အပိုင်း ၈၇
Viewers 15k

Chapter 87


'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီး၏ပရိုမိုးရှင်းဆင်းသည့်နေ့.....။


"မစ္စစ်ကျို...ဘာဖြစ်လို့လဲ"


အပြင်ဘက်တွင်အသံဖမ်းစက်များလိုက်တပ်နေသော သတင်းထောက်အသစ်လေးက ဖုန်းခေါ်ဆိုမှုပြီးနောက် တည်တည်ကြီးရပ်နေသည့်သူမကိုမေးလိုက်သည်။


မစ္စစ်ကျိဟုအမည်ရသည့်သတင်းထောက်ကမျက်မှောင်ကြုတ်ကာ တိုးလွန်းသည့်အသံဖြင့်ပြန်ပြောသည်။ 


"အင်တာဗျူးလုပ်ဖို့အတွက်မီဒီယာတွေကို စောင့်ခိုင်းလိုက်ဦး...ငါတို့အစီအစဥ်ကိုပြောင်းကြရအောင်"


သူမ၏စကားကြောင့် သတင်းထောက်အသစ်လေးမှာမျက်လုံးပြူးပြီး လန့်ဖြန့်သွားသည့်ဟန်ဖြစ်သွား၏။


မျက်နှာအမူအရာမှာလည်း တစ်ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ပြန်မေးလာသည်။ 


"မစ္စစ်ကျို...ကျွန်တော်တို့သတင်းစာမှာ အဲ့လိုထည့်ရေးလိုက်ရင် ဒါရိုက်တာချန်းနဲ့ပြဿနာတက်သွားနိုင်တယ်မဟုတ်လား"


ဤပရိုမိုးရှင်းပွဲတွင် ရိုက်ကူးရေးအဖွဲ့ကဖိတ်ခေါ်ထားသည့်သတင်းမီဒီယာသမားတိုင်းကို ရုပ်ရှင်ဆွေးနွေးပွဲနှင့်မသက်ဆိုင်သော အကြောင်းအရာများပြောဆိုမေးမြန်းခြင်း ၊ သတင်းရေးသားခြင်းများမပြုရန် ကြိုတင်မေတ္တာရပ်ခံထားပြီးသားဖြစ်သည်။ သူတို့သတင်းထောက်များကို ဖုယင်းယွီနှင့်ထျန်းဟောင်ဖျော်ဖြေရေးကုမ္ပဏီတို့၏စာချုပ်အဆုံးသတ်လိုက်သည့်ကိစ္စမမေးရန် ကြိုပြီးပါးစပ်ပိတ်လိုက်ခြင်းပင်။ ထို့အပြင် ဖုယင်းယွီနှင့်ကျီမင်းတို့ကြားက ရန်ငြိုးပြဿနာများလည်းရှိနေသေးသည်။


"ငါ့ကိုအခုလေးတင်...ဘယ်သူဖုန်းခေါ်လာလဲသိလား သတင်းစာတိုက်ရဲ့ ခေါင်းဆောင်ဒယ်ဒီတာကဖုန်းခေါ်လာတာ အဲဒါကြောင့် သူပြောတဲ့အတိုက်း ငါတို့လုပ်ရမယ် မဟုတ်ရင် ငါတို့နှစ်ယောက်လုံးအလုပ်ပြုတ်ပြီပဲ"


သူမကိုယ်တိုင်လည်း ဒယ်ဒီတာခေါင်းဆောင်နှင့်ယှဥ်မပြိုင်နိုင်သည့် သာမန်ဝန်ထမ်းတစ်ယောက်ပင်ဖြစ်သောကြောင့် အထက်ကအမိန့်မှန်သမျှကိုမငြင်းဆန်ဝံ့ချေ။


သတင်းစာရှင်းလင်းပွဲမြင်ကွင်း...


