အပိုင်း (၁၁၀)
Viewers 31k

Part 110


သွမ့်ချီ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ မနေ့ကပင် အေးဆေးတည်ငြိမ်သော ကောင်းမွန်သည့်သဘောထားဖြင့် စုန့်ကော်ပိုရေးရှင်းနှင့် အတူဆွေးနေခဲ့သည်။ 


ဟုတ်ပါသည်… သူ့ အမူအရာက အတော်လေး မယဉ်ကျေးသည်ကို သူကိုယ်တိုင် သိလေသည်။ 

ယွမ်ရှနှင့် စုန့်ထင်ရှန်း တို့၏အိမ်ထောင်ရေး မသာယာမှန်းသိသည့်အတွက် ကွာရှင်းပြတ်စဲခြင်း ရှိမရှိကို သူ သိချင်ယုံသာဖြစ်သည်။ သူတို့က ဘာလို့များ လမ်းမခွဲသေးဘဲ အချင်းချင်း လက်မလွတ်ကြသေးတာလဲ…


ဒါပေမယ့် စုန့်ထင်ရှန်း ဘာတွေလုပ်ခဲ့သလဲ… သူက သူ့ကို မထီမဲ့မြင် သဘောနဲ့ ဆက်ဆံခဲ့တာမဟုတ်ဘူးလား… သွမ့်ချီ တစ်ယောက် တနေကုန် စဉ်းစားပြီးနောက် ယွမ်ရှ ကိုသွားရှာရန် ဆုံးဖြတ်လိုက်သည်။


ယွမ်ရှ၏ တုန့်ပြန်မှုကို မကြားရသဖြင့် သွမ့်ချီ အေးဆေးစွာ ဆက်ပြောလိုက်သည်။


 ‘’ကိုယ် မင်းကို အလောတကြီး မပိုးပန်းသေးပါဘူး…ဘာပဲဖြစ်ဖြစ် မင်းက အခုထိ သူ့မိန်းမ အဖြစ်ပဲရှိနေသေးတယ်လေ…ကိုယ့်ဘက်ကသာ ကြီးကြီးမားမား လုပ်လိုက်မိရင် မင်းပဲထိခိုက်သွားလိမ့်မယ်… ကိုယ် မနေ့က မင်းယောကျာ်းနဲ့ သွားတွေ့ခဲ့တယ်… ကိုယ်တို့နှစ်ယောက်ကြားက လေထုကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ပေါ့… တကယ်လို့ မင်းတို့နှစ်ယောက်သာ ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိဘူးဆိုရင် မင်းစိတ်တိုင်းကျ ကွာရှင်းလိုက်လို့ရတယ်… တစ်ယောက်နဲ့ တစ်ယောက် ဆွဲချစရာမလိုပါဘူး…’’


‘’ယွမ်ရှ… ကိုယ်ပြောနေတာက တကယ်လို့ မင်းသာ ကိုယ့်ခံစားချက်တွေကို မျှဝေခွင့်ပြုမယ်ဆိုရင် မင်းကွာရှင်းပြီးတာနဲ့ ကိုယ်တို့တွေ မိသားစုတစ်ခု တည်ဆောက်လို့ရပြီ… ကိုယ့်မိဘတွေအတွက်လဲ မင်းစိတ်ပူဖို့မလိုဘူး… သူတို့တွေက ရှေးဆန်တဲ့ အယူအဆတွေ မရှိကြဘူး… ပြီးတော့ ကိုယ့်ဘဝကိုလဲ သူတို့ ဆုံးဖြတ်မပေးနိုင်ဘူး… တကယ်လို့ မင်းရဲ့သားလေးကို သူတို့က သည်းမခံနိုင်ဘူးဆိုရင် ကိုယ် ကိုယ်တိုင်အစွမ်းကုန်ကြိုးစားပြီး ရင်ဆိုင်ပေးမယ်… ကလေးကိုလဲ ကိုယ့်ရဲ့ သားအရင်းလေးလို ဆက်ဆံပေးမယ်’’


သွမ့်ချီ ထိုစကားများကို ခံစားချက်အပြည့်ဖြင့် စိတ်လှုပ်ရှားစွာပြောလိုက်သည်။ သူ အရင်တုန်းက ချိန်းတွေ့ဖူးသော်လည်း ယွမ်ရှကဲ့သို့သော အမျိုးသမီးသည် တွေ့ဖူးသမျှထဲတွင် အကောင်းဆုံးဖြစ်သည်။ သူ့ သူငယ်ချင်းတွေ မိဘတွေက ဒီကိစ္စကို ကန့်ကွက်မယ်ဆိုရင်တောင် သူ့ဘက်က လုံးဝကို အလျော့ပေးမှာ မဟုတ်ပေ။


