အပိုင်း ၈၄
Viewers 15k

Chapter 84


"ကိုကိုသို့သို့...အဲဒါကမပေါက်ကွဲပါဘူး ပါးစပ်ထဲထည့်လိုက်တာနဲ့ ခါတိုင်းစားနေကျချိုချဥ်လိုပဲလေ"


ကုဆွေ့ဆွေ့က လင်းသို့သို့အားတည်ကြည်လေးနက်စွာဖြင့်ပြောလိုက်၏။


ပါးစပ်ထဲထည့်လိုက်သည်နှင့် တဖြောက်ဖြောက်မြည်သွားသော ချိုချဥ်လုံးလေးများ၏အသံကိုသူမအလွန်သဘောကျသည်။


ကလေးနှစ်ယောက်ပြောနေကြသောစကားများကြောင့် လူကြီးများလည်းသူတို့ဆီသို့အာရုံရောက်လာသည်။


မျက်ရည်စက်လက်နှင့်ငိုတော့မလိုပြိုတော့မလိုဖြစ်နေသော လင်းသို့သို့နှင့်ကုဆွေ့ဆွေ့လက်ထဲရှိရောင်စုံပလတ်စတစ်အိတ်လေးကို လင်းယောင်လှမ်းကြည့်လိုက်မိသည်။ ငိုမဲ့မဲ့ဖြစ်နေသောသူ့သားကိုကြည့်ရင်း လင်းယောင်လည်းမနေနိုင်တော့ဘဲမေးလိုက်မိသည်။


 "ဆွေ့ဆွေ့...သမီးရဲ့ကိုကိုကဘာဖြစ်သွားတာလဲ"


ကုဆွေ့ဆွေ့က လင်းယောင်၏အမေးကိုအားတက်သရောပြန်ဖြေလာသည်။ 


"ကိုကိုက...ပါပါးခဲ့ဝယ်လာပေးတဲ့ချိုချဥ်ကိုစားလိုက်လို့လေ အဲ့ချိုချဥ်က ပါးစပ်ထဲမှာတဖောက်ဖောက်မြည်နေတာ ကိုကိုကပေါက်ကွဲတော့မယ်ထင်ပြီး လန့်သွားတာဦးရဲ့"


လင်းယောင်က နံဘေးတွင်တိတ်ဆိတ်စွာငြိမ်နေသည့်ခဲ့ကျင်းယန်ကို အမေးသဘောဆောင်သောအကြည့်ဖြင့်ကြည့်လိုက်သည်။ 


ထိုအခါ ခဲ့ကျင်းယန်က အသာအယာပခုံးတွန့်ပြကာပြန်ဖြေ၏။ 


"အင်း....ဆွေ့ဆွေ့အတွက် ကျွန်တော်အဲ့ချိုချဥ်တွေဝယ်ပေးလိုက်တာ သာမာန်ချိုချဥ်နဲ့မတူဘဲ ပါးစပ်ထဲမှာတဖောက်ဖောက်နဲ့မြည်နေတော့ သို့သို့ကနည်းနည်းကြောက်သွားတာထင်တယ်"


ခဲ့ကျင်းယန်စကားကြောင့် လင်းယောင်လည်းနှုတ်ခမ်းစွန်းများကော့တက်သွားသည်အထိအော်ရယ်မိသည်။ 


သူ့သားက ဆွေ့ဆွေ့ထက်ပင်အကြောက်ကြီးနေပါရောလား။


နေ့လည်စာအတွက်မူ သူတို့လေးယောက်စလုံး စားသောက်ဆိုင်အသေးလေးတစ်ခုတွင်ထိုင်ပြီးတိုဖူးဂေါ်ဖီစွပ်ပြုတ်နှင့်ဝက်သားကတ်သလိပ်ကြော်စသည့်ဟင်းပွဲများကို မှာစားကြသည်။


ဆိုင်လေးက လူသိပ်မများသော်လည်း အတော်လေးအရသာရှိလှသည်။ ဆွေ့ဆွေ့နှင့်လင်းသို့သို့တို့ကလေးနှစ်ယောက်စလုံး စားပွဲတစ်ပန်းကန်ပြောင်အောင် စားကုန်ကြသည်။


နေ့လည်စာစားပြီးနောက် လင်းယောင်တစ်ယောက်၀ါးခြင်းတောင်းကြီးထဲတွင်ကျန်နေသောမှိုများကို ရောင်းရန်ဆက်လက်ပြင်ဆင်ရတော့သည်။ ခြင်းတောင်းအလေးကြီးကို သယ်သွားသယ်လာလုပ်ရသည်မှာ မလွယ်ကူလှချေ။  


"သို့သို့...ဖေဖေတို့သွားကြရအောင် မှိုတွေအများကြီးရောင်းဖို့လိုသေးတယ် အကုန်လုံးရောင်းပြီးမှ ညီမလေးဆွေ့ဆွေ့နဲ့ပြန်ကစားကြတာပေါ့"


