Chapter 83
အစပိုင်းတွင် ချွီမင်းရှန်ကစနောက်သည့်သဘောဖြင့်သာပြောလိုက်ခြင်းဖြစ်သည်။ သုံးနှစ်အရွယ်ကလေးတစ်ယောက် ကြိုးစားပမ်းစားရှာထားသော ပိုက်ဆံများကိုလူကြီးတစ်ယောက်အနေနှင့်မျက်နှာပြောင်တိုက်ပြီး သုံးပစ်ရန်မရည်ရွယ်ပေ။
"ဟားဟား...ဆွေ့ဆွေ့ရယ် ဦးတို့မှာလည်း ပိုက်ဆံအလောက်အငရှိပါတယ် သမီးစားချင်တာသာပြောလိုက် ဦးပဲဝယ်ကျွေးပါ့မယ်"
"ဒါပေမဲ့...သမီးရဲ့ပိုက်ဆံတွေက ဦးထက်ပိုများတယ်လေ"
ငွေကြေးနှင့်ပတ်သတ်ပြီး ကုဆွေ့ဆွေ့များများစားစားမသိသော်လည်း ဂဏန်းအရေအတွက်များကို ပိုင်းခြားနိုင်သေးသည်။ ယွမ်တစ်ရာကျော်ထက် ယွမ်နှစ်ရာထက်ပိုများကြောင်းကို သူမသိသည်။
ကုဆွေ့ဆွေ့၏အသံချိုချိုလေးနှင့်ချစ်စဖွယ်မျက်နှာလေးကြောင့် ချွီမင်းရှန်တစ်ယောက်တစ်နေ့တစ်ခြား ထိုကလေးမလေးကိုချစ်ခင်လာရသည်။ သူ့ဇနီးဖြစ်သူက သမီးလေးတစ်ယောက်အမြဲတမ်းလိုချင်နေသည်မှာ မထူးဆန်းပါပေ။ သမီးမွေးထားခြင်းက သားမွေးထားခြင်းနှင့်များစွာကွာခြားပေလိမ့်မည်။
"ရှီးယွဲ့ရေ...သားညီမလေးကမှိုတွေအများကြီးရောင်းရလို့ ပိုက်ဆံအတော်ရှိတယ်တဲ့ဟေး အဲဒီတော့ ညီမလေးကိုမုန့်တစ်ခုခုဝယ်ကျွေးခိုင်းလိုက်ကွာ"
ရှီးယွဲ့ကခေါင်းငြိမ့်ကာ ကုဆွေ့ဆွေ့ဘက်သို့လှည့်၍ပြောလိုက်သည်။
"ညီမလေးရေ...ကိုကို့ကိုရေခဲမုန့်ဝယ်ကျွေးပါနော်"
ဆွေ့ဆွေ့ပင်ပင်ပန်းပန်းရှာထားသည့်ပိုက်ဆံများကို ချွီမင်းရှန်အမှန်တကယ်မသုံးချင်သော်ငြားလည်း သူတို့သားအဖအားမုန့်ဝယ်ကျွေးရန် စိတ်အားထက်သန်နေသောကလေးငယ်ကိုမငြင်းရက်သောကြောင့် စိတ်ကျေနပ်သွားအောင် ရေခဲမုန့်ဝယ်ကျွေးခိုင်းလိုက်ခြင်းဖြစ်သည်။
ထို့နောက် ချွီမင်းရှန်လည်းရေခဲမုန့်ကိုယ်စီကိုင်ထားသော ကလေးနှစ်ယောက်နှင့်အတူစတိုးဆိုင်မှထွက်လာလိုက်သည်။ ကုဆွေ့ဆွေ့က ခဲ့ကျင်းယန်ကိုတွေ့သည်နှင့် အနားသို့ပြေးသွားကာချွဲတော့သည်။
"ပါပါးခဲ့...သမီးမဖွင့်တတ်ဘူး ဒီဟာလေးဖွင့်ပေးပါလား"
ခဲ့ကျင်းယန်လည်းရေခဲမုန့်ကိုဖွင့်ဖောက်လိုက်ကာ ဆွေ့ဆွေ့လက်ထဲသို့ပြန်ကမ်းပေးလိုက်သည်။
