အပိုင်း ၈၀
Viewers 15k

Chapter 80


"ဒီဆိုင်မှာရောင်းတဲ့ မှိုတွေကအတော်လေး စျေးသက်သာတာပဲ တစ်တောင်းမှ တစ်ဆယ်ယွမ်ပဲဆို ဟုတ်သလား"


ထိုအဒေါ်ကြီးမှာ မကြာခဏစျေး၀ယ်လေ့ရှိသူဖြစ်ဟန်ရှိသည်။ ရာသီပေါ်စားမှိုများမှာ စျေးမကြီးလှပေ။ သဘာဝမှိုများမှာ စိုက်ပျိုးရေးမှိုများထက်အနည်းငယ်စျေးကြီးနိုင်သည်။


ဆူဆူညံညံအသံတစ်ချို့ကိုကြားလိုက်ရသောကြောင့် ကြည့်မိရာတွင် ကျန်းဟွေ့ကျင်တို့သားအမိလည်းဆိုင်စဖွင့်နေသည်ကိုတွေ့လိုက်ရသည်။ အများသူဌာများလည်း စျေးဦးစပေါက်အောင် ကြိုးစားလုပ်နေသည်ကိုတွေ့ရသောကြောင့် ခဲ့ကျင်းယန်တစ်ယောက်တုံ့ဆိုင်းမနေတော့ဘဲ သွက်သွက်လက်လက်စျေးရောင်းတော့သည်။


 "အန်တီက ကျွန်တော်တို့ဆိုင်ကို ပထမဆုံးလာအားပေးတဲ့ဝယ်သူပါခင်ဗျ စျေးဦးပေါက်အနေနဲ့ အန်တီဝယ်မယ်ဆိုရင် လျှော့စျေးနဲ့ပေးလိုက်ပါ့မယ်"


"ဟယ်...လူငယ်လေးကစေတနာကောင်းလိုက်တာ အပြောလည်းကောင်းတယ်ဆိုတော့ အန်တီကသေချာပေါက်စျေးဦးဖောက်ပေးရမှာပေါ့ ဟိုကလေးမလေးက လူလေးရဲ့သမီးလေးလား လှလိုက်တာကွယ်"


"ဟားဟား...အန်တီပြောသလိုပဲ ကျွန်တော့်သမီးလေးက သိပ်လှတာဗျ"


ထိုသို့နှင့် စျေးဝယ်လာသည့်အဒေါ်ကြီးက သူတို့ဆိုင်မှ မှိုအကြီးနှစ်တောင်းနှင့်မှိုအသေးတစ်တောင်းတို့ကို ဝယ်ယူအားပေးသွားခဲ့သည်။ ခဲ့ကျင်းယန်လည်း နှစ်ဆယ့်ကိုးယွမ်ဖိုးစျေးဦးပေါက်သွားသောကြောင့် ပီတိဖြစ်နေမိသည်။


တစ်ခုခုကို အသည်းအသန်စဥ်းစားနေပုံရသည့်ကုဆွေ့ဆွေ့က ခဲ့ကျင်းယန်အနားသို့ကပ်ပြီးပြောလာသည်။ 


"ပါပါးခဲ့...မှိုတစ်တောင်းကို ဆယ်ယွမ်စျေးနှုန်းနဲ့ရောင်းတာကစျေးကြီးတယ်မဟုတ်လား သမီးတို့စျေးထပ်လျှော့သင့်တယ်"


"တစ်ခြားအဖွဲ့တွေက တစ်တောင်းကိုယွမ်ငါးဆယ်လောက်ရောင်းကြတာလေ ပါပါးတို့က တစ်တောင်းကိုတစ်ဆယ်လောက်ပဲရောင်းတာ တကယ်တော့ပါပါးတို့ရောင်းတာကအရမ်းစျေးသက်သာတာလေ အခုတောင်အရှုံးပေါ်နေတာကို ဒီထက်လျှော့ရောင်းရင် အလကားပေးပစ်လိုက်ဖို့ပဲရှိတော့တယ်"


"ပါပါးတို့ကစျေးလျှော့ရမှာမဟုတ်ဘူး စျေးထပ်ပြီးတင်ရမှာ စဥ်းစားကြည့်လိုက်တော့မှ အလကားပေးသလိုနီးနီးဖြစ်နေတာ စျေးရောင်းတာနဲ့တောင်မတူတော့ဘူး"