ယွမ်ရှ တစ်ယောက် နောက်ဆုံးတော့ ထိုငတုံးကောင်က ဘယ်သူလဲဆိုသည်ကို သိသွားသည်။


သူ၏ပြောစကားများကို သူမ ရှုပ်ထွေးသော အမူအယာဖြင့် နားထောင်ပြီးနောက် မူလကိုယ်က ဘာကြောင့် ဒီချမ်းသာပြီးချောမောတဲ့လူငယ်လေးကို စိတ်ဝင်စားမယ့်အစား တခြား ATM ကိုရွေးချယ်သွားရသည့် အကြောင်းအရင်းကို နားလည်လိုက်သည်။


မူလကိုယ်သည် ယောကျာ်းများကို ATM စက်များဟု သတ်မှတ်ခဲ့သော်လည်း သူမသည် အလွန်ဇီဇာကြောင်သူဟုလည်း ဆိုနိုင်ပေသည်။ တကယ်လို့ ပိုက်ဆံသည်သာ အဓိကဆိုလျင် သူမအနားတွင် ပိုက်ဆံရှိသည့် များပြားလှသော လူချမ်းသာများစွာရှိသည်။ ဝတ္ထုထဲမှ စုန့်ထင်ရှန်း သို့မဟုတ် သူမ၏ဒုတိယခင်ပွန်း နှစ်ယောက်လုံး၏ အိုင်ကျူသည် ပုံမှန်သာဖြစ်သည်။


ဒီသွမ့်ချီကတော့… အတော်လေးခက်ခဲသည်။


ဘယ်လိုတောင် စိတ်ပျက်စရာကောင်းနေရတာလဲ….


ယွမ်ရှ ခဏလောက်တိတ်ဆိတ်သွားပြီးနောက် ‘’ ရှင် ကျွန်မ ယောက်ကျားကို သွားရှာခဲ့တာလား…’’


စုန့်ထင်ရှန်းက ဘာလို့ သူမကို တစွန်းတစလေးတောင် အဲ့အကြောင်း မဟရတာလဲ… အိုး… ဟုတ်သားပဲ … အဲ့လိုအဖြစ်အပျက်မျိုးသာ သူမဆီမှာဖြစ်လာမယ်ဆိုရင် သူမလည်း သူ့ကိုပြောဖြစ်မှာမဟုတ်ပေ။ ဘယ်ကစပြီးပြောရမည်ကို သူမလဲ မသိသောကြောင့်ဖြစ်သည်။ အဲ့ဒါက အတော်လေး ကို့ယို့ကားယား နိုင်လိမ့်မည် မဟုတ်ပါလား….


ဒါနဲ့ မနေ့က စုန့်ထင်ရှန်းရဲ့ မွေးနေ့မဟုတ်လား…


တကယ်လို့ တစ်စုံတစ်ယောက်သာ သူမ မွေးနေ့မှာ ဒီလိုစကားမျိုးတွေ လာပြောမယ်ဆိုရင် သူမ ခင်ပွန်းအပေါ် သဘောမကျဘူးဆိုရင်တောင် သေချာပေါက် စိတ်ပျက်သွားလိမ့်မည်ဖြစ်သည်။


မနေ့ကဆိုလျင် စုန့်ထင်ရှန်းတစ်ယောက် တကယ်ကိုပင် ခက်ခဲ့တဲ့နေရာတစ်ခုမှာ ရပ်နေခဲ့ရခြင်းဖြစ်သည်။ ဒီမတော်တဆဖြစ်ရပ်အကြောင်း နည်းနည်းလေးတောင် သူ့ဘက်မှ မဖော်ပြခဲ့ပေ။ ဘယ်လိုတောင် တည်ငြိမ်အေးဆေးတဲ့ လူပါလိမ့်…


သွမ်ချီ ခေါင်းငြိမ့်လိုက်ပြီး ‘’ ကိုယ်တကယ်တော့ သူ့ကိုသွားတွေ့ဖို့ ခက်ခဲနေခဲ့တာ… ဒါပေမယ့် ယောကျာ်းဆိုတာ တစ်ခုခုကို ပြတ်ပြတ်သားသားလုပ်သင့်တယ်လို့ထင်တယ်… အဲ့ဒါအပြင့် ဒီကိစ္စက ရှက်စရာလို့ ကိုယ်မထင်ခဲ့ဘူး… မင်း ယောကျာ်းရဲ့ အကျင့်ကလဲ တိုးတက်ဖို့လိုသေးတယ်…’’


ထိုကိစ္စမျိုးသည် အမျိုးသားနှစ်ဉီးကြား တည်ငြိမ်အေးဆေးစွာဖြင့် ဖြေရှင်းနိုင်မည့် သင့်လျော်သော ဆွေးနွေးခြင်းဖြစ်သင့်သည်ဟု သွမ့်ချီ ထင်မြင်မိသည်။ စီအီးအိုစုန့်က ဘာဖြစ်သွားတာလဲ… သူတို့ရဲ့ ဆွေးနွေးမှုက အစပိုင်းကတည်းက ခင်မင်ရင်းနှီးစွာ မရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူကို လှောင်ပြောင်ခဲ့သည် မဟုတ်ပါလား…