အပိုင်း ၇၈
Viewers 15k

Chapter 78


ခဲ့ကျင်းယန်ထင်ထားသလိုပင် ဖရုံသီးကိတ်မုန့်စားနေသည့် ရိုးစင်းသောလင်းတုံတုံလေးက ခေါင်းလှည့်သွားပြီး ဆက်မငိုတော့ပေ။


ဟုန်းလင်းအာနှင့်ချွီရွှဲ့ယွမ်တို့လည်း ဖရုံသီးကိတ်မုန့်ကို ပူနေချိန်အတွင်းမြည်းကြည့်ကြသည်။


တစ်ဖက်တွင်ထိုင်နေသော ကုဆွေ့ဆွေ့က ဖရုံသီးကိတ်မုန့်ကို စားပြီးသားဖြစ်ကာဗိုက်မဆာတော့ပေ။ သို့သော် စားသောက်နေကြသည့်သူ(မ)၏သူငယ်ချင်းများကိုမြင်သောအခါ အနည်းငယ်လောဘကြီးပြီး စားချင်စိတ်များပြန်ဖြစ်လာသည်။


မုန့်ပန်းကန်ကိုငေးကြည့်နေသည့်ကလေးငယ်ကြောင့် ခဲ့ကျင်းယန်လည်းချောင်းအသာဟန့်ကာသတိပေးလိုက်သည်။ "ဆွေ့ဆွေ့....အဲဒီမုန့်တွေကို ခဏတုန်းကပဲအများကြီးစားထားတာလေ....သမီးနဲ့ချင်းယန်နဲ့ထပ်မစားရတော့ဘူးနော်"။


သူ့စကားကြောင့် ကုဆွေ့ဆွေ့က မျက်နှာချိုသွေးကာပြုံးပြလာသည်။ ထို့နောက် ဖရုံသီးကိတ်မုန့်ပန်းကန်ဆီမှ သူ(မ)၏အကြည့်တို့ကို မခွာချင်ခွာချင်နှင့် ခွာလိုက်ရသည်။


ကလေးငယ်ကို ခဲ့ကျင်းယန်သနားမိသော်လည်း မတတ်နိုင်ပေ။ သူ(မ)စားချင်သလောက်ပေးစားလိုက်လျှင် အစာမကြေဖြစ်ပေလိမ့်မည်။


ယနေ့ညစာမှာ အတော်လေးကောင်းမွန်ပြည့်စုံသည်။


ဝက်သားဆားနယ်ခြောက်ထမင်းကြော် ၊ ဆူးကောက်ပင်နှင့်ဂျုံခေါက်ဆွဲကြော် ၊ အသီးအရွက်စုံကြော်နှင့်ကြက်ဥကြော်တို့ဖြစ်သည်။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်တွင် ရိုက်ကူးရေးအဖွဲ့က ဧည့်သည်အနုပညာရှင်များကို ကိုယ်တိုင်ချက်ပြုတ်ခိုင်းလေ့ရှိသည်။ 


ထို့ကြောင့် ချွီမင်းရှန်၏အချက်အပြုတ်စွမ်းရည်မှာ ပိုပိုပြီးတိုးတက်လာခဲ့သည်။ သူတို့ငါးယောက်ထဲတွင် အချက်အပြုတ်ကျွမ်းကျင်သည့်သူမှာ ချွီမင်းရှန်တစ်ယောက်သာရှိသောကြောင့် သူသာလျှင်အချိန်တိုင်းမီးဖိုခန်းဝင်ရသည်။


ထမင်းကြော်ကို ချေထားသောဝက်သားဆားနယ်ခြောက်များဖြင့် ရောကြော်ထားသည်။ ချွီမင်းရှန်က ဝက်ဆားနယ်ခြောက်များကို လက်သည်းခွံအရွယ်ခန့် ဓားနှင့်နှုတ်နှုတ်စင်းပြီး တစ်ခါတည်းထည့်ကြော်သည်။ အထူးသဖြင့် ကလေးများအကြိုက်လုပ်ထားခြင်းဖြစ်သည်။ ထမင်းကြော်တစ်ဇလုံလုံးမှာ ကလေးငါးယောက်၏လက်သွက်မှုကြောင့် တစ်ခဏအတွင်းအမြန်ကုန်သွားသည်။


