အပိုင်း ၈၆
Viewers 15k

Chapter 86


ညနေငါးနာရီခန့်တွင် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့စီးနင်းလိုက်ပါလာသည့် လေယာဥ်ကအင်ပါယာမြို့တော်လေဆိပ်တွင် အချိန်မီဆိုက်ရောက်လာသည်။


ကိုယ်စားလှယ်လုယွမ်ကျစ်က သူတို့နှစ်ဦးအား လေယာဥ်ကွင်းတွင် လူကိုယ်တိုင်လာကြိုသည်။


ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့နှစ်ယောက်သား လေယာဥ်ပေါ်မှဆင်းကာ ကားထဲသို့ဝင်ထိုင်လိုက်သည်နှင့် ကားနောက်ခန်းတွင်မိန့်မိန့်ကြီးထိုင်နေသည့် ချစ်လှစွာသောကိုယ်စားလှယ်ကြီးကို တွေ့လိုက်ရသောကြောင့် ခဲ့ကျင်းယန်၏စိတ်ထဲတွင်စနှိုးစနှောင့်ဖြစ်သွားရသည်။


အစပိုင်းတွင် နားပူနားဆာလုပ်လွန်းသည့် ကိုယ်စားလှယ်ကိုရှောင်ရအောင် ရိုက်ကူးရေးခရီးစဥ်မှပြန်ရောက်ရောက်ချင်း အိမ်ပြန်ကာနှစ်ရက်ခန့်အနားယူလိုက်ရန် ခဲ့ကျင်းယန်စီစဥ်ထားခဲ့သည်။ သို့သော် မထင်မှတ်ထားစွာဖြင့် လုယွမ်ကျစ်က လေဆိပ်တွင် လူကိုယ်တိုင်လာကြိုသည်တဲ့လား။


ဘုမသိဘမသိကလေးငယ်ကုဆွေ့ဆွေ့ကမူ မတွေ့ရတာကြာပြီဖြစ်သည့် ဦးဦးလုယွမ်ကျစ်ကိုတွေ့လိုက်ရသောကြောင့် အပျော်လွန်ကာ အပြေးလေးသွားဖက်တော့သည်။


သူ့အားရွှင်ပျစွာပြုံးပြနေသည့်ကလေးငယ်ကြောင့် လုယွမ်ကျစ်၏ဆူပူကြိမ်းမောင်းမည့်အစီအစဥ်မှာလည်း ကြက်ပျောက်ငှက်ပျောက်ပင်။  


"ဆွေ့ဆွေ့...ယွင်နန်မှာ ရိုက်ကူးရေးနှစ်ရက်သွားလုပ်တာ...ပျော်ခဲ့ရဲ့လား"


"အင်း....အရမ်းပျော်ခဲ့တာဦးရဲ့"


"ဆွေ့ဆွေ့လေး...ကင်မရာမန်းနဲ့အတူလူစုကွဲပြီး တောထဲမှာလမ်းပျောက်သွားတယ်ဆို ဟုတ်လား"


"ဟမ်...ဒါပေမဲ့ ဦးဦးတစ်ယောက်က သမီးတို့ကိုအန္တရာယ်ကင်းကင်းနဲ့ပြန်ပို့ပေးပါတယ် မစိုးရိမ်ပါနဲ့ သမီးဘာမှမဖြစ်ပါဘူး"


ကုဆွေ့ဆွေ့နှင့်လုယွမ်ကျစ်တို့ အပြန်အလှန်အမေးအဖြေလုပ်ပြီးအလွမ်းသယ်နေကြသည့်မြင်ကွင်းကိုကြည့်ရင်း ခဲ့ကျင်းယန်မျက်မှောင်ကြုတ်မိသည်။ ထိုအကြောင်းများကို လက်ထောက်ဆီမှသိပြီးနှင့်လောက်ပြီဖြစ်သော်လည်း လုယွမ်ကျစ်က ခရီးပန်းလာသောကလေးကို တမင်သက်သက် ဒုက္ခပေးပြီးလာမေးနေသေးသည်။


ချစ်စဖွယ်ကောင်းလွန်းသောဆွေ့ဆွေ့လေးနှင့် မေ့မေ့ပျောက်ပျောက်စကားဖောင်ဖွဲ့ပြီးနောက် လုယွမ်ကျစ်၏စိတ်အာရုံတို့မှာ တစ်စုံတစ်ယောက်အပေါ်သတိထားမိသွားပြီး စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။


 "အခုကျမှလာပြီးပုန်းလျှိုးကွယ်လျှိုးလုပ်မနေနဲ့...ငါကအဲ့လောက်ကြောက်ဖို့ကောင်းလို့လား"


