တောထဲတွင်ခြေဦးတည့်ရာပတ်ရှာနေသော်လည်း ကုဆွေ့ဆွေ့၏အရိပ်အယောင်ကိုပင် မတွေ့ရသေးချေ။
"မစ္စတာခဲ့....ရှေ့ဆက်သွားမယ်ဆိုရင်...အဆက်အသွယ်လှိုင်းတွေပြတ်ကုန်တော့မှာ...ကျွန်တော်တို့ပြန်သွားပြီးတော့ ရိုက်ကူးရေးအဖွဲ့ဆီကပဲ သတင်းကောင်းစောင့်ကြတာပေါ့"။
ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက ခဲ့ကျင်းယန်အား သတိကြီးစွာဖြင့်ပြောလာသည်။
တိုင်းတာမှုကိရိယာပေါ်တွင်ပြထားသည့် အနီရောင်အစက်ကလေးက လွန်ခဲ့သည့်ဆယ်မိနစ်တည်းက ပျောက်သွားခြင်းဖြစ်သည်။ ကလေးငယ်ပေါ်တွင် တပ်ဆင်ထားသောခြေရာခံကိရိယာက ပျက်စီးသွားပုံရသည်။ ဤအခြေအနေအတိုင်းဆိုလျှင် သူတို့နှစ်ယောက်တည်းနှင့် ကလေးကိုရှာနိုင်မည်မဟုတ်ချေ။ ကျွမ်းကျင်ပညာရှင်များက တောင်ပေါ်တက်ပြီးရှာမှဖြစ်တော့မည်။
ဝန်ထမ်း၏စကားကြောင့် ခဲ့ကျင်းယန်လည်းအလွန်ဒေါသထွက်ကာ ဘေးရှိသစ်ပင်ကြီးကိုစိတ်ဆိုးမာန်ဆိုးဖြင့်ကန်လိုက်ရာ သစ်ရွက်များပင်တဖြုတ်ဖြုတ်ကြွေကျလာသည်။
"ခဏလေးနေပါဦး...ကျွန်တော် နောက်ထပ်နာရီဝက်လောက်စောင့်ကြည့်လိုက်ဦးမယ်...ဘာမှမထူးမှ ပြန်သွားမယ်....တောကြီးမျက်မှည်းထဲမှာ ကလေးတစ်ယောက်တည်းဘယ်လောက်အန္တရာယ်များလိုက်မလဲ ခင်ဗျားသိလား...နည်းနည်းလေးတောင် အချိန်ဆွဲနေလို့မဖြစ်ဘူး"။
ဤရိုက်ကူးရေးမတိုင်မီတွင် ကုဆွေ့ဆွေ့ကိုကောင်းကောင်းစောင့်ရှောက်ပါ့မည်ဟု သူကတိပေးခဲ့သည်။ ထို့အပြင် ကုဆွေ့ဆွေ့က သူ၏ခေါင်းကိုင်သမီးလေးပင်။ တစ်ခုခုများဖြစ်သွားခဲ့လျှင် ဆွေ့ဆွေ့မိခင်နှင့်ကိုယ်စားလှယ်လုယွင်ကျီကို သူမည်သို့ရှင်းပြရမည်နည်း။
ဘာမှမလုပ်ပဲသတင်းထိုင်စောင့်နေသည့်အဖြစ်မျိုး ခဲ့ကျင်းယန်မလုပ်ချင်သောကြောင့် ဦးတည်ချက်ပြောင်းကာ တစ်ယောက်တည်းဆက်ရှာသည်။ ရှေ့သို့ဆက်သွားနေခိုက်တွင် ကလေးတစ်ယောက်နှင့်လူကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။ ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက ချန်ချင်းယန်အား ပွေ့ချီ၍သူ့ဆီသို့တဖြေးဖြေးလျှောက်လာသည်။ ချန်ချင်းယန်လည်း ကုဆွေ့ဆွေ့ကိုလိုက်ရှာရင်း မှောက်ယက်လဲကာ ကျောက်တုံး
နှင့်ခိုက်မိသွားသောကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်တော့ပေ။ ထို့ကြောင့် ရိုက်ကူးရေးဝန်ထမ်းက တစ်လမ်းလုံးပွေ့ချီလာခဲ့ခြင်းဖြစ်သည်။
