အပိုင်း ၈၁
Viewers 15k

Chapter 81


"အန်တီ...ကျွန်တော်တို့ရောင်းတဲ့မှိုတွေက အရသာရှိပါတယ်"


"ဖွားဖွား...ဒီမှိုတွေက သမီးတို့ကိုယ်တိုင်တောင်ပေါ်ကနေ ခူးလာတဲ့မှိုရိုင်းတွေပါ နည်းနည်းလေးဝယ်သွားပါဦး"


"အန်တီရေ..."


မျက်နှာသူငယ်လေးနှင့် စျေးရောင်းနေသည့်လူငယ်လေးနှစ်ဦးကြောင့် အနီးအနားရှိစျေးဝယ်သူ လူကြီးလူလတ်များလည်း မနေနိုင်တော့ဘဲ မှိုတောင်းများဆီသို့ မျက်စိရောက်လာကြသည်။


"ဟားဟား...အဲ့လိုဆိုတော့ ဦးလေးကိုမှိုတစ်တောင်းလောက်ပေးကွာ"


"ဒေါ်လေးလည်း...မှိုအသေးမျိုးတစ်တောင်းလောက်"


"အန်တီ့ရဲ့မိသားစုက လူများတော့ နှစ်တောင်းမှလောက်မယ်နဲ့တူတယ်...မှိုနှစ်တောင်းယူမယ်နော် ကောင်လေး"


ဝယ်ယူသူများလာသောကြောင့် စိတ်လှုပ်ရှားကာကျေနပ်အားရနေသည့် ကလေးမလေးကိုကြည့်ပြီး လူတိုင်းသဘောကျနေကြသည်။ အသံချိုချိုလေးနှင့်ချစ်စဖွယ် ကလေးမလေးကအရောင်းသွက်လှသောကြောင့်နာရီဝက်အတွင်း မှိုနှစ်တောင်းသာကျန်တော့သည်။


ခဲ့ကျင်းယန်ဦးဆောင်ပြီးရောင်းစဥ်က ဤမျှလောက်အရောင်းမသွက်ချေ။ သုံးနှစ်အရွယ်သာရှိသေးသောကလေးငယ်က သူ့ထက်ပင်စျေးရောင်းတော်နေသေးသည်။ စျေးဝယ်သူများကြဲသွားပြီးနောက် ခဲ့ကျင်းယန်လည်းအမြတ်ငွေများကို တွက်ကြည့်နေလိုက်သည်။ ယခုလေးတင် ရောင်းကုန်သွားသော မှိုအကြီးတောင်းသုံးတောင်းက သုံးဆယ့်ကိုးယွမ် ၊ မှိုအသေးဆယ့်ငါးတောင်းနှင့်မှိုအကြီးအချို့က တစ်ရာခုနစ်ဆယ့်ငါးယွမ်ဖြစ်သောကြောင့် စုစုပေါင်းယွမ်နှစ်ရာ့လေးဆယ်ဖိုးရောင်းရသည်။


မျှော်လင့်ထားသည်ထက် အမြတ်အစွန်းများနေသောကြောင့် ခဲ့ကျင်းယန်တစ်ယောက်စိတ်လှုပ်ရှားစွာဖြင့် ကုဆွေ့ဆွေ့အားပြေးဖက်ပြီး ပါးလေးကိုငုံ့နမ်းလိုက်သည်။


 "ဆွေ့ဆွေ့လေး...ပါးရဲ့သမီးလေးက စျေးရောင်းတာတော်လိုက်တာ...သမီးက ပါးရဲ့လာဘ်ကောင်လေးပဲ"


သက်လတ်ပိုင်းများနှင့်သက်ကြီးပိုင်းစျေးဝယ်သူများ၏မျက်လုံးထဲတွင် ဆွေ့ဆွေ့လိုကလေးငယ်က သူ့လိုနာမည်ကြီးမင်းသားထက်ပို၍ဆွဲဆောင်မှုရှိနေသည်။