ခဲ့ကျင်းယန်တစ်ယောက် ပြဿနာရှာသည်မှာ လုယွမ်ကျစ်အတွက် အထူးအဆန်းမဟုတ်တော့ချေ။ သူမွှေထားသောပြဿနာများကိုလိုက်ရှင်းရတိုင်း ကိုယ်တော်ချောမှာ မျက်နှာတစ်ချက်မပျက်သွားပေ။ ကိုယ်စားလှယ်ဖြစ်သောသူက ကြားထဲမှမျက်နှာပူပေးရသည်။ သို့သော် ဤတစ်ခေါက်ဖြစ်သွားသည့် မတော်တဆကိစ္စမှာခဲ့ကျင်းယန်၏အမှားမဟုတ်ချေ။ သို့သည်တိုင် အနှီကောင်လေးက သူ့အပြစ်မကင်းသလို မျက်နှာမကောင်းလှပေ။


"ကလေးပျောက်သွားတော့ မင်းကိုယ်တိုင်တောအုပ်ထဲမှာ အချိန်တော်တော်ကြာကြာသွားရှာခဲ့သေးတယ်ဆို ဘယ်ဆိုးလိုလဲ ငါ့ကိုပေးထားတဲ့ကတိကိုတည်သားပဲ"


ဤတစ်ခေါက်တွင်မူ ခဲ့ကျင်းယန်၏လုပ်ဆောင်ချက်ကို လုယွမ်ကျစ်အတော်လေးကျေနပ်အားရမိသည်။ ကောင်လေးတွင်တာဝန်ယူတတ်သည့်စိတ်ဓာတ်လေးရှိနေသေးသည်ကို သူ့မှာဂုဏ်ယူလို့မဆုံးပင်။


လုယွမ်ကျစ်လည်း ကားဒရိုင်ဘာကို ဆွေ့ဆွေ့အား တိုက်ခန်းသို့ပြန်ပို့ပေးရန်ပြောလိုက်သည်။ တိုက်ခန်းအောက်တွင် ဖုန့်ယောင်ချင်းက ထုံးစံအတိုင်း သူမ၏သမီးဖြစ်သူကို ထွက်စောင့်နေသည်။


ကားပေါ်မှဆင်းသည်နှင့် ဆွေ့ဆွေ့က ဖုန့်ယောင်ချင်းကိုပြေးဖက်တော့သည်။


 "ဆွေ့ဆွေ့...သမီးခေါင်းပေါ်က ပန်းစီးလေးကိုဘယ်ကရလာတာတုန်း လှလိုက်တာရော"


ထူးထူးဆန်းဆန်း ပန်းစီးခွေကိုခေါင်းပေါ်တွင်အလှဆင်ထားသော သမီးငယ်ကြောင့် ဖုန့်ယောင်ချင်းမေးလိုက်မိသည်။


"အော်...သမီးရဲ့ပရိသတ်တွေက ဒီပန်းစီးလှလှလေးကို သမီးအတွက်ကိုယ်တိုင်လုပ်ပြီးလက်ဆောင်ပေးထားတာ မေမေရဲ့"


ကုဆွေ့ဆွေ့က မျက်နှာလေးကိုမော်ချီကာ သူမ၏ပရိသတ်များအကြောင်းကို ဂုဏ်ယူစွာဖြင့် ကြွားလုံးထုတ်လာသည်။


ပန်းစီးခွေလေး ပျက်စီးသွားမည်စိုးသောကြောင့် လေယာဥ်ပေါ်မှ အိမ်ပြန်ရောက်သည်အထိ ဆွေ့ဆွေ့တစ်ယောက်ဂရုတစိုက်ကိုင်တွယ်လာခဲ့ခြင်းဖြစ်သည်။ ပရိသတ်များပေးထားသည့် လက်ဆောင်ကို သူမအလွန်မြတ်နိုးပါ၏။


"မေမေ...မေမေ...ဒီတစ်ခါ ရိုက်ကူးရေးလုပ်တာ နှစ်ရက်တောင်မှဆိုတော့ သမီးကို လွမ်းနေရဲ့လား"


ဆွေ့ဆွေ့က ချွဲ့နွှဲ့စွာဖြင့် မိခင်ဖြစ်သူအားမေးလိုက်သည်။


ဖုန့်ယောင်ချင်းက သူမ၏သမီးလေးကို ဖွဖွလေး နမ်းလိုက်ကာ "ဒါပေါ့...ချစ်သမီးလေးကို မေမေကအရမ်းလွမ်းနေခဲ့တာ"ဟု ပြုံးပြုံးလေးနှင့်ပြန်ဖြေလိုက်သည်။