"ဒါဆိုတစ်တောင်းကိုဘယ်လောက်ရောင်းမှာလဲ ပါပါး"


ဆွေ့ဆွေ့က များသောအချိန်တွင် မိခင်ဖြစ်သူနှင့် စူပါမားကတ်သို့မဟုတ်စျေးသို့လိုက်သွားလေ့ရှိသော်လည်း မုန့်ပဲသရေစာများကိုသာ အာရုံစိုက်လေ့ရှိသောကြောင့် အခြားကုန်စိမ်းများ၏စျေးနှုန်းကိုမသိပေ။


ခဲ့ကျင်းယန်လည်း တစ်ခဏမျှစဥ်းစားပြီးပြောလိုက်သည်။ 


"အင်း...မှိုအပွင့်ကြီးတစ်တောင်းကို ယွမ်နှစ်ဆယ်နှုန်းနဲ့ရောင်းမယ် ပြီးတော့ မှိုအပွင့်သေးတစ်တောင်းကို ဆယ့်ငါးယွမ်လောက်ဆိုရင်အဆင်ပြေလောက်တယ် နောက်ပိုင်းကျမှ စျေးမြှင့်ကြတာပေါ့"


ခဲ့ကျင်းယန်၏ပုံစံမှာအလွန်ယုံကြည်ချက်ပြင်းပြနေသည့်ပုံပေါက်သည်။ သူ၏ချောမောသောရုပ်ရည်ကြောင့် စျေးဝယ်သူများကိုဆွဲဆောင်နိုင်မည်မှာ ကျိန်းသေပေါက်ပင်။ 


နောက်မိနစ်ဆယ်လောက်တွင် စျေးဝယ်သူအများအပြားရောက်လာသည်။ သို့သော် စျေးဝယ်သူများက ဟိုဟိုဒီဒီမေးမြန်းပြီး မဝယ်ကြပေ။ ထို့အပြင် ဝယ်ယူသူအများစုမှာ သက်လတ်ပိုင်းနှင့်သက်ကြီးပိုင်းအရွယ်များဖြစ်ကြသည်။ လူငယ်လူရွယ်အများစုကိုဖမ်းစားနိုင်သောသူ့ရုပ်ရည်က သက်လတ်ပိုင်းအရွယ်များအပေါ်သို့ သက်ရောက်မှုရှိမည်မဟုတ်ပေ။ 


ကုဆွေ့ဆွေ့က သူ့ထက်ပင်ပို၍ ဆွဲဆောင်မှုရှိနေဦးမည်။ ထိုစဥ်တွင်သူတို့ဆိုင်ရှေ့မှဖြတ်သွားသော အဒေါ်ကြီးတစ်ယောက်က ဆွေ့ဆွေ့၏ချစ်စရာကောင်းမှုကြောင့် စျေးနှုန်းမေးမြန်းကာ မှိုအပွင့်ကြီးတစ်တောင်းဝယ်သွားသည်။ 


အချိန်တစ်နာရီခွဲခန့်ကုန်ဆုံးသွားသော်လည်း မှိုတောင်းများစွာရောင်းမထွက်ဘဲကျန်နေသေးသည်။ ခဲ့ကျင်းယန်လည်း စျေးရောင်းသွက်မည့်နည်းဗျူဟာအချို့ကို ဦးနှောက်ထဲမှဖျစ်ညှစ်စဥ်းစားပြီးနောက် အဖြေတစ်ခုထွက်လာခဲ့သည်။ ထို့နောက် ခုံတန်းပေါ်တွင်ထိုင်နေသော ဆွေ့ဆွေ့ကိုပွေ့ချီကာ ပြောလိုက်သည်။ 


"ဆွေ့ဆွေ့...အခုအချိန်ကစပြီး သမီးကဒီဆိုင်ရဲ့ဆိုင်ရှင်ဖြစ်သွားပြီ စျေးရောင်းတဲ့အလုပ်ကိုသမီးပဲတာဝန်ယူတော့ ဟုတ်ပြီလား"


အခြေအနေကိုရှင်းရှင်းလင်းလင်းနားမလည်သေးသော ဆွေ့ဆွေ့က သူ့စကားကြောင့် ဇဝေဇဝါဖြစ်သွားသည်။


