အပိုင်း ၈၅
Viewers 15k

Chapter 85


"ဂရုစိုက်ပြန်နော်"


နှစ်ယောက်သား၏ဖျောင်းဖျမှုအပြီးတွင် စျေးတန်းထဲသို့လာရောက်ကြသည့်ပရိသတ်အများစုလည်း ချက်ချင်းပြန်သွားကြသည်။ ပရိသတ်အနည်းငယ်သာ တစ်အောင့်လောက်ဆက်နေပြီး အင်တင်တင်နှင့်ထွက်သွားကြသည်။


"ကဲ...ရေသန့်ဘူးတွေလည်းပေးပြီးပြီ အဖွဲ့လိုက် ဓာတ်ပုံလည်းရိုက်ပြီးပြီဟကျေနပ်ပြီလား"


 ခဲ့ကျင်းယန်က စိတ်မရှည်စွာနှင့်ပြောလာသည်။


သူ့ဘေးရှိကလေးက ဖုန်းဖွင့်ကာ ဝန်ထမ်းတစ်ဦးအားအဖွဲ့လိုက်ဓာတ်ပုံရိုက်ပေးရန်တောင်းဆိုခဲ့သည်။ ရိုက်ကူးရေးပြီးသည်နှင့် သူမအားဓာတ်ပုံကော်ပီပို့ပေးရန်လည်းပြောသေးသည်။


ပရိသတ်များနှင့်ရိုက်ထားသည့် အဖွဲ့လိုက်ဓာတ်ပုံကိုကြည့်ပြီး ကုဆွေ့ဆွေ့တစ်ယောက်ပီတိဖြာနေမိသည်။


 "ဟုတ်...သမီးကျေနပ်ပါတယ်"


လင်းယောင်က သူ့သားလင်းသို့သို့ကို စျေးသို့ပြန်ခေါ်သွားသည်။ အနည်းငယ်ကံကောင်းလာစေရန် သူတို့၏အရင်နေရာသို့ပြန်မသွားဘဲ ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ မနက်ကအသီးအရွက်များရောင်းခဲ့သည့်နေရာတွင်သာနေရာယူပြီး စျေးရောင်းရန်ပြင်လိုက်သည်။


ညနေစာအတွက် လောက်လောက်ငှငှပိုက်ဆံရစေရန် မှိုအားလုံးရောင်းထွက်သွားဖို့လိုသည်။ ထို့ကြောင့် လင်းယောင်လည်းလျှော့စျေးဖြင့်ရောင်းလိုက်သည်။ စျေးသက်သက်သာသာနှင့်ရောင်းချသောကြောင့် ဝယ်သူအမြောက်အမြားကလာဝယ်ကြကာ ဝါးတောင်းထဲရှိမှိုပွင့်အကြီးများမှာ အလျင်အမြန်လျော့သွားသည်။ နာရီဝက်ခန့်ကြာပြီးနောက် မှိုပွင့်အသေးနှစ်တောင်းသာကျန်တော့သည်။


မှိုပွင့်အသေးတစ်တောင်းကိုမူ သူ့သားလင်းသို့သို့က တင်းတင်းကြပ်ကြပ်ပိုက်ထားကာ ရောင်းရန်မဟုတ်ကြောင်း ဝယ်သူများကိုပြောနေ၏။


လင်းသို့သို့က ထိုမှိုတစ်တောင်းကို ညီမလေးဆွေ့ဆွေ့အားပေးချင်သောကြောင့် သိမ်းထားခြင်းဖြစ်သည်ဟုပြောသည်။ လင်းယောင်လည်းမတတ်နိုင်သည့်အဆုံး သူ့သားကိုလွှတ်သာထားလိုက်ရသည်။ 