ထိုစကားကိုကြားပြီးနောက် ကုဆွေ့ဆွေ့တစ် ယောက် ချက်ချင်းပင် ကျေနပ်သွားသည်။ထို့နောက် ယွင်နန်တွင်ရိုက်ကူးရေးလုပ်နေစဥ်အတွင်း အတွေ့အကြုံနှင့်အဖြစ်အပျက်များကို စတင်ပြောပြတော့သည်။


ပါပါးခဲ့က သူမကိုအလွန်အလိုလိုက်ကာ ပူဆာသမျှဝယ်ပေးကြောင်းကိုလည်း အားရပါးရပြောပြသည်။ တောထဲတွင်လမ်းပျောက်သွားစဥ် ကယ်တင်ပေးခဲ့သောကျေးဇူးရှင်ဦးလေးကြီးအကြောင်းကိုလည်း ရေပက်မဝင်အောင်ချီးမွမ်းခန်းဖွင့်သည်။


ဖုန့်ယောင်ချင်းအနေနှင့် ဆွေ့ဆွေ့က သူစိမ်းတစ်ယောက်အကြောင်းပြောနေချိန်တွင် အလွန်စိတ်လှုပ်ရှားနေသည်ကို ပထဆုံးအကြိမ်တွေ့လိုက်ရသောကြောင့် အထူးအဆန်းဖြစ်သွားမိသည်။ ဤအရွယ်ကလေးများက အမေ့ကြီးသည်။ တစ်ကြိမ်သာတွေ့ဖူးသော သူစိမ်းတစ်ယောက်ကို ဆွေ့ဆွေ့တစ်ယောက် အသေးစိတ်မှတ်မိနေခြင်းက ထူးဆန်းလွန်းသည် မဟုတ်လား။


လုချီတစ်ယောက် ကုဆွေ့ဆွေ့၏မတော်တဆမှုနှင့်ပတ်သတ်သောသတင်းများကို နားစွန်နားဖျားကြားမိသည်။ ကလေးငယ်အားစိတ်ပူသောကြောင့် ဖုန်းဆက်မေးရန်စဥ်းစားမိသည်မှာ အကြိမ်ကြိမ်ပင်။


ဆွေ့ဆွေ့၏ မတော်တဆမှုမှာသတင်းအမှားသာ ဖြစ်ကြောင်း နောက်ပိုင်းတွင်ရှင်းလင်းချက်များထုတ်ပြန်ခဲ့သော်လည်း လုချီမှာစိတ်မချနိုင်သေးပေ။ သူကိုယ်တိုင်ဆွေ့ဆွေ့အန္တရာယ်ကင်းသည်ကို မျက်မြင်တွေ့ရမှယုံနိုင်ပေလိမ့်မည်။ ခဲ့ကျင်းယန်ကို ဖုန်းဆက်မေးရန်ပင် တွေးမိလိုက်သေးသည်။


ဖျော်ဖြေရေးနယ်ပယ်တွင် အချိန်ကြာမြင့်စွာကျင်လည်ခဲ့သူ တော်တော်များများက အင်တာနက်ပေါ်ရှိသတင်းများမှာ များသောအားဖြင့်အမှန်မဟုတ်ကြောင်းသိကြသည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သတင်းမီဒီယာများ၏လှည့်ကွက်များကြားတွင် အမျိုးမျိုးကောက်ချက်ချနိုင်သည်။


ထို့အပြင် ရသစုံရှိုးအတော်များများတွင် ကလေးများကို ထည့်သွင်းရိုက်ကူးခြင်းမျိုးမရှိပေ။ ကလေးများကိုတာဝန်ယူရန် အလွန်ခက်ခဲသောကြောင့်ဖြစ်၏။ တစ်စုံတစ်ခု မှားယွင်းသွားသည်နှင့်တစ်ပြိုင်နက် ရိုက်ကူးရေးတစ်ဖွဲ့လုံးကို တိုက်ခိုက်ရန် အခြားရုပ်သံဌာနများက လက်နက်အဖြစ် အသုံးပြုနိုင်ပေသည်။ 


'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုးမှာ လူကြိုက်များလာပြီး တစ်ဟုန်ထိုးအောင်မြင်လာသောကြောင့် ဘက်ပေါင်းစုံမှ ထိုးနှက်မှုများ ၊ တိုက်ခိုက်မှုများ ၊ ဝေဖန်မှုများကို မကြာခဏကြုံရတတ်သည်။