 "သမီးကရောင်းရမှာလား"


ဒီမှိုတွေအကုန်လုံးကို ရောင်းကုန်စေချင်လား"


မျက်လုံးလေးကလယ်ကလယ်ဖြင့် နားမလည်သေးပုံရသော ကလေးငယ်ကိုခဲ့ကျင်းယန်လည်း ထပ်ရှင်းပြလိုက်သည်။


 "ဒီမှိုတွေအားလုံးကို ကုန်အောင်မရောင်းရင် ပါပါးတို့နေ့လည်စာနဲ့ညစာစားဖို့အတွက် ပိုက်ဆံရှိမှာမဟုတ်ဘူး"


ထိုသို့ရှင်းပြလိုက်သောအခါမှ ဆွေ့ဆွေ့တစ်ယောက် သဘောပေါက်သွားသည်။


ထို့နောက် လက်သီးလက်မောင်းတန်းကာ ခဲ့ကျင်းယန်အား ပြန်ပြောလိုက်သည်။


 "ပါပါးခဲ့...စိတ်မပူပါနဲ့ ဒီမှိုတွေအကုန်လုံးကို သမီးအတတ်နိုင်ဆုံး ကြိုးစားပြီးတော့ကုန်အောင်ရောင်းပါ့မယ် ပါပါးစိတ်မပျက်စေရပါဘူး"ယ


ခဲ့ကျင်းယန်လည်း အလွန်စိတ်အားထက်သန်နေသော ကလေးမလေးကိုကြည့်ကာ လှိုက်လှိုက်လှဲလှဲပြုံးမိသွားသည်။


ကလေး၏ချစ်စဖွယ်ကောင်းမှုကိုအသုံးချအမြတ်ထုတ်ပြီးစျေးဝယ်သူများကိုဆွဲဆောင်နေသောခဲ့ကျင်းယန်နှင့်ကွဲပြားစွာပင် ချွီမင်းရှန်ကမူ စျေးဝယ်သူ သက်လတ်ပိုင်းများနှင့်အဖိုးအဖွားများကြားတွင် မျက်နှာပန်းလှသည်။


ထို့အပြင် အချက်အပြုတ်ဝါသနာပါသောကြောင့် မကြာခဏစျေးသုံးလေ့ရှိရာ အစားအသောက်စျေးကွက်ထဲတွင်လက်ရှိရောင်းဝယ်နေသောစျေးနှုန်းများကို အတော်အသင့်သိသည်။ သင့်တင့်လျောက်ပတ်သောစျေးနှုန်းဖြင့် ရောင်းချတတ်သည်။


"တကယ်ပဲ ဆရာချွီလား...ကျွန်မဖြင့် မမျှော်လင့်ထားဘူး ဒီစျေးထဲမှာ ဒီလိုတွေ့ရလိမ့်မယ်လို့ တကယ်မထင်ထားမိတာ အစတုန်းကတော့ လူကြည့်မှားတယ်ထင်နေတာ ဒါပေမဲ့ ငယ်ငယ်တည်းက ဆရာ့ရဲ့ကုပ်ရှင်ဇာတ်ကားတွေကြည့်ပြီးကြီးလာခဲ့တာဆိုတော့...ကျွန်မလူမမှားနိုင်ပါဘူး ဟုတ်တယ်မလား"


ချွီမင်းရှန်၏ပရိသတ်ဖြစ်ဟန်ရှိသော အမျိုးသမီးတစ်ယောက်က သူ့အားလာနှုတ်ဆက်သည်။


ချွီမင်းရှန်လည်း အပြုံးဖြင့်ပြန်လည်နှုတ်ဆက်လိုက်သည်။ 


"ကျွန်တော် ဒီမှာရိုက်ကူးရေးလုပ်နေတာပါ အခု ရိုက်ကူးရေးအဖွဲ့ကမှိုတွေရောင်းခိုင်းထားလို့လေ"


"အဲဒါဆိုရင်...ကျွန်မဒီဘက်ကမှိုတွေအကုန်ဝယ်လိုက်မယ် အမှတ်တရအနေနဲ့ လက်မှတ်လေးထိုးပေးပါဦး"