ချွီမင်းရှန်လည်းသားဖြစ်သူနှင့်အတူ အရိပ်ကောင်းကောင်းရသော နေရာတစ်နေရာတွင်ထိုင်နားရန်ဆုံးဖြတ်လိုက်သည်။ ဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်ကမူ လမ်းဆုံတွင် သူတို့နှင့်အတူမလိုက်ဘဲလမ်းခွဲသွားသည်။
ဆွေ့ဆွေ့က လမ်းသွားနေရင်း ရေခဲမုန့်လည်းအစားမပျက်ပေ။ စားလိုက်တိုင်း ခံတွင်းထဲတွင်အရည်ပျော်ကျသွားကာ ချိုချိုအေးအေးအရသာလေးတင်ကျန်နေခဲ့သောရေခဲမုန့်ကို သူမအလွန်သဘောကျပါသည်။ နောက်ထပ်နှစ်လုတ်၊သုံးလုတ်ခန့်စားပြီးနောက် ရေခဲမုန့်ဘူးကို ပါပါးခဲ့အားလှမ်းပေးလိုက်သည်။
ခဲ့ကျင်းယန်လည်း သူ့လက်ထဲရောက်လာသော ရေခဲမုန့်ကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာဖြစ်လို့လဲ...ရေခဲမုန့်က အရသာမရှိလို့လား"
ဆွေ့ဆွေ့အကြိုက်ဆုံးနို့မလိုင်ရေခဲမုန့်ကို သူကိုယ်တိုင်ဝယ်ပေးခဲ့ခြင်းဖြစ်သည်။ ဘာကြောင့်များ ကုန်အောင်မစားဘဲ သူ့ကိုလာပေးတာပါလိမ့်။
ကုဆွေ့ဆွေ့က သူ့အားမျက်နှာတည်တည်ဖြင့်ပြန်ပြောလာ၏။
"သမီးမေမေကပြောထားတယ် သမီးကငယ်သေးတော့ ရေခဲမုန့်ကိုအရမ်းအများကြီးမစားရဘူးတဲ့ မဟုတ်ရင်ဗိုက်နာလိမ့်မယ်တဲ့ အဲ့တာကြောင့်တစ်ဝက်ပဲစားပြီး ကျန်တဲ့ဟာပါပါးကိုပေးတာလေ"
ခဲ့ကျင်းယန်က ငယ်စဥ်ကလေးဘဝတည်းက ဂျစ်ကန်ကန်ကလေးဆိုးလေးတစ်ယောက်ဖြစ်ခဲ့ရာ မိဘဆရာများ၏စကားကိုအရေးတယူနားထောင်ခြင်းမျိုး သိပ်မရှိခဲ့ပေ။ ထို့ကြောင့် ဆွေ့ဆွေ့၏ခေါင်းလေးကိုပွတ်သပ်ကာပြောလိုက်သည်။
"သမီးမေမေက ဒီနေရာမှာမှမရှိဘဲ အခုနေရေခဲမုန့်အကုန်စားလိုက်ရင်လည်း သူမ မမြင်ပါဘူး ဘာမှကြောက်နေစရာမရှိဘူး"
သူ့စကားကြောင့် ကုဆွေ့ဆွေ့တစ်ယောက် အနည်းငယ်တွေဝေကာ တုံ့ဆိုင်းသွားသည်။
"ပါပါးကလည်း သမီးရဲ့ခေါင်းကိုင်ဖေဖေပဲလေ ပါပါးစကားကိုကျနားမထောင်ချင်ဘူးလား"
ထိုသို့ပြောပြီး ခဲ့ကျင်းယန်က ရေခဲမုန့်ကို ဆွေ့ဆွေ့လက်ထဲသို့ပြန်ထည့်ပေးလိုက်သည်။ သို့သော် တွေဝေနေသေးသော ကလေးငယ်ကြောင့် သူ့လုပ်ရပ်ကိုပြန်စဥ်းစားမိသွားသည်။ ရေခဲမုန့်စားရင်း အခန့်မသင့်၍ ဆွေ့ဆွေ့တစ်ယောက် ဗိုက်အောင့်ဗိုက်နာဖြစ်လာလျှင် သူ့ပယောဂမကင်းဖြစ်ပေဦးမည်။ ထို့ကြောင့် ကလေးငယ်လက်ထဲမှရေခဲမုန့်ကို ချက်ချင်းပြန်ယူလိုက်ပြန်သည်။