မှိုတစ်ဝက်ကျော်ကျော်ခန့်ရောင်းကုန်သွားသောကြောင့် ခဲ့ကျင်းယန်မှာအလွန်ဝမ်းသာပီတိဖြစ်နေသည်။ သို့သော် ကုဆွေ့ဆွေ့မှာ မျက်စိရှေ့တွင်ကျန်နေသေးသောမှိုအပုံလိုက်ကိုကြည့်ရင်းမကျေနပ်သည့်အမူအရာဖြင့်ပြောလာသည်။


"ဒါပေမဲ့ ပါပါးရယ်...သမီးတို့ရောင်းစရာတွေအများကြီးကျန်နေသေးတယ်လေ မှိုပွင့်အသေးတွေရော အကြီးတွေရော ရောင်းမကုန်သေးဘူး"


ကုဆွေ့ဆွေ့က ကလေးငယ်တစ်ယောက် ဖြစ်လင့်ကစား အလွန်တာဝန်သိတတ်သည်။ မှိုအားလုံးကုန်အောင်ရောင်းရမည်ဟု ပြောထားသည့် ခဲ့ကျင်းယန်၏စကားကိုအသေမှတ်ယူထားပုံရသည်။ ကလေးတစ်ယောက်က သူ့စကားကိုအတည်ယူလိမ့်မည်ဟု ခဲ့ကျင်းယန်မထင်မှတ်ထားခဲ့ပေ။


ထို့ကြောင့် ကလေးငယ်၏စိတ်ပြေလို့ပြေငြားနှစ်သိမ့်ပေးလိုက်သည်။


 "ဆွေ့ဆွေ့လေး ပါပါးပြောမယ် သေချာနားထောင်နော်...ပါပါးတို့စျေးစရောင်းတာ တစ်နာရီပဲရှိသေးတာလေ အဲ့အချိန်အတွင်းမှာ ဒီလောက်ရောင်းရတယ်ဆိုတာက ဆွေ့ဆွေ့တော်လို့ပေါ့ တစ်ခြားသူတွေတောင် ဒီလောက်ရောင်းရဦးမှာမဟုတ်ဘူး"


မကျေမနပ်ပုံဖြစ်နေသောဆွေ့ဆွေ့မှာ ခဲ့ကျင်းယန်၏စကားကိုနားထောင်ပြီးနောက် အနည်းငယ်စိတ်ကျေနပ်သွားပုံရသည်။


 "ပါပါး..ပြောတာတကယ်ပဲလားဟင်"


ခဲ့ကျင်းယန်လည်း ကလေးငယ်ကိုစိတ်ချသွားအောင် ထပ်မံနှစ်သိမ့်ပေးလိုက်သည်။ 


"ဒါပေါ့...ဆွေ့ဆွေ့ကအတော်ဆုံးပဲ အခုနေ ဘယ်သူ့သွားမေးမေး ပါပါးတို့လောက်ရောင်းရဦးမှာမဟုတ်ဘူး"


.....


ယွင်နန်ဒေသခံတစ်ယောက်အနေနှင့် ရှောင်ယွမ်မှာ အလွတ်တန်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်သည်။ မနှစ်လေးတင်မှ ဘွဲ့ရကျောင်းပြီးကာ လျှောက်သမျှအလုပ်တိုင်း စိတ်မကျေနပ်ကာ ထွက်ပစ်သောကြောင့် ကိုယ်ပိုင်စီးပွားရေးသာလျှင် သူမနှင့်အဆင်ပြေသင့်တော်သည်။ သူမ၏ကိုယ်ပိုင်လုပ်ငန်းမှာ အော်ဒါတင်ထားသမျှဖောက်သည်တိုင်းအတွက် ပန်းချီဆွဲပေးရခြင်းဖြစ်သည်။ အလုပ်လုပ်ချိန်မှလွဲ၍ ကျန်အချိန်များတွင် အိပ်လိုက်စားလိုက် တီဗွီကြည့်လိုက်နှင့်သာအချိန်ကုန်ဖြစ်သည်။ အောက်ထပ်ဆင်းကာအမှိုက်ပစ်မည့်အသေးအဖွဲကိစ္စလေးပင် မလုပ်ချင်တော့လောက်အောင် အပျင်းကြောဆွဲနေသူပင်။