ချွီမင်းရှန်လည်း မှိုပွင့်ကြီးလေးတောင်းနှင့်မှိုပွင့်သေးနှစ်တောင်းကို စုစုပေါင်းယွမ်တစ်ရာနှုန်းဖြင့်သာရောင်းလိုက်သည်။ သူ့ပရိသတ်ဖြစ်သည်မို့ လျှော့ပေါ့ပေးထားခြင်းပင်။ အမှတ်တရအနေဖြင့် သူ့လက်မှတ်အပြင်ဓာတ်ပုံပါတွဲရိုက်ပေးလိုက်သေးသည်။ ချွီမင်းရှန်၏အရောင်းကျွမ်းကျင်မှုကြောင့် နောက်နာရီဝက်အတွင်း ရှိသမျှမှိုအားလုံးရောင်းကုန်သွားသည်။


တစ်ဖက်တွင်မူ လင်းယောင်နှင့်လင်းသို့သို့တို့၏အခြေအနေမှာ ထင်သလောက်သိပ်မကောင်းချေ။ စျေးဆိုင်ခန်းနေရာအရွေးမှားသောကြောင့်ပင်ဖြစ်သည်။ သူတို့ပတ်ပတ်လည်တွင် လက်မှုအရောင်းဆိုင်များသာရှိသည်။ သူတို့တစ်ဆိုင်တည်း ဟင်းသီးဟင်းရွက်ဆိုင်ဖြစ်နေသည်။


သို့သော် နာရီဝက်ခန့်အကြာတွင် စျေးဝယ်သူအမျိုးသားတစ်ဦးရောက်ချလာသည်။


ဖခင်ဖြစ်သူလင်းယောင်က နောက်ဖေးသွားလိုက်သောကြောင့် သို့သို့ကိုသာဆိုင်ထဲတွင်တွေ့ရသည်။ 


"ကလေးရေ...ဒီမှိုတွေကို ဘယ်လိုရောင်းလဲ"


စျေးဝယ်သူက လင်းသို့သို့အားမေးလိုက်သည်။


"ဒါတွေကရောင်းဖို့အတွက်မဟုတ်ဘူးဗျ...သားညီမလေးဆွေ့ဆွေ့ကို ပေးဖို့ချန်ထားတာ"


မှိုတောင်းလေးကိုကျစ်ကျစ်ပိုက်ထားရင်း လင်းသို့သို့ကပြန်ဖြေသည်။ ထိုသို့ပြောပြီးမှ ဖခင်ဖြစ်သူမှာထားသည့်စကားကို သို့သို့ ရုတ်တရက်သတိရသွားသည်။ မှိုများရောင်းမကုန်လျှင် နေလည်စာငတ်မည်ဟူသည့် စကားပင်။


"ဦးပိုက်ဆံပေးမှာပါ ကလေးရဲ့မှိုနှစ်တောင်းလောက်ယူမယ်လေ ဦးကိုအလေးချိန်ချိန်ပေးလိုက် ဒီမှာရေးထားတယ် တစ်တောင်းကိုယွမ်နှစ်ဆယ်တဲ့"


သို့သို့လည်း ထိုဦးလေးပြောသည့်အတိုင်း မှိုတောင်းကိုကတ္တားပေါ်သို့တင်ပြီးချိန်လိုက်သည်။


 "ဦးဦး...သားအလေးချိန်မချိန်တတ်ဘူး ကိုယ့်ဘာသာကိုယ်ပဲကြည့်ချိန်လိုက်တော့နော် ဒါမှမဟုတ်လည်း လိုသလောက်ယူသွားပါ"


စျေးဝယ်သူဦးလေးမှာ သူ့ဘာသာသူအလေးချိန်ချိန်ပြီး ပိုက်ဆံပေးကာထွက်သွားလေသည်။


ထိုအချိန်တွင် လင်းယောင်လည်းပြန်ရောက်လာသည်။ သို့သို့က မှိုရောင်းလိုက်ရကြောင်းပြောပြသောအခါ သူအလွန်ဝမ်းသာသွားသည်။ သူတို့အတွက် စျေးဦးပေါက် ရောင်းရခြင်း မဟုတ်လား။ 


"ဖေ့သားကြီးကတော်လိုက်တာကွာ...နောက်ဆို မင်းကိုပဲအားကိုးရတော့မယ်"


___________________________________________