ရသစုံရှိုးရိုက်ကူးရေးက အလွန်ပင်ပန်းလွန်း၍ဖြစ်ပေမည်။ ရိုးရှင်းသောအိမ်ချက်ထမင်းဟင်းများဖြစ်သော်လည်း သူတို့အားလုံး အနည်းဆုံးနှစ်ပန်းကန်ခန့်ကုန်ကြသည်။ 


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏ ဤအပတ်ရိုက်ကူးရေးမှာ တောတွင်းစွန့်စားခန်းပုံစံမျိုးကိုအခြေခံထားခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏မစ်ရှင်များက သေချာပေါက်တောအုပ်အတွင်းတွင် ပြုလုပ်ရပေမည်။ သို့သော် ဆွေ့ဆွေ့၏မတော်တဆမှုကြောင့် ရိုက်ကူးရေးအဖွဲ့က ရိုက်ကွင်းနေရာကိုအနည်းငယ်ပြောင်းလိုက်ရသည်။ တောအုပ်အပြင်ဘက်အနီးအနားလေးတွင်သာ ရိုက်ကူးရေးလုပ်ရန်ဆုံးဖြတ်လိုက်ကြသည်။ ဧည့်သည်အနုပညာရှင်များနောက်သို့လိုက်ရန် ခါတိုင်းထက်ဝန်ထမ်းအရေအတွက်များများကိုလည်း စီစဥ်ထားပေးသည်။


သူတို့၏ယနေ့မစ်ရှင်မှာ မှိုကောက်ရန်ဖြစ်သည်။


"ဘယ်လိုမှိုမျိုးကစားလို့ရလဲ...ဘယ်လိုမှိုမျိုးကတော့...အဆိပ်သင့်စေလဲဆိုတာကိုသိဖို့အတွက်....ရွာကကျွမ်းကျင်တဲ့အဖိုးတစ်ယောက်ကိုဖိတ်ထားတယ်"။


ရိုက်ကူးရေးအဖွဲ့ကဖိတ်ထားသော အဖိုးမှာ တောင်ပေါ်သို့မကြာခဏတက်ကာ မှိုကောက်ပြီး အနီးအနားရှိရွာစျေးတွင်ရောင်းချလေ့ရှိသည်။ ဆယ်စုနှစ်တစ်စုစာ အတွေ့အကြုံရှိသောကြောင့် တစ်ချက်ကြည့်လိုက်သည်နှင့် မည်သည့်မှိုအမျိုးအစားဖြစ်ကြောင်း ချက်ချင်းပြောနိုင်သည်။


ယူနန်ဒေသရှိမှိုရိုင်းများက အတန်ငယ်စျေးကြီးသည်။ တစ်ကီလိုလျှင် ယွမ်ရာနှင့်ချီပေးရသည်။


မြို့ကြီးများရှိ စူပါမားကတ်များတွင်မူ နဂိုစျေးထက် စျေးတင်ပြီးရောင်းကြသည်။


"မှိုကစားလို့ရလား...အဆိပ်ရှိလားဆိုတာကိုခွဲခြားဖို့...အဖိုးတို့က အဲဒီမှိုရဲ့အရောင်နဲ့ပုံစံကိုအဓိကထားပြီးကြည့်ကြတယ်...တောင်ပေါ်က မှိုတစ်ချို့က...အရောင်အရမ်းလှကြတယ်...အခုအဖိုးလက်ထဲမှာ ကိုင်ထားတဲ့အရောင်တောက်တောက်နဲ့မှိုဆိုရင်...စားလို့မရဘူး...လက်နဲ့တောင် တိုက်ရိုက်မထိသင့်ဘူး"။


