Chapter 91
သူ(မ)သမီးကိုပျော်သွားအောင် ဖုန်းယောက်ချင်းလည်း ပရိသတ်ပေးထားသည့်ထိုပန်းခွေကို
သေချာထိန်းသိမ်းရန် နောက်တစ်နေ့မနက်တွင်ကျွမ်းကျင်သူတစ်ယောက်ထံသို့သွား၍ အကူအညီတောင်းလိုက်သည်။ ထို့နောက် ကျွမ်းကျင်သူ၏ညွှန်ကြားချက်အတိုင်း မှန်ဘောင်တစ်ခုဝယ်ကာ ပန်းခွေကိုအလုံထည့်ပိတ်ထားလိုက်သည်။
"ဆွေ့ဆွေ့လေး...အခုကျေနပ်သွားပြီလား"။
"ဟုတ်...ကျေနပ်ပါပြီရှင့်"။
ပန်းကုံးကိုသေချာပြင်ဆင်ထိန်းသိမ်းပေးထားသောကြောင့် ကုဆွေ့ဆွေ့တစ်ယောက် အပျော်ကြီးပျော်သွားမိသည်။ ရိုက်ကူးရေးအတွက် ရိုက်ကွင်းသို့ရံဖန်ရံခါသွားတတ်သည်မှလွဲ၍ ကျန်သောအချိန်များတွင် အိပ်လိုက်စားလိုက်
ဖြင့်အိမ်တွင်သာနပ်နေတတ်သည်။ အိမ်တွင်ရှိနေစဥ်အတွင်း သူ(မ)အလကားနေနေသည်တော့မဟုတ်ပါ။ အရေးအဖတ်နှင့်အတွက်အချက်ကိုလည်း လက်လှမ်းမီသလောက်လေ့လာသင်ယူသေးသည်။
ကုဆွေ့ဆွေ့က အလွန်ကပ်ချွဲတတ်သည့်ကလေးတစ်ယောက်ဖြစ်သည်။ ယခင်က အစ်ထောင်ယောင်နှင့်အစ်မဒရိုင်ယတ်တို့ကို ကပ်ချွဲနေကျဖြစ်သော်လည်း ယခုမူမိခင်ဖြစ်သည့်ဖုန်းယောက်ချင်းကိုသာကပ်ချွဲရတော့သည်။ တစ်နေကုန် မမောနိုင်မပန်းနိုင် မိခင်ဖြစ်သူနောက်သာ တကောက်ကောက်လိုက်နေသည်။
ကုဆွေ့ဆွေ့က ပုံမှန်အချိန်ဆိုဂျီမကျသော်လည်း တီဗွီကြည့်နေချိန်တွင် အမြဲဂျီကျတတ်သည်။ အကြောင်းမှာ ရသစုံရှိုးများတွင်မကြာခဏပြသလေ့ရှိသော အစားအသောက်အစီအစဥ်ကြောင့်ဖြစ်သည်။ ကြက်ကြော် ၊ ကိုလာ ၊ အကင်ချောင်းများ ၊ ငါးကင်များစသဖြင့် မျိုးစုံစားပြကြသည်။ ထိုအစီအစဥ်များကိုကြည့်ရင်း ကုဆွေ့ဆွေ့တစ်ယောက်သရေမကျပဲမနေနိုင်တော့။
ထိုအချိန်တွင် ခဲ့ကျင်းယန်နှင့်ကိုယ်စားလှယ်လုယွင်ကျီတို့နှစ်ယောက်သား ကုဆွေ့ဆွေ့၏အိမ်သို့ဆိုင်းမဆင့်ဘုံမဆင့်ရောက်ချလာသည်။ သို့သော် ကုဆွေ့ဆွေ့မှာသူတို့ရောက်လာသည်ကိုပင်သတိမပြုမိပဲ တီဗွီကိုသာမျက်လုံးကျွတ်ထွက်မတတ် စိတ်အားထက်သန်စွာကြည့်နေသည်။
"အနုပညာရှင်ကြယ်ပွင့်တို့ရဲ့..မီးဖိုချောင်တဲ့လား...ပေါက်စလေးက...ဟင်းချက်တဲ့အစီအစဥ်တွေကိုကြိုက်တယ်ပေါ့"။ ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့ထိုင်နေသည့်ဆိုဖာဘေးတွင်ဝင်ထိုင်ကာ နောက်တောက်တောက်နှင့်မေးလိုက်သည်။
ထိုအခိုက် ဖုန်းယောက်ချင်းက အသီးပန်းကန်ကိုင်လျက် သူတို့နှစ်ယောက်ရှေ့ရှိစားပွဲခုံပေါ်တွင်လာချပေးသည်။ "ဟုတ်ပါ့ကွယ်...ဆွေ့ဆွေ့က...အဲဒီအစီအစဥ်ကိုတော်တော်သဘောကျနေတာ....အပတ်တိုင်း...တစ်စက္ကန့်တောင်နောက်ကျမခံပဲကြည့်တာ"။
