Chapter 82
ထိုအခိုက်အတန့်တွင် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏မျက်စောင်းထိုးအနေအထားတွင် ထိုင်နေသောဟွမ်ရှောင်လီက သူမ၏ဖုန်းကိုထုတ်ကာ သူတို့နှစ်ဦး၏ပုံကို တိတ်တဆိတ်ရိုက်ယူလိုက်သည်။
သူမက လောလောလတ်လတ်အထက်တန်းအောင်မြင်ပြီးဆုံးထားသော ကျောင်းသူတစ်ယောက်ပင်။ ကောလိပ်ဝင်ခွင့်စာမေးပွဲကိုလည်း ဤလခြောက်ရက်နေ့က ဖြေဆိုခဲ့ပြီးဖြစ်သည်။ ကောလိပ်ဝင်ခွင့်အတွက်ပြင်ဆင်နေချိန်တွင် သစ်သီးရုပ်သံလှိုင်းက 'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုးအစီအစဉ်ကိုစတင်ထုတ်လွှင့်ပြသခဲ့သည်။ စာလုပ်နေရင်း သူမလည်းပျင်းပျင်းနှင့် တစ်ပိုင်းကြည့်လိုက်မိရာ အပတ်တိုင်းမကြည့်ရမနေနိုင်အောင် စွဲလန်းသွားခဲ့သည်။ သူမက ရသစုံရှိုးကဲ့သို့အစီအစဉ်များကိုကြိုက်တတ်သူမဟုတ်သော်လည်း 'ကလေးငယ်နှင့်ခရီးသွားခြင်း' အစီအစဉ်ကမူခြွင်းချက်ပင်ဖြစ်သည်။
"အား....အစ်မရေ ငါခဲ့ကျင်းယန်နဲ့ကုဆွေ့ဆွေ့ကို တွေ့လိုက်တယ်"
"ငါမလိမ်ဘူး...တကယ်ပြောနေတာ မယုံရင် Wechatမှာ ငါပုံပို့လိုက်မယ် အဲ့မှာကြည့်လိုက်"
"အင်း...ဟုတ်တယ် သူတို့ရသစုံရှိုးရိုက်ကူးရေးလုပ်နေတာဖြစ်မယ် အခု ငါတို့အိမ်အောက်ထပ်က စားသောက်ဆိုင်မှာဆန်ပြားခေါက်ဆွဲစားနေကြတယ်"
"အစ်မအခုထွက်လာရင် သူတို့နှစ်ယောက်လုံးကို တွေ့ချင်တွေ့ရမှာ မှီသေးတယ် မြန်မြန်လာခဲ့"
ဟွမ်ရှောင်လီလည်း သူမ၏ဝမ်းကွဲတော်စပ်သူအစ်မကြီးကို ချက်ချင်းဖုန်းဆက်ခေါ်ကာအမြန်လာခိုင်းလိုက်သည်။ အစ်မဖြစ်သူက ခဲ့ကျင်းယန်၏အကြီးစားပရိသတ်တစ်ယောက်ပင်။ သူမကလည်း ကုဆွေ့ဆွေ့၏ပရိသတ်ဖြစ်သည့်အတွက် ညီမနှစ်ယောက်လုံး သောကြာနေ့နှင့်စနေနေ့ညနေတိုင်း 'ကလေးငယ်နှင့်ခရီးသွားခြင်း' အစီအစဉ်ကိုမလွှတ်တမ်းကြည့်ခဲ့ကြသည်။
တရုတ်ဖျော်ဖြေရေးကွန်ရက်သတင်းစာတိုက်မှ ထုတ်ပြန်ထားသောသတင်းများတွင် 'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုးရိုက်ကူးရေးလုပ်နေစဉ်အတွင်း ကလေးသရုပ်ဆောင်တစ်ဦးဖြစ်သည့် ကုဆွေ့ဆွေ့လေးက တောအုပ်ထဲတွင်လူစုကွဲပြီး လမ်းပျောက်သွားကြောင်းဖော်ပြထားသည်။ ထို့ကြောင့် သူမလည်းပရိသတ်တစ်ယောက်ပီပီ အလွန်စိုးရိမ်မိသွားသည်။