"ပုံစံကိုကြည့်မယ်ဆိုရင်...အဆိပ်မရှိတဲ့မှိုတွေက...ရိုးတံပြားတယ်...အမိုးလေးကလည်း ပြန့်နေတယ်...အဆိပ်ရှိတဲ့မှိုကျတော့...ရိုးတံမညီတဲ့အပြင် အမိုးပုံစံကလည်း ထူးခြားတယ်"။


"ဒါပေမဲ့...တစ်ချို့အဆိပ်ရှိတဲ့မှိုတွေက...စားလို့ရတဲ့မှိုတွေနဲ့...တစ်ထေရာတည်းတူနေတာတွေရှိတယ်...အဲဒါကြောင့်မလို့ ပုံစံနဲ့အရောင်ကိုကြည့်ရုံနဲ့စားလို့ရပါတယ်ဆိုပြီး...အာမမခံနိုင်ဘူး...မင်းတို့မှိုကောက်ပြီးသွားရင်အဖိုးကိုလာပြလှည့်...အဖိုးရွေးထုတ်ပေးမယ်"။


အဖိုး၏ညွှန်ကြားချက်များကို နားထောင်ပြီးနောက် သူတို့အားလုံးမှိုကောက်ရန်အတွက်


အသင့်ဖြစ်နေကြသည်။ ထိုအချိန်တွင် တရုတ်ဖျော်ဖြေရေးကွန်ရက်တစ်ခုမှ  သတင်းတစ်ခုတက်လာသည်။


သတင်း၏ယေဘုယျဦးတည်ချက်မှာ "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးရိုက်ကူးရေးက ဧည့်သည်အနုပညာရှင်များအတွက် လုံခြုံရေးကောင်းကောင်းမစီစဥ်ပေးနိုင်ကြောင်း သတင်းရေးထားခြင်းဖြစ်သည်။ ရသစုံရှိုး၏ငါးပိုင်းမြောက်ရိုက်ကူးရေးတွင် ကလေးတစ်ဦးတောအုပ်ထဲတွင်လမ်းပျောက်သွားပြီး ထိခိုက်ဒဏ်ရာများရသွားကြောင်းလည်း ရေးထားသေးသည်။


တရုတ်ဖျော်ဖြေရေးကွန်ရက်သတင်းစာတိုက်မှာ အတန်အသင့်နာမည်ရှိသော သတင်းတိုက်တစ်ခုဖြစ်သည်။ များသောအားဖြင့် အနုပညာရှင်များ၏ သတင်းများကိုသာရေးတတ်သည်။ အခြားသတင်းဝက်ဘ်ဆိုက်များထက် သတင်းတင်ချိန်ပိုစောသောကြောင့် ပရိသတ်များ၏စိတ်ဝင်စားမှုကိုရရှိနေခြင်းပင်။ 


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏ကျော်ကြားမှုကြောင့် ထိုသတင်းကို တစ်နာရီအတွင်း လူပေါင်းသိန်းနှင့်ချီ ဝင်ရောက်ဖတ်ရှုပြီးဖြစ်သည်။ ဝေဖန်ချက်များကလည်း အချိန်နှင့်တစ်ပြေးညီ တစ်ရိပ်ရိပ်တိုးလာသည်။


"မဖြစ်နိုင်တာ...ရိုက်ကူးရေးလုပ်နေတဲ့အချိန်အတွင်းမှာ...ကလေးတစ်ယောက်က...တကယ်ပဲတောထဲမှာလမ်းပျောက်သွားတာလား"။


"ဘယ်သူပျောက်သွားတာလဲ...ကုဆွေ့ဆွေ့လား...ချွီရွှဲ့ယွမ်လား...လင်းတုံတုံလား...ချန်ချင်းယန်လား...ဟုန်းလင်းအာလား"။