"ကိုကိုကိုလုချီ...သမီးနေကောင်းပါတယ် စိတ်မပူပါနဲ့"


ကလေး၏ ရွှင်မြူးသောအသံကိုကြားလိုက်မှ လုချီတစ်ယောက် လုံးလုံးစိတ်သက်သာရာရသွားတော့သည်။ မတော်တဆမှုနှင့်ပတ်သတ်ပြီး လုချီ ဆက်မမေးတော့ဘဲ အေးအေးဆေးဆေးသာ စကားလမ်းကြောင်းလွှဲလိုက်သည်။ 


"ဆွေ့ဆွေ့...လမ်းကြားလေးရုပ်ရှင်ဇာတ်လမ်းရဲ့ ဇာတ်ညွှန်းကို ကြည့်ပြီးသွားပြီလား"


"ဟုတ်...ဖတ်ကြည့်ပြီးသွားပါပြီ"


"နားမလည်ရင် အဘိုးလုကို ဖုန်းဆက်မေးလို့ရတယ်နော် ကိုကိုဖုန်းနံပါတ်ပေးထားပြီးသားမလား သူက ဒီတီဗီစီးရီးရဲ့ ဒါရိုက်တာလေ"


"ဟုတ်...သမီးဖုန်းဆက်လိုက်ပါ့မယ်"


"ဟုတ်ပြီ...ဒါဆို ကိုကိုတို့ မနက်ဖြန်မှတွေ့ကြမယ်နော်"


တစ်ဖက်တွင်မူ အိမ်တွင်အချိန်အတော်ကြာကြာအနားယူနေသော ဖုယင်းယွီမှာ ကိုယ်စားလှယ် ဟောင်ဖုန်းနှင့် သန်ဘက်ခါတွင်ကျင်းပပြုလုပ်မည့် 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီး၏ ပရိုမိုးရှင်းပွဲတွင်တက်ရောက်ပါဝင်ရန် ဆွေးနွေးနေကြပြီး ဒါရိုပ်တာချန်းကိုလည်းအကြောင်းကြားလိုက်သည်။


ဟောင်ဖုန်းက သူမ၏ဆုံးဖြတ်ချက်ကို သဘောမတူပေ။


 "ယင်းယွီ...သတင်းထောက်တွေက နင်ပေါ်လာဖို့ စောင့်နေကြတာလေ ပွဲမှာနင့်ကိုသေချာပေါက်ချောင်ပိတ်ပြီးမေးတော့မှာနော်...ထျန်းဟောင်ဖျော်ဖြေရေးနဲ့စာချုပ်ရပ်စဲလိုက်တဲ့ကိစ္စကိုရှောင်လို့မရတော့ဘူး"


ကုဆွေ့ဆွေ့လေး Weiboတွင်တင်ထားသည့်ပုံကို ကြည့်ရင်း ဖုယင်းယွီတစ်ယောက် ပြုံးကာပြန်ဖြေလိုက်သည်။ 


"ဒါရိုက်တာချန်းပဲ ကြည့်ကြပ်လုပ်သွားလိမ့်မယ် အဆင်ပြေသွားမှာပါ ပြီးတော့...အရင်ကလည်း ပရိုမိုးရှင်းပွဲတွေမှာ တစ်ခါမှမပါဖူးတော့ ဒီတစ်ခေါက်မှာပါချင်လို့ပါ အိမ်ထဲမှာပဲနေပြီး မီဒီယာတွေဆီကနေတစ်ချိန်လုံးပုန်းရှောင်နေလို့မှမရတာ...ဘာပဲဖြစ်ဖြစ်...နင်ပြောခဲ့တဲ့ ပြဿနာတွေကို ငါရင်ဆိုင်ရမှာပဲ ဘာတွေများကြောက်နေရဦးမှာလဲ"


တစ်ချိန်လုံးရှောင်ပြေးနေခြင်းက ဖြေရှင်းနည်းမဟုတ်မှန်း ဖုယင်းယွီသိပါသည်။ ထို့ကြောင့် တဲ့တိုးရင်ဆိုင်ဖြေရှင်းရန်သာ သူမတွေးထားလိုက်သည်။


ထို့အပြင် ဆွေ့ဆွေ့လေးကို မတွေ့ရသည်မှာအတော်လေးကြာနေပြီဖြစ်သောကြောင့် ပရိုမိုးရှင်းပွဲတွင်တွေ့ရန် စိတ်လှုပ်ရှားနေမိသည်။ ဤအတောအတွင်း ကလေးငယ်ကိုလွမ်းနေမိသည်မှာလည်း အမှန်ပင်ဖြစ်၏။


___________________________________________