ထို့နောက် သူတို့ရလာသည့်အမြတ်ငွေများကိုတွက်ချက်ကာ သားဖြစ်သူအားပြောလိုက်သည်။


"သို့သို့ရေ...မင်းရဲ့ညီမလေးနဲ့ဦးဦးက စျေးရောင်းမဲ့နေရာကို သေချာရွေးထားပုံရတယ် နေရာလေးကောင်းတော့ ဖေဖေတို့ရဲ့မှိုတွေလည်း မကြာခင်မှာရောင်းကုန်တော့မယ်"


သူတို့ယခင်ကရောင်းခဲ့သည့်နေရာမှာ ဖြတ်သွားဖြတ်လာပင်မရှိလောက်အောင် စျေးဝယ်သူနည်းလွန်းသည်။ ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့တို့၏နေရာမှာမူ အလွန်စည်းကားလွန်းသဖြင့် အချိန်ခဏလေးအတွင်းတွင် မှိုအတော်များများရောင်းထွက်သွားသည်။


"ဟယ်...သို့သို့တို့သားအဖနှစ်ယောက် ဒီအချိန်အထိ စျေးရောင်းနေသေးတာလား"


သူမသမီး၏လက်ကိုဆွဲကာ တစ်နေရာသို့သွားရန်ပြင်နေသော ကျန်းဟွေ့ကျင်က လင်းယောင်တို့ကိုတွေ့သည့်အခါ အံ့အားသင့်စွာဖြင့်မေးလာသည်။


လင်းယောင်လည်း သက်ပြင်းဖွဖွချရင်းပြန်ပြောလိုက်သည်။


 "ဆိုင်နေရာကောင်းကောင်းမရလို့ မှိုတွေရောင်းမထွက်တာ အဲဒါကြောင့် ကျွန်တော်တို့သားအဖတွေအခုအချိန်အထိ စျေးရောင်းနေရတာ အမြတ်လည်းသိပ်မရပါဘူးဗျာ"


ထိုအခါ မိခင်ဖြစ်သူဘေးတွင်ရပ်နေသော ဟော်လင်းအာလေးက လင်းယောင်အားမော့ကြည့်ကာပြောလာသည်။


 "ဦးဦးလင်း...ဦးတို့ရောင်းနေတဲ့စျေးနှုန်းကအရမ်းသက်သာတော့ ဘယ်လိုလုပ်ပြီးမြတ်မှာလဲ မှိုတွေအကုန်လုံးရောင်းရရင်တောင် ပိုက်ဆံသိပ်ရမှာမဟုတ်ဘူး"


ကလေးမလေးက ထိုသို့ဆိုကာ ဆိုင်၏ဘုတ်ပြားပေါ်တွင် မှိုတစ်တောင်း ဆယ့်ငါးယွမ်ဟုချရေးလိုက်သည်။


ထိုအခါမှ လင်းယောင်လည်းအနည်းငယ်သဘောပေါက်သွားသည်။ ဤတစ်ချိန်လုံး သူကစျေးရောင်းနေသည်နှင့်မတူဘဲအလကားပေးသလိုဖြစ်နေသည်။ မစ်ရှင်၏အဓိကရည်ရွယ်ချက်မှာ ကုန်ပစ္စည်းရောင်းကုန်ဖို့ထက် အမြတ်အစွန်းများများကျန်ရန်ဖြစ်သည်။ သူက ကလေးတစ်ယောက်ထက်ပင်တုံးအနေသေးသည်။ ထိုအချက်ကို စျေးရောင်းနေသည့်တစ်ချိန်လုံး မေ့ထားခဲ့မိ၏။


မူလတွင်ရိုက်ကူးရန်စီစဥ်ထားခဲ့သော တောတွင်းစူးစမ်းလေ့လာရေးမစ်ရှင်မှ ယွင်နန်စျေးထဲတွင်မှိုရောင်းသည့်မစ်ရှင်သို့ပြောင်းလဲရိုက်ကူးလိုက်ရာ နောက်ဆုံးရလဒ်မှာ ရိုက်ကူးရေးအဖွဲ့ကိုအတော်လေး စိတ်ကျေနပ်စေသည်။ 