"အရင်အပိုင်းတွေတည်းက...ငါရိပ်မိနေတယ်...တကယ်တော့ တောအုပ်လိုနေရာမျိုးတွေမှာ...ကလေးတွေကိုမသွားခိုင်းသင့်ဘူးမဟုတ်လား...အရမ်းစွန့်စားရာကျလွန်းတယ်"။


"ရိုက်ကူးရေးအဖွဲ့က...အနှေးနဲ့အမြန်ဖြေရှင်းချက်ပေးသင့်တယ်လို့ထင်တယ်...အားလုံးစိတ်ပူနေကြတာကို"။


အထွေထွေကိစ္စရပ်များကိုကိုင်တွယ်ဖြေရှင်းရန် မြို့တော်တွင် နေရစ်ခဲ့သည့်လုယွင်ကျီလည်း ပလူပျံနေသော "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးရိုက်ကူးရေးလုပ်နေစဥ်အတွင်း တောထဲတွင် ကလေးတစ်ဦးလမ်းပျောက်သွားခဲ့သည့်သတင်းကိုတွေ့ပါသည်။ ထိုသတင်းကိုတွေ့တွေ့ချင်း ယူနန်သို့အတူလိုက်ပါသွားသည့် ခဲ့ပျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏လက်ထောက်နှစ်ယောက်ကို ဖုန်းဆက်လိုက်သည်။


လက်ထောက်ကလည်း လုယွင်ကျီအားအကြောင်းစုံပြောပြလာသည်။ ခဲ့ကျင်းယန်ကမူ ထိုအကြောင်းကို လုယွင်ကျီအားမသိစေချင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ရိုက်ကူးရေးပြီး၍ မြို့တော်သို့ပြန်ရောက်သည်နှင့် အဆူခံရမည်မှာ ရာနှုန်းပြည့်သေချာသည်။ သူ့တစ်ယောက်တည်းမဟုတ်ပဲ ဆွေ့ဆွေ့ပါအဆူခံရနိုင်သည်။ ထို့ကြောင့် တတ်နိုင်သမျှအချိန်ဆွဲထားပြီး ထိုအကြောင်းကို ကိုယ်စားလှယ်လုယွင်ကျီအား မပြောသေးခြင်းဖြစ်သည်။ သို့သော် သတင်းပေါက်ကြားသွားခြင်းကြောင့် မတတ်နိုင်ပဲ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ရသည်။


တရုတ်ဖျော်ဖြေရေးကွန်ရက်သတင်းစာတိုက်မှ ထုတ်ပြန်ထားသည့်သတင်းက အမှန်တစ်ဝက် အမှားတစ်ဝက်သတင်းမျိုးဖြစ်သည်။ ရိုက်ကူးရေးလုပ်နေစဥ်အတွင်း ဆွေ့ဆွေ့ကတောအုပ်ထဲတွင် လူစုကွဲပြီးလမ်းပျောက်သွားသည်မှာအမှန်ပင်ဖြစ်သော်လည်း ပွန်းရာပဲ့ရာအချို့မှလွဲ၍ သတင်းတွင်ပါသကဲ့သို့ ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရှိချေ။


သို့သော် ထိုကိစ္စကလွယ်လွယ်နှင့်မပြီးသွားပေ။ လူစုကွဲပြီးလမ်းပျောက်သွားသည့်ကလေးက ကုဆွေ့ဆွေ့ဖြစ်ကြောင်းကိုသိလိုက်ရပြီးနောက် ပရိသတ်များ၏တုံ့ပြန်မှုမှာ ယခင်ထက်ပင် ပို၍အုတ်အော်သောင်းနင်းဖြစ်သွားသည်။ သတင်းကအမှန်ဟုတ်မဟုတ်ကို သိချင်နေကြသည်။ ထို့ကြောင့် လုယွင်ကျီလည်း အေဂျင်စီရှိလူကြီးများနှင့်တိုင်ပင်ကာ ဖြေရှင်းချက်ထုတ်ပြန်ရတော့သည်။