လင်းသို့သို့မှာ ဆွေ့ဆွေ့နှင့်ကစားချင်သေး၍ အင်တင်တင်ဖြစ်နေသော်လည်း ဖခင်ဖြစ်သူ၏ဆော်သြမှုကြောင့် ဆွေ့ဆွေ့ကိုဖင့်နွှဲ့စွာဖြင့် နှုတ်ဆက်ရင်းထွက်လာခဲ့ရသည်။


ယွင်နန်မြို့မှာနယ်မြို့အသေးလေးဖြစ်သောကြောင့် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့လမ်းထွက်လျှောက်ရာတွင် ပရိသတ်များအုံခဲလာမည်ကို အထူးတလှယ်စိတ်ပူစရာမလိုပေ။ ဒေသခံအတော်များများက သတ်လတ်ပိုင်းအရွယ်နှင့်သက်ကြီးရွယ်အိုများဖြစ်သောကြောင့် သူတို့လိုလူငယ်အနုပညာရှင်တွေကိုမှတ်မိမည်မဟုတ်ပေ။


သို့သော် စျေးသို့ရောက်သောအခါ ကံဆိုးတော့သည်။ ပရိသတ်တစ်ယောက်က ရိုက်ကွင်းမှပုံတစ်ပုံကို အွန်လိုင်းပေါ်တွင်တင်လိုက်ပုံရသည်။ ထို့ကြောင့် လူအုပ်ကြီးက သူတို့သွားမည့်လမ်းတွင် တစ်ဟုန်ထိုးပြေးဝင်လာပြီး ပိတ်ဆီးထားတော့သည်။


ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့နှစ်ယောက်လုံး မလှမ်းမကမ်းတွင်အုပ်လိုက်ကြီးရပ်နေကြသော ပရိသတ်များကိုမြင်ချိန်တွင်ခြေလှမ်းများတန့်သွားတော့၏။ 


ပရိသတ်များကလည်း သူတို့နည်းတူပင်၊ အနားသို့လာသင့် မလာသင့်ကိုချင့်ချိန်တွေဝေနေပုံရသည်။


"ပါပါးခဲ့...အဲဒီမမတွေက သမီးတို့နားလာချင်နေတာလား ဒီဘက်ကိုပဲကြည့်နေလို့လေ"


ဆွေ့ဆွေ့က ထိုလူအုပ်ကြီးကိုကြည့်ကာ အံ့သြသလိုပြောလာသည်။


"အင်း...ဟုတ်တယ် ဒါပေမဲ့လူအုပ်ကြားထဲရောက်သွားမှာကိုစိုးရိမ်စရာမလိုဘူး ပါပါးက ရိုက်ကူးရေးဝန်ထမ်းတွေကိုခေါ်လိုက်ရင် သူတို့ကသေချာဂရုစိုက်ပေးလိမ့်မယ်"


ယခင်ကဖြစ်ခဲ့ဖူးသော မတော်တဆမှုကြောင့် ခဲ့ကျင်းယန်မှာကလေးငယ်အတွက်အလွန်စိတ်ပူနေမိသည်။ သူ့မိန်းကလေးပရိသတ်များက အလွန်လက်ရဲဇက်ရဲနိုင်ကြသည် မဟုတ်လား။ အစွဲကြီးလွန်းသောပရိသတ်အချို့ကြောင့် အတွေ့အကြုံနုနယ်သေးသော ကလေးငယ်ကစိတ်ဒဏ်ရာရသွားနိုင်သည်။


ထို့နောက် ဆွေ့ဆွေ့ကခဲ့ကျင်းယန်နားသို့ကပ်၍ တိုးတိုးလေးမေးလာသည်။


 "ပါပါး...သူတို့ကလေ သမီးတို့နောက်ကို ဘာလို့အမြဲလိုက်နေရတာလဲဟင်"


ခဲ့ကျင်းယန်လည်း စကားလုံးစီကာပြန်ဖြေလိုက်သည်။


 "ဆွေ့ဆွေ့ကိုသဘောကျလို့လေ ဆွေ့ဆွေ့ကိုချစ်လို့ မျက်နှာလေးမြင်ချင်လို့ လာကြည့်ကြတာပေါ့"


ဆွေ့ဆွေ့က သူ့စကားကိုနားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိမ့်ပြလာသည်။ 


"ဒါနဲ့လေ...ပါပါး အဲဒီမမတွေအတွက် သမီးပိုက်ဆံသုံးပြီးတော့


ရေဘူးဝယ်ပေးလို့ရမလား နေပူထဲမှာအကြာကြီးရပ်နေတာဆိုတော့ အရမ်းပူပြီးရေလည်းဆာနေကြမှာပဲ"