ဖုယင်းယွီအပါအဝင် ရုပ်ရှင်တွင်အဓိကပါဝင်ဖန်တီးသူအများအပြား ရောက်လာကြသည်။ သို့သော် သတင်းထောက်များက အခြားသူများထက် သူမကို ပိုပြီးစိတ်ဝင်စားနေကြဟန်ရှိသည်။


အဖြူရောင်ဂါဝန်ကိုသေသပ်စွာဝတ်ဆင်ထားသော သူမက ဒါရိုက်တာချန်း၏ဘေးတွင်ရပ်နေသည်။ 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီး၏ နောက်ခံဇာတ်အိမ်ကဲ့သို့ လွမ်းဆွတ်ဖွယ်ကောင်းသည့် အပြုံးဖျော့ဖျော့လေးကိုမျက်နှာထက်တွင် ချိတ်ဆွဲထားသည်။


ကလေးသရုပ်ဆောင်ဖြစ်သော ကုဆွေ့ဆွေ့ကလည်း ဇာတ်လိုက်မင်းသားဖြစ်သည့် လုချီဘေးတွင်ရပ်နေသည်။


' တိမ်မြှုပ်နေသော ' ရုပ်ရှင်ဇာတ်ကား၏ ပရိုမိုးရှင်းမှာအလွန်ပင်ရိုးရှင်းသည်။ သတင်းစာရှင်းလင်းပွဲတွင် ဇာတ်လမ်းအတွက် တီထွင်ဖန်တီးမှုရိုက်ကူးထုတ်လုပ်မှုများအကြောင်းကိုအဓိကပြောကြားပြီး သတင်းထောက်များ၏မေးခွန်းကို ဖြေကြားပေးရုံမျှသာဖြစ်သည်။


ဤသတင်းစာရှင်းလင်းပွဲတွင် ဖုယင်းယွီကိုယ်တိုင်ပါဝင်မည်ဖြစ်သောကြောင့် ရိုက်ကူးရေးလုပ်ငန်းစဥ်နှင့်မသက်ဆိုင်သည့် ကိုယ်ရေးကိုယ်တာမေးခွန်းများမမေးရန် ဒါရိုက်တာချန်းက သတင်းထောက်များကိုကြိုတင်ပြောထားသည်။


သတင်းစာရှင်းလင်းပွဲတစ်ဝက်လောက်တွင် အင်တာဗျူးကဏ္ဍကချောချောမွေ့မွေ့ပင်။ သရုပ်ဆောင်များကလည်း ရိုက်ကူးရေးအတွေ့အကြုံများနှင့်စိတ်ဝင်စားဖွယ်ကောင်းသည့် အကြောင်းအရာအချို့ကိုမျှဝေကာပြောပြကြသည်။ ကလေးသရုပ်ဆောင်ဖြစ်သောဆွေ့ဆွေ့ပင်လျှင် သတင်းထောက်များ၏မေးခွန်းကို ပြေပြေပြစ်ပြစ်ဖြေဆိုနိုင်သည်။


သို့သော် သတင်းစာရှင်းလင်းပွဲ၏ဒုတိယပိုင်းတွင် သတင်းထောက်တစ်ယောက်က ဖုယင်းယွီအား မေးခွန်းအချို့ကိုတည့်တိုးမေးချလေတော့သည်။ သူမေးလိုက်သည့်မေးခွန်းကြောင့် အခန်းတွင်းရှိလေထုမှာ တစ်ုခုမှားယွင်းနေသကဲ့သို့ ခံစားလာရသည်။


"မစ္စဖုယင်းယွီကိုမေးခွန်းလေးတစ်ခုလောက်မေးချင်ပါတယ် ထျန်းဟောင်ဖျော်ဖြေရေးနဲ့စာချုပ်အဆုံးသတ်လိုက်တာက ဒီရုပ်ရှင်ကားကြီးရဲ့အောင်မြင်မှုကိုထိခိုက်နိုင်မယ်လို့ထင်ပါသလား"


စင်မြင့်ပေါ်တွင်ထိုင်နေကြသည့် သရုပ်ဆောင်များနှင့်ရိုက်ကူးရေးအဖွဲ့သားများမှာ သိသိသာသာမျက်နှာပျက်ယွင်းသွားကြသည်။ ဖုယင်းယွီကမူ မျက်နှာတစ်ချက်ပျက်မသွားဘဲ တည်တည်ငြိမ်ငြိမ်နှင့်ပြန်ဖြေသည်။ 


"တိမ်မြှုပ်နေသောရုပ်ရှင်ကားကြီးက ကျွန်မတို့ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး ကြိုးစားပမ်းစားအားထုတ် ရိုက်ကူးထားတဲ့အနုပညာတစ်ခုပါ...အရေးမပါတဲ့ကိစ္စအသေးအဖွဲလေးက သူ့အောင်မြင်မှုကိုထိခိုက်နိုင်မယ်လို့ ကျွန်မတော့မထင်ဘူး"