ထိုအခါ ခဲ့ကျင်းယန်က လုယွင်ကျီအားလှည့်
ကြည့်ကာပြောလာသည်။ "ကိုယ်စားလှယ်ကြီး...ဆွေ့ဆွေ့က...ဒီရှိုးကိုသဘောကျနေတာဆိုတော့လေ...သူ့ကိုအဲဒီအစီအစဥ်ရိုက်ကူးရေးမှာပါခိုင်းလိုက်ပါလား"။ "အနုပညာရှင်ကြယ်ပွင့်တို့၏မီးဖိုချောင်" အစီအစဥ်မှာသူ့ကိုယခင်က ပါဝင်ရိုက်ကူးရန်ကမ်းလှမ်းခဲ့ဖူးသော အစီအစဥ်တစ်ခုဖြစ်သည်။ သို့သော် ဟင်းမချက်တတ်
သလို အချက်အပြုတ်ဝါသနာမပါသောကြောင့် နှစ်ခါမစဥ်းစားပဲ သူချက်ချင်းငြင်းခဲ့မိသည်။
ပေါက်ကရမေးလာသော ခဲ့ကျင်းယန်ကို လုယွင်ကျီ တစ်ချက်သာကြည့်ပြီး တိုးတိုးတိတ်တိတ်ပြောလိုက်သည်။ "မင်းပြောတဲ့အစီအစဥ်က...ဟင်းချက်တဲ့အစီအစဥ်လေ...အစားအသောက်ချည်းထိုင်စားပြနေတဲ့အစီအစဥ်မှမဟုတ်တာ...သုံးနှစ်အရွယ်ကလေးက
အဲ့ကိုဘာသွားလုပ်မှာလဲ"။
ခဲ့ကျင်းယန်က အတန်ကြာတွေဝေနေပြီးနောက် ထပ်ပြီးပြောလာပြန်သည်။ "အဲဒီအစီအစဥ်မှာ...ဆွေ့ဆွေ့ကို...အရွက်သုပ်လောက်ပဲချက်ပြခိုင်းမယ်ဆိုရင်ရော...အရွက်သုပ်ကသင်ရတာလွယ်မှာပါ...ကျွန်တော်အရင်သင်မယ်လေ...ပြီးတော့....ဆွေ့ဆွေ့ကိုပြန်သင်ပေးလိုက်မယ်"။
"ကဲ...နောက်မှအလုပ်အကြောင်းပြောကြတော့..
အသီးတွေစားကြပါဦး...ဒီမနက်လေးတင်မှ...
ဆွေ့ဆွေ့နဲ့လမ်းလျှောက်ထွက်တော့...လမ်းကြုံလို့ဝယ်လာတာ...လတ်လတ်ဆတ်ဆတ်လေးတွေချည်းပဲ"။ ရန်ထဖြစ်တော့မည့်ပုံပေါ်နေသော နှစ်ယောက်သားကြား ဖုန်းယောက်ချင်းမှာ အမြန်ဝင်ဟန့်ပြီး စကားလမ်းကြောင်းလွှဲလိုက်ရသည်။
လုယွင်ကျီက ခဲ့ကျင်းယန်ကဲ့သို့ အလုပ်မရှိသောကြောင့် အားအားယားယားနှင့် ဤတိုက်ခန်းသို့ခြေဦးလှည့်လာခြင်းမဟုတ်ပေ။ ဖုန်းယောက်ချင်းနှင့် အရေးတကြီးဆွေးနွေးတိုင်ပင်စရာကိစ္စရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မျက်ရိပ်မျက်ကဲပြကာ ကလေးနှစ်ယောက်ကိုဧည့်ခန်းတွင်ထားခဲ့ပြီး ဖုန်းယောက်ချင်းနှင့်အတူ စာ
ကြည့်ခန်းဘက်သို့ တိတ်တဆိတ်ထွက်လာခဲ့သည်။
တီဗွီဖန်သားပြင်ထက်တွင်ပြထားသော ရေချိုပုစွန်ချက်ကိုကြည့်ကာ ခဲ့ကျင်းယန်တစ်ယောက်သရေကျလာမိသည်။ ထို့ကြောင့် ဆွေ့ဆွေ့ဘက်သို့လှည့်ကာအဖော်ညှိလိုက်သည်။ "ဆွေ့ဆွေ့...အဲဒီပုစွန်ဟင်းကိုစားချင်နေတယ်မလား...ပါပါးမှာပေးမယ်...စားမလား"။