ဆွေ့ဆွေ့စကားကြောင့် ခဲ့ကျင်းယန်တစ်ခဏမျှမှင်တက်သွားမိသည်။ အရွယ်ရောက်ကာရင့်ကျက်နေသင့်သည့်သူ့လိုလူတစ်ယောက်က ပရိသတ်များအတွက် သုံးနှစ်အရွယ်ကလေးလောက်ပင် မတွေးပေးမိခဲ့ချေ။


ဘေးပတ်ဝန်းကျင်ကို ခဲ့ကျင်းယန်တစ်ချက်ဝေ့ကြည့်လိုက်ရာ အနီးအနားတစ်နေရာတွင်အသေးစားစူပါမားကတ်တစ်ခုကိုတွေ့လိုက်ရသောကြောင့် ဝန်ထမ်းတစ်ဦးနှင့်အတူရေဘူးကတ်လိုက်ဝင်ဝယ်လိုက်သည်။


ခန့်မှန်းခြေပရိသတ်ဦးရေနှစ်ဆယ်ကျော်ခန့်ရှိရာခဲ့ကျင်းယန်လည်း ရေသန့်ဘူးနှစ်ကတ်ခန့်ဝယ်လာလိုက်သည်။ ရိုက်ကူးရေးဝန်ထမ်းများအတွက်လည်း အပိုဝယ်လာခဲ့သေးသည်။


ပရိသတ်များလည်းအတော်လေးအံ့အားသင့်ပြီး လန့်ဖြန့်သွားကြသည်။ ခဲ့ကျင်းယန်က ရေဘူးအကတ်လိုက်ဆွဲပြီး သူတို့ဆီသို့တစ်လှမ်းချင်းလျှောက်လာနေသောကြောင့်ပင်။


"ဟဲ့ရေ...ငါတို့ဆီလာနေတာ အစ်ကိုကျင်းယန်မလားဟင်"


"ဘယ်လိုလုပ်မလဲ...ငါဘာလုပ်ရမလဲ...တစ်ချက်ကြည့်ပေးကြပါဦး...ငါ့ဆံပင်ပွနေလား...မိတ်ကပ်ပျက်နေလား...နှုတ်ခမ်းနီဆိုးဖို့လိုသေးလား"


"အား...အဲ့လိုမှန်းသိရင် ငါမျက်ကပ်မှန်တပ်လာပါတယ် အခုတော့မျက်မှန်ကြီးနဲ့ရုပ်ဆိုးလိုက်တာဟယ်"


"မမတို့...ရာသီဥတုကပူတယ်နော် ရေလေးသောက်ကြပါဦး"


ကုဆွေ့ဆွေ့က ခဲ့ကျင်းယန်ကိုင်ထားသောရေဘူးကတ်တွဲမှတစ်ဘူးချင်းစီထုတ်ကာ ပရိသတ်တစ်ဦးချင်းစီကိုကမ်းပေးလာ၏။


ပရိသတ်များမှာကြောင်အမ်းအမ်းဖြစ်သွားကြသည်။ ကိုယ့်အိုင်ဒေါကို ရုတ်တရက်ဆိုသလို အလွန်နီးကပ်စွာတွေ့လိုက်ရသည့်အပြင် သူတို့ကို ရေဘူးလာပေးသည်တဲ့လား။ လူတိုင်းနီးပါး တုတ်တုတ်မျှမလှုပ်ဘဲငြိမ်ရပ်နေကြသည်။ ကမ္ဘာလောကကြီးက တစ်ခဏမျှရပ်တန့်သွားသကဲ့သို့ပင်။


"မဟုတ်တာရှင်"


"မမတို့ရေမဆာပါဘူး"


ရေဘူးယူရန် ချီတုံချတုံဖြစ်နေသောသူတို့လက်ထဲသို့ ကုဆွေ့ဆွေ့က ဘာမှထပ်မပြောဘဲရေဘူးများအတင်းထိုးပေးတော့သည်။ ထို့ကြောင့် သူတို့လည်း မတတ်နိုင်သည့်အဆုံးမရဲတရဲနှင့်ယူလိုက်ကြသည်။ 


"ကျေးဇူးတင်ပါတယ် ဆွေ့ဆွေ့လေး...မမတို့ပရိသတ်တွေက ညီမလေးကိုအရမ်းချစ်ပါတယ်နော် ဆက်ပြီးအားပေးနေပါ့မယ်"


ထို့နောက် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့က ရေဘူးနှင့်တစ်သျှူးများဝေပေးသည့်အပြင် ပရိသတ်များနှင့်ဓာတ်ပုံအတူတွဲရိုက်သလို လက်မှတ်များလည်းထိုးပေးသေးသည်။ ပရိသတ်များကို တလေးတစားဆက်ဆံသောကြောင့် သူတို့နှစ်ယောက်လုံး ပရိသတ်အချစ်တော်ဖြစ်လာမည်မှာမလွဲမသွေပင်။


___________________________________________