သို့သော် ထိုကိစ္စက မပြီးသေးချေ။ နောက် သတင်းထောက်နှစ်ယောက်က ဖုယင်းယွီကို ဘေးကျပ်နံကျပ်မေးခွန်းများထပ်မေးလာသည်။


သတင်းစာရှင်းလင်းပွဲက စောစောစီးစီး ပြီးဆုံးခဲ့သည်။ဒါရိုက်တာချန်းမှာ စိတ်ဆိုးမာန်ဆိုးနှင့်တစ်နေရာသို့ထွက်သွားသည်။


"သတင်းထောက်တွေကိုကြိုပြီးသတိပေးထားပါလို့ ငါမင်းတို့ကိုမပြောထားဘူးလား အခုဘယ်လိုဖြစ်ရတာလဲ"


ဒါရိုက်တာချန်းက သူ့လက်ထောက်နှင့်ဝန်ထမ်းများကို အော်ပြောလိုက်သည်။ အတော်လေးစိတ်ဆိုးနေသည့်ပုံပေါ်သည်။


"ဒါရိုက်တာချန်း...ကျွန်တော်တို့လည်း သတင်းထောက်တိုင်းကိုကြိုပြောပြီး လာဘ်လည်းထိုးထားတာပဲဗျာ ဘာဖြစ်လို့ ဒီလိုဖြစ်သွားတာလဲမသိဘူး..."


သတင်းဌာနအချို့မှ သတင်းထောက်များက ထိုသို့သောမေးခွန်းမျိုး မေးလာလိမ့်မည်ဟု မည်သူမှမထင်ထားပေ။ 


"ဒါရိုက်တာချန်း....ကျွန်မတောင်းပန်ပါတယ် ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဖြစ်သွားတာတွေက ကျွန်မကြောင့်ပါ"


ဖုယင်းယွီက တောင်းပန်စကားဆို၏။


ဒါရိုက်တာချန်းက အသက်ပြင်းပြင်းရှူရင်း လက်ကိုဝှေ့ယမ်းပြီးပြောလာသည်။ 


"ဒီကိစ္စက...ယင်းယွီနဲ့မဆိုင်ပါဘူး ကျွန်တော်သေချာမစီစဥ်ခဲ့မိလို့ ဒီလိုတွေဖြစ်ရတာပါ"


ဖုယင်းယွီကိုသာ ပစ်မှတ်ထားပါက ထိုသတင်းထောက်များက ယခုအချိန်အခါကိုရွေးချယ်လိမ့်မည်မဟုတ်ပေ။ ဒါရိုက်တာချန်း


၏ထင်မြင်ချက်အရတစ်ဖက်လူက ဖုယင်းယွီထက် 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီး၏အောက်မြင်မှုကိုပိတ်ဆို့ရန်အတွက်သာ ဤသို့ဂွင်ဆန်နေခြင်းဖြစ်သည်။ သက်သေအတိအကျမရှိသော်လည်း ထိုသို့သောကိစ္စမျိုးကဖြစ်နိုင်ခြေပိုများ၏။


တစ်စုံတစ်ယောက်က သူတို့၏ပထမဆုံးသတင်းစာရှင်းလင်းပွဲကိုဝင်နှောင့်ခဲ့သောလုပ်ရပ်မှာ သိသာထင်ရှားလွန်းလှသည်။


အခြေအနေများကပိုဆိုးလာသောကြောင့် လုချီက သူ့ဘေးရှိ ဒါရိုက်တာချန်းကို နှုတ်ဆက်ပြီး ကုဆွေ့ဆွေ့နှင့်အတူ နားနေခန်းထဲသို့ဝင်သွားလိုက်သည်။


ကုဆွေ့ဆွေ့၏စိတ်ထဲတွင် အလွန်ရှုပ်ထွေးနေ သောကြောင့် နံဘေးတွင်သူမနှင့်အတူထိုင်နေသော ကိုကိုလုချီကိုမေးလိုက်သည်။


 "ကိုကိုလုချီ...သတင်းထောက်ကိုကိုမမတွေက ဘာဖြစ်လို့ မမဖုကိုအရမ်းရန်လိုနေရတာလဲ"


လုချီလည်း ကလေးမလေး၏ မေးခွန်းကြောင့် ခဏတာမျှ အံ့အားသင့်သွားသည်။ သူမ၏ ပျော့ပျောင်းသော ပါးပြင်လေးကို ညှစ်ရန် လက်ကို ဆန့်တန်းရင်းပြောလိုက်သည်။ 