ချက်ချင်းခေါင်းညိမ့်ပြလာသောကလေးငယ်ကြောင့် ဖုန်းထုတ်ကာ အနီးအနားဆိုင်မှပုစွန်ဟင်းကို အိမ်တိုင်ရာရောက်ပို့ပေးသည့်စနစ်ဖြင့်မှာယူလိုက်သည်။ အစားအသောက်မရောက်လာမီတွင် အိမ်ခန်းတစ်ခုလုံးကိုခဲ့ကျင်းယန်ဂရုတစိုက်ကြည့်လိုက်မိသည်။ သေသပ်သန့်ရှင်းကာခေတ်မီလှသောအိမ်ခန်းလေးကြောင့် သူ့စိတ်ထဲတွင် လုယွင်ကျီ၏အမြက်ရှိမှုနှင့်ခေတ်ဆန်မှုကိုချီးကျူးလိုက်မိသေးသည်။
ဤရပ်ကွက်အတွင်းရှိအိမ်တိုင်ရာရောက်လိုက်လံပို့ဆောင်ပေးသည့်စနစ်ကအတော်လေးမြန်သည်။ နာရီဝက်အတွင်းရောက်ချလာသည်။
ဟင်းဘူးကိုဖွင့်ကြည့်လိုက်သောအခါ ကြက်သွန်ဖြူအနှစ် ၊ ငရုတ်နှစ်များနှင့်သမအောင်မွှေထားသော ပုစွန်ဟင်းလျာက သရေကျဖွယ်ကောင်းလှသည်။
ကုဆွေ့ဆွေ့က ပုစွန်ကိုမည်သို့ခွာရမည်မှန်းမသိပေ။ ထို့ကြောင့် အကူအညီတောင်းရန်နံဘေးတွင်ထိုင်နေသောခဲ့ကျင်းယန်ကိုမျှော်ကိုးပြီး
ကြည့်လိုက်သည်။ ခဲ့ကျင်းယန်ကိုယ်တိုင်လည်း ပုစွန်ခွာပုံခွာနည်းကို ဂဂနနသိသည်တော့မဟုတ်။ သို့သော် မှန်းဆခွာရင်းနှင့်ပုံပျက်ပန်းပျက်ပုစွန်များထွက်လာသည်။ ပုံမလှလည်းမတတ်နိုင်ပေ။ အနည်းဆုံးတော့ စားလို့ရလောက်သည် မဟုတ်လား။
ထို့နောက် စကားတစ်ခွန်းမှမပြောပဲ ခေါင်းမဖော်နိုင်အောင် တရှူးရှူးတရှဲရှဲစားကြတော့သည်။ လုယွင်ကျီနှင့်ဖုန်းယောက်ချင်းတို့ ဆွေးနွေးတိုင်ပင်ပြီးနောက် ဧည့်ခန်းသို့ထွက်လာကြချိန်တွင် ကလေးနှစ်ယောက်မှာသူတို့ကိုပင်သတိမပြုမိကြပဲ အားရပါးရစားသောက်နေကြသည်။
တစ်ခဏလောက်လွှတ်ထားပေးလိုက်သည်နှင့် လုပ်ချင်သလိုလုပ်ကာစားချင်သလိုစားနေသော အနှီကောင်လေးကိုကြည့်ရင်းလုယွင်ကျီဆွံ့အသွားသည်။ အနုပညာရှင်တစ်ယောက်အနေနှင့် အချိန်တိုင်းလိုလိုအစားအသောက်ကိုဆင်ခြင်ထိန်းသိမ်းပြီးစားသောက်ရမည်ဖြစ်သော်လည်း ခဲ့ကျင်းယန်က ထိုသို့သောစည်းမျဥ်းစည်းကမ်းများကို ဘယ်သောအခါမှဂရုမစိုက်တတ်ချေ။
"ဆွေ့ဆွေ့အမေဗျ...ဆွေ့ဆွေ့လေးက...အစပ်စားလို့ရလား"။ ခဲ့ကျင်းယန်အနေနှင့် ကလေးတစ်ယောက်ကို တစ်ခါမှ မပျိုးထောင်ဖူးသော
ကြောင့် ကလေးနှင့်ပတ်သတ်ပြီးဘာဆိုဘာမှမသိပေ။
"ရပါတယ်...သူကအစပ်စားရတာကြိုက်တယ်လေ...ဒါပေမဲ့နည်းနည်းကျွေးနော်...ဗိုက်အောင့်မှာစိုးလို့"။ ဖုန်းယောက်ချင်းမှာ ဆွေ့ဆွေ့ကို သာမာန်အချိန်များတွင် ဤသို့သောအစားအစာများကျွေးလေ့မရှိသော်လည်း ကလေးငယ်ကအလွန်ခံတွင်းတွေ့နေပုံရသည်။ သူ(မ)သမီးအပေါ် ဂရုစိုက်လွန်းသော ခဲ့ကျင်းယန်ကိုလည်းစိတ်ထဲတွင် ကျေးဇူးတင်နေမိသည်။