သို့သော်လည်း ယခုအခြေအနေအရ ဆွေ့ဆွေ့လေးမှာ အဆင်ပြေပြေရှိနေပုံရသည်။ သတင်းများကြောင့် စိတ်ပူနေခဲ့ရသော်လည်း မျက်မြင်ကိုယ်တွေ့မြင်လိုက်ရချိန်တွင်မူ ရင်ထဲမှအလုံးကြီးကျသွားသကဲ့သို့ပင်။
အင်တာနက်ပေါ်တွင်ပျံ့နေသောသတင်းများက အမှားအယွင်းများဖြစ်ကြောင်း အခြားပရိသတ်များကို သူမပြောရပေဦးမည်။
တစ်ဖက်တွင်မူ ယွင်နန်ဈေးတွင်ရိုက်ကူးရေးလုပ်နေသော 'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုးရိုက်ကူးရေးအဖွဲ့၏ ဓာတ်ပုံများကို ပရိသတ်များကအက်တာနက်ပေါ်တွင်အမြန်တင်လိုက်ကြသည်။ ထိုပုံများမှာ ဈေးဆိုင်လေးများတွင် အားကြိုးမာန်တက်ဈေးရောင်းနေကြသော ဧည့်သည်အနုပညာရှင်များ၏ပုံဖြစ်သည်။
"ဟင်...ဘာတွေဖြစ်နေတာလဲ ကုဆွေ့ဆွေ့က တောအုပ်ထဲမှာလမ်းပျောက်သွားတဲ့ကိစ္စကြောင့်ဒဏ်ရာအပြင်းအထန်ရသွားတာဆို ဒါပေမဲ့ ဒီဓာတ်ပုံထဲမှာတော့...ကလေးကတက်ကြွနေတာကို ဘာမှမဖြစ်သလိုဘဲနော်...ဓာတ်ပုံကအတုကြီးလား"
"မဟုတ်ဘူး...အဲ့ပုံတွေကအစစ်တွေ ငါကယွင်နန်မှာနေတာ ပုံရဲ့နောက်ခံကယွင်နန်ဈေးပုံပဲ"
"ပုံထဲမှာ အကုန်လုံးကအရမ်းပျော်နေကြတဲ့ပုံပဲ တကယ်လို့သာ မတော်တဆအကြီးကြီးဖြစ်ခဲ့တယ်ဆိုရင် ဘယ်သူမှအဲ့လောက်ပျော်နိုင်မှာတောင်မဟုတ်ဘူး"
"တော်သေးတယ်....ဆွေ့ဆွေ့လေး ဘာမှမဖြစ်လို့"
"ထင်သားပဲ...အင်တာနက်ပေါ်ကသတင်းတွေကမဟုတ်မဟတ်တွေများတယ် ပြီးတော့ချဲ့ကားပြီးရေးလွန်းတာလေ"
"အိုး...ငါ့ဇာတိမြေကယွင်နန်လေ ဒီတစ်ပတ်ငါအိမ်ပြန်မှာ ကံကောင်းရင် ပေါက်စလေးတို့ရဲ့ရိုက်ကူးရေးကိုတွေ့ရင်တွေ့ရမှာ"
"ဟားဟား...ငါ့အိမ်လည်း အဲဒီဈေးနဲ့နီးတယ် အခုနေအပြေးသွားရင် ရိုက်ကူးရေးမှီလောက်မလားမသိဘူး"
ထိုရိုက်ကွင်းပုံများကြောင့် ပရိသတ်များ၏အာရုံမှာ တောထဲတွင်လူစုကွဲပြီးလမ်းပျောက်သွားသည့်သတင်းထက် နောက်လာမည့်ရသစုံရှိုးအပိုင်းကို ပိုမိုစိတ်လှုပ်ရှားနေကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် စားပွဲထိုးတစ်ယောက်က ခဲ့ကျင်းယန်တို့မှာထားသော ဆန်ခေါက်ဆွဲပြုတ်နှစ်ပွဲကို စားပွဲပေါ်သို့လာချပေးသည်။ ခဲ့ကျင်းယန်လည်းဆွေ့ဆွေ့အတွက် ခေါက်ဆွဲကိုအရသာနှံ့သွားအောင်တူနှင့်သေချာသမပေးပြီးမှ စားစေသည်။
"ဖြေးဖြေးစား...အပူလောင်မယ် ဂရုစိုက်ဦး"
ဆွေ့ဆွေ့ကိုခဲ့ကျင်းယန်က တကူးတကခွံ့ကျွေးရန်မလိုပေ။ သုံးနှစ်အရွယ်သာရှိသေးသော်လည်း တူကိုင်ကျွမ်းကျင်သောကြောင့် သူမဘာသာကောင်းကောင်းစားနိုင်သည်။ ဘယ်အချိန်တည်းကဗိုက်ဆာနေမှန်းမသိ နှစ်ယောက်သား အားရပါးရစားလိုက်သည်မှာ ခေါက်ဆွဲတစ်ပန်းကန်လုံးပြောင်သွားသည်အထိပင်။
ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့နှစ်ယောက်သား စားသောက်ပြီးစီးသွားသောကြောင့် ပြန်ရန်ပြင်နေကြသည်။ သို့သော် ဟွမ်ရှောင်လီ၏ဝမ်းကွဲအစ်မမှာယခုထိရောက်မလာသေးပေ။ ထို့ကြောင့် သူမလည်းစိတ်ပိုင်းဖြတ်ကာ ခဲ့ကျင်းယန်တို့ရှိရာသို့ဦးတည်သွားလိုက်သည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့်မေးလိုက်သည်။
"အမ်း...ကျွန်မ...ကျွန်မအစ်ကိုတို့နဲ့ဓာတ်ပုံတူတူရိုက်လို့ရမလားဟင်"
ကနဦးတွင် ထိုကောင်မလေးကို သူ့ပရိသတ်ဟု ခဲ့ကျင်းယန်ထင်လိုက်မိသည်။ သို့သော် ထိုမိန်းကလေးမှာ ဆွေ့ဆွေ့ဆီသို့သာတစ်ချိန်လုံးအကြည့်ရောက်နေသဖြင့်ဆွေ့ဆွေ့၏ပရိသတ်မှန်း သူသိလိုက်ရသည်။ ထို့ကြောင့် ကလေးငယ်အား သူကိုယ်တိုက်မေးလိုက်သည်။
"ဆွေ့ဆွေ့ရေ...ဒီမမက သမီးရဲ့ပရိသတ်တဲ့ အခုသမီးနဲ့ဓာတ်ပုံတူတူရိုက်ချင်လို့တဲ့ အဲဒါသမီးသဘောတူရဲ့လား"
သူမ၏ပရိသတ်မှန်းသိလိုက်ရသည်နှင့်ကုဆွေ့ဆွေ့မှာ မျက်လုံးလေးလက်လာကာ စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလာသည်။
"ရတာပေါ့...ပါပါးရဲ့ သမီးရဲ့ပရိသတ်မမနဲ့တူတူဓာတ်ပုံတွဲရိုက်ပါ့မယ်"
ရှောင်ဟွမ်လီတစ်ယောက် ထခုန်မိမတတ်ပျော်ရွှင်သွားသည်။ ကတုန်ကယင်နှင့်ဖုန်းထုတ်ကာ အမြန်ဓာတ်ပုံတွဲရိုက်လိုက်သည်။ ထို့နောက် သူတို့ကနှုတ်ဆက်ကာ ဆိုင်ထဲမှထွက်သွားကြသည်။ ယခုအခိုက်အတန့်လေးတွင် သူမက ကမ္ဘာပေါ်တွင်ကံအကောင်းဆုံးလူသားတစ်ယောက်လို ခံစားရသည်။
စားသောက်ဆိုင်မှထွက်လာပြီးနောက် ခဲ့ကျင်းယန်လည်း အခြားအစီအစဥ်ရှိမရှိသိရအောင် ရိုက်ကူးရေးဝန်ထမ်းများကိုလှည့်ပတ်မေးလိုက်သည်။ ရိုက်ကူးရေးအစီအစဥ်ပြီးသွားသောကြောင့် နေ့တစ်ပိုင်းလုံးနားနားနေနေနေရန် ဝန်ထမ်းများကပြောလာသည်။ ထို့ကြောင့် ခဲ့ကျင်းယန်လည်း ဆွေ့ဆွေ့ကိုခေါ်ကာ မုန့်ဆိုင်တန်းများဘက်သို့ခြေဦးလှည့်ခဲ့ပြန်သည်။
မုန့်ဆိုင်တစ်ခုတွင် ချွီမင်းရှန်တို့သားအဖကိုတွေ့လိုက်ရသောကြောင့် ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့လည်း စကားစမြည်ပြောရန် သူတို့ဆီသို့သွားလိုက်သည်။
"အစ်ကိုချွီ...မှိုတွေအားလုံးရောင်းကုန်ရဲ့လားဗျ"
ချွီမင်းရှန်က ပြုံးရင်းပြန်ဖြေသည်။
"အင်း...ယွမ်တစ်ရာကျော်ကျော်လောက် ရောင်းလိုက်ရတယ် မင်းတို့ရော အခြေအနေဘယ့်နှယ့်လဲ"
ခဲ့ကျင်းယန်က မျက်နှာမော်ချီကာဂုဏ်ယူဝံ့ကြွားစွာဖြင့် သူတို့ရဲ့ရောင်းအားကိုထုတ်ပြောလိုက်သည်။
"ကျွန်တော်တို့က နှစ်ရာကျော်ကျော်လောက် ရောင်းရတယ်ဗျ...ဆွေ့ဆွေ့တော်လို့ပေါ့ဗျာ"
သူ့စကားကြောင့် ချွီမင်းရှန်ကအနည်းငယ်အံ့အားသင့်သွားပုံရသည်။ ထို့ကြောင့် ဆွေ့ဆွေ့ကို စနောက်ကာပြောလိုက်သည်။
"ဟား...ဒါဆို ဆွေ့ဆွေ့လေးက အရမ်းတော်တာပေါ့ ဒီနေ့ဆွေ့ဆွေ့က ပိုက်ဆံအများကြီးရှာနိုင်ခဲ့တာဆိုတော့ ဦးတို့ကိုမုန့်လေးဘာလေး ဝယ်မကျွေးချင်ဘူးလား"
စနောက်ကာပြောသောချွီမင်းရှန်၏စကားကို ရက်ရောလွန်းသော ကုဆွေ့ဆွေ့ကအတည်မှတ်ယူလိုက်ပုံပင်။ သူမ၏ဘေးလွယ်အိတ်ထဲမှပိုက်ဆံအထပ်လိုက်ကိုချက်ချင်းထုတ်ပြကာပြောလာသည်။
"ဝယ်ကျွေးမှာပေါ့ ဦးဦးရဲ့သမီးမှာ...ပိုက်ဆံအများကြီးရှိတာမလို့ ဒီနေ့ဦးဦးချွီနဲ့ကိုကိုရှီးယွဲ့တို့ ကြိုက်တာဝယ်စား သမီးဝယ်ကျွေးမယ်"
___________________________________________