သူတို့ဧည့်သည်အနုပညာရှင်ငါးဖွဲ့မှာ တစ်ရက်တာမျှရိုက်ကူးရေးနားသောကြောင့် အပြင်ထွက်ကာစျေးဝယ်ထွက်ပြီး စားကြသောက်ကြဖြင့်ပျော်ပါးနေကြသည်။ ရိုက်ကူးရေးဝန်ထမ်းများနှင့် စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာအတူစားကြရန်လည်း စီစဥ်ထားကြသည်။


ယနေ့ မနက်စောစောထပြီး မှိုကောက်ဖို့ တောင်ပေါ်တက်၊ ဟင်းသီးဟင်းရွက်ရောင်းဖို့ ဈေးသွား၊ လမ်းပေါ်မှာ လျှောက်သွားနေရသောကြောင့်ကလေးငါးယောက် မပြောနှင့် လူကြီးငါးယောက်တောင် ပင်ပန်းနေပြီဖြစ်၏။ 


ကလေးငါးယောက်လည်း စုရပ်သို့ပြန်လာကြပြီးနောက် မျက်နှာသစ် သွားတိုက်ကြသည်။ ပင်ပန်းလွန်းသောကြောင့် ကုတင်ပေါ် လှဲချလိုက်သည်နှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြသည်။ လူတိုင်းလူတိုင်း တဲလေးထဲတွင်တစ်ပြေးညီအိပ်ကြသော မြင်ကွင်းက အတော်လေးကို နွေးထွေးလှသည်။


လူကြီးများလည်း အလွန်ပင်ပန်းနေကြပြီဖြစ်၏။ ယနေ့ဝယ်ခဲ့သည့်ပစ္စည်းများကို သပ်သပ်ရပ်ရပ်ထုတ်ပိုးပြင်ဆင်ပြီးနောက် အိပ်ယာဝင်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။


==


နောက်တစ်နေ့။


"ရေး...အိမ်ပြန်လို့ရပြီကွ~"


ကုဆွေ့ဆွေ့က သူမ၏ဦးထုပ်လေးကို ဆောင်းလိုက်ရင်း စိတ်လှုပ်ရှားစွာ ပြောလာသည်။


အိမ်ပြန်ရန် ပျော်နေသော ကလေးငယ်နှင့် ခြားနားစွာ ခဲ့ကျင်းယန်မှာ ယခုအချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။


ယခုလေးတင် လက်ထောက်ဖြစ်သူက မနေ့က မနက်ခင်းလောက်တွင် ကုဆွေ့ဆွေ့၏ မတော်တဆမှုနှင့်ပတ်သတ်ပြီး ကိုယ်စားလှယ်လုယွမ်ကျစ်ကဖုန်းဆက်မေးကြောင်း ပြောပြလာသည်။


ကုဆွေ့ဆွေ့က ကလေးတစ်ယောက်သာ ဖြစ်သောကြောင့် လုယွမ်ကျစ်က သူမအား အပြစ်မတင်လောက်ပေ။ သို့သော် ခဲ့ကျင်းယန်ကိုယ်တိုင် ရိုက်ကူးရေးတွင် ကလေးကို ကောင်းကောင်းဂရုစိုက်ပါ့မည်ဟု ကတိပေးခဲ့ပြီးနောက် ယခုလိုအခြေအနေမျိုးဖြစ်စေခဲ့ပြီး ကတိမတည်ခဲ့သောကြောင့် သူတော့သေချာပေါက်အပြစ်လွတ်လိမ့်မည်မဟုတ်ချေ။ 


အစီအစဉ်၏ နောက်ဆုံးအပိုင်းကို မှတ်တမ်းတင်ပြီးနောက် ဧည့်သည်များသည် ပစ္စည်းများထုပ်ပိုးပြီး အိမ်ပြန်ရန် ပြင်ဆင်ကြသည်။ လက်မှတ်များကို ကြိုတင်မှာယူထားပြီးဖြစ်၍ ယခု ယွင်နန်လေဆိပ်သို့ အပြေးအလွှားသွားရမည်ဖြစ်သည်။


ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့နှစ်ယောက်မှာ အခြားဧည့်သည်အနုပညာရှင်များနှင့်အတူလိုက်မသွားဘဲ နောက်ဆုံးမှသာကိုယ်ပိုင်လေယာဥ်ဖြင့်အေးအေးဆေးဆေးထွက်ခွာရန် စီစဥ်ထားသည်။


ဆွေ့ဆွေ့၏မတော်တဆမှုကြောင့် ရိုက်ကူးရေးအဖွဲ့က မူလအစီအစဉ်ကိုဖျက်ပြီး စျေးထဲတွင်မှိုရောင်းသည့်အစီအစဥ်မျိုးပြန်လည်ရိုက်ကူးခိုင်းခဲ့ခြင်းဖြစ်ကြောင်း ခဲ့ကျင်းယန်ရိပ်မိပါ၏။


မည်သို့ပင်ဆိုစေကာမူ ခဲ့ကျင်းယန်အနေနှင့်ဤရိုက်ကူးရေးကို သဘောကျနေဆဲပင်။ မနေ့က ကလေးငယ်ကို အရသာရှိသော အစားအသောက်များ ဝယ်ကျွေးခဲ့ရရုံသာမကပျော်ရွှင်ဖွယ်အမှတ်တရများစွာကိုလည်းဖန်တီးခဲ့ရသေးသည်။


"အစ်ကိုကျင်းယန်...ကျွန်တော်တို့လည်းသွားကြရအောင် လေဆိပ်မှာ သွားစောင့်နေမယ်လေ အဲဒါက ပိုပြီးအဆင်ပြေမယ်ထင်တယ်"


"ဟုတ်ပြီလေ...သွားကြတာပေါ့"


ကားပေါ်သို့တက်ခါနီးတွင် ဝန်ထမ်းတစ်ဦးက သူတို့အနားသို့အပြေးရောက်လာပြီး ဆွေ့ဆွေ့အား ပန်းကုံးတစ်ခုကမ်းပေးကာ အမောတကောပြောလာသည်။ 


"ပရိသတ်တစ်ယောက်က ဆွေ့ဆွေ့လေးအတွက်ဆိုပြီး လက်ဆောင်ပေးလိုက်တာပါ"


ဆွေ့ဆွေ့မှာ ထိုပန်းကုံးလေးကိုမျက်လုံးအရောင်တလက်လက်တောက်ကာ သဘောကျသောအကြည့်တို့ဖြင့်ကြည့်နေသည်။ ခဲ့ကျင်းယန်လည်း ထိုပန်းကုံးကိုသေချာစစ်ဆေးကြည့်ပြီးမှ ဆွေ့ဆွေ့၏ဆံကေသာထက်တွင် အလှဆင်ပေးလိုက်သည်။ ကလေးငယ်ကအတော်လေးသဘောကျနေပုံရသောကြောင့် ခဲ့ကျင်းယန်လည်းပြုံးလိုက်မိသည်။


ယခုလိုအခြေအနေမျိုးက မထူးဆန်းပေ။ အိုင်ဒေါတစ်ယောက်အနေနဲ့ ခဲ့ကျင်းယန်ကိုယ်တိုင်လည်း လူကြုံပါးကာလက်ဆောင်ပေးကြသည့်ပရိသတ်များနှင့် ကြုံဖူးပါသည်။


ခဲ့ကျင်းယန်က ကလေးကို ကားနောက်ထိုင်ခုံတွင် အရင်ပွေ့တင်လိုက်ပြီးမှ သူကိုယ်တိုင်ကားပေါ်တက်သည်။ ထို့နောက် လက်ထောက်နှစ် ယောက်နှင့်အတူ ကားစက်နှိုးကာ တဖြေးဖြေးမောင်းထွက်သွားတော့သည်။


___________________________________________