ယနေ့တွင် သူမ၏မာတာမိခင်မှာ သမီးဖြစ်သူကို အမြင်ကပ်လာသောကြောင့် အိပ်ရာထဲမှအတင်းဆွဲထုတ်ကာ စျေးထဲတွင်ဟင်းချက်စရာသွားဝယ်ရန် တစ်ချက်လွှတ်ရာဇသံပေးတော့သည်။ ထို့ကြောင့် သူမလည်း နံနက်ရှစ်နာရီခန့်တွင် စျေးခြင်းတောင်းဆွဲကာ အိမ်မှလမ်းလျှောက်ထွက်လာခဲ့သည်။ စျေးနှင့်သူမတို့အိမ်က တစ်ကီလိုမီတာခန့်သာဝေးသောကြောင့် ခြေကျင်လျှောက်သွားခြင်းဖြစ်သည်။


မှိုရောင်းနေသည့်ဆိုင်တစ်ဆိုင်ကိုတွေ့သည့်အခါ ခဏရပ်ပြီးစျေးနှုန်းမေးလိုက်သည်။


 "ကလေးလေး...ဒီဘက်ကမှိုတစ်တောင်းကို ဘယ်လောက်နဲ့ရောင်းလဲ"


ကုဆွေ့ဆွေ့မှာ စျေးဝယ်သူရောက်လာသဖြင့်ဝမ်းသာအားရနှင့်ပြန်ဖြေလိုက်သည်။ 


"မှိုအပွင့်ကြီးက တစ်တောင်းကိုယွမ်နှစ်ဆယ်...အပွင့်သေးက တစ်တောင်းကိုဆယ့်ငါးယွမ်ပါရှင့်"


စျေးရောင်းနေသောကလေးငယ်ကိုကြည့်ကာရှောင်ယွမ်စဥ်းစားနေမိသည်။ တစ်နေရာရာမှာ ရင်းရင်းနှီးနှီးတွေ့ဖူးနေသလိုပင်။ သို့သော် မည်သူမည်ဝါမှန်းတပ်အပ်မသိပေ။ အတန်ကြာအောင် စိုက်ကြည့်နေမိပြီးမှ မနေ့ညက သူမထိုင်ကြည့်နေခဲ့သော 'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုးမှ ကလေးသရုပ်ဆောင် ကုဆွေ့ဆွေ့မှန်း မျက်မှန်းတန်းမိသွားသည်။


"ကလေးက...ကုဆွေ့ဆွေ့လားဟင်"


သူမကို ဇဝေဇဝါနှင့်ပြန်ကြည့်နေသောကလေးငယ်အား မဝံ့မရဲဖြင့်မေးလိုက်သည်။


"ဟုတ်ပါတယ်ရှင့်...သမီးက ကုဆွေ့ဆွေ့ပါ ဒီစျေးမှာ ရိုက်ကူးရေးလုပ်နေတာလေ မမရဲ့...ဒါနဲ့မမ...ဒီမှိုတွေကို ဝယ်မှာလားဟင် သမီးနဲ့ပါပါးခဲ့ကိုယ်တိုင်သွားခူးထားတာမလို့ အရမ်းစားကောင်းမှာနော်"


ဆွေ့ဆွေ့၏စကားကြောင့် ပတ်ဝန်းကျင်ကို သေချာကြည့်မိမှ ဘေးတွင်ရိုက်ကူးရေးဝန်ထမ်းတစ်ဦးနှင့် ကင်မရာမန်းအချို့ကိုတွေ့လိုက်ရသည်။


မည်သူက ဤချစ်စဖွယ်ကလေးမလေးကိုလွန်ဆန်နိုင်မည်နည်း။ ထို့ကြောင့် ရှောင်ယွမ်လည်း ချက်ချင်းခေါင်းညိမ့်ပြကာပြောလိုက်သည်။ 


"ဒါပေါ့...ဒီမှိုတွေအားလုံးကိုမမဝယ်သွားမယ် အားလုံးဘယ်လောက်လဲပဲတွက်ပေး အကုန်ယူမယ်နော် ဟုတ်ပြီလား"