"အမယ်...ဆွေ့ဆွေ့လေးက ရန်လိုတယ်ဆိုတဲ့စကားအသုံးအနှုန်းတောင်သိနေပြီပေါ့"


"ကိုကိုလုချီ...သမီးကို လျှော့မတွက်ပါနဲ့ မေမေက စကားလုံးတွေအများကြီးသင်ပေးထားတာနော်"


ဆွေ့ဆွေ့က မျက်နှာလေးမော်ချီကာ ပြန်ပက်၏။


ဆွေ့ဆွေ့၏ ချစ်စဖွယ်အပြုအမူအပြောလေးများကြောင့် သတင်းစာရှင်းလင်းပွဲတွင် လုချီစိတ်အနှောင့်အယှက်ဖြစ်ခဲ့သမျှအားလုံး အရှင်းပျောက်ကွယ်သွားသည်။ ထို့နောက် ကလေးမလေး၏ခေါင်းကိုပုတ်ကာပြောလိုက်သည်။ 


"ဟုတ်ပါ့... ဆွေ့ဆွေ့က အရမ်းတော်တာပဲ ကိုကို့တုန်းကဆို သမီးအရွယ်တုန်းက အဲ့လောက်တောင်မပြောတတ်ဘူး"


ကုဆွေ့ဆွေ့တစ်ယောက် ကိုကိုလုချီနှင့်စကားပြောနေသော်လည်း မမဖုအကြောင်းသာ အမြဲတွေးနေမိသည်။


 "အစ်ကိုလုချီ...သတင်းထောက်တွေက ဘာလို့ မမဖုကိုပဲ မဖြေချင်တဲ့မေးခွန်းတွေဆက်တိုက်မေးနေရတာလဲဟင်"


ထိုကိစ္စနှင့်ပတ်သတ်ပြီး ကလေးငယ်ကို မည်သို့ရှင်းပြရမှန်း လုချီမသိပေ။ ကလေးက ငယ်လွန်းသောကြောင့် ဤအခြေအနေကို နားမလည်နိုင်သလို လူညစ်လူယုတ်များ၏လှည့်ကွက်များကို လည်း နားလည်နိုင်မည်မဟုတ်ချေ။


ထိုသတင်းထောက်များက ပိုက်ဆံအတွက်သို့မဟုတ် တစ်စုံတစ်ယောက်ကနောက်ကွယ်မှအတင်းအကြပ်ခိုင်းစေခြင်းကြောင့် ရှေ့တွင်ရုပ်လုံးထွက်ပြပြီး ပွဲဖျက်ခြင်းပင်။


"သိပ်ပြီးစိတ်မပူပါနဲ့ ဆွေ့ဆွေ့ရယ်... သမီးရဲ့မမဖုက သမီးထင်ထားတာထက် ပိုသန်မာတယ် သူမ ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်နိုင်မယ်ဆိုတာ သေချာပါတယ်"


ဖုယင်းယွီ၏ အခြေအနေက သူထင်ထားသည်ထက်ပို၍ ရှုပ်ထွေးနေသည်။ သတင်းထောက်များ၏ ဘေးကျပ်နံကျပ် မေးခွန်းများအပြင် ဝေဖန်သူများဆီမှထိုးနှက်လာမည့်အရာများအတွက် စိတ်ပိုင်ဆိုင်ရာကိုအတော်လေးပြင်ဆင်ထားရန်လိုအပ်ပေလိမ့်မည်။


လုချီအနေနှင့် အတတ်နိုင်ဆုံး နှစ်သိမ့်ပေးသော်လည်း ကုဆွေ့ဆွေ့မှာ အနည်းငယ် မပျော်မရွှင် ဖြစ်နေသေးသည်။


လုချီလည်း မှိုင်တွေနေသော ကလေးငယ်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။


 "ဟုတ်ပြီမမဖုလာမှာကို စောင့်နေနော် သူလာရင် ဆွေ့ဆွေ့က သေချာလေးနှစ်သိမ့်ပေးလိုက် ကိုကိုသွားတော့မယ်နော်"


ဆွေ့ဆွေ့လည်း ကိုကိုလုချီကိုပွေ့ဖက်ကာနှုတ်ဆက်လိုက်ပြီး မမဖုအလာကိုစောင့်နေရင်း မည်သို့နှစ်သိမ့်ပေးရမည်ကိုစဥ်းစားနေလိုက်သည်။


___________________________________________