တစ်ဖက်တွင် ဟွမ်ရှောင်လီမှာ ဆွေ့ဆွေ့နှင့်တွဲရိုက်ထားသည့် ဓာတ်ပုံလေးကိုတစ်စိမ့်စိမ့်ကြည့်နေမိသည်။ ထိုအချိန်တွင် ဝမ်းကွဲအစ်မတော်ကခြေတစ်လှမ်းနောက်ကျပြီးရောက်ချလာသည်။
"ငါ့အိုင်ဒေါရော...ငါ့အိုင်ဒေါဘယ်မှာလဲဟင်"
ဝမ်းကွဲအစ်မကဆိုင်တစ်ခုလုံးကို ဝေ့ကြည့်ပြီးအာပြဲလျှာပြဲနှင့်အော်နေသည်မှာလူမြင်လို့ပင်ကောင်း။ ခဲ့ကျင်းယန်အားတွေ့ရမည်ဟူသည့် မျှော်လင့်ချက်အပြည့်နှင့်ရောက်လာပုံရသည်။
ဟွမ်ရှောင်လီလည်းသက်ပြင်းချရုံသာတတ်နိုင်သည်။ ကိုယ့်အိုင်ဒေါနှင့်တွေ့ရဖို့ ကံတရားကလည်း အရေးကြီးလှသကိုး။
"အစ်မ...ငါနင့်ကိုမြန်မြန်လာဖို့ပြောသားပဲ သူတို့ထွက်သွားတာ နာရီဝက်တောင်ရှိသွားပြီ နင်ကအခုမှရောက်လာတယ် ငါတောင်ဓာတ်ပုံအတူတွဲရိုက်လိုက်ရသေးတယ်"
"ဘာ...သူတို့ထွက်သွားတာ ကြာပြီပေါ့"
သူမ၏မျက်ဝန်းထဲတွင် စိတ်ပျက်ဝမ်းနည်းမှုအရိပ်ယောင်တို့အထင်းသားပေါ်နေသည်။ မိမိအိုင်ဒေါနှင့်တွေ့ရဖို့က ပရိသတ်တိုင်း၏အိပ်မက်တစ်ခုပင် မဟုတ်ပါလား။
မျက်စိရှေ့တွင်ရှိနေသောအခွင့်အရေးကိုလက်လွှတ်ဆုံးရှုံးရပြီးမှတော့ မိမိကိုယ်ကိုအပြစ်တင်ရုံသာတတ်နိုင်တော့၏။
နှစ်ဆယ့်လေးနာရီစတိုးဆိုင်တစ်ခုတွင် ခဲ့ကျင်းယန်က ကလေးနှစ်ယောက်အတွက် ရေခဲမုန့်နှစ်ခွက်ဝယ်ပေးပြီးနောက် တဖောက်ဖောက်မြည်သောသကြားလုံးတစ်ထုပ်ကိုပါဝယ်လာလိုက်သည်။
ကုဆွေ့ဆွေ့က သူ့လက်ထဲတွင်ပိုင်ထားသောရောင်စုံသကြားလုံးထုတ်လေးကို စူးစူးစမ်းစမ်းကြည့်ပြီးနောက် မေးလာသည်။
"ပါပါးခဲ့...ဒါဘာလဲဟင်"
"သကြားလုံးလေ...ဆွေ့ဆွေ့စားကြည့်ချင်လား"
ကလေးငယ်က ချက်ချင်းခေါင်းညိမ့်ပြသည်။
ခဲ့ကျင်းယန်လည်း သကြားလုံးထုပ်ကိုဖွင့်ဖောက်ကာ ဆွေ့ဆွေ့ပါးစပ်ထဲသို့ ဂရုတစိုက်ထည့်ပေးလိုက်သည်။
တစ်ခဏအကြာတွင် ဆွေ့ဆွေ့ပါးစပ်ထဲရှိသကြားလုံးလေးများ၏ တဖောက်ဖောက်မြည်သံကိုပင်ကြားနေရသည်။ ဆွေ့ဆွေ့တစ်ယောက် သူမ၏ပါးစပ်ကိုလက်ဖြင့်အလျင်အမြန်ကာလိုက်ကာ အံ့သြသွားပုံရဟန်ဖြင့် ဝိုးတိုးဝါးတားဖြင့်ပြောလာသည်။
"ပါပါး...သမီးပါးစပ်ထဲမှာ တဖောက်ဖောက်နဲ့ ဘာကြီးလဲဟင်"