ဟင်းချက်စရာကို တစ်သက်စားမကုန်သောမှိုတွေချည်းလှိမ့်ဝယ်လာလျှင် မာတာမိခင်၏အဆူအဆဲကိုခံရပေဦးမည်။ သို့သော် ကုဆွေ့ဆွေ့နှင့်တွေ့လိုက်ရသောကြောင့် ဆူငေါက်ခံရလျှင်လည်းတန်ပါသည်။


မနက်ဆယ်နာရီခန့်တွင် သူတို့အားလုံးစျေးသိမ်းပြီး ပြန်လာကြသည်။ လင်းယောင်တို့သားအဖမှာ နေရာအရွေးမှားသောကြောင့် ယွမ်လေးဆယ်ဖိုးသာရောင်းရပြီး စျေးသိမ်းလိုက်ရသည်။


ကျန်းဟွေ့ကျင်တို့သားအမိလည်း မှိုတစ်တောင်းကိုယွမ်လေးဆယ်ခန့်ရောင်းသဖြင့် စျေးကြီးလွန်းသောကြောင့် လာဝယ်သူသိပ်မရှိပေ။ ထို့ကြောင့် စုစုပေါင်းခုနစ်ဆယ့်သုံးယွမ်သာအဖတ်တင်သည်။


ချန်းယိတို့သားအဖမှာမူ စျေးအရောင်းအဝယ်အကြောင်းသိပ်မသိသဖြင့် အလကားပေးသည့်နီးပါးစျေးပေါပေါဖြင့်ရောင်းမိသည်။ သို့သော်ငြား အားလုံးနီးပါးရောင်းကုန်သဖြင့် စုစုပေါင်း ကိုးဆယ့်ငါးယွမ်နီးပါးအမြတ်ကျန်သည်။


ချွီမင်းရှန်တို့သားအဖက အမြန်ဆုံးရောင်းကုန်သူများဖြစ်သည်။ ချွီမင်းရှန်၏အရောင်းအဝယ်ကျွမ်းကျင်မှုနှင့်အပြောအဆိုကောင်းမှုတို့ကြောင့် တစ်ရာ့လေးဆယ့်ရှစ်ယွမ်အထိပင်ရောင်းရသည်။ 


သို့သော် အားလုံးထဲတွင်အများဆုံးရောင်းရပြီးအမြတ်အများဆုံးကျန်သူမှာ ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့ပင်ဖြစ်သည်။ စုစုပေါင်း ယွမ်နှစ်ရာမျှရောင်းရခဲ့သည်။


ခဲ့ကျင်းယန်လည်း ပိုက်ဆံအိတ်ဖောင်းနေသဖြင့် ဆွေ့ဆွေ့နှင့်အတူစားသောက်ဆိုင်တစ်ခုသို့ထွက်လာခဲ့သည်။ မှိုမခူးခင်မနက်တွင်စားခဲ့သော ဆန်ပြုတ်နှင့်ပေါက်စီမှာလည်း တစ်မနက်ခင်းလုံးလှုပ်ရှားထားရသောကြောင့် အစာကြေနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးအတန်ငယ်ဆာလောင်နေကြသဖြင့် ဆန်ခေါက်ဆွဲပြုတ်ဆိုင်သို့ အမြန်သာခြေဦးလှည့်လိုက်သည်။


စားသောက်ဆိုင်မှာ ကျောင်းသားလူငယ်များအကြား အတော်လေးနာမည်ကြီးပုံရသည်။ တစ်ဆိုင်လုံး ကျောင်းသားများနှင့်ပြည့်နေသဖြင့် ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့မှာ ဆိုင်ထောင့်နားလေးတွင်သာနေရာယူလိုက်ရသည်။ အချို့ပရိသတ်များ သူတို့ကိုမှတ်မိသွားဟန်ရှိသည်။ သို့သော်အနှောင့်အယှက်မပေးဘဲ အေးအေးလူလူသာစားသောက်နေကြသည်။ ထိုသို့သောပရိသတ်များကို ခဲ့ကျင်းယန်အလွန်သဘောတွေ့လှသည် ။


___________________________________________