"ဦးဦးခဲ့...သားတောင်းပန်ပါတယ်...ညီမလေးကို သားကောင်းကောင်းဂရုမစိုက်ခဲ့လို့ ဒီလိုဖြစ်ရတာပါ"။ ချန်ချင်းယန်က ခေါင်းငုံ့ကာ သူ့ဘာသာသူအပြစ်တင်ပြီး ခဲ့ကျင်းယန်အားတောင်းပန်နေသည်။
"မဟုတ်တာကွာ...ဒီကိစ္စက...မင်းနဲ့ဘာမှမဆိုင်ပါဘူး...ကိုယ့်ကိုကိုယ်အပြစ်တင်နေစရာအကြောင်းမရှိဘူး"။ ယခုအချိန်တွင် ခဲ့ကျင်းယန်အလွန်စိတ်ပျက်နေမိသော်လည်း ဟိုလူဒီလူအပေါ် အပြစ်ပုံချကာရမ်းကာနေတတ်သည့်သူမျိုးတော့မဟုတ်ပေ။ ကလေးတစ်ယောက်ဖြစ်သည့်နှယ် ဆွေ့ဆွေ့အားရှာရန်ကြိုးစားခဲ့သော ချန်ချင်းယန်ကို သူလေးစားမိပါသည်။
"ချင်းယန်...မင်းအရင်ပြန်သွားလိုက်...မင်းဖေဖေကမျှော်နေရှာမှာ...ဆွေ့ဆွေ့ကိုရှာဖို့ ဒါရိုက်တာကြီးက လူတွေလွှတ်ပေးလိမ့်မယ်...စိတ်မပူပါနဲ့"။ ချန်းရီလည်း သူ့သားကိုစိတ်ပူနေလိမ့်မည်။ ကလေးတစ်ယောက်ရှာမတွေ့သေးချိန် နောက်တစ်ယောက်သာထပ်ပျောက်လျှင် သူတို့အားလုံး ပရမ်းပတာဖြစ်ကုန်လိမ့်မည်။
ယခုအခြေအနေတွင် ခဲ့ကျင်းယန်တစ်ယောက် ဘာမှမတွေးတတ်တော့လောက်အောင် ရင်တွင်းအပူမီးကတစ်ဟုန်ထိုးတောက်လောင်နေသည်။
သူအသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တောအုပ်ထဲသို့ နက်သထက်နက်အောင်ရှေ့ဆက်သွားသည်။ ထိုစဥ်သူ့နောက်မှလိုက်လာသော စကားပြောစက်ကိုင်ထားသည့်ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက ရုတ်တရက်အလန့်တကြားပြောလာသည်။ "အစ်ကိုခဲ့...အစ်ကိုရေ...ကျွန်တော်တို့ဆက်ရှာစရာမလိုတော့ဘူး
ဆွေ့ဆွေ့နဲ့ကင်မရာသမားညီလေးကိုပြန်တွေ့ပြီတဲ့"။
လွန်ခဲ့သောဆယ်မိနစ်ခန့်က....
ကုကျန်းနျန်က အိပ်ပျော်နေသော ဆွေ့ဆွေ့ကိုပွေ့ချီကာ ကင်မရာသမားနှင့်အတူ တောင်အောက်သို့ဆင်းလာရင်း လမ်းဆုံလမ်းခွတစ်နေရာအရောက်တွင် ခြေလှမ်းတို့ကိုရပ်တန့်လိုက်သည်။ "ညီလေး....ဒီလမ်းအတိုင်းပဲဆက်ဆင်းသွားလိုက်နော်...နောက်ထပ် ငါးမိနစ်လောက်ဆက်လျှောက်ရင်...ရွာထဲရောက်ပြီ"။
သမီးငယ်လေးကို ရိုက်ကွင်းနေရာအထိလုံလုံခြုံခြုံနှင့်လိုက်ပို့ပေးချင်သော်လည်း ယူနန်ဒေသကကုကျန်းနျန်အတွက် ဆိတ်ငြိမ်ငြိမ်းချမ်းလှသည့် နေရာတစ်ခုမဟုတ်ပေ။ သူ့အားသတိထားစောင့်ကြည့်နေသည့် မျက်လုံးများစွာရှိသည်။ သူစိမ်းများနှင့်အတူရှိနေသောသူ့ကိုသာမြင်သွားကြလျှင် သူတို့အားလုံးဒုက္ခရောက်ကုန်မည်မှာ မလွဲမသွေပင်။
သူ့စကားကြောင့် ကင်မရာသမားက အနည်းငယ်ဇဝေဇဝါဖြစ်သွားပုံပင်။ "အစ်ကိုကြီးကရော...ကျွန်တော်တို့နဲ့အတူတူ မသွားဘူးလား...
တောင်အောက်ရောက်ရင်...ကျွန်တော်ကျေးဇူးဆပ်ပါ့မယ်...အတူတူသွားမယ်လေနော်"။
ကုကျန်းနျန်က ခေါင်းခါသည်။ "ကျေးဇူးပြန်ဆပ်စရာမလိုပါဘူး...ကျွန်တော်ဒီအထိရောက်အောင်ပို့ပေးတယ်ဆိုတာကလည်း လမ်းကြုံလို့ပါ"။ သူ့သမီးကိုမျက်ဝါးထင်ထင်တွေ့လိုက်ရသည်က သူ့အတွက်အကြီးဆုံးဆုလဒ်ဖြစ်သည်။ အခြားဘာမှထပ်မတောင့်တတော့ပေ။
"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်က အလွန်နာမည်ကြီးရေပန်းစားလျှက်ရှိသည်။ ဧည်သည့်အနုပညာရှင်များ၏ ပိုစတာများက နိုင်ငံတစ်ဝှမ်းလုံးရှိကြော်ငြာဆိုင်းဘုတ်ကြီးများတွင် မြင်တွေ့နိုင်သည်။ ကုကျန်းနျန်က ထိုသို့သောအနုပညာသတင်းများကို စိတ်ဝင်စားလေ့ရှိသူမဟုတ်သော်လည်း မျက်စိနောက်စရာကောင်းသောကြော်ငြာဆိုင်းဘုတ်များတွင် ကုဆွေ့ဆွေ့ဟူသောအမည်နှင့်ကလေးမလေး၏ပုံကိုမြင်လိုက်သောကြောင့်သာ ဤနေရာအထိရောက်လာခဲ့ခြင်းဖြစ်သည်။
အနီရောင်လခြမ်းပုံမွေးရာပါအမှတ်အသားကို မတွေ့ခင်တည်းကပင် ဆွေ့ဆွေ့အား သူ့သမီးငယ်လေးဟု ခံစားနေမိသည်။ မည်မျှပင်ဝေးကွာနေပါစေ သွေးသားဆိုသည်မှာဖုံးကွယ်၍ မရသောအရာတစ်ခုဖြစ်သည်။ ကင်မရာသမားမှာ သူ့အားယဥ်ကျေးပျူဌာစွာဖြင့် ထပ်ပြောလာသည်။ "မဟုတ်တာဗျာ...အစ်ကိုကြီးက ကျွန်တော်တို့နှစ်ယောက်လုံးကိုကယ်ခဲ့တာလေ
အစ်ကိုသာရောက်မလာရင်...ဒီအချိန်ဘာဖြစ်သွားမယ်မှန်း...တွေးတောင်မတွေးရဲဘူး...ကျွန်တော်ကျိန်းသေပေါက်ကျေးဇူးဆပ်ချင်လို့ပါဗျ"။
"ကျေးဇူးဆပ်ဖို့မလိုပါဘူး...ကျွန်တော်လည်း သွားစရာရှိသေးတာမို့...ရိုက်ကွင်းနေရာအထိ လိုက်မပို့နိုင်တာပါ"။
"ဒါဆို...အနည်းဆုံး ကျွန်တော့်ကို...အစ်ကို့နာမည်ပြောပြခဲ့ဗျာ"။
"ကျွန်တော့်ရဲ့နောက်ဆုံးနာမည်က...ကုပါ"။ ကုကျန်းနျန်လည်း အင်တင်တင်ဖြင့်နာမည်နောက်ဆုံးစာလုံးသာ ပြောပြလိုက်သည်။
"အစ်ကိုကြီးကု...ဒီလိုဆိုရင်ရော...ကျွန်တေယ်တို့ အချင်းချင်း ဖုန်းနံပါတ်တွေအလဲအလှယ်လုပ်ထားကြရအောင်...တစ်နေ့ကျရင် ကျွန်တော်ယူနန်ပြန်ရောက်လာခဲ့သည်ရှိသော်...အစ်ကို့ဆီမှာတည်းလို့ရတာပေါ့...ဒါမှမဟုတ်...အစ်ကိုမြို့တော်ကိုလာလည်ရင်...ကျွန်တော်လာခေါ်လို့ရတာပေါ့"။
"ဆောရီးပါ...ကျွန်တော့်ရဲ့အချက်အလက်တွေကို...တစ်ခြားသူကိုမပေးချင်လို့ပါ...ခွင့်ပြုပါဦး"။ ကုကျန်းနျန်လည်း ဆွေ့ဆွေ့အား တစ်ချက်ကြည့်ပြီး အမြန်ပြန်လှည့်မည်အပြုတွင် အိပ်မောကျနေသော ကလေးငယ်ကမျက်လုံးလေးပွင့်လာသည်။
"ဦးဦး...သမီးတို့တောင်အောက်ရောက်ပြီလား"။
"ဟင့်အင်း...ဦးဦးက ကိုကိုတို့ကိုဒီနေရာမှာပဲ ထားခဲ့မှာတဲ့"။
ကင်မရာမန်း၏စကားကိုကြားသောအခါ ကုဆွေ့ဆွေ့က ကုကျန်းနျန့်၏လည်ပင်းကိုသိုင်းဖက်လိုက်ရင်း ညာဘက်ပါးကိုနမ်းလိုက်သည်။
"ဘိုင်ဘိုင်...ဦးဦး...သမီးတို့ကိုဒီနေရာအထိ ပို့ပေးတဲ့အတွက်...ကျေးဇူးတင်ပါတယ်"။
ကုဆွေ့ဆွေ့ကိုပြန်ရှာတွေ့ပြီဟု ရိုက်ကူးရေးဝန်ထမ်းက ပြောလိုက်သည်နှင့် ခဲ့ကျင်းယန်တစ်ယောက် တောင်အောက်ဆင်းကာရွာသို့အမြန်ခြေဦးနှင်တော့သည်။ သူရောက်သွားသည့်အချိန်တွင် ဆရာဝန်တစ်ဦးက ကလေးငယ်ကိုစစ်ဆေးပေးနေသည်။
"ဆွေ့ဆွေ့...တစ်နေရာရာမှာ...နာနေတာရှိလား..
ထိခိုက်ထားတယ်ဆိုရင်...ပါပါးတို့ဆေးရုံသွားကြရအောင်"။ သူ့စကားသံက တုန်ယင်ကာ စိုးရိမ်မှုအပြည့်နှင့်ဖြစ်နေသည်။
"ပါပါးခဲ့...သမီးအဆင်ပြေပါတယ်...တကယ်ဘာမှမဖြစ်ပါဘူး"။ ဆွေ့ဆွေ့က ခဲ့ကျင်းယန်ဆီသို့ အပြေးလာကာ သူ(မ)အဆင်ပြေကြောင်းပြောရှာသည်။
သူတို့ဘေးရှိ ဆရာဝန်ကြီးကလည်း ဝင်ပြောသည်။ "ညီလေးခဲ့...ကလေးလေးက...ဘာထိခိုက်ဒဏ်ရာမှမရှိတာမလို့...စိတ်ပူစရာမလိုပဘူး...နည်းနည်းလေးလန့်သွားရုံပါပဲ...အနားယူလိုက်ရင် ကောင်းသွားမှာပါ"။
ဆရာဝန်၏စကားကြောင့် ခဲ့ကျင်းယန်စိတ်သက်သာရာရသွားကာ သက်ပြင်းဖွဖွချလိုက်မိသည်။ ထို့နောက် ကလေးငယ်ကို အချိန်တစ်ခုကြာသည်အထိ ခပ်တင်းတင်းဖက်ထားမိသည်။
"ပါပါး...လွှတ်ပါဦး...အရမ်းဖက်ထားတယ်"။
ထိုအခါမှ ခဲ့ကျင်းယန်လည်း သတိဝင်ပြီးလွှတ်ပေးလိုက်သည်။ ထို့နောက် တွေ့ကရာထိုင်ခုံတစ်ခုတွင် ဝင်ထိုင်ကာ မျက်နှာတည်တည်ဖြင့် ဆွေ့ဆွေ့အားဆုံးမသြဝါဒပေးတော့သည်။
"ဆွေ့ဆွေ့....သမီးလျှောက်မပြေးပါဘူးဆိုပြီး...ဒီနေ့ ပါပါးကိုကတိပေးခဲ့တယ်မဟုတ်လား...ဘာကြောင့် နမော်နမဲ့နဲ့လျှောက်ပြေးရတာလဲ"။
ဆွေ့ဆွေ့က သူ့အားမျက်လုံး ပေကလတ် ပေကလတ်ဖြင့်ကြည့်ကာ အင်္ကျီစကိုလှမ်းဆွဲသည်။
"ပါပါး...သမီးမှားသွားပါတယ်...ပါပါးစကားကို နားမထောင်မိဘူး"။
ခဲ့ကျင်းယန်က မတုံ့ပြန်ပေ။
မျက်နှာတည်ထားသောသူ့ကြောင့် ဆွေ့ဆွေ့မှာငိုမဲ့မဲ့ဖြစ်လာရသည်။ "ပါပါးရယ်...သမီးမှားတာ...သမီးသိပြီလို့...စိတ်မဆိုးပါနဲ့နော်"။
မကြာခင်တွင် ငိုချတော့မည့်ပုံစံရှိသည့်ကလေးငယ်ကြောင့် ခဲ့ကျင်းယန်၏ဆူငေါက်မည့်အစီအစဥ်မှာ ကြက်ပျောက်ငှက်ပျောက်ပင်။
"ဒီတစ်ခေါက်တော့...ပါပါးခွင့်လွှတ်ပေးလိုက်မယ်...နောက်တစ်ခေါက်ဆိုရင်..ဆွေ့ဆွေ့ကိုတကယ်စိတ်ဆိုးမှာနော်"။
"သိပါပြီ...နောက်ဆို...ပါပါးစကားနားထောင်ပါတော့မယ်"။