ဆွေ့ဆွေ့၏တုံ့ပြန်ချက်ကြောင့် ခဲ့ကျင်းယန်တစ်ယောက် မနေနိုင်မထိုင်နိုင်အော်ရယ်မိသွားသည်။ ထိုသကြားလုံးမှာ ပါးစပ်ထဲတွင်ခုန်ပေါက်နေသကဲ့သို့တဖောက်ဖောက်မြည်ပြီးနောက် လျှာဖျားပေါ်တွက်ချဥ်ပြုံးပြုံးနှင့်စူးရှရှအရသာများစွဲကျန်နေသောကြောင့် ဆွေ့ဆွေ့လည်းသဘောတွေ့သွားသည်ထင်၏။
"ပါပါးခဲ့...သမီးဒီသကြားလုံးထုပ်တွေ ထပ်ပြီးဝယ်လို့ရမလား"
ခဲ့ကျင်းယန်လည်း ကလေးငယ်၏တောင်းဆိုချက်အရ သကြားလုံးထုပ်များ အခြားသရေစာများနှင့်ကစားစရာအရုပ်များကိုလည်း ဝယ်ပေးဖြစ်သည်။ အမှန်မှာ ဆွေ့ဆွေ့လိုက်ညှိုးထိုးသမျှကို လိုက်ဝယ်ပေးနေခြင်းပင်။
"ညီမလေးဆွေ့ဆွေ့"
လင်းသို့သို့က ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့ကို အဝေးမှလှမ်းတွေ့လိုက်သောကြောင့် ခုန်ဆွခုန်ဆွနှင့်အနားသို့ရောက်လာသည်။
လက်ထဲတွင်မှိုတောင်းမပါဘဲ အခြားပစ္စည်းထုပ်များနှင့်သာပြန်လာသော ခဲ့ကျင်းယန်တို့ကိုတွေ့သည့်အခါ လင်းယောင်တစ်ယောက်အတော်လေးအံ့သြသွားမိသည်။
"ညီအစ်ကိုကျင်းယန်...မှိုတွေအားလုံး ရောင်းကုန်သွားတာလား"
"ဟုတ်တယ်ဗျ...အားလုံးကုန်သွားပြီ တော်တော်လေးရောင်းလိုက်ရတယ် အစ်ကိုတို့ရော ရောင်းရရဲ့လား"
"ပြောကိုမပြောချင်ဘူး...ယွမ်လေးဆယ်ဖိုးလောက်ပဲရောင်းရတယ် နေရာအရွေးမှားသွားတာမလို့ မရောင်းရဘူးလေ"
လင်းယောင်က စိတ်ညစ်ညစ်နှင့်ပြောလာသည်။
အပြန်လမ်းတွင် ကုဆွေ့ဆွေ့က သကြားလုံးထုပ်ကိုဖြည်ပြီး လင်းသို့သို့အနားသို့ကပ်ကာတီးတိုးပြောလိုက်သည်။
"ကိုကိုသို့သို့...ဒီဟာကလေ ပါပါးခဲ့ဝယ်ပေးထားတဲ့သကြားလုံး စားလို့အရမ်းကောင်းတယ် ကိုကိုရောစားကြည့်ချင်လားဟင်"
လင်းသို့သို့ကခေါင်းညိမ့်သဘောတူလာသည့်အခါ ဆွေ့ဆွေ့လည်းပါပါးခဲ့လုပ်ပြထားသည့်အတိုင်း သကြားလုံးများကိုသို့သို့ပါးစပ်ထဲသို့ထည့်ပေးလိုက်သည်။ စက္ကန့်ပိုင်းလောက်အကြာတွင် လင်းသို့သို့မှာလန့်ဖြန့်စွာဖြင့်ထအော်တော့သည်။
"ကယ်ကြပါဦး...ညီမလေးဆွေ့ဆွေ့ရေ...ဒီသကြားလုံးကထူးဆန်းတယ် ပေါက်ကွဲတော့မှာလားမသိဘူး..."
ပါးစပ်ကလည်းအော်နေသလို မျက်ခမ်းစပ်မှလည်း မျက်ရည်များတသွင်သွင်စီးကျလာတော့